အခန်း (၃၀)
Vol. 3 Ch. 30
အောင်သွယ်တော်သည် တစ်လောကလုံးကို မြင်အောင် ကြည့်နိုင်သည့် သူမျိုးဖြစ်ပြီး ဘာကိုမှ ကြောက်လန့်မနေခဲ့ပါ။ “ဟုတ်ပြီ။ ဦးလေး။ ဟုတ်တယ်မလား။ လာပါဦး။ ဒီလိုလာပြီး အတူတူ ထိုင်ပါဦး။ အခု ကျွန်မတို့က ဘာအကြောင်းကို ပြောနေတာလဲ။ အို့၊ ကျွန်မတို့က မင်္ဂလာပွဲအကြောင်း ပြောနေကြတာပဲ။ ဦးလေးဝမ့်ရယ် ကျွန်မကတော့ ပွင့်ပွင့်လင်းလင်းပါပဲ။ ကျွန်မတို့ရဲ့ မိန်းကလေးရင်းက သားမက်တစ်ယောက် ရှာနေတာ။”
“ယုတ္တိရှိရှိ ပြောရရင် သားမက်ရှာတဲ့အခါကျရင် ယောက်ျားလေးရှင်ဘက်ကို ကျွန်မတို့က ပိုက်ဆံပေးရမှာ။ ပြီးရင် သူတို့အတွက်ကလည်း သားတစ်ယောက် ပြုစုပျိုးထောင်ဖို့က မလွယ်ဘူးလေ။ ပြီးတော့ သူ့အတွက် စားဖို့ သောက်ဖို့တွေလည်း ထောက်ပံ့ပေးရသေးတယ်လေ။ တကယ်လို့ ကျွန်မတို့က သူ့ကို ပျိုးထောင်ပေးပြီး သားမက်အနေနဲ့ ပို့မယ်ဆိုရင်တောင် ကျွန်မတို့မိသားစုဘက်က ဘာတစ်ခုမှ ရမှာမဟုတ်ဘူး။ ကျွန်မတို့က သူတို့ဘက်ကို အလျော်အနေနဲ့ ပိုက်ဆံပေးရမှာပဲလေ။”
“ပုံမှန်စျေးကတော့ သားမက်တစ်ယောက်အတွက် ယွမ်ငါးဆယ်ပါ။ ဒါပေမယ့် ဒီမိသားစု နှစ်စုက အရင်ကတည်းက ရှုမိသားစုက ကလေးလေးနဲ့ မင်္ဂလာကိစ္စ ပြောပြီးသားလို့ ကျွန်မ ကြားထားတယ်။ ဒါက တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ဘူးမလား။ ဒီလို မကောင်းတဲ့ ကိစ္စမျိုးက ဖြစ်ခဲပါတယ်။ အဲ့ဒါကြောင့် ကျွန်မက ဒီနှစ်ဖက်လုံး ပြေလည်သွားဖို့အတွက် တွေးထားခဲ့တာ။ ကျွန်မတို့က ယွမ်လေးဆယ်တော့ ပေးနိုင်တယ်။ သိပ်ပြီးလည်း တွေးမနေနဲ့။ ကောင်လေးက တော်တော်လေး ခန့်တယ်နော်။ ယွမ်လေးဆယ်လောက်နဲ့တော့ ဘာအရှုံးတစ်ခုမှ မရှိပါဘူး။ ရင်းရဲ့ မိဘတွေက ဆုံးသွားပြီဆိုတော့လေ။ အဲ့တော့ အဲ့ပိုက်ဆံကိစ္စကို သေချာ တွေးကြည့်ပေါ့။”
ဝမ့်ရင်းက သေမတက် ရယ်ချင်နေခဲ့သည်။ သူမနှင့် ရှုရွှမ်းတို့သည် ထိုကိစ္စကို မဆွေးနွေးထားခဲ့ကြပါ။ သူမက ရှုရွှမ်းအား ထိုကိစ္စကို ဒီနေ့မှ ပြောချင်နေခဲ့သည်။ သို့သော် သူမက ထိုကိစ္စအား ပြောရန် နှောင့်နှေးနေသည့်အတွက် ရှုရွှမ်းက ဒီလောက် မြန်မြန်ကြီး လုပ်လိုက်လိမ့်မယ်လို့ သူမက လုံးဝ မထင်ထားခဲ့ပါ။
