အခန်း (၂၂)
Vol. 2 Ch. 22
ဝမ့်လင်းလင်းသည် ထိုအကြောင်းကို တွေးမိပြီး လောင်းကြေးစားကြေးတစ်ခု ပြုလုပ်ဖို့အတွက် ဆုံးဖြတ်ခဲ့သည်။ သူသည် ပြတင်းပေါက်ကို ကျော်ပြီး သစ်ပင်ပေါ်တက်ကာ ကောင်စီမြို့သို့ သွားခဲ့သည်။ ကောင်စီမြို့တွင် ဆေးရုံ နှစ်ရုံသာ ရှိခဲ့ပြီး ဝမ့်လင်းလင်းက သိပ်ပြီး အားစိုက်ထုတ်စရာ မလိုဘဲ ကျောက်ကျွင်းကို ရှာတွေ့ခဲ့သည်။
သူမသည် အမျိုးသမီးကြီးကျောက်က ကျောက်ကျွင်းအတွက် ရွေးချယ်ထားသော ချွေးမဖြစ်ကြောင်းကို လိမ်ပြောခဲ့ပြီး ဆေးရုံပေါ်က ကျောက်ကျွင်းကို နှစ်ရက်တာလောက် ရှက်ရှက်ဖြင့် ပြုစုပေးခဲ့သည်။
အမျိုးသမီးကြီးကျောက် ရောက်မလာခင် မနေ့ကအထိ အမှတ်တရားက ပေါ်ထွက်မလာခဲ့ပါ။ တကယ်လို့ အမှတ်တရားက ပေါ်သွားခဲ့ရင်တောင် ဘာကိစ္စမှ ရှိတော့မည် မဟုတ်ပါ။ ဆေးရုံပေါ်က ထိုရက်ပိုင်းမှစ၍ ဝမ့်လင်းလင်းသည် ကျောက်ကျွင်းက သူမနှင့် အတူ ရှိနေရသည်ကို စိတ်ကျေနပ်ကြောင်း ခံစားမိခဲ့သည်။
မျှော်လင့်ထားသလိုပဲ စကားများ စပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်ကျွင်းက မစ္စကျောက်ကို လက်ခံလာအောင် ပြောဆိုနိုင်ခဲ့သည်။ မစ္စကျောက်က ဘယ်လိုပဲ စိတ်မသက်မသာ ဖြစ်နေပါစေ၊ သူမသည် သူမသားရဲ့ စကားများကို လက်ခံပေးဖို့ကလွဲပြီး ဘာမှ ရွေးချယ်စရာ မရှိနေခဲ့ပါ။
ဝမ့်လင်းလင်း၏ မျက်လုံးထဲတွင် ဂုဏ်ယူဝင့်တကြွား ရှိနေခဲ့ပြီး သူ့ဘေးနားက လူများကို အထင်သေးစွာ ကြည့်နေခဲ့သည်။
'အခု ဝမ့်လင်းလင်းက ပျော်နေတယ်လို့ နင်မထင်ဘူးလား။ နောက်ပိုင်း ကျောက်ကျွင်းက မြို့မှာ အချမ်းသာဆုံး လူတစ်ယောက် ဖြစ်လာခဲ့ရင် နင်တို့ရဲ့ မျက်လုံးတွေက မနာလိုဖြစ်ပြီး ကျွတ်ကျရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ဘူး။'
ဝမ့်လင်းလင်းသည် သူမရဲ့ ကလေး နှစ်ယောက်ကိုခေါ်ကာ တံခါးကို ကျေကျေနပ်နပ် ခေါက်နေခဲ့သည်။ အကြီးဆုံးသားလေး တုန်တုန်၏ မျက်နှာမှာ စိတ်မရှည်တော့ဟန် ရှိသည်။ သူသည် လက်ကိုပိုက်ကာ ဆူပုပ်နေခဲ့သည်။ သမီးငယ်လေး ကျောက်ရွှီသည် သုံးနှစ်သာ ရှိသေးပြီး သူမတွင် မျက်လုံး ဝိုင်းဝိုင်းလေး တစ်စုံက ရှိနေခဲ့သည်။ သူမက ချစ်ဖို့ကောင်းသော်လည်း သူမရဲ့ အမူအရာများမှာ သူ့အစ်ကိုနှင့် တစ်ပုံစံတည်း ဖြစ်နေခဲ့သည်။
