← Chapters

အခန်း (၁၆၁၉)

Vol. 116 Ch. 1619

အခန်း (၁၆၁၉)

Vol. 116 Ch. 1619

ဟန်မူယဲ့၏ လက်ဝါးရိုက်ချက်က ကြည့်ရှုနေသူများ၏ မျက်လုံးထဲတွင် ဘာမှထူးခြားမနေပေ။

ယင်းက လက်ဝါးကို ပုံမှန်အတိုင်း အသာလေးမြှောက်၍ အရှေ့သို့ တွန်းထုတ်လိုက်ရုံတင် ဖြစ်၏။ ထိုလက်ဝါးထဲမှာ အားမည်မျှ ပါဝင်နိုင်မည်နည်း။

ထိုသို့လက်ဝါးက တာအိုကို ငြိမ်းသတ်ပစ်နိုင်သော အစွမ်းထက်လက်သီးကို တားဆီးနိုင်မည်လော။

သို့သော်လည်း လက်သီးထိုးလွှတ်ခဲ့သော အမျိုးသားအတွက်တော့ ထိုလက်ဝါးက သူ၏ တစ်ကိုယ်လုံးကို ထိန်းချုပ်မရအောင် တုန်ယင်သွားစေသည်။

ယင်းက သာမန်လက်ဝါးရိုက်ချက် မဟုတ်ပေ။ ဤသည်မှာ မိုးနှင့် မြေက ထိပ်တိုက် တွေ့ဆုံနေသည့်အလားပင်။

ယင်းက မိုးမြေစွမ်းအား ကိန်းအောင်းနေသော လက်ဝါးဖြစ်ပြီး တာအိုကျင့်ကြံသူများ မတတ်စွမ်းနိုင်သောအရာ ဖြစ်သည်။

တာအိုအဆင့်၏ အထက်တွင် ကနဦးမူလအဆင့် ရှိသည်။

သူ့အရှေ့မှ အေးဆေးတည်ငြိမ်သော ထိုပုဂ္ဂိုလ်က ကနဦးမူလအဆင့် ကျင့်ကြံသူဖြစ်နေသည်။

“ ဘန်း ”

လက်သီးနှင့် လက်ဝါး တွေ့ဆုံသွားသည့်အခါ ကျယ်လောင်သော ပေါက်ကွဲသံက ပဲ့တင်ထပ်သွားသည်။

အနက်ရောင်သံချပ်ကာဝတ် အမျိုးသားက တုန်ယင်သွားသည်။ ဤသည်မှာ ကီလိုဂရမ်ထောင်သောင်းချီလေးလံသော ဖိအားက သူ့အပေါ်သို့ ကျရောက်လာသည့်အလားပင်။ သူက မတ်တတ်မရပ်နိုင်တော့ဘဲ ဟန်မူယဲ့၏ အရှေ့မှာ ဒူးထောက်ကျသွားသည်။

“ မင်းက ငါ့ရဲ့ လက်ဝါးကို မခုခံနိုင်ဘူးဆိုရင်တောင် အဲ့လောက်ထိ ရိုသေနေစရာ မလိုပါဘူး ”

ဟန်မူယဲ့က ခပ်ရေးရေး ပြုံးလိုက်သည်။ သူက လက်ဆန့်တန်းလိုက်ပြီး အနက်ရောင်သံချပ်ကာဝတ် အမျိုးသား၏ ပခုံးကို ပုတ်လိုက်သည်။

“ မင်းနာမည် ဘယ်လိုခေါ်လဲ ”

အနက်ရောင်သံချပ်ကာဝတ် အမျိုးသားက တဒင်္ဂ အံ့ဩသွားသည်။ ထို့နောက် သူက အမြန်ဦးညွတ်လိုက်ပြီး ပြောသည်။

“ ဒီငယ်သားနာမည်က ကျန်းကန်းပါ… အကိုကြီးကို တွေ့ရတာ ဝမ်းသာပါတယ် ”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူက အရှေ့သို့ လျှောက်သွားသည်။

