အခန်း (၁၆၂၄)
Vol. 116 Ch. 1624
တားဆီးရမယ်လား… ။
ယင်ယန်အဆင့် ပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုကို ယင်ယန်အဆင့်နှင့် အထက်အဆင့်မှ ပုဂ္ဂိုလ်များသာလျှင် တားဆီးနိုင်ပေသည်။
မဟာမူလကလန်မှ ခေါင်းဆောင်နှစ်ယောက်က မီတာတစ်ထောင်ရှည်လျားကြသည်။ သို့သော်လည်း သူတို့နှစ်ယောက်က ဟန်မူယဲ့၏ လက်သီးထိုးချက်အောက်မှာ အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။ ပမာဏများပြားလှသော သွေးချီအနှစ်သာရကြောင့် ကောင်းကင်က အနီရောင်ပြောင်းလဲသွားသည်။
သူတို့၏ သွေးချီအနှစ်သာရမှ ဒြပ်ထည်ဖွဲ့စည်းသွားသော မဟာပန်သွန်ကျောက်တုံးများက အရည်အသွေးအလွန်ကောင်းမွန်သည်။
ဘေးပတ်ဝန်းကျင်၌ ဝိုင်းရံထားကြသော မဟာမူလဘုံမှ အဖွဲ့သားများက အရှေ့သို့ ပြေးလာကြသည်။ သို့သော်လည်း ဟန်မူယဲ့က သူတို့အားလုံးကို လက်သီးတစ်ချက်တည်းဖြင့် အမြစ်ဖြတ်ချေမှုန်းလိုက်သည်။ သူတို့ထံမှ မူလစွမ်းအားက လေထဲမှာ လွင့်ပြယ်သွားပြီး ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားနှင့် ပေါင်းစပ်သွားသည်။
သန္ဓေပြောင်းသားရဲများသည်လည်း ဟန်မူယဲ့၏ လက်သီးထိုးချက်အောက်မှာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားကြသည်။
“ ဟား ဟား… အကိုကြီးရှိနေသရွေ့ ဘယ်ကောင်မှ ငါတို့ကို အန္တရာယ်ပေးရဲမှာ မဟုတ်ဘူး ”
ကျန်းကန်းက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ ထို့နောက် သူက မဟာပန်သွန်ကျောက်တုံးများကို စုဆောင်းရန် အရှေ့သို့ ပြေးသွားသည်။
ဟန်မူယဲ့နောက်သို့ လိုက်ခြင်းတွင် သူတို့က ပစ္စည်းကောက်ရန်သာ လုပ်ဆောင်ကြရမည်။ သူတို့က တိုက်ပွဲများတွင် အမှန်တကယ် ပါဝင်စရာမလိုပေ။
ဟန်မူယဲ့၏ အနောက်တွင် ပုံရိပ်ယောင်နယ်မြေတစ်ခု ထွက်ပေါ်လာသည်။ သန္ဓေပြောင်းသားရဲအမြောက်အများက ထိုနယ်မြေထဲမှ ပြေးထွက်လာကြသည်။
သန္ဓေပြောင်းသားရဲများက စကြာဝဠာအဆင့်မှာ ဖြစ်ကြသည်။ ၎င်းတို့က ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်လာကြသည်နှင့် မီတာတစ်ထောင်ရှည်လျားသော ဘီလူးအဖြစ် အသွင်ပြောင်းလဲသွားကြသည်။ ထို့နောက် ၎င်းတို့က ထွက်ပြေးနေကြသော မဟာမူလဘုံမှ ကျင့်ကြံသူများကို လိုက်လံသတ်ဖြတ်ကြသည်။
ယင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲတော် ဖြစ်သည်။
မည်သူမှ ဟန်မူယဲ့၏ အရှေ့မှာ မတ်တတ်မရပ်နိုင်ကြပေ။