သို့သော် အောင်သွယ်တော်၏ လုပ်ဆောင်ချက်များကို ကြည့်လိုက်ခြင်းဖြင့် ရှုရွှမ်းက စီစဥ်မှုအချို့ကို ပြုလုပ်ထားခဲ့ပြီးသား ဆိုတာကို သိနိုင်သည်။ အဲ့လိုမှ မဟုတ်ပါက အောင်သွယ်တော်သည် ဒီကိစ္စကို ဒီလောက် မြန်မြန် တိတိကျကျ လုပ်နိုင်လိမ့်မည် မဟုတ်ပါ။
မျှော်လင့်ထားသည့်အတိုင်း အောင်သွယ်တော်၏ စကားများမှာ ဝမ့်ယုံရွှင်းအား သေလောက်အောင် ဒေါသထွက်စေခဲ့သည်။
ထိုအချိန်တွင် ဝမ့်ယုံရွှင်း၏ မျက်နှာမှာ တည်ကြည်မနေတော့ဘဲ သူ့ခေါင်းပေါ်ကို တိမ်မဲများက ကြီးစိုးသွားသလိုကို မှုန်သုန်နေတော့သည်။
ဝမ့်ရင်းက စိတ်ဝင်တစားဖြင့် ကြည့်နေရင်း မီးလောင်ရာ လေပင့်ခဲ့သည်။ “သူပြောတာမှန်တယ်။ ဦးလေးရဲ့။ သမီးက သားမက်တစ်ယောက် ရှာပေးနေတာလေ။ မနေ့က မတိုင်ခင်ထိတော့ သမီး အဲ့ကိစ္စကို မတွေးမိခဲ့ဘူး။ ဒါပေမယ့် မနေ့ကမှ တွေးမိပြီး ရှုရွှမ်းနဲ့ အဲ့အကြောင်း ပြောဖြစ်ခဲ့တာ။ ပြီးတော့ သူကလည်း သဘောတူတယ်လေ။”
ဝမ့်ယုံရွှင်းက တကယ်ကို ကျိန်ဆဲချင်နေခဲ့သည်။ သို့သော် သူ့သည် ကိုယ့်ကိုကိုယ် နှိမ့်ချသည့် နေရာမှာ တော်သည့်အတွက် သူက ပြောချင်နေခဲ့ရင်တောင် ထိုစကားကို ပြောထွက်လိမ့်မည် မဟုတ်ပါ။
တစ်ဖက်က လီချွမ်းကျင်သည် သူမကိုယ်သူမ မထိန်းနိုင်ဘဲ ကျိန်ဆဲခဲ့သည်။ “ဘယ်လို အဓိပ္ပါယ်မရှိတဲ့ စကားတွေကို လာပြောနေတာလဲ။ နင်တို့နှစ်ယောက်က ဒီကိစ္စကို အစကတည်းက သဘောတူပြီးသားဆိုတာ သိသာနေတာပဲ။”
ဝမ့်ရင်းက ထိုကိစ္စအား သဘောမတူဘူးဆိုတာကို နောက်ဆုံးတော့ လီချွမ်းကျင်က နားလည်သွားခဲ့သည်။ အကြောင်းမှာ သူမသည် ရှုမိသားစုနှင့် ပိုက်ဆံအကြောင်း ပြောသည့်အခါတွင် ဝင်မပြောချင်သောကြောင့် ဖြစ်သည်။ သူမက ထိုစကားကို ပြောခဲ့ပါက ရှုမိသားစုကို ပိုက်ဆံတောင်းဖို့ ခက်ခဲသွားမည်ကို စိုးရိမ်နေခဲ့သည်။
ဒီကောင်မလေးက တော်တော်ကို ရက်စက်တာပဲ။ ရှုရွှမ်းက သူမတို့ မိသားစုကို ဒီလောက်များတဲ့ ငွေပမာဏအများကြီး တောင်းနေတာတောင် ဒီတိုင်း ရပ်ကြည့်နိုင်တာပဲ။