ဝမ့်လင်းလင်းသည် ထိုကလေးနှစ်ယောက်က သူမရဲ့ သွေးသား အရင်းအချာများကဲ့သို့ ပြုမူနေခဲ့သည်။ သူမသည် ထိုကလေးနှစ်ယောက်ကို တုန်တုန်နှင့် ရွှီရွှီဟူ၍သာ ခေါ်ဆိုနေခဲ့ကြသည်။ တကယ်လို့ နင်သာ သူတို့အကြောင်း သေချာ မသိဘူးဆိုရင် ဝမ့်လင်းလင်းကို သူတို့ရဲ့ အမေအရင်းလို့ ထင်နေကြတော့မှာ။
တံခါးကို လာဖွင့်ပေးခဲ့သည့်သူမှာ လီချွမ်းကျင် ဖြစ်သည်။ သူမသည် သုံးလေးရက်လောက် မတွေ့ရသော သူမရဲ့ သမီးကို မြင်လိုက်ရသည့်အခါ ပျော်ပျော်ရွှင်ရွှင်နှင့် ထအော်ခဲ့သည်။
“ဖေကြီးရေ၊ ဖေကြီးရေ။ ကျွန်မတို့ လင်းလင်း ပြန်လာပြီ။”
“ဒီကောင်မလေးကတော့။ ဘယ်တွေ ရောက်နေခဲ့တာလဲ။ ငါနဲ့ နင့်အမေ ဘယ်လောက်တောင် စိတ်ပူနေလဲဆိုတာရော နင်သိရဲ့လား။”
ဝမ့်ယုံရွှင်းရဲ့ ခံစားချက်များသည် ထိုကလေး နှစ်ယောက်ကို တံခါးနားမှာ မြင်လိုက်ရသည့်အခါ ချက်ချင်းဆိုသလိုပဲ ရပ်သွားခဲ့သည်။ သူ့စိတ်ထဲတွင် တစ်ခုခုကို ဆိုးဆိုးရွားရွား ခန့်မှန်းမိခဲ့သည်။ ထိုခန့်မှန်းမှုမှာ သူ့အတွက် အနည်းငယ် ရက်စက်သလို ရှိနေခဲ့သည်။
ဝမ့်လင်းလင်းက မီးလောင်ရာ လေပင့်လိုက်ခြင်း ဖြစ်သည်။ ဝမ့်ရင်းက သူမရဲ့ အမြင်အာရုံထဲသို့ ရောက်လာသည့်အခါ သူမသည် အသံကျယ်ကျယ်နှင့် မြန်မြန် နှုတ်ဆက်လိုက်သည်။ “ဒါက ကျောက်တုန်၊ ဒါက ကျောက်ရွှီလေ။ သူတို့နှစ်ယောက်က အစ်မရဲ့ ကလေးတွေပါ။”
ဝမ့်ရင်းသည် သူမရဲ့ မျက်နှာပေါ်မှာ ဘာခံစားချက်မှ မပြခဲ့သော်လည်း ဝမ့်ယုံရွှင်းသည် အခုလောက်ထိ တစ်ခါမှ မရှက်သွားခဲ့ဖူးပါ။ သူရဲ့သမီးမှာ သုံးလေးရက်လောက် ထွက်သွားခဲ့ပြီး ပြန်လာသည့်အခါ ကလေးနှစ်ယောက်ကို လက်က ဆွဲခေါ်လာပြီး သူမရဲ့ ကလေးတွေလို့ ပြောနေခဲ့သည်။ သူမပြောနေသည့် စကားကို သူမကိုယ်တိုင်ရော သိရဲ့လား။
ကံမကောင်းစွာဖြင့် ထိုအခိုက်အတန့်တွင် ဝမ့်လင်းလင်းသည် ဘာကိုမှ သတိမရခဲ့ပါ။ သူမသည် အတိတ်ဘဝတုန်းက မြို့ကို ပြန်လာခဲ့သည့် နေ့ကိုသာ သူ့စိတ်ထဲတွင် မှတ်မိနေခဲ့သည်။
ဝမ့်ရင်းရဲ့လက်တွင် တစ်ယောက်က အမျိုးသားနှင့် နောက်တစ်ဖက်မှာ သူမရဲ့ လင်ပါသားနှင့် သမီးက ရှိနေခဲ့သည်မှာ အတော်လေးကို ရင်းနှီးနေဟန် ရှိသည်။ သူတို့ မိသားစုလေးယောက်ကို ကြည့်ရတာ အတော်လေး အားကျဖို့ ကောင်းနေခဲ့သည်။