အဝေးတွင် မဟာပန်သွန်ဘုံမှ ကျင့်ကြံသူအုပ်စုတစ်စုက မျက်နှာတည်ကြည်သွားသည်။ သူတို့ထဲမှ အများစုက တုန်ယင်သွားကြသည်။
“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ကျန်းချန်းသေမင်းတပ်စခန်းရဲ့ ဒီအဖွဲ့က အဲ့လောက်တောင် သန်မာတာလား ”
“ သူတို့ရဲ့ ခေါင်းဆောင်က ဘယ်သူလဲ… သခင်လေးယန် ငါတို့ကို ရှာခိုင်းထားတဲ့ ဟန်မူယဲ့က ဘယ်မှာလဲ ”
မီတာတစ်သောင်းရှည်လျားသော ဟန်မူယဲ့ကို ငေးကြည့်နေစဉ် ထိုလူများက အသိစိတ်ဗလာဖြစ်သွားကြသည်။
ကျန်းချန်းသေမင်းတပ်စခန်းမှာ အစွမ်းထက်ပညာရှင်များရှိကြောင်း သူတို့သိသည်။ သို့သော်လည်း ကနဦးမူလအဆင့်ထက် ပိုပြီးမြင့်သော ပညာရှင်များက ကျန်းချန်းသေမင်းတပ်စခန်းထဲမှာ မရှိသင့်ပေ။
တစ်စုံတစ်ယောက်က ကနဦးမူလအဆင့်ထက် ပိုမြင့်နေလျှင် ကျန်းချန်းသေမင်းတပ်စခန်းထဲသို့ ဝင်ရောက်ရန် မလိုပေ။
“ သွားပြီ… ငါတို့တော့ ဒီတစ်ကြိမ် အမှားအကြီးကြီး လုပ်မိပြီ ”
“ ငါတို့တွေ ယင်ယန်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို ရန်ပြုမိပြီ ”
မဟာပန်သွန်ဘုံမှ ထိုကျင့်ကြံသူများက မျက်နှာဖြူဖျော့သွားကြပြီး အချင်းချင်း တီးတိုးပြောလိုက်ကြသည်။
“ ဟဲချန်းယန်… ငါအသက်ရှင်လျက် ပြန်လာနိုင်ရင် မင်းကို သေချာပေါက် အလွတ်မပေးဘူး ”
အဖွဲ့ခေါင်းဆောင်က အံတင်းတင်းကြိတ်လိုက်သည့်အခါ အထွတ်အထိပ် တာအိုငြိမ်းသတ်ခြင်းအဆင့် စွမ်းအင်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ သူက ထွက်သွားရန် အနောက်လှည့်လိုက်သည်။
သို့သော်လည်း သူတို့၏ ဘေးပတ်ဝန်းကျင်တွင် သန္ဓေပြောင်းသားရဲများ၊ မဟာမူလကလန်မှ အဖွဲ့သားများဖြင့် ပြည့်နှက်နေလေရာ အသက်ရှင်လျက် ထွက်သွားနိုင်ရန် မလွယ်ကူပေ။
“ ဗုန်း ”
ဟန်မူယဲ့က လက်သီးထိုးလိုက်သည့်အခါ မီတာသုံးထောင်ရှည်လျားသော တိုက်တန်တစ်ကောင်က ချက်ချင်း ပေါက်ကွဲသွားသည်။
ထို့နောက် သူက အဝေးမှ တောင်ထွတ်တစ်ခုကို ကြည့်လိုက်သည်။
ထိုနေရာတွင် မီးတောက်မီးလျှံများက ပေါ်လျှိုးနေပြီး မီးတောက်မူလစွမ်းအားက အဆုံးစွန်ထိ သိပ်သည်းနေသည်။
စကြာဝဠာအဆင့် သန္ဓေပြောင်းသားရဲနှစ်ကောင်ကို ချန်ထားခဲ့ပြီးနောက် ဟန်မူယဲ့၏ ပုံရိပ်က ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မိုင်တစ်ထောင်အဝေးမှ တောင်ထွတ်ဆီသို့ ပျံသန်းသွားသည်။ သူ၏ အလျင်က အလွန်မြန်ဆန်လေရာ ဥက္ကာပျံတစ်စင်းနှင့် မခြားပေ။ စွမ်းအင်လှိုင်းများက သူ၏ ဘေးပတ်ဝန်းကျင်မှာ တအိအိလှုပ်ခတ်သွားသည်။