ဝမ့်ရင်းက ပြုံးကာ ပြောခဲ့သည်။ “အဒေါ် ဘယ်လိုပဲ ပြောပြော သမီးကတော့ ရှုရွှမ်းကို လက်ထပ်မှာပဲ။ တကယ်လို့ အဒေါ်နဲ့ ဦးလေးတို့က မင်္ဂလာပွဲမှာ ပါချင်တယ်ဆိုရင် သူတို့ကို ယွမ်လေးဆယ်သာ ပေးလိုက်ကြပါ။ အဲ့ကျရင် သမီးက ဦးလေးတို့အတွက် မင်္ဂလာပွဲထဲမှာ နေရာကောင်းကောင်းတစ်ခု လုပ်ပေးထားမယ်။ တကယ်လို့ ဦးလေးတို့က တစ်ခုခု လုပ်ချင်နေတယ်ဆိုတာ ဒီနေရာမှာတင် ရပ်လိုက်ဖို့ပဲ အကြံပေးတော့မယ်။”
လီချွမ်းသည် ထပ်ပြီး ပြဿနာရှာချင်သော်လည်း ဝမ့်ယုံရွှင်းက တားလိုက်သည်။
ဝမ့်ယုံရွှင်းက ခနဲ့တဲ့တဲ့ဖြင့် ပြုံးပြလိုက်သည်။ “စန်းယာ၊ သမီးက အဲ့ဒါကို တွေးပြီးသွားပြီလား။ သမီးက နောက်ပိုင်းကျရင် သမီးရဲ့ မွေးမိသားစုကို စွန့်ပစ်ဖို့အတွက် အစီစဥ်ရှိနေတာလား။ တကယ်လို့ သမီးက အနိုင်ကျင့်ခံရရင် သမီးဘက်က ရပ်တည်ပေးမယ့် သူဆိုလို့ တစ်ယောက်မှ ရှိမနေဘူး။ အဲ့ကျရင် သမီးက အရမ်းကို အထီးကျန်ရလိမ့်မယ်။”
“ရှုရွှမ်းက လူကောင်းတစ်ယောက်လို့ သမီး တစ်ကယ် ထင်တာလား။ သူ့မိသားစုရဲ့ နောက်ကြောင်းက မလှဘူးနော်။ ပြီးတော့ သူက သမီးကို မိသားစု နောက်ခံကြောင့်ပဲ လက်ထပ်ခဲ့တာနော်။”
“ဒါက လွယ်ကူတဲ့ကိစ္စတစ်ခုလို့ နင် ထင်နေတာလား။ အခုထိ သားမက်တစ်ယောက် ရှာချင်နေတုန်းပဲလား။ ဒီလို ယောက်ျားရှာတဲ့ကိစ္စကြောင့်နဲ့ အခြားသူတွေကို ဘယ်လိုမျိုး ထိန်းချုပ်ထားမှာလဲ။”
လွတ်မြောက်ဖို့အတွက် ဘာမျှော်လင့်ချက်မှ မရှိတော့တာကို တွေ့လိုက်ရသည့်အတွက် ဝမ့်ယုံရွှင်းက ထပ်ပြီး သဘောကောင်းချင်ယောင် မဆောင်တော့ဘဲ သူ့ရဲ့စကားများမှာ ခြိမ်းခြောက်လာခဲ့သည်။
ဝမ့်ရင်းက ဂရုမစိုက်ဘဲ မေးလိုက်သည်။ “အခြားသူတွေ သမီးဆီကနေ ဘာလိုချင်လဲဆိုတာကို ဦးလေးက ဘာလို့ လိုက်ပြီး ဂရုစိုက်နေရတာလဲ။ အဲ့ဒါက ဦးလေးကိုယ်တိုင်ပဲလေ။ ဦးလေးက သမီးရဲ့အိမ်တွေ၊ ပိုက်ဆံတွေနဲ့ သမီးရဲ့ မိဘတွေ ထားခဲ့သမျှ အရာရာတိုင်းကို လိုချင်နေတာလေ။ ဘာများ မှားနေခဲ့လို့လဲ။ ဦးလေးလည်း ထပ်ပြီး ဟန်မဆောင်ချင်တော့ဘူးမလား။ တကယ်လို့ ဦးလေးက ဘာအကျိုးအမြတ်မှ မရဘူးဆိုရင် ဦးလေးရဲ့ မျက်နှာက ပြောင်းသွားတာပဲလေ။ တကယ်တော့ အဲ့လူက ဦးလေးကိုယ်တိုင်ပဲ။”