လူအုပ်ကြီးက သူ့ကို အလျှင်အမြန် လမ်းဖယ်ပေးလိုက်ကြသည်။

လက်ဝါးတစ်ချက်ဖြင့် သူ၏ အင်အားကို ထုတ်ပြပြီးနောက် မည်သူမှ ဟန်မူယဲ့ကို မရင်ဆိုင်ဝံ့ကြတော့ချေ။

“ အကိုကြီး… ကျွန်တော် ခင်ဗျားအတွက် နေရာစီစဉ်ပေးပါ့မယ် ”

“ မြန်မြန်… အကိုကြီးအတွက် အကောင်းဆုံးနေရာကို စီစဉ်ပေးလိုက်စမ်း ”

ကျန်းကန်းက အနောက်မှ လှမ်းအော်လိုက်ပြီး ပြေးလိုက်သွားသည်။

သိုင်းဝတ်စုံ ဝတ်ဆင်ထားကြသော ကျင့်ကြံသူခုနစ်ယောက် ရှစ်ယောက်က အနောက်မှ အမြန်လိုက်သွားကြသည်။

ဆံပင်ဖရိုဖရဲဖြစ်နေသော အဖိုးအိုက ဟန်မူယဲ့ ထွက်သွားသော ဦးတည်ရာကို ကြည့်နေရင်း မျက်လုံးမှေးကျဉ်းလိုက်သည်။

“ အန္တိမတာအိုအဆင့်လား… ဒါမှမဟုတ် ကနဦးမူလအဆင့်လား ”

“ တကယ်လို့ ကနဦးမူလအဆင့်ဆိုရင် သူက ကောင်းကင်ဘုံအစောင့်တပ်ထဲ ဝင်ချင်လို့ ကျန်းချန်းသေမင်းတပ်စခန်းကို အသုံးချချင်တာ ဖြစ်မယ် ”

သူက တီးတိုးရေရွတ်လိုက်လေရာ သွေးချီစွမ်းအားက သူ၏ ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်သွားသည်။

“ သခင်လု… အဲ့ဒီလူရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်မှာလဲ… ကျန်းကန်းတောင် သူ့ရဲ့ လက်ဝါးတစ်ချက်ကို မတောင့်ခံနိုင်ဘူး ”

ပိန်ပါးသော လူငယ်တစ်ယောက်က အဖိုးအိုနားသို့ တိုးကပ်သွားပြီး နူးညံ့စွာ မေးသည်။

အဖိုးအိုက ခေါင်းခါလိုက်ပြီး သူ၏ ပါးစပ်ထောင့်က အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

“ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဘယ်သူက ဂရုစိုက်လို့လဲ… ကျန်းချန်းသေမင်းတပ်စခန်းမှာ အရေးကြီးဆုံးက အချိန်ကြာကြာ အသက်ရှင်နိုင်ဖို့ပဲ… ”

ထိုစကားက ဘေးပတ်ဝန်းကျင်မှ လူများကို ခပ်ရေးရေး ပြုံးသွားစေသည်။

သို့တိုင် သူတို့က ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သည့်အခါ မှိန်ဖျော့သော အလင်းရောင်က သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ကျန်းချန်းသေမင်းတပ်စခန်းထဲတွင် သန်မာသူများနှင့် မဟာမိတ်ဖွဲ့ခြင်းက သူတို့ကို အချိန်ကြာကြာ အသက်ရှင်စေနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်သည်။

…..

ဟန်မူယဲ့အတွက် ကျန်းကန်းစီစဉ်ပေးသော တဲအိမ်သည် မသေးငယ်ပေ။ ထို့ပြင် တဲအိမ်ကို သန္ဓေပြောင်းသားရဲများ၏ အမွှေးများဖြင့် တည်ဆောက်ထားလေရာ ယင်းက အလင်းရောင်တချို့ကို ထုတ်လွှတ်နေသည်။

ကျန်းကန်းက ဟန်မူယဲ့ကို ကျန်းချန်းသေမင်းတပ်စခန်းနှင့် ဘေးပတ်ဝန်းကျင်မှ အခြေအနေကို မိတ်ဆက်ပေးသည်။