နာရီဝက်ကြာပြီးနောက် သူက တောင်ထွတ်ပေါ်သို့ ရောက်ရှိသွားသည်။
ထိုအချိန်တွင် တောင်ပေါ်မှာ မီးတောက်မီးလျှံများအပြင် ပုံရိပ်တချို့လည်း ရှိနေကြသည်။ သူတို့အားလုံးက အပြင်းအထန် တိုက်ခိုက်နေကြသည်။
မဟာပန်သွန်ဘုံမှ အနက်ရောင်သံချပ်ကာဝတ် ကျင့်ကြံသူသုံးယောက်က မဟာမူလကလန်မှ ကျင့်ကြံသူရှစ်ယောက်၏ ဖိနှိပ်မှုကို ခံနေကြရသည်။ သူတို့က ခုခံနိုင်ရုံသာ တတ်စွမ်းကြသည်။
“ အံ့ဖွယ်ကိုးပါးကောင်းကင်မီးတောက်ကို ခိုးယူဖို့ ကောင်းကင်မီးလျှံတောင်ဆီ လာရဲတယ်… မင်းတို့က သေချင်နေတာပဲ ”
“ ဒီနေ့ သေခြင်းရှင်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်သုံးယောက်ကို မဆိုထားနဲ့ မဟာပန်သွန်ဘုံရဲ့ သန်းနဲ့ချီတဲ့ စစ်တပ်တွေ ရောက်လာမယ်ဆိုရင်တောင် သူတို့အားလုံး အမြစ်ဖြတ်သုတ်သင်ခံရမယ် ”
မဟာမူလကလန်မှ အဖွဲ့ခေါင်းဆောင်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူလက်မြှောက်လိုက်သည့်အခါ အနက်ရောင်အလင်းတန်းက သူ၏ လက်သည်းများထဲမှ ထွက်ပေါ်လာသည်။
ထိုအလင်းတန်းထဲမှာ သေခြင်းစွမ်းအားဖြင့် ပြည့်နှက်နေသည်။ ထိုအလင်းတန်းဖြင့် ထိတွေ့ခံလိုက်ရသော မည်သူမဆို သေဆုံးသွားကြလိမ့်မည်။ ကျောက်တုံးများနှင့် တောင်ကုန်းများသည်ပင် ထိုအလင်းတန်းအောက်မှာ ဗလာနတ္ထိအဖြစ် ပျက်စီးသွားကြလိမ့်မည်။
သေခြင်းရှင်ခြင်းစွမ်းအား… ။
မူလစွမ်းအားကို ထိန်းချုပ်ပြီး သေခြင်းရှင်ခြင်းအလင်းတန်းအဖြစ် ပြောင်းလဲနိုင်ခြင်း… ။
ယင်းက သေခြင်းရှင်ခြင်းအဆင့် ကျင့်ကြံသူများ အဓိကအသုံးပြုလေ့ရှိသော တိုက်ခိုက်မှု ဖြစ်သည်။ ထိုတိုက်ရိုက်မှုက ရိုးရှင်းပြီး ထိရောက်မှုရှိသည်။
ရှင်းလင်းစွာပင် မဟာပန်သွန်ဘုံမှ သေခြင်းရှင်ခြင်းအဆင့် ကျင့်ကြံသူသုံးယောက်သည် သေခြင်းရှင်ခြင်းစွမ်းအား အသုံးပြုသည့်အပိုင်းတွင် မဟာမူလကလန်မှ အစွမ်းထက်ကျင့်ကြံသူများကို မယှဉ်ပြိုင်နိုင်ကြချေ။ ထို့ကြောင့် သူတို့က ရှောင်တိမ်းရုံသာ တတ်စွမ်းကြသည်။
မဟာမူလကလန်မှ အဖွဲ့ခေါင်းဆောင်က မဟာပန်သွန်ဘုံမှ ကျင့်ကြံသူသုံးယောက်ကို အကြွင်းမဲ့ ဖိနှိပ်ထားသည်။