ဝမ့်ယုံရွှင်းသည် သူရှိနေတဲ့ နေရာမှာပဲ ထရပ်ကာ ဝမ့်ရင်းအား ဒေါသတကြီးနှင့် စိုက်ကြည့်နေခဲ့သည်။
အချိန်ခနလောက် ကြာပြီးနောက် သူသည် စကားစဖြတ်ကာ လီချွမ်းကျင်ကို အဝေးသို့ တွဲခေါ်သွားခဲ့သည်။
သူက ဝမ့်ရင်းကို လျှော့တွက်မိခဲ့သည်။ သူ့ရဲ့တူမသည် အရင်ကထက် ပိုပြီး ယုံကြည်ချက်တွေ ရှိနေမည်ဟု သူမထင်ထားခဲ့ပါ။ သူသည် ဘာကြောင့်မှန်းမသိဘဲ ခေါင်းက ရုတ်တရက် ထိုးကိုက်လာခဲ့သည်။
ဝမ့်ယုံရွှင်းက အတော်လေးကို ဒေါသထွက်နေခဲ့သည်။ သို့သော် သူသည် ထိုအခြေအနေကို ပြောင်းပြန်လှန်ဖို့ ဘာနည်းလမ်းမှ မတွေးနိုင်တော့ပါ။ နောက်ဆုံး ဝမ့်ရင်းအား ပြဿနာရှာဖို့ မနေနိုင် မထိုင်နိုင် ဖြစ်နေသော လီချွမ်းကျင်ကို ကြည့်လိုက်သည့်အခါ ဝမ့်ယုံရွှင်း၏ ဒေါသသည် ထွက်ပေါက်တစ်ခု ရသွားခဲ့သည်။
သူသည် လီချွမ်းကျင်ကို ပါးရိုက်ချခဲ့သည်။ “ဒါတွေ အားလုံးက မင်းရဲ့အမှားပဲ။ စန်းယာကို ကောင်းကောင်း ဆက်ဆံဖို့ ငါ မင်းကို အမြဲတမ်း မပြောခဲ့ဘူးလား။ သူမကို ပြန်ဆွဲထားပြီး သူအပေါ်မှာ အဲ့လောက်ကြီး မကြမ်းတမ်းနဲ့လို့ ငါ မင်းကို မပြောခဲ့လို့လား။ ငါ့ပြောလိုက်တိုင်း မင်းရဲ့နားက ကန်းနေသလိုပဲ။ အခုတော့ မင်းမှာ ဘာဆို ဘာမှ မရှိတော့ဘူး။”
မကြာသေးခင်ကမှ လီချွမ်းကျင်သည် စိတ်ညစ်စရာ များစွာကို ခံစားခဲ့ရပြီး ဖြစ်သည်။ ပထမဆုံး သူမရဲ့ အိမ်မှာ။ပြောင်းသလင်းခါသွားခဲ့သည်။ ထို့နောက် ဝမ့်လင်းလင်းက ပြဿနာရှာခဲ့သည်။ ထပ်ပြီး ရှုမိသားစုက ပိုက်ဆံလာတောင်းခဲ့သည်။ ကိစ္စတွေက တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်သွားခဲ့ပြီး သူမလည်း အဆက်မပြတ် ငိုခဲ့ရသည်။
ထို့အပြင် ရှုမိသားစုက မနေ့တစ်နေ့ကတင် လာပြီး ပိုက်ဆံတောင်းသွားခဲ့သည်။ ဝမ့်ယုံရွှင်းက အိမ်မှာ ပိုက်ဆဲမရှိဘူးဟု ပြောခဲ့သော်လည်း သူသည် ယွမ်ငါးဆယ်ကို ထုတ်ကာ ရှုရွှမ်းအား ပေးခဲ့သည်။