ဝူလင်းကုန်းမြေ ရှန်းဟဲစီရင်စုမှ ဤစစ်စခန်းသည် ကောင်းကင်ဘုံစစ်ပွဲမှာ ပါဝင်ကြမည့် စစ်သည်တော်များအတွက် စီစဉ်ပေးထားသောနေရာ ဖြစ်သည်။ ဤနေရာမှာ စစ်သည်တော်များက ဆယ်သန်းထက်မနည်း တည်ရှိကြသည်။

ထိုဆယ်သန်းထဲတွင် ရှစ်သန်းက ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများဖြစ်ကြပြီး သူတို့ထဲမှ အများစုက နိမ့်ပါးသော ကျင့်ကြံခြင်းကိုသာ ပိုင်ဆိုင်ထားကြသည်။ ကနဦးမူလအဆင့်နှင့် စကြာဝဠာအဆင့် ကျင့်ကြံသူများက ပိုပြီးနည်းပါးကြသည်။

ကျန်ရှိသော စစ်သည်တော်နှစ်သန်းတွင် တစ်သိန်းက အစောင့်စစ်သည်တော်များဖြစ်ကြပြီး သူတို့က စစ်စခန်း၏ လုံခြုံရေးကို တာဝန်ယူထားကြသည်။ တစ်ခါတစ်ရံ သူတို့က တိုက်ပွဲမှာ ပါဝင်ကြလိမ့်မည်။

ကျန်းချန်းသေမင်းတပ်စခန်းကို လူဦးရေတစ်သန်းခွဲဖြင့် ဖွဲ့စည်းထားသည်။

ကျန်ရှိသော ငါးသိန်းက ကောင်းကင်ဘုံအစောင့်တပ်သားများ ဖြစ်ကြသည်။

ကျန်းချန်းသေမင်းတပ်စခန်းသည် ဂိုဏ်းအသီးသီးမှ ဖွဲ့စည်းထားကြသော တပ်စခန်းများနှင့် ခြားနားသည်။

“ ကောင်းကင်ဘုံအစောင့်တပ်သားတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် နည်းလမ်းနှစ်ခု ရှိတယ်… ပထမတစ်နည်းအရ တစ်စုံတစ်ယောက်မှာ ကြီးမားတဲ့ ပါရမီရှိပြီး သူက ကောင်းကင်ဘုံအစောင့်တပ်ရဲ့ တုံကင်ကို ပိုင်ဆိုင်ထားရမယ်… နောက်တစ်နည်းက စစ်သည်တော်တစ်ယောက်အနေနဲ့ တိုက်ပွဲတစ်ရာမှာ အကျိုးဆောင်ဖို့ပဲ… တိုက်ပွဲတစ်ရာကို ကျော်ဖြတ်နိုင်ရင် ကောင်းကင်ဘုံအစောင့်တပ်သားတစ်ယောက် ဖြစ်လာလိမ့်မယ် ”

ဟန်မူယဲ့ကို ကြည့်လိုက်သည့်အခါ ကျန်းကန်း၏ မျက်လုံးထဲ၌ နက်နဲသိမ်မွေ့သောအလင်း ထွက်ပေါ်လာသည်။

ကျန်းချန်းသေမင်းတပ်စခန်းထဲသို့ ဝင်ရောက်လာသော ကနဦးမူလအဆင့် ကျင့်ကြံသူဆီမှာ ကောင်းကင်ဘုံအစောင့်တပ်သားတစ်ယောက် ဖြစ်ချင်သော ဆန္ဒမရှိဘူးဟု ပြောလျှင် မည်သူမှ ယင်းကို ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။

“ တကယ်လို့ တစ်စုံတစ်ယောက်မှာ ကောင်းကင်ဘုံအစောင့်တပ်ရဲ့ တုံကင်ရော တိုက်ပွဲတစ်ရာရဲ့ အကျိုးဆောင်မှုရော ရှိမယ်ဆိုရင် ဘာဖြစ်မလဲ ”