“ ဟွန့်… ဒီတစ်ကြိမ် ငါ့ရဲ့ ရှန်းဟဲစီရင်စုက စစ်သည်တော်ဆယ်သန်းပါဝင်တဲ့ စစ်တပ်ကို ဖွဲ့စည်းခဲ့တယ်… တကယ်လို့ ဒီနေ့ ငါသေသွားမယ်ဆိုရင်တောင် ငါ့ရဲ့ စစ်တပ်က မင်းတို့အားလုံးကို ငရဲပို့ပစ်လိမ့်မယ် ”
မဟာပန်သွန်ဘုံမှ ကျင့်ကြံသူသုံးယောက်ထဲတွင် အရှေ့ဆုံးမှ တစ်ယောက်က အံတင်းတင်းကြိတ်လိုက်ပြီး အော်ပြောလိုက်သည်။ သွေးချီစွမ်းအားက တစ်ဟုန်ထိုး မြှောက်တတ်သွားစဉ် သေခြင်းရှင်ခြင်းစွမ်းအားက အကြမ်းပတမ်း ရောယှက်သွားသည်။ သူက အစွမ်းကုန် ထုတ်လွှတ်ရန် အသင့်ပြင်လိုက်သည်။
တခြားနှစ်ယောက်သည်လည်း သူတို့၏ ခန္ဓာကိုယ်ထဲမှ မူလစွမ်းအားကို လှုံ့ဆော်လိုက်ကြသည်။ သူတို့က အသေခံတိုက်ရန် စိတ်ဆုံးဖြတ်လိုက်ကြသည်။
“ စစ်သည်တော်ဆယ်သန်းပါဝင်တဲ့ စစ်တပ်လား… ဟား ဟား… ဒီတစ်ကြိမ် ငါ့ရဲ့ မဟာမူလကလန်က… ”
မဟာမူလကလန်မှ အဖွဲ့ခေါင်းဆောင်က စကားကို ဆက်မပြောဘဲ ရပ်လိုက်သည်။ သူက ခပ်ရေးရေး ပြုံးလိုက်သည်။
“ စိတ်ချပါ… မင်းတို့အားလုံး ဒီနေရာမှာ သေကြရမှာပါ ”
“ အံ့ဖွယ်ကိုးပါးကောင်းကင်မီးတောက်က အသက်နဲ့ သွေးချီကို လမ်းညွှန်ပေးပြီး မူလစွမ်းအားကို အားဖြည့်ပေးတယ်… ဒီနေ့ မင်းတို့က သေကြတော့မှာဆိုတော့ ဒီနတ်ဘုရားမီးတောက်ကို ငါ့အတွက် ထွန်းညှိပေးစမ်းပါ ”
သူစကားပြောလိုက်သည်နှင့် သေခြင်းရှင်ခြင်းစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ထပ်မံ ပေါ်လျှိုးလာပြီး ကောင်းကင်ကို ဖုံးအုပ်သွားသည်။
မနီးမဝေးတွင် ရွှေရောင်မီးတောက်များက တဟုန်းဟုန်း လောင်ကျွမ်းနေသည်။ ဤသည်မှာ ယင်းက မိုးမြေကို မီးလောင်တိုက်သွင်းချင်နေသည့်အလားပင်။
မိုးမြေစွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ ထိုစွမ်းအားက သေခြင်းရှင်ခြင်းအဆင့်ထက် ကျော်လွန်သွားသည်။
“ သူတို့ကို အစွမ်းကုန်သုံးပြီး တိုက်ကြ ”
“ သတ် ”
မဟာပန်သွန်ဘုံမှ သေခြင်းရှင်ခြင်းအဆင့် ကျင့်ကြံသူသုံးယောက်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ကြသည်။ သူတို့က မီတာထောင်ပေါင်းများစွာ မြင့်မားသော ဘီလူးအသွင်သဏ္ဍာန်သို့ မပြောင်းလဲဘဲ ဆယ်ပေအရွယ်အစားတွင် စွမ်းအားစုစည်းလိုက်ကြသည်။
ယင်ယန်အဆင့်အောက်တွင် ကျင့်ကြံသူများသည် သွေးချီစွမ်းအားနှင့် ရုပ်ခန္ဓာကိုယ်၏ သန်မာမှုကို ယှဉ်ပြိုင်ကြသည်။ ရုပ်ခန္ဓာကိုယ်က ပိုပြီးကြီးမားလေ ခွန်အားက ပိုပြီးသန်မာလေ ဖြစ်သည်။