အခုဆို ဒီအနာဂတ်က ငါ့ရဲ့လက်ထဲမှာပဲ။
ဝမ့်လင်းလင်း၏ မျက်နှာမှာ အတော်လေးကို မာန်ချီနေခဲ့သည်။ နောက်ထပ် ဆယ်စုနှစ် တစ်ခုအကြာတွင် သူ့လက်ထဲတွင် အချမ်းသာဆုံး လူတစ်ယောက်က ရှိနေကာ သူမကို ပိုက်ဆံအားလုံး အပ်မည့် ကြိုးစားပြီး စကားနားထောင်သည့် ကလေးနှစ်ယောက်လည်း ရှိနေဦးမည် ဖြစ်သည်။
ထိုအချိန်တွင် သူမသည် ကားပေါ်တွင်ထိုင်ကာ ဝမ့်ရင်းထံ ဖြည်းဖြည်းချင်း သွားမည် ဖြစ်သည်။ သို့မှသာ သူမ တစ်ခါ ခံစားဖူးသည့်အရာကို ဝမ့်ရင်းကလည်း ခံစားနိုင်မည် ဖြစ်သည်။
သားသားနားနား ဖြစ်နေသော ဝမ့်လင်းလင်းကို ကြည့်နေရင်း ဝမ့်ရင်းတစ်ယောက် အတော်လေးကို စိတ်ရှုပ်သွားခဲ့သည်။
မိထွေးတစ်ယောက် ဖြစ်ရတာက ဒီလောက် ဂုဏ်ရှိလို့လား။
ဒီအစ်မက ပြန်မွေးဖွားလာတာ သူ့နေရာသူ အဆုံးရှုံး ခံဖို့လား။
ဝမ့်ယုံရွှင်းက ဝမ့်လင်းလင်းကို အိမ်ထဲ ဆွဲခေါ်သွားကာ တံခါးကို အလျင်အမြန်ပဲ ပိတ်လိုက်သည်။
“ဝမ့်လင်းလင်း၊ နင် ရူးနေတာလား။”
နောက်ဆုံးမှာတော့ ဝမ့်လင်းလင်း ဒီရက်ပိုင်းမှာ ဘယ်ကို ရောက်နေလဲဆိုတာ ဝမ့်ယုံရွှင်းတစ်ယောက် သိသွားခဲ့သည်။ သူမက မြို့ကိုသွားပြီး ကျောက်ကျွင်းကို သွားရှာမည်ကို သူ စိုးရိမ်နေခဲ့သည်။ ကျောက်ကျွင်းက ဆေးရုံမှာဆိုတာကို ဘယ်လိုလုပ် သူမ သိသွားလဲဆိုတာကို ဝမ့်ယုံရွှင်းက မသိသော်လည်း ဝမ့်လင်းလင်းက ကျောက်ကျွင်းကို ဆွဲဆောင်ပြီးပြီ ဆိုတာကတော့ သိသာနေခဲ့သည်။
ဝမ့်ယုံရွှင်းက ရူးချင်နေခဲ့သည်။ “ကွာရှင်းပြီးသား ယောက်ျားတစ်ယောက်ကို နင်တစ်ကယ် လက်ထပ်ချင်နေတာလား။ နင်က ကလေးရှိတဲ့ လူတစ်ယောက်ကို တကယ် လက်ခံနိုင်တာလား။”
ဝမ့်လင်းလင်းက ယုံကြည်မှုရှိရှိ ပြန်ပြောခဲ့သည်။ “ဟုတ်တယ်။ အဖေတို့ သမီးကို မကူညီချင်ရင်လည်း သမီး ကိုယ့်အတွက်ကိုယ် ရအောင် တိုက်ခိုက်ပြမယ်။”
သူမ၏ အတိတ်ဘဝတွင် အခုလောက်ထိ မခုခံခဲ့သည့်အတွက် သူမသည် ထုံးစံအတိုင်း ရှုရွှမ်းကို လက်ထပ်ပြီး အဆုံးမှာ သူမ လုပ်ခဲ့သလိုပဲ နေထိုင်ခဲ့ရသည်။
သူမသည် ထိုဘဝကို သင်ခန်းစာယူပြီး သူမရဲ့ကံကြမ္မာက သူမရဲ့ လက်ထဲတွင်သာ ရှိနေသင့်သည်။
