← Chapters

အခန်း (၁၆၂၂)

Vol. 116 Ch. 1622

အခန်း (၁၆၂၂)

Vol. 116 Ch. 1622

ဟန်မူယဲ့က မူလခန္ဓာကိုယ်၏ ဆင့်ခေါ်မှုကြောင့် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များ၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ကျောက်မင်ယွင်နှင့် တခြားလူများက ဟန်မူယဲ့ကို မြင်သွားသောအခါ အံ့ဩဝမ်းသာသွားကြသည်။

“ ဂိုဏ်းခေါင်းဆောင် ”

“ ဆရာ ”

ရှုဖုန်းယန်နှင့် တခြားလူများက စိတ်လှုပ်ရှားသွားကြသည်။

သွေးချီဖိနှိပ်ထားသော ဘေးပတ်ဝန်းကျင်မှ တပည့်များက စတင်သွေးဆူပွက်သွားကြသည်။

ဟန်မူယဲ့ ဖမ်းခေါ်ခံသွားရသည့်အချိန်မှစ၍ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တပ်စခန်းထဲမှ ကျင့်ကြံသူအသီးသီးက ထွက်သွားကြသည်။

နောက်ပိုင်းမှာ ယွင်ထျန်းတာအိုဂိတ်မှ တပည့်များက ရောက်လာကြပြီး လူလာခေါ်ကြသည်။ သူတို့၏ အနောက်မှာ သခင်လေးယန်ရှိနေသောကြောင့် ပိုမိုများပြားသော လူများက ထွက်သွားကြသည်။

စစ်တပ်တစ်တပ်ဖွဲ့စည်းသည့်အချိန်မှာ တပ်စခန်း(၉၅၂၈)ထဲတွင် လူငါးထောင်ပင် မပြည့်တော့ချေ။

ထိုသို့အခြေအနေမှာ လူအများအပြားက စိတ်ဓာတ်ကျသွားကြသည်။

အကယ်၍ ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များက သူတို့ဂိုဏ်း၏ အလုံးစုံအင်အားကို သိထားသောကြောင့်မဟုတ်လျှင် သူတို့သည်လည်း လုံးဝ စိတ်ပျက်အားလျော့သွားကြလိမ့်မည်။

“ ဂိုဏ်းခေါင်းဆောင်ဟန် ”

အစိမ်းရောင်ဝတ်စုံဝတ် အကြီးအကဲတစ်ယောက်က လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သည်။

သူက ထူးခြားငါးပါးဓားဂိုဏ်းမှ လျောင်ချန်းဖုန်း ဖြစ်သည်။

ထူးခြားငါးပါးဓားဂိုဏ်းက ဓားဂိုဏ်း(၃၆)ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်ပြီး ယွင်ထျန်းတာအိုဂိတ်၏ အုပ်ချုပ်မှုအောက်မှာ တည်ရှိသည်။

ယွင်ထျန်းတာအိုဂိတ်၏ လွှမ်းမိုးဗိုလ်ကျမှုဖြင့် တွေ့ကြုံရသောအခါ သူတို့က မဟာမိတ်ရှာဖွေရုံမှလွဲ၍ တခြားဘာမှမတတ်နိုင်ကြတော့ချေ။

လျောင်ချန်းဖုန်းက ဟဲချန်းယန်ကို ရန်ပြုခဲ့ကြောင်း လူတိုင်းက သိထားကြသည်။ ထို့ကြောင့် မည်သည့်အင်အားစုမှ ထူးခြားငါးပါးဓားဂိုဏ်းကို လက်မခံချင်ကြချေ။ နောက်ပိုင်းမှာ ထူးခြားငါးပါးဓားဂိုဏ်းထဲမှ တပည့်သုံးရာက လျောင်ချန်းဖုန်း၏ ဦးဆောင်မှုအောက်တွင် တပ်စခန်း(၉၅၂၈)ထဲသို့ ဝင်ရောက်သွားသည်။

“ လျောင်ချန်းဖုန်း… မင်းရဲ့ ဓားကျင့်ကြံခြင်းက မဆိုးဘူး ”

ဟန်မူယဲ့က လျောင်ချန်းဖုန်းကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ဒါပေမဲ့ မင်းရဲ့ အခြေခံအုတ်မြစ်က မတည်ငြိမ်ဘူး… မင်းကျင့်ကြံတဲ့ ဓားနည်းစနစ်က မှားယွင်းနေတယ် ”

ဟန်မူယဲ့၏ စကားကြောင့် လျောင်ချန်းဖုန်းက အံ့ဩသွားသည်။

လျောင်ချန်းဖုန်း၏ အနောက်မှ ဓားကျင့်ကြံသူများသည်လည်း မျက်လုံးပြူးသွားကြသည်။ သူတို့က မျက်နှာပျက်ယွင်းသွားကြသည်။