ယင်ယန်အဆင့်၏ အထက်တွင် မူလစွမ်းအားထိန်းချုပ်နိုင်မှုနှင့် မိုးမြေစွမ်းအားရွှေ့ပြောင်းနိုင်မှုက ပိုပြီးအရေးကြီးသည်။ သူတို့က ရုပ်ခန္ဓာကိုယ်ကို အခြေခံအုတ်မြစ်အဖြစ်သာ သဘောထားကြတော့သည်။
ထို့ကြောင့် ယင်ယန်အဆင့်၏ အထက်အဆင့်မှ ကျွမ်းကျင်ပညာရှင်များ၏ တိုက်ပွဲများက ရုပ်ခွန်အားတစ်ခုတည်းပေါ်မှာ မူမတည်တော့ပေ။
မှန်ပေသည်။ တစ်စုံတစ်ယောက်က လက်တစ်ဖက်ဝှေ့ယမ်းရုံဖြင့် မိုးမြေကို ဖျက်ဆီးပစ်နိုင်သော အာဏာရှင်အဆင့်မှာဆိုလျှင် ယင်းက လုံးဝခြားနားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားလိမ့်မည်။
ရုပ်ခွန်အားသည် မူလစွမ်းအား၏ သိပ်သည်းမှုဖြစ်သည်။ ရုပ်ခန္ဓာကိုယ်က ပိုပြီးကြီးမားလေ ထုတ်လွှတ်နိုင်သော စွမ်းအားက ပိုပြီးအားကောင်းလေ ဖြစ်သည်။
“ ဗုန်း ”
ပုံရိပ်သုံးခုက မီးတောက်များကြောင့် ဖိနှိပ်ခံနေရစဉ် အဖြူအနက်အလင်းက သူတို့ကို ပိုက်ကွန်သဖွယ် ရစ်ပတ်သွားသည်။
ကောင်းကင်ဘုံပိုက်ကွန်… လွတ်လမ်းမရှိ… ။
“ လော့ကျန်း… မင်းက ကောင်းကင်ဘုံအစောင့်တပ်ရဲ့ ဒီဗိုလ်ချုပ်တုံကင်ကို ယူသွားပြီး ကောင်းကင်ဘုံအစောင့်တပ်သားအားလုံးကို စုဝေးပါ… ပြီးသွားရင် ဒီနေရာက မဟာမူလကလန်ကို အမြစ်ဖြတ်သုတ်သင်ပစ်ပါ ”
အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော အဖွဲ့ခေါင်းဆောင်က တည်ကြည်လေးနက်သော အမူအရာဖြင့် တုံကင်တစ်ခုကို ထုတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် သေခြင်းရှင်ခြင်းစွမ်းအားက အကန့်အသတ်ထိ ရောက်ရှိနေသည်။ ဤသည်မှာ သူက ပေါက်ကွဲသွားတော့မည့်အလားပင်။
“ ဒီနေ့ ဒီဗိုလ်ချုပ်က အသက်စတေးပြီး ဒီနေရာကို ချိပ်ပိတ်မယ် ”
သေခြင်းရှင်ခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူသည် ယာယီချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းရန် သူ၏ ကျင့်ကြံခြင်းစွမ်းအင်အားလုံးနှင့် မူလစွမ်းအင်အားလုံးကို ထုတ်လွှတ်လိုက်သည်။
ယနေ့ လွတ်လမ်းမရှိမှတော့ ရန်သူကို သူနှင့်အတူ ငရဲသို့ တစ်ပါတည်း ခေါ်ဆောင်သွားမည်။
“ စိတ်ချုပ်ပါ ဗိုလ်ချုပ်… ကျုပ်လော့ကျန်းက တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ပါမယ် ”
အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော တခြားပုဂ္ဂိုလ်တစ်ဦးက တုံကင်ကို ယူဆောင်လိုက်ပြီး ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
“ ဗုန်း ”