ဟန်မူယဲ့က တည်ငြိမ်စွာ မေးသည်။

ကျန်းကန်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။

ဟန်မူယဲ့က ထိုသို့စကားကို အကြောင်းမရှိဘဲ မပြောနိုင်ပေ။

ဖြစ်နိုင်သည်မှာ သူက ကောင်းကင်ဘုံအစောင့်တပ်၏ တုံကင်ကို ပိုင်ဆိုင်ထားသည်လော။

“ အကိုကြီး… ခင်ဗျားက ကောင်းကင်ဘုံအစောင့်တပ်ရဲ့ တုံကင်ရော တိုက်ပွဲတစ်ရာရဲ့ အကျိုးဆောင်မှုကိုရော ပိုင်ဆိုင်ထားမယ်ဆိုရင် ကောင်းကင်ဘုံအစောင့်တပ်ရဲ့ တပ်မှူးတစ်ယောက် တိုက်ရိုက် ဖြစ်လာနိုင်တယ် ”

“ တကယ်လို့ စစ်ရေးအကျိုးပြုမှုတွေ အလုံအလောက် စုဆောင်းမိမယ်ဆိုရင် တစ်စုံတစ်ယောက်က စစ်တပ်အရာရှိတစ်ယောက် ဖြစ်လာလိမ့်မယ် ”

ကျန်းကန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး နူးညံ့စွာ ပြောသည်။

“ စစ်တပ်အရာရှိတစ်ယောက်က ကောင်းကင်ဘုံအစောင့်တပ်သားသုံးထောင်ကို အမိန့်ပေးနိုင်တယ်… ဒါ့အပြင် ဒေသကြီးတစ်ခုကို တစ်ယောက်တည်း လွှမ်းမိုးအုပ်ချုပ်နိုင်ပြီး စစ်သည်တော်တစ်သန်းပါဝင်တဲ့ စစ်တပ်တစ်တပ်ကိုလည်း ဖွဲ့စည်းနိုင်တယ်… အဲ့ဒါက မရေမတွက်နိုင်တဲ့လူတွေ မျှော်လင့်တောင့်တနေတဲ့ အရာပဲ ”

စစ်တပ်တစ်တပ် ဖွဲ့စည်းနိုင်သော အခွင့်အရေး… ။

ကောင်းကင်ဘုံစစ်ပွဲအတွက် စစ်တပ်များသည် ယာယီဖွဲ့စည်းထားသောအရာ ဖြစ်သည်။ စစ်ပွဲပြီးလျှင် ထိုစစ်တပ်များကို ဖျက်သိမ်းကြလိမ့်မည်။

ထိုသို့အချိန်ကျလျှင် ကောင်းကင်ဘုံအစောင့်တပ်၏ စစ်တပ်အရာရှိအဆင့်အတန်းက စစ်သည်တော်များကို ခေါ်ယူစုဆောင်းနိုင်စေလိမ့်မည်။

ထိုစစ်သည်တော်များက စစ်ပွဲအတွင်းမှာ အသက်ရှင်ကျန်ခဲ့ကြသူများဖြစ်လေရာ သူတို့အားလုံးက အံ့ဖွယ်ကောင်းသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ကောင်းကင်ဘုံအစောင့်တပ်၏ စစ်တပ်အရာရှိသာလျှင် စစ်တပ်တစ်တပ်ကို ဖွဲ့စည်းနိုင်ပေသည်။

သို့သော်လည်း စစ်တပ်အရာရှိတစ်ဦး ဖြစ်လာခြင်းက လွယ်ကူသောကိစ္စ မဟုတ်ပေ။

ကျန်းကန်း၏ အဆိုအရ ကျန်းချန်းသေမင်းတပ်စခန်းထဲမှ လူတစ်သန်းခွဲတွင် လူတစ်သိန်းခန့်သာ အသက်ရှင်လျက် ပြန်လာနိုင်ကြလိမ့်မည်။

ထိုလူတစ်သိန်းထဲတွင် လူတစ်ရာခန့်သာ ကောင်းကင်ဘုံအစောင့်တပ်သားများ ဖြစ်လာနိုင်ကြသည်။

ထိုလူတစ်ရာထဲတွင် အများဆုံး နှစ်ယောက်သာ စစ်တပ်အရာရှိ ဖြစ်လာနိုင်ကြသည်။

အကျဉ်းချုပ်ဆိုရသော် လူတစ်သန်းမှာ တစ်ယောက်သာလျှင် ကောင်းကင်ဘုံအစောင့်တပ်၏ စစ်တပ်အရာရှိတစ်ဦး ဖြစ်လာနိုင်သည်။