ကျောက်ကျွင်းကသာ သူမရဲ့ ကံကြမ္မာဖြစ်သည်။
“အဖေ။ အရာအားလုံးက ဒီလိုပဲ ဖြစ်လာရမှာလေ။ အဖေ့အတွက်က ပြဿနာ မဖြစ်ရရင် အရေးမပါသလိုပဲလေ။ ခေါင်းဆောင်ကို သမီးအတွက် လက်ခံစာပေးဖို့ ပြောပေးပါလား။ သမီးက အခုပဲ ကျောက်ကျွင်းနဲ့ လက်ထပ်စာချုပ် သွားယူမလို့။”
ဝမ့်ယုံရွှင်းက မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။ “ထိုင်ဆုတောင်းနေလိုက်။”
“တကယ်လို့ ဒါက လက်ထပ်လိုက်တာ ဆိုရင်တောင် ဘာကိစ္စနဲ့ ဒီကို ကျောက်မိသားစုရဲ့ ကလေး နှစ်ယောက်ကို ခေါ်ပြီး လာခဲ့ရတာလဲ။ နင့်မှာ မိန်းကလေး တစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် လေးစားမှု မရှိတော့ဘူးလား။ နင်က ကလေးနှစ်ယောက်ကို အိမ်ခေါ်လာပြီး လက်ခံတဲ့စာကို လာရေးခိုင်းတာပေါ့။ ငါက တော်လှန်ရေး ကော်မတီဆီ နင့်အတွက် အစီရင်ခံစာ တင်ပေးမယ်လို့ ထင်နေတာလား။ အဲ့လိုဆိုရင် နင်က မိန်းမပျက်လို့တောင် ပြောခံရဦးမယ်။”
ကျောက်မိသားစုက တကယ်ကို တွက်ချက်တတ်တဲ့ သူတွေပဲ။ သူတို့ရဲ့ ခေါင်းဆောင်က ပေါ်မလာဘူးဆိုရင် မစ္စကျောက်ကလည်း ပေါ်လာမှာ မဟုတ်ဘူး။ သူတို့ရဲ့ အတွေးက ဝမ့်လင်းလင်းကို ပြန်လာခိုင်းပြီး လက်ခံတဲ့ စာနဲ့ အိမ်ထောင်စု စာရင်းကို ရေးခိုင်းရုံ သပ်သပ်ပဲ။ ကျောက်မိသားစုက ဘာတစ်ခုမှ လုပ်ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့က ကိုယ့်ချွေးမတောင် ကိုယ်ပြန်ပြီး လက်ထပ်ချင်နေကြတာ။
ဒါက စိတ်ကူးယဥ်သပ်သပ်ပဲ။
“နင့်ရဲ့ ယောက္ခကို သွားပြန်ပြောလိုက်။ သူတို့ဘက်က ယွမ် ၅၀ သာ မပေးဘူးဆိုရင် ငါတို့ဘက်က လက်ခံစာရော အိမ်ထောင်စု စာရင်း စာရွက်ရော ဘာတစ်ခုမှ ပေးမှာမဟုတ်ဘူးလို့။”
အမျိုးသမီးကြီး မစ္စကျောက်သည် ဟိုဟိုဒီဒီ လိုက်ကြည့်ရင်း ဝမ့်ရင်းကို ယွမ် ၃၀ ပေးပြီး လက်ထပ်ရတာထက် ပိုက်ဆံတစ်ပြားမှာ မပေးရတဲ့ ချွေးမတစ်ယောက်ကို လက်ထပ်ရတာက ပိုကောင်းတယ်ဟု တွေးနေခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ခေါ်လာတဲ့ ချွေးမက အလုပ်သမား အလကား ခေါ်လာသလိုပဲ သူတို့ မိသားစုကို ဂရုစိုက်ပေးလိမ့်မယ်။