ဤရက်များတွင် ထူးခြားငါးပါးဓားဂိုဏ်းက ကောင်းကင်အသင်္ချေဓားဂိုဏ်းနှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့ပြီး လျောင်ချောင်းဖုန်းက ကနဦးမူလအဆင့် အစွမ်းထက်ကျင့်ကြံသူ ဖြစ်သည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များသည်လည်း ထူးခြားငါးပါးဓားဂိုဏ်းအပေါ် အပြန်အလှန် ရိုသေလေးစားခဲ့ကြသည်။

သို့သော်လည်း ဟန်မူယဲ့၏ စကားက လျောင်ချန်းဖုန်းကို ကိုးရိုးကားရားဖြစ်သွားစေသည်။

“ ဟွန့်… ငါတို့ရဲ့ ထူးခြားငါးပါးဓားဂိုဏ်းက ဓားဂိုဏ်း(၃၆)ဂိုဏ်းထဲက တစ်ဂိုဏ်းပဲ… ငါတို့ဂိုဏ်းရဲ့ အမွေအနှစ်က ဘယ်လိုလုပ် မှားယွင်းနိုင်မှာလဲ ”

“ ဟုတ်တယ်… ကောင်းကင်အသင်္ချေဓားဂိုဏ်းကလည်း ဓားဂိုဏ်း(၃၆)ဂိုဏ်းထဲက‌နေ ဆင်းသက်လာတာ မဟုတ်ဘူးလား… မင်းက ဘာလိုလုပ် ငါတို့ရဲ့ ထူးခြားငါးပါးဓားဂိုဏ်းကို ဝေဖန်ရဲတာလဲ ”

တာအိုချိုးဖြတ်ခြင်းအဆင့် ဓားကျင့်ကြံသူတချို့က တိုးညင်းစွာ ရေရွတ်လိုက်ကြသည်။

ကျောက်မင်ယွင်နှင့် တခြားလူများက ခေါင်းလှည့်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအင်အရှိန်အဝါက တအိအိလှုပ်ခတ်သွားသည်။ သူတို့က ကျင့်ကြံခြင်းစွမ်းအားကို မထုတ်လွှတ်ထားသော်လည်း သူတို့ထံမှ ဖိအားက လျောင်ချန်းဖုန်းကို သတိကြီးစွာထားစေသည်။

“ ဟဲ ဟဲ… ဂိုဏ်းခေါင်းဆောင်ဟန်က ဓားတာအိုသူတော်စင်တစ်ပါးပါ… အချိန်ရရင် ကျုပ်ကို နည်းနည်း ညွှန်ကြားပေးပါဦး ”

လျောင်ချန်းဖုန်းက ရယ်မောလိုက်ပြီး အရိုအသေပေးလိုက်သည်။ ထို့နောက် သူက အရှေ့သို့ လှမ်းကြည့်လိုက်သည်။

“ ဂိုဏ်းခေါင်းဆောင်ဟန်… အဲ့ဒီလူတွေက တပ်စခန်း(၉၃၄၅)ကပါ… သူတို့ထဲမှာ ကနဦးမူလအဆင့် ကျင့်ကြံသူတစ်ယောက်၊ တာအိုငြိမ်းသတ်ခြင်းအဆင့် ကျင့်ကြံသူသုံးယောက်နဲ့ တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူဒါဇင်ခန့်ရှိပါတယ်… သူတို့က စစ်သည်တော်တစ်သောင်းကျော်ပါဝင်တဲ့ စစ်တပ်ကို ဖွဲ့စည်းထားပါတယ် ”

စစ်သည်တော်တစ်သောင်းကျော်ပါဝင်သော စစ်တပ်က ကြီးမားသည်ဟု မဆိုနိုင်ပေ။ သို့သော်လည်း ယင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တပ်စခန်းထဲမှ လူဦးရေထက် နှစ်ဆပိုများသည်။

ကောင်းကင်ဘုံစစ်ပွဲမှာ လူအရေအတွက်က သိပ်အရေးမကြီးသော်လည်း လူအရေအတွက်က ပိုပြီးများလေ ပိုပြီးအားကောင်းလေဟူသော အယူအဆက ရှိသေးသည်။ စစ်တပ်က ပိုပြီးကြီးမားလေ သူတို့ထုတ်လွှတ်နိုင်သော အရှိန်အဝါက ပိုပြီးအားကောင်းလေပင်။