ဗိုလ်ချုပ်ထံမှ အရှိန်အဝါက သွေးနီရောင်အလင်းထောင့်တိုင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိုးကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ လက်ထဲမှ အနီရောင်ဓားမော့ကို အောက်သို့ ခုတ်ပိုင်းလိုက်သည်။
သွေးနီရောင်ဓားမော့အလင်း ထွက်ပေါ်လာသည့်အခါ သူ့အရှေ့မှ မီးတောက်အားလုံးက ဖြတ်တောက်ခံလိုက်ရသည်။
အက်ကွဲကြောင်းတစ်ခုက မီးတောက်များကြားတွင် ထွက်ပေါ်လာသည်။
“ လော့ကျန်း… အခု သွားတော့ ”
ဗိုလ်ချုပ်က အော်ပြောလိုက်သည်။
လော့ကျန်းက အက်ကွဲကြောင်းထဲသို့ ဝင်ရောက်တော့မည့်အချိန် သူ့ဘေးမှ တခြားသေခြင်းရှင်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်က အရှေ့သို့ အမြန်ပျံသန်းသွားသည်။ သူက အက်ကွဲကြောင်းကို လျှပ်တစ်ပြက်အတွင်း ဖြတ်သန်းသွားသည်။
“ စွန်းချီ… မင်း… ”
ဗိုလ်ချုပ်က အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသော ပုံရိပ်ကို ကြည့်နေရင်း ဒေါသတကြီး အော်ပြောလိုက်သည်။ နတ်ဘုရားအလင်းက တဖြည်းဖြည်း မှိန်ဖျော့သွားပြီး အက်ကွဲကြောင်းက စတင်ပျောက်ကွယ်သွားသည်။
သူနှင့် လော့ကျန်း၏ နောက်ဆုံးမျှော်လင့်ချက်က အက်ကွဲကြောင်းနှင့်အတူ ပျောက်ဆုံးသွားသည်။
စစ်ကူနှင့်အတူ လော့ကျန်းပြန်ရောက်လာမည့်အချိန်ထိ သူအချိန်ဆွဲထားနိုင်ရန် သူ့ကိုယ်သူ ယုံကြည်ချက်ရှိသည်။
သို့သော်လည်း စွန်းချီအမည်ရသော ကျင့်ကြံသူက နောက်လှည့်မကြည့်ဘဲ သူ့ဘာသာ ထွက်ပြေးသွားသည်။
မဟာမူလကလန်မှ အဖွဲ့သားများက စွန်းချီကို မတားဆီးကြပေ။ သူတို့က ကျယ်လောင်စွာ အော်ရယ်လိုက်ကြပြီး သူတို့၏ သေခြင်းရှင်ခြင်းစွမ်းအားကို ကောင်းကင်ဘုံပိုက်ကွန်ပေါ်သို့ ထည့်သွင်းလိုက်ကြသည်။
“ ဗုန်း ”
အက်ကွဲကြောင်းက လုံးဝ ပျောက်ကွယ်သွားတော့မည့်အချိန်…
“ ဝှစ် ”
ပုံရိပ်တစ်ခုက အက်ကွဲကြောင်းမှတဆင့် အထဲသို့ ဝင်ရောက်လာသည်။
ထိုသူက ဟန်မူယဲ့မှလွဲ၍ တခြားမဟုတ်ပေ။
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဟန်မူယဲ့က အထဲဝင်လာသည့်အခါ သေခြင်းရှင်ခြင်းအဆင့် ပညာရှင်နှစ်ယောက်က မျက်လုံးပြူးသွားကြသည်။
“ သူက ဘယ်သူလဲ”
“ သူက သေတွင်းထဲ ကိုယ့်ဘာသာ ခုန်ချလာတာလား ”
“ ငတုံးကောင်… ဒီနေရာက ငရဲပါဆိုနေ မင်းက ဒီကို ဘာလာလုပ်တာတုန်း ”
သူတို့နှစ်ယောက်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကြိမ်းမောင်းလိုက်ကြသည်။