ဝမ့်လင်းလင်းက လှောင်ကာ ပြုံးပြလိုက်သည်။ “ဒီလက်ထပ်ပွဲက အလကားပဲ။ အဖေတို့ဘက်က သဘောမတူရင်တောင် သမီးကတော့ ရှေ့ဆက်တိုးမှာပဲ။”
သူမ ပြန်လာသည်မှာ ဝမ့်ယုံရွှင်းကို တွေ့ဖို့မဟုတ်ဘဲ ဝမ့်ရင်းကို သတိပေးချင်လို့သာ ဖြစ်သည်။ အခုဆိုရင် သူမရဲ့ ရည်ရွယ်ချက်မှာ အောင်မြင်သွားပြီ ဖြစ်ပြီး ဝမ့်လင်းလင်းက နောက်ထပ် ဟန်ဆောင်နေဖို့ကို ငြီးငွေ့သွားခဲ့ပြီ ဖြစ်သည်။
“သမီးနဲ့ ကျောက်ကျွင်းက တပ်မဟာထဲမှာ လက်ထပ်ပြီး သမီးတို့ကိုလည်း သူတို့ဘက်က ကာကွယ်ပေးထားတယ်။ သမီးသဘောတူသလို ကျောက်ကျွင်းကလည်း သဘောတူပြီးပြီ။ အဖေက အဲ့ဒါကို ဘယ်တော့မှ ပြောင်းလဲလို့ ရမှာ မဟုတ်ဘူး။”
သူ့ရဲ့ဘဝမှာ ပထမဆုံး အနေနဲ့ ဝမ့်ယုံရွှင်းက ဒီကောင်မလေးကို မွေးပြီးကတည်းက ရေနှစ်ကာ သတ်ပစ်ခဲ့ရမှာဟူသော အတွေးကို တွေးနေမိခဲ့သည်။
သူမကများ ဘယ်လိုလုပ် လုပ်ရဲရတာလဲ။
“ဟုတ်ပြီ၊ ဟုတ်ပြီ။ နင် ဒီကနေ ထွက်သွား။ ဘယ်တော့မှ ထပ်ပြီး ပြန်မလာခဲ့နဲ့။”
ဝမ့်ယုံရွှင်းသည် ထိုအခိုက်အတန့်တွင် လုံးဝကို စိတ်ပျက်သွားခဲ့သည်။ ထိုကဲ့သို့သော ခေါင်းမာသည့် ကောင်မလေးမျိုးကို ဝမ့်မိသားစုက ထပ်ပြီး မလိုချင်တော့ပါ။
ဝမ့်ယုံရွှင်းက တံခါးကိုဖွင့်ကာ ဝမ့်လင်းလင်းကို နှင်ထုတ်ချင်နေခဲ့သည်။ ဝမ့်လင်းလင်းကလည်း သူ့မရဲ့ ပစ္စည်းများကို ယူပြီး ထွက်သွားဖို့အတွက် တွန့်ဆုတ်မနေခဲ့ပါ။
ပစ္စည်းများ သိမ်းဆည်းပြီးနောက် သူမရဲ့ ကလေးများကို ခေါ်ကာ လုံးဝ လှည့်မကြည့်ဘဲ ပြန်ထွက်သွားခဲ့သည်။
ဝမ့်ယုံရွှင်းသည် အသက်ရှူမရဘဲ မွန်းကြပ်လာခဲ့သည်။
ဝမ့်ရင်းက ဘေးကနေ ပွဲကြီးတစ်ပွဲကို ကြည့်နေသလို ရပ်ကြည့်နေခဲ့ကာ လက်ခုပ်မတီးဘဲ မနေနိုင်တော့ပါ။
မကောင်းတာလုပ်သည့်သူကို သူ့ရဲ့ မကောင်းမှုကပဲ အပြစ်ပေးသွားသည် ဆိုသော ဆိုရိုးစကားမှာ အမှန်ပင် ဖြစ်သည်။ ဝမ့်လင်းလင်းရဲ့ ပြဿနာများ ပြီးသွားပြီးနောက် သူမရဲ့ ပြသနာများကို ဖြေရှင်းပြီးသွားခဲ့ပြီ ဖြစ်သည်။
ဝမ့်ယုံရွှင်းနှင့် သူ့မိန်းမတို့ရဲ့ ပုံစံများကို ကြည့်ရသည်မှာ ခဏလောက် သူတို့ ဘာပြဿနာမှ ရှာနိုင်မှာ မဟုတ်ဘူး ဆိုတာကိုတော့ ပြောနိုင်သည်။