ကောင်းကင်ဘုံအစောင့်တပ်သားငါးသိန်းနှင့် နှိုင်းယှဉ်လျှင် ထိုသို့အချိုးက စိတ်ကူးမယဉ်နိုင်အောင် နည်းပါးသည်။

“ ကောင်းကင်ဘုံအစောင့်တပ်သားတွေကို အစောင့်စစ်သည်တော်တွေကနေ ရွေးချယ်ကြသလို ဂိုဏ်းတွေကနေလည်း ခေါ်ယူစုဆောင်းကြတယ်… ကျန်းချန်းသေမင်းတပ်စခန်းကနေ ကောင်းကင်ဘုံအစောင့်တပ်သား ဖြစ်လာတဲ့လူတွေကတော့ အရမ်းနည်းပါးတယ် ”

ကျန်းကန်းက နောင်တရစွာ ခေါင်းညိတ်လိုက်သည်။

ဂိုဏ်းကြီးများ၏ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ သာမန်ကျင့်ကြံသူများက ရာထူးတိုးရန် အခွင့်အရေးနည်းပါးသည်။

အကယ်၍ စစ်သည်တော်ဆယ်သန်းစလုံး အမြစ်ဖြတ်သုတ်သင်ခံလိုက်ရမည်ဆိုလျှင်ပင် လူတချို့သာ ကောင်းကင်ဘုံအစောင့်တပ်သားများ ဖြစ်လာနိုင်ကြသည်။

ထိုသို့အခွင့်အရေးကို သာမန်အစောင့်စစ်သည်တော်များက မရရှိနိုင်ကြချေ။

ကျန်းကန်းထွက်သွားသည့်အခါ ဟန်မူယဲ့က စခန်းထဲမှာ အနားယူလိုက်သည်။ သူက ပြင်ပကိစ္စများနှင့်ပတ်သက်၍ ခေါင်းစားမခံပေ။

ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တပ်စခန်းကို ကျောက်မင်ယွင်နှင့် တခြားလူများက စီမံဆောင်ရွက်ကြလိမ့်မည်။

သူကတော့ သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းစွမ်းအားကို ဆက်လက် မြှင့်တင်ရန် လုပ်ဆောင်ရမည်။

ဆယ်ရက်ကြာပြီးနောက် မိုးမြေက ဝုန်းခနဲ မြည်ဟိန်းသွားသည်။

“ အကိုကြီး… ကျန်းချန်းသေမင်းစစ်တပ်က စတင်ချီတတ်ပါတော့မယ် ”

ကျန်းကန်း၏ အသံက တဲအိမ်၏ အပြင်ဘက်မှ ထွက်ပေါ်လာသည်။

ဟန်မူယဲ့က တဲအိမ်အပြင်သို့ လျှောက်သွားလေရာ အနက်ရောင်သံချပ်ကာဝတ် စစ်သည်တော်တစ်ရာက ရိုသေလေးစားစွာ မတ်တတ်ရပ်နေကြကြောင်း သူမြင်တွေ့သွားသည်။

အတိတ်မှာ ထိုလူအားလုံးက ကျန်းကန်းနောက်သို့ လိုက်ခဲ့ကြသည်။ ယခု သူတို့က ဟန်မူယဲ့၏ အမိန့်အောက်မှာ တာဝန်ထမ်းဆောင်ကြလိမ့်မည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။

အလင်းထောင့်တိုင်တစ်ခုက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားနေစဉ် ရွှေရောင်နတ်ဘုရားအလင်းက ဖြာထွက်သွားသည်။

မိုင်တစ်ရာကျယ်ပြောသော ဂိတ်တံခါးတစ်ခုက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

ယင်းက မဟာပန်သွန်ဘုံ၏ အပြင်သို့ ဦးတည်နေသော ဂိတ်တံခါးဖြစ်သည်။

“ ကောင်းကင်ဘုံစစ်ပွဲ… ”