စစ်သည်တော်သုံးလေးသောင်း ပိုင်ဆိုင်ထားသော တပ်စခန်းများ၊ စစ်သည်တော်တစ်သိန်း ပိုင်ဆိုင်ထားသော တပ်စခန်းများထဲတွင် စကြာဝဠာအဆင့် ကျွမ်းကျင်ပညာရှင်များပင် ရှိကြသည်။

စစ်သည်တော်သုံးလေးထောင်သာရှိသော တပ်စခန်းများထဲမှာ မည်သို့ကြောင့် အစွမ်းထက်ပညာရှင်များ ရှိမည်နည်း။

“ အသက်ဆယ်ခါရှူချိန်ကုန်သွားပြီ… မင်းတို့က တကယ်ပဲ အညံ့မခံဘူးလား ”

အဝေးမှ အသံက ထပ်မံ ထွက်ပေါ်လာသည်။

အညံ့ခံရမယ်လား… ။

ကောင်းကင်ဘုံစစ်ပွဲအတွက် စစ်တပ်ကို ဖွဲ့စည်းလိုက်သည်နှင့် သူတို့က သရုပ်ကို မပြောင်းလဲနိုင်တော့သလို စစ်သည်တော်များကိုလည်း ထပ်မံ မထည့်သွင်းနိုင်တော့ပေ။

သို့သော်လည်း တပ်စခန်းတစ်ခုက တခြားတပ်စခန်း၏ လက်အောက်မှာ အညံ့ခံလိုက်မည်ဆိုလျှင် သူတို့ရှာဖွေစုဆောင်းထားသော အောင်မြင်မှုအားလုံးက တစ်ဖက်လူ၏ လက်ထဲသို့ ကျရောက်သွားလိမ့်မည်။

ထို့ပြင် သူတို့၏ လွတ်လပ်မှုက တစ်ဖက်လူ၏ ဆုံးဖြတ်မှုအတိုင်းသာ ဖြစ်လိမ့်မည်။

ယင်းက မဟာပန်သွန်ဘုံ၏ စည်းမျဉ်းဖြစ်သည်။ ထို့ကြောင့် သန်မာသူများက ပိုပြီးသန်မာလာပြီး အားနည်းသူများက ပိုပြီးအားနည်းသွားလိမ့်မည်။

တစ်ဖက်လူက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အခြေအနေကို စိတ်မဝင်စားပေ။ သူတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်းကို အညံ့ခံစေချင်ရုံသာ ဖြစ်သည်။

“ သူတို့အားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်လိုက် ”

ဟန်မူယဲ့၏ အေးတိအေးစက် စကားသံက ပဲ့တင်ထပ်သွားသည်။

အမြစ်ဖြတ်သုတ်သင်ပစ်လိုက်… ။

ကောင်းကင်ဘုံစစ်ပွဲထဲ၌ မဟာမိတ်များနှင့် ရှိန်လောက်ဖွယ်ကောင်းသော ရန်သူများ ရှိကြသည်။

မဟာပန်သွန်ဘုံ၏ အပြင်သို့ ရောက်ရှိသွားသည့်အခါ တစ်စုံတစ်ယောက်က မဟာမိတ်ဖြစ်လာနိုင်သလို ရန်သူလည်း ဖြစ်လာနိုင်သည်။ ဤနေရာမှာ မည်သည့်စည်းမျဉ်းဥပဒေမှ မရှိပေ။

ခွန်အားကြီးသူ၏ စကားက စည်းမျဉ်းဥပဒေ ဖြစ်သည်။

“ ငါသွားလိုက်မယ် ”

ရှုကျိချူးက အရှေ့သို့ လျှောက်သွားသည်။ ဤအခိုက်အတန့်မှာ သူဖိနှိပ်ထားသော စွမ်းအင်အရှိန်အဝါက ပေါက်ကွဲသွားပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားက အထွတ်အထိပ် ကနဦးမူလအဆင့်သို့ မြင့်တတ်သွားသည်။

ခြေလှမ်းဝက် စကြာဝဠာအဆင့်… ။

သူ၏ ခန္ဓာကိုယ်က မီတာရှစ်ရာအထိ ရှည်လျားသွားပြီး သူ၏ လက်သီးထိုးချက်က သူ့အရှေ့မှ တောင်တန်းများနှင့် မြစ်ချောင်းများကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။

“ ခြေလှမ်းဝက် စကြာဝဠာအဆင့်… ”

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

မီတာရှစ်ရာရှည်လျားသော ဘီလူးနှင့် ကြောက်မက်ဖွယ်ကောင်းသော လက်သီးထိုးချက်ကို မြင်သွားသောအခါ တစ်စုံတစ်ယောက်က အလန့်တကြား အော်ပြောလိုက်သည်။