ဝမ့်လင်းလင်းသည် ခဏ ပြန်လာပြီး ပြန်ထွက်သွားကာ ရှုမိသားစုနှင့် သူမရဲ့ လက်ထပ်ပွဲကို တုံ့ဆိုင်းမှု မရှိဘဲ ဖျက်သွားခဲ့သည်။ သူမသည် မိန်းမနှင့် ကွာရှင်းထားတဲ့ လူတစ်ယောက်ကို ယူပြီး မိထွေးတစ်ယောက် လုပ်ဖို့ကိုသာ တွေးလိုက်သည်။ ရက်အနည်းငယ်တည်းနှင့် ဝမ့်မိသားစု၏ သတင်းများသည် တပ်မဟာ တစ်ခုလုံး၌ ပျံ့နှံ့သွားခဲ့သည်။
ဝမ့်ယုံရွှင်းနှင့် သူ့မိန်းမသည် အပြင်ထွက်ခဲသည်။ သူတို့ကို အလုပ်မှာသာ မြင်နိုင်သည်။ ကြားရက်ထဲတွင် အိမ်မှာလည်း ဘာအသံ ညာအသံမှ မကြားခဲ့ရပါ။
ဝမ့်လင်းလင်းသည် အတော်လေး လုပ်နိုင်စွမ်း ရှိသည်ဟု ပြောနိုင်သည်။ သူမသည် လက်ခံစာကို အိမ်ထောင်စု စာရင်းပြောင်းဖို့ ဟုန်ကျိ တပ်မဟာ၏ ငါးခုမြောက် အဖွဲ့တွင် စာရင်းပေးသွင်းခဲ့သည်။ ကျောက်မိသားစုမှ ကောင်လေးနှင့် နှစ်ရက် သုံးရက်လောက် နေခဲ့ပြီးနောက် ထွက်သွားခဲ့သည်။ ထို့နောက် ဝမ့်လင်းလင်းသည် ကျောက်အိမ်တွင် မိထွေးတစ်ယောက် အနေဖြင့် နေထိုင်ခဲ့သည်။
“ဟူးး။ ကျောက်မိသားစုက လူတွေက ဒီကလေး နှစ်ယောက်ကို အလိုလိုက်ထားတယ်ဆိုတာ နင် မမြင်ဘူးလား။ အကြီးဆုံးတစ်ယောက်ကို သူမက နေ့တိုင်း အချစ်လေးဆိုပြီး ခေါ်နေတာ။ ပြီးတော့ အငယ်လေးကျတော့လည်း သုံးနှစ်ပဲ ရှိသေးတယ် ဆိုပေမယ့် ကလေးလေးက သူမရဲ့ လက်တွေကို အမြဲတမ်း တင်းတင်းကြပ်ကြပ် ကိုင်ထားတုန်းပဲ။”
“ဒီကောင်မလေးက ဆေးတစ်ခုခုများ မိသွားတာလား။ သူမက မိထွေးတစ်ယောက် ဖြစ်ရတာကို ဒီလောက်ထိ စိတ်လှုပ်ရှားနေတာလား။”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နင်က ရှုမိသားစုက ကောင်လေးကို လက်မထပ်ချင်ဘူးပေါ့။ အဲ့ဒါကြောင့် နင်က တွေ့ရာလူတစ်ယောက်ကို ဒီတိုင်းကောက်ပြီး လက်ထပ်လိုက်တာပေါ့။”
“တကယ်လို့ နင်က ရှုမိသားစုနဲ့ လက်မထပ်ချင်ရင် လပ်မထပ်နဲ့။ ငါတို့ တပ်မဟာထဲမှာ ကောင်လေး ငယ်ငယ်လေးတွေ အများကြီး ရှိနေတာပဲ။ အဲ့ဒါကို နင်က အခြားတပ်မဟာကို သွားလိုက်တာပေါ့။ အဲ့နေရာက နင့်ရဲ့ မိဘအိမ်နဲ့ဆို အဝေးကြီးပဲ။ အသွားအပြန်တင်ပဲ တစ်နာရီလောက် ကြာနေပြီ”
……
ကျောက်မိသားစုက မိသားစုလေးစု ပေါင်းနေတာ ဖြစ်သည့်အတွက် လူများသည်။ ဝမ့်လင်းလင်းက တတိယသား ကျောက်ကျွင်းကို လက်ထပ်ခဲ့သည်။ သူတို့ မိသားစုထဲတွင် ယောင်းမ သုံးယောက်ရှိသည်။ သူတို့ တစ်ယောက်ချင်းစီမှာလည်း အနည်းဆုံး ကလေး နှစ်ယောက် ရှိသည်။ မိသားစု တစ်ခုလုံးက ခွဲမနေဘဲ နေ့တိုင်း တစ်အိုးထဲတွင်သာ စားနေခဲ့ကြသည်။