ဒီပိုက်ဆံတွေက ဘယ်ကနေ ရလာတာလဲ။ ဝမ့်ယုံရွှင်းက ဒီမိသားစုသည် ဆင်းရဲသည့်အတွက် သူမအား ချွေချွေတာတာ သုံးဖို့အတွက် ကြိမ်ဖန်များစွာ ပြောခဲ့သည်။ သူမသည် ပိုက်ဆံစုဖို့အတွက် ချွေချွေတာတာ သုံးကာ တစ်ပြားတစ်ချက်ကအစ သေချာ တွက်ချက်သည်။ အဲ့လိုကြောင့်သာ မဟုတ်ဘူးဆိုရင် သူမက ဝမ့်ရင်းကို ဒီလောက်အထိ သည်းခံနေမှာ မဟုတ်ပါ။
'အခု ရလဒ်က ဘာဖြစ်သွားပြီလဲ။ ဝမ့်ယုံရွှင်းက ကိစ္စတိုင်းကို သူမအပေါ်ပဲ ထပ်ပြီး အပြစ်ပုံချပြန်ပြီ။
သူက ဝမ့်ရင်းကို ဒီလောက်ကြီး မဖိနှိပ်ဖို့ ပြောထားတယ်ဆိုရင် သူအရင် အဲ့လို နေပြလေ။
တကယ်လို့ သူက ဝမ့်ရင်းကို ပြောင်းဆန်ပြုတ် စားဖို့ သွားမေးခိုင်းရင်တောင် သူမက သဘောတူမှာတဲ့လား။
မိသားစုရဲ့ အိမ်ဦးနတ်ဖြစ်သော ဝမ့်ယုံရွှင်းက ဘာတစ်ခွန်းမှ မပြောခဲ့ပါ။ အဲ့ဒါကို သူက ဘာလို့ သူ့ကိုယ်သူကျ အပြစ်မတင်ရတာလဲ။'
လီချွမ်းကျင်သည် ရက်ပိုင်းများစွာ သူမရဲ့ ဒေါသကို မြိုသိပ်ထားရသည့်အတွက် ဒီတစ်ကြိမ်မှာတော့ သူမသည် ပြန်အော်ပြီး ရိုက်ခဲ့သည်။
သူမက ဆံပင်တွေဆွဲပြီး လက်ချောင်းများကို ချိုးပစ်ကာ မိန်းမတစ်ယောက်လို ရန်တွေ့နေခဲ့သည်။ သူမက ဆွဲနေသည့်အတွင် ဝမ့်ယုံရွှင်း၏ ခေါင်းမှာ နာလာခဲ့သည်။ ထို့ကြောင့် သူသည် သူမကို ပြန်ရိုက်ချင်သော်လည်း သူ့လက်များမှာ အချုပ်ခံထားရသည်။ သူတို့နှစ်ယောက်သည် အချင်းချင်း ထိုးကာ မြေပြင်ပေါ်တွင် စပြီး သတ်ပုတ်နေခဲ့ကြသည်။
ဝမ့်ရင်းက သူမအခန်းထဲ၌နေရင်း လူနှစ်ယောက်က ငိုနေသည့် အသံကို ကြားခဲ့ရပြီး ထိုအသံသည် သူမကို စိတ်သက်သာရာရပြီး ပျော်ရွှင်စေခဲ့သည်။
သူတို့ကိစ္စတွင် ဘယ်သူမှ ဝင်မရှုပ်တော့သည့်အတွက် အောင်သွယ်တော်ကို စကားကို ပိုပြီး အဆင်ပြေပြေ ပြောလို့ရခဲ့သည်။
“စေ့စပ်လက်ဆောင်တွေအကြောင်း ပြောကြရအောင်။ ရှုမိသားစုဘက်က အဓိက ပစ္စည်း သုံးမျိုးဖြစ်တဲ့ အပ်ချုပ်စက်၊ စက်ဘီးနဲ့ နာရီ အဲ့ထဲက တစ်မျိုးကို ပေးလို့ရတယ်။ ရင်း….သမီးကရော ဘယ်ဟာ လိုချင်လဲ။”
ဝမ့်ရင်း - “အာ…..”