“ တာအိုရောင်းရင်း… ကျုပ်အသက်ကို ချမ်းသာပေးပါ ”

အသနားခံသော အော်သံက အရှေ့မှ ထွက်ပေါ်လာသည်။

ကံမကောင်းစွာပင် သူ၏ အော်သံ ထွက်ပေါ်လာသည်နှင့် ရှုကျိချူး၏ လက်သီးက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

“ ဗုန်း ”

ကုန်းမြေက အက်ကွဲသွားပြီး ရွှေရောင်မဟာပန်သွန်ကျောက်တုံးများက အရပ်ရှစ်မျက်နှာသို့ ပြန့်ကျဲသွားကြသည်။

မဟာပန်သွန်ကျောက်တုံးများ၏ အရေအတွက်အရ ထိုလက်သီးထိုးချက်အောက်မှာ အနည်းဆုံး ကျင့်ကြံသူတစ်ရာခန့် သေဆုံးသွားကြသည်။

ဘေးပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်သွားသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များက မထူးမခြားနား ဆက်ရှိနေကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က ရှုကျိချူး၏ ကျင့်ကြံခြင်းစွမ်းအားကို နားလည်ထားကြသည်။

ထူးခြားငါးပါးဓားဂိုဏ်းမှ တပည့်များသည်တော့ သူတို့က ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ယခုအချိန်မှသာ သူတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို နားလည်သွားကြသည်။

“ ဝုန်း ”

တောင်တန်းများနှင့် မြစ်ချောင်းများက ပြိုကျပျက်စီးသွားကြသည်။

ထို့နောက် ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်က မီတာတစ်သောင်းရှည်လျားသွားသည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ အချင်းမိုင်တစ်ရာအတွင်းမှ တောင်တန်းများနှင့် မြစ်ချောင်းများက သူ၏ စကြာဝဠာနယ်မြေထဲသို့ ဝင်ရောက်သွားကြသည်။

“ မိုင်သုံးသောင်းအဝေးမှာ မဟာမူလဘုံရဲ့ စစ်တပ်တစ်တပ်က ချုံခိုတိုက်ခိုက်ဖို့ ပုန်းအောင်းနေတယ်… ငါသူတို့ကို သွားရင်ဆိုင်လိုက်မယ်… မင်းတို့က အနောက်က‌နေ လိုက်ခဲ့ကြပါ ”

ဟန်မူယဲ့၏ စကားသံက ထွက်ပေါ်လာသည်။ ထို့နောက် သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြီး မိုင်တစ်ရာအကွာအဝေးကို ဖြတ်ကျော်သွားသည်။

သူ၏ အနောက်တွင် လူတိုင်းက ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးကျယ်သွားကြသည်။

“ ယင်ယန်အဆင့် ”

“ ယင်ယန်… ”

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ”

ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက်က ဆွံ့အသွားကြပြီး အသက်ရှူရန် မေ့လျော့သွားကြသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များသည် သူတို့၏ ဂိုဏ်းခေါင်းဆောင်က အလွန်သန်မာကြောင်း သိထားကြသော်လည်း မည်မျှသန်မာကြောင်း အတိအကျ မသိကြချေ။

ကနဦးမူလအဆင့်၊ စကြာဝဠာအဆင့်၊ ယင်ယန်အဆင့်… ။

ယင်ယန်အဆင့် ကျွမ်းကျင်ပညာရှင်များသည် မည်သည့်နေရာမှာမဆို ထိပ်တန်းတိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။

အခြားတစ်ဖက်တွင် တပ်စခန်း(၉၅၂၈)ထဲမှ တခြားကျင့်ကြံသူများက ဝမ်းသာပျော်ရွှင်သွားကြသည်။

လက်စသတ်တော့ ကောင်းကင်အသင်္ချေဓားဂိုဏ်းက အရမ်းသန်မာတာကို… ။

“ မထူးဆန်းတော့ဘူး… မထူးဆန်းတော့ဘူး… ”

လျောင်ချန်းဖုန်းက နှုတ်ခမ်းတွန့်ကွေးသွားပြီး တီးတိုးရေရွတ်လိုက်သည်။

ထူးခြားငါးပါးဓားဂိုဏ်းမှ တပည့်များသည်လည်း အံ့ဩထိတ်လန့်သွားကြသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က လျောင်ချန်းဖုန်းကို သူညွှန်ကြားပေးနိုင်သည်ဟု ပြောခဲ့ခြင်းမှာ မထူးဆန်းတော့ပေ။