ဝမ့်လင်းလင်းက နောက်ထပ် ဘဝတစ်ခုကို အစပြုဖို့ စိတ်လှုပ်ရှားနေသော်လည်း သူမသည် အတော်လေး စိတ်မသက်မသာ ခံစားနေခဲ့ရသည်။
မိသားစုဝင်များစွာ ရှိကောင်း ရှိနေနိုင်သော်လည်း ကျောက်မိသားစု၏ နေထိုင်မှု အဆင့်အတန်းမှာ အရမ်းကြီးတော့ ကောင်းမနေခဲ့ပါ။ အထူးသဖြင့် သူတို့ရဲ့ မိသားစုဝင်ငွေနှင့် ယှဥ်ကြည့်ပါက နေ့တိုင်း အစေ့အဆန်ကြမ်းများကို လည်ချောင်းခြောက်မတက် စားနေရရုံဖြင့် ဝမ့်လင်းလင်းအား မကျေမနပ် ဖြစ်ဖို့ လုံလောက်နေခဲ့ပြီ ဖြစ်သည်။
သူမ၏ အတိတ်ဘဝတွင် သူမသည် ပိုက်ဆံများစွာကို ဆုံးရှုံးခဲ့ရသော်လည်း ဘယ်တုန်းကမှ အစားအသောက် မဆင်းရဲခဲ့ရဖူးပါ။ ရှုရွှမ်းသည် အစားအစာများ ရလာသောအခါ အခြားသူများကို ဘယ်တုန်းကမှ မတွန့်တိုခဲ့ဖူးပေ။
သူမ ပြန်လည် မွေးဖွားလာပြီးနောက် သူမရဲ့ မိသားစုမှာ ငွေရေးကြေးရေး ခက်ခဲတယ် ဆိုသော်လည်း ဝမ့်လင်းလင်းသည် သူမရဲ့အဖေက တွေးခေါ်တတ်သည့် သူမျိုးဆိုတာကို သိနေခဲ့ပြီး သူတို့ မိသားစု၏ ငွေရေးကြေးရေးမှာလည်း သူတို့ ထင်ထားသလို မဟုတ်နေခဲ့ပါ။ ထို့ကြောင့် ထမင်း စားပွဲဝိုင်းပေါ်ရှိ အစားအစာများမှာ များသောအားဖြင့် အစေ့အဆန်ကြမ်းများ ဖြစ်နေခဲ့သော်လည်း အားလုံးကို အတူတကွ ရောကာ စားသောက်ခဲ့ကြခြင်း ဖြစ်သည်။
ပြောင်းဆန်အချို့ကို ဂျုံမှုန့်ဖြင့် ရောလိုက်ပြီး အဖြူရောင် ဂျုံမှုန့်များကိုလည်း ပြောင်းဆန်နှင့် ထပ်ရောလိုက်သည်။ ထိုအစားအစာများမှာ မသတီစရာ ဖြစ်နေသော်လည်း သူ့ရဲ့အရသာမှာ စားကောင်းသည်။
အဲ့ဟင်းတွေက အခုလိုမျိုးတော့ မဟုတ်ဘူး။ သူ့ရဲ့ ဦးလေး သုံးယောက်နဲ့ ခဲအိုတွေက ပြောင်းဆန်နဲ့ ရောပေါင်းထားတဲ့ ပေါင်မုန့်တွေကို စားခဲ့ကြပြီး သူမရဲ့ ယောင်းမတွေက ပြောင်းဂျုံမှုန့်ကို စားခဲ့ကြတယ်။ သူမ ယောက္ခမက ဂျုံမှုန့်နဲ့ ပြောင်းဆန်ကို ရောပြီးစားရတော့ သူ့ရဲ့ဘဝက အေးအေးဆေးဆေးပဲ။
ကလေးလေးတွေကတော့ သူတို့ရဲ့ အဖွားလိုပဲ စားကြတယ်။ ဒါပေမယ့် သူတို့ကတော့ နည်းနည်းပဲ စားကြတာပါ။