မိသားစုထဲကို ဝင်ဖို့ လက်ထပ်တဲ့ အခါမျိုးကျရင် ခန်းဝင်ပစ္စည်းတွေက ပေးဖို့ မလိုဘူးမလား။
ရှုရွှမ်း - “ငါက မင်းအတွက် စက်ဘီး ဝယ်ပေးချင်တယ် ဆိုပေမယ့် မင်းက အပြင်သိပ်ပြီး မထွက်ဘူးလို့ ငါ့အမေက ပြောတယ်။ ငါက စက်ဘီးကို ပိုပြီး စီးလေ့ရှိတယ်လေ။ အဲ့ဒါနဲ့ အမေက ငါ့ကို နာရီဝယ်ဖို့ ပြောတယ်။ ဒါပေမယ့် နာရီဝယ်ဖို့ စက်ရုံက လက်မှတ်ရဖို့က ခက်တယ်လေ။ ပြီးတော့ ငါက လက်ထပ်ပွဲမတိုင်ခင် နာရီရောက်မလာမှာကို စိုးရိမ်နေတာ။ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုတော့ စက်ဘီးလက်မှတ် လဲဖို့ ပြောလို့ရတယ်။ အဲ့ဒါဆို ငါက စက်ဘီးကို ချက်ချင်း သွားဝယ်လို့ရတယ်။ ဒါပေမယ့် ငါ ဘယ်အမျိုးအစားကိုကိုင်ရမလဲဆိုတာ ရွေးမရဘူး။ ငါတို့အလုပ်မှာက ယုန်ကျူး တံဆိပ်ပဲရှိတာ။ ဖီးနစ်ငှက် တံဆပ်က ရှိမနေဘူး။”
ဝမ့်ရင်းသည် လက်ထပ်ဖို့ ဆုံးဖြတ်သွားပြီးနောက် အနည်းငယ် အနည်းငယ် စိတ်လှုပ်ရှားနေသော ရှုရွှမ်းကို ကြည့်လိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အောင်သွယ်တော်က မနာလို ဖြစ်သွားခဲ့ရသည်။ ထိုပစ္စည်းသုံးမျိုးသည် ဝယ်ယူဖို့ ခက်ခဲသည်။ ကျေးလက်ဒေသရှိ မိသားစုတစ်ခုက ထိုပစ္စည်း တစ်ခုခုကို ဝယ်နိုင်ပါက သူတို့သည် ကြီးမြတ်သော မိသားစုတစ်ခုသာ ဖြစ်သည်။ ကော်စီမြို့မှာတောင် ဒီပစ္စည်းသုံးမျိုးကို ဝယ်ဖို့ တတ်နိုင်သည့် သူဟူ၍ များများစားစား မရှိပါ။ ရှုမိသားစုက ကောင်လေးသည် အမျိုးသမီးအား ပစ္စည်းတစ်ခုကို အခုချက်ချင်း ရွေးဖို့အတွက် ပြောခဲ့သည်။ ထိုသစ္စာရှိမှုသည် အမျိုးသမီး မိသားစုထဲသို့ ဝင်ဖို့ လက်ထပ်တာနှင့် မတူဘဲ နတ်သမီးတစ်ပါးအား လက်ထပ်သလိုကို ဖြစ်နေခဲ့သည်။
အမျိုးသမီးကြီး မစ္စရှုသည် ဘေးနားတွင် ထိုင်နေကာ ပြောခဲ့သည်။ “သမီးလေး၊ ဘာမှ မပူနဲ့နော်။ အန်တီ့ရဲ့ သားငယ်လေးက အခြား လက်မှတ်တွေလည်း ရှာပေးနိုင်တယ်။ အဲ့အဓိကပစ္စည်း သုံးမျိုးလုံးကို အန်တီတို့ တဖြည်းဖြည်းချင်း ဝယ်လို့ရတယ်။ နောက်ထပ် နှစ်နှစ်လောက် အာရုံစိုက်ပြီး အလုပ် လုပ်ဖို့ သူ့ကို အန်တီပြောလိုက်မယ်။ နောက် သုံးနှစ်လောက်ဆို အန်တီတို့မှာ သမီးအတွက် အကုန်လုံး အဆင်သင့် ရှိနေတော့မှာ။”
အမျိုးသမီးကြီး မစ္စရှုက တော်တော်လေးကို စိတ်လှုပ်ရှားနေခဲ့သည်။ ဒီလို ပြောင်းလဲမှုကြီးက ကောင်းဖို့အတွက် ဖြစ်လာလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးပါ။
'သူမသားငယ်လေးအတွက် သင့်တော်တဲ့သူတစ်ယောက် မရှာပေးနိုင်မှာကို စိတ်ပူနေချိန် ဒီကောင်စုတ်လေးက ပြန်