ယင်ယန်အဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်က လျောင်ချန်းဖုန်းကို ညွှန်ကြားပေးရန် အရည်အချင်းပြည့်မီသည်။

မဟုတ်ပေ။ လျောင်ချန်းဖုန်းက ယင်ယန်အဆင့် ပညာရှင်တစ်ယောက်ထံမှ ညွှန်ကြားမှုရရှိရန် အရည်အချင်းမပြည့်မီပေ။

“ ဗုန်း ”

အဝေးတွင် ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ မိုးမြေကြားထဲတွင် ရွှေရောင်အလင်းဖြင့် ပြည့်နှက်သွားသည်။

မိုင်သုံးသောင်းအဝေးတွင် ကြီးမားသော တိုက်ပွဲတစ်ခု စတင်နေလေသည်။

“ မြန်မြန်… ဂိုဏ်းခေါင်းဆောင်ကို သွားကူညီပေးကြရအောင် ”

ကျောက်မင်ယွင်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး အရှေ့သို့ အမြန်ပျံသန်းသွားသည်။

တခြားလူများသည်လည်း အနောက်မှ အမြန်လိုက်သွားကြသည်။ စိတ်လှုပ်ရှားခြင်းနှင့် စိတ်အားထက်သန်သော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်နေသည်။

သူတို့ရောက်ရှိသွားသည့်အခိုက် ဟန်မူယဲ့က သူ့လက်ထဲမှ ဓားဖြင့် မဟာမူလကလန်မှ ကနဦးမူလအဆင့်နှင့် စကြာဝဠာအဆင့် တိုက်တန်များကို တစ်ကောင်ပြီးတစ်ကောင် သုတ်သင်ရှင်းလင်းပစ်နေကြောင်း မြင်သွားကြသည်။

အခြားတစ်ဖက်တွင် မဟာပန်သွန်ဘုံမှ အနက်ရောင်သံချပ်ကာဝတ် စစ်သည်တော်များက အပြန်အလှန် ဖေးမပေးနေရင်း မဟာမူလကလန်မှ တိုက်တန်များကို အစွမ်းကုန် တိုက်ခိုက်နေကြသည်။

ထိုစစ်သည်တော်များ၏ တိုက်ပွဲအခင်းအကျင်းက စည်းစနစ်ကျပြီး သူတို့ကြားမှ ပူးပေါင်းဆောင်ရွက်မှုက လိုက်လျောညီထွေသည်။ ယင်းက သူတို့၏ စုပေါင်းအင်အားကို သိသိသာသာ တိုးမြှင့်သွားစေသည်။

သူတို့က အရေအတွက်ပိုများပြားသော ရန်သူများ၏ ဝိုင်းရံခံနေရခြင်းကြောင့်မဟုတ်လျှင် ထိုမျှအခြေအနေဆိုးဝါးလိမ့်မည် မဟုတ်ချေ။

“ အနောက်ဆုတ်ကြမယ် ”

အော်သံက မဟာမူလကလန်ဘက်မှ ထွက်ပေါ်လာသည်။ ထို့နောက် စစ်သည်တော်တစ်ထောင်ပါဝင်သော စစ်တပ်က အမြန်အနောက်ဆုတ်သွားသည်။

ရန်သူ့စစ်တပ် အနောက်ဆုတ်သွားသည်ကို မြင်သောအခါ အနက်ရောင်သံချပ်ကာဝတ် စစ်သည်တော်များ၏ ခေါင်းဆောင်က ဟန်မူယဲ့ထံသို့ လှည့်ကြည့်လိုက်သည်။

“ ကောင်းကင်ဘုံအစောင့်တပ်ရဲ့ တပ်မှူးယန်ယွင်ဖုန်းက တာအိုရောင်းရင်းရဲ့ ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ် ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က ကိုးပေအရွယ်အစားသို့ ပြန်ပြောင်းလဲသွားသည်။ သူက မထူးမခြားနား ပြောသည်။

“ ကျန်းချန်းသေမင်းတပ်စခန်းက ဟန်မူယဲ့ ”

ထိုသို့ပြောပြီးနောက် သူ၏ ခန္ဓာကိုယ်က ရွေ့လျားသွားပြီး နေရာမှ ပျောက်ကွယ်သွားသည်။

“ ကျန်းချန်းသေမင်းတပ်စခန်းလား ”

“ သူက ကောင်းကင်ဘုံအစောင့်တပ်ကို တစ်ခါတည်း ဝင်ရောက်ချင်တာများလား ”

ဟန်မူယဲ့ထွက်ခွာသွားသော ဦးတည်ရာကို ကြည့်နေရင်း ယန်ယွင်ဖုန်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

All Chapters