အမျိုးသမီးကြီး မစ္စကျောက်က ဆန်ပြုတ်တွေ ဝေပေးဖို့ တာဝန်ယူပေးခဲ့သည်။ သူမ ဆန်ပြုတ်ဝေပေးသည့် ပုံစံမှာ အရသာရှိလွန်းလို့ ဖော်ပြဖို့တောင် ခက်ခဲသည်။ လူကြီးများ၏ ခွက်ထဲက ဆန်ပြုတ်များသည် ပျစ်နှစ်နေပြီး သူမ ယောင်းမများ၏ ပန်းကန်ထဲရှိ ဆန်ပြုတ်မှာ ရေလိုပဲ ကျဲတောက်နေသည်။
သူတို့ထဲတွင် ဝမ့်လင်းလင်း၏ ဆန်ပြုတ်မှာ အကျဲဆုံး ဖြစ်နေပြီး ရေလုံပြုတ်နဲ့တောင် တူနေခဲ့သည်။
အမျိုးသမီးကြီး မစ္စကျောက်က မကျေမနပ်ဖြင့် ပြန်ပြောခဲ့သည်။ “နင်တို့က ကျိုင်းကောင်လိုပဲ။ စားဖို့ပဲ သိကြတာ။ နင်တို့တွေက ငါတို့အိမ်မှာရှိတဲ့ အစားအသောက်တွေကို လာပြီး ဖြုန်းတီးနေကြတာပဲ။”
ထိုစကားကို ပြောပြီးနောက် အမျိုးသမီးကြီး မစ္စကျောက်သည် တူကိုယမ်းရင်း တတွတ်တွတ်ပြောကာ စားစရာကို ယူစားခဲ့သည်။ ဘေးနားရှိ ယောင်းမများကလည်း နေသားကျနေပုံရကာ တိတ်ဆိတ်နေခဲ့ကြသည်။
မစ္စကျောက်ကလည်း စကားများကို ဟိုရောက်ဒီရောက် ပြောနေခဲ့ပြီး အခန်းတစ်ခန်းလုံးမှာလည်း သူမရဲ့ အော်သံ အကျယ်ကြီးနှင့် ပြည့်နှက်နေခဲ့သည်။
“တတိယချွေးမ ဝင်လာခဲ့။ နင့်ကိုတော့ ဘာမှ မပြောပါဘူး။ ဘာတွေဖြစ်နေလဲဆိုတာတော့ သားက သိထားရမယ်လေ။ နင်က ကြက်တွေ ဝက်တွေကို အစားကျွေးတာ၊ ခြံထဲ ရှင်းလင်းတာ၊ ရေသယ်တာ အစရှိတဲ့ အဲ့လိုကိစ္စတွေကို မြင်တတ်ဖို့ လိုတယ်။ နင့်ရဲ့ ယောက်မတွေနဲ့ အဲ့ဒါတွေလုပ်ဖို့ ဆွေးနွေးသင့်တယ်။ တကယ်လို့ ခြံဝန်းက ညစ်ပတ်နေတယ်ဆိုရင် ဒါမှမဟုတ် ဝက်တွေကို အစာကျွေးဖို့ မေ့နေမယ်ဆိုရင် နင်တို့အားလုံး ဒီကနေ အဲ့ကို ထွက်သွားရမယ်။”
ဝမ့်လင်းလင်းသည် သူမရဲ့ တုံ့ပြန်ချင်စိတ်ကို ထိန်းချုပ်ထားခဲ့သည်။ သူမရဲ့စိတ်ထဲတွင် သက်တောင့်သက်သာ ဖြစ်နေခဲ့သည်။
ခနစောင့်၊ နောက်ထပ် နှစ်နည်းနည်းလောက်ပဲ စောင့်နေ။ ဒီကလေးနှစ်ယောက် ကြီးလာပြီး ကျောက်ကျွင်း အနားယူပြီး ပြန်လာတဲ့ အခါကျရင် ငါက နောက်ပိုင်း ဘုရင်မတစ်ယောက် ဖြစ်လာတော့မှာ။
အဲ့အချိန်ကျရင် သူမက ဘာအစာခြောက်မှ မစားတော့ဘဲ ကျောက်ကျွင်းကို လက်ဝတ်ရတနာများ ဝယ်ပေးဖို့အတွက် ပြောတော့မည် ဖြစ်သည်။ နောက်ထက် နေ့သစ်တစ်ခုပဲ ဖြစ်သည်။
ထိုအရာသည် ဝမ့်လင်းလင်း၏ အိမ်ထောင်ရေးကို စတင်ခဲ့ပုံဖြစ်သည်။