ကျယ်လောင်သော အော်သံက အဝေးမှ ထွက်ပေါ်လာသည်။

ထိုအသံက မိုးမြေကို တုန်ယင်သွားစေသည်။ ရှင်းလင်းစွာပင် ထိုသူက အစွမ်းထက်ပညာရှင်တစ်ဦး ဖြစ်သည်။

“ သေခြင်းရှင်ခြင်းအဆင့် ”

ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။

“ ကောင်းကင်ဘုံစစ်ပွဲ… ”

မရေမတွက်နိုင်သော အော်သံများက တောင်တန်းများနှင့် ပင်လယ်များကို တုန်ခါသွားစေမည့် မုန်တိုင်းအဖြစ် စုဝေးသွားသည်။

မိုးမြေမူလစွမ်းအားက ဝဲကတော့တစ်ခုနှယ် စုဝေးသွားပြီး အရပ်မျက်နှာအသီးသီးမှ တိမ်တိုက်များကို ကင်းစင်သွားစေသည်။

မဟာပန်သွန်ဘုံထဲမှ မိုးမြေစွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားပြီး အဆုံးမဲ့သော မူလစွမ်းအားကို ဆွဲဆောင်လိုက်သည်။

ကောင်းကင်ဘုံစစ်ပွဲတိုင်းသည် မဟာပန်သွန်ဘုံ၏ မိုးမြေစွမ်းအားကို မြှင့်တင်ပေးမည့် တိုက်ပွဲများ ဖြစ်ကြသည်။ ယင်းက မိုးမြေကို တွန်းအားပေးမည့် ကြီးမားသော အခမ်းအနားတစ်ခု ဖြစ်သည်။

စစ်တပ်အုပ်စုများသည် တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါထဲသို့ ဝင်ရောက်သွားကြသည်။ ထို့နောက် အလင်းထောင့်တိုင်က သူတို့ကို ဖုံးလွှမ်းသွားသည့်အခါ သူတို့က ဂိတ်တံခါးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

“ သွားကြစို့ ”

ဟန်မူယဲ့က မထူးမခြားနား ပြောသည်။ သူက လက်ဗလာဖြင့် အရှေ့သို့ မြန်ဆန်စွာ လျှောက်သွားသည်။

ကျန်းကန်းနှင့် တခြားလူများက အနောက်မှ အမြန်လိုက်သွားကြသည်။

သူတို့၏ အနောက်တွင် သခင်လုက ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ သူက စစ်သည်တော်တစ်ရာကို ဦးဆောင်ပြီး အနောက်မှ လိုက်သွားသည်။

စစ်တပ်အုပ်စုများသည် အလင်းထောင့်တိုင်ထဲသို့ ဝင်ရောက်သွားကြပြီး မဟာပန်သွန်ဘုံမှ ထွက်ခွာသွားကြသည်။

သူတို့၏ ဘေးတွင် ရာထောင်ချီသော စစ်သည်တော်အုပ်စုများက ပျောက်ကွယ်သွားကြသည်။

…..

ဟန်မူယဲ့၏ ပုံရိပ်က အပြာရောင်ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ ဘေးပတ်ဝန်းကျင်မှ တောင်တန်းများနှင့် မြစ်ချောင်းများသည် မဟာပန်သွန်ဘုံနှင့် အတော်လေး ဆင်တူသည်။ သို့သော်လည်း အရေအတွက်က အလွန်များပြားလှသည်။

“ အဲ့ဒါ မဟာမူလဘုံ ”

ဟန်မူယဲ့၏ အနောက်တွင် ရွှေရောင်အလင်းလွှာ လွှမ်းခြုံထားသော ကျန်းကန်း၏ ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။ သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း မီတာသုံးဆယ်ရှည်လျားသော ဘီလူးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။

သူ့အနောက်မှ စစ်သည်တော်များသည်လည်း ဤနေရာသို့ ဆင်းသက်လာကြသည်နှင့် မီတာသုံးဆယ်ရှည်လျားသော ဘီလူးများအဖြစ် အသွင်ပြောင်းလဲသွားကြသည်။

ရွှေရောင်အလင်းက ဟန်မူယဲ့ကိုလည်း လွှမ်းခြုံသွားသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က နည်းနည်းမှ မပြောင်းလဲသွားချေ။

“ ကျုပ်က ကျောက်ဖြူဂိုဏ်းက မောက်တာ့ဟဲ… အန္တိမတာအိုအဆင့် ကျင့်ကြံသူပါ ”

“ ဆန္ဒရှိတဲ့လူတွေက ကျုပ်နောက်ကို လိုက်နိုင်တယ် ”

မနီးမဝေးတွင် မီတာသုံးဆယ်ရှည်လျားသော ဘီလူးတစ်ကောင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများက ထိုဦးတည်ရာဆီသို့ ပြေးသွားကြသည်။

ကျန်းချန်းသေမင်းတပ်စခန်းထဲတွင် အန္တိမတာအိုအဆင့် ကျင့်ကြံသူက သန်မာသည်ဟု ဆိုနိုင်သည်။

အသက်တစ်ရာရှူချိန်အတွင်းမှာ လူတစ်ထောင်က စုဝေးသွားကြပြီး ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုအငွေ့ကို ဖန်တီးလိုက်ကြသည်။

မီတာသုံးဆယ်ရှည်လျားသော ဘီလူးက ဟန်မူယဲ့နှင့် သူ့အုပ်စု၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။ အေးတိအေးစက် လှောင်ပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ဟွန့်… ခဏနေ မင်းတို့အသတ်ခံရတော့မှ ငါမကယ်ဘူးလို့ မပြောနဲ့ ”

ယင်းကို ကြားသောအခါ ဘေးပတ်ဝန်းကျင်တွင် စုဝေးနေကြသော ကျင့်ကြံသူများက ပြုံးလိုက်ကြသည်။

တခြားဘုံသို့ ရောက်သွားသည့်အခါ အစွမ်းထက်ကျင့်ကြံသူများနှင့် အုပ်စုဖွဲ့ခြင်းက သူတို့၏ အသက်ရှင်နိုင်ခြေကို မြှင့်တင်ပေးလိမ့်မည်။ သို့မဟုတ်လျှင် အန္တရာယ်များနှင့် ကြုံတွေ့သည့်အခါ ချက်ချင်း သေဆုံးသွားလိမ့်မည်။

ကျန်းကန်းက အနောက်သို့ လှည့်၍ သူ၏ နောက်လိုက်များကို ကြည့်လိုက်သည်။ ထိုလူများထဲတွင် တချို့က တုံ့ဆိုင်းနေကြပြီး အနောက်ဆုတ်ချင်သော အရိပ်အယောင်ကို ဖော်ပြလိုက်ကြသည်။

ဟန်မူယဲ့က အရှေ့သို့ လှမ်းကြည့်လိုက်သည်။ သူက မထူးမခြားနား ပြောသည်။

“ သွားကြစို့ ”

သူက စကားပြောပြီးသည်နှင့် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

“ ဗုန်း ”

ထိုခြေတစ်လှမ်းနှင့်အတူ သူ၏ ခန္ဓာကိုယ်က မီတာတစ်ရာ ကြီးမားသွားသည်။

သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။

ဘေးပတ်ဝန်းကျင်မှ မိုးမြေက တုန်ယင်သွားသည်။

လူတိုင်းက ခေါင်းမော့လိုက်သည့်အခါ နေလုံးကို ဖုံးကွယ်ထားသော ဘီလူးတစ်ကောင်ကို မြင်သွားကြသည်။

မီတာတစ်ထောင်… ။

“ စကြာဝဠာအဆင့်… ဟာ… ”

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… စကြာဝဠာအဆင့် ကျင့်ကြံသူက ကျန်းချန်းသေမင်းတပ်စခန်းထဲ ဘယ်လိုလုပ် ရောက်နေတာလဲ ”

အံ့ဩသော အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

ဟန်မူယဲ့က နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။

“ ဝုန်း ”

အချင်းမိုင်တစ်သောင်းဧရိယာထဲ၌ မိုးမြေက တုန်ယင်သွားပြီး တောင်တန်းများက ပြိုကျပျက်စီးသွားကြသည်။

မီတာတစ်သောင်း… ။

All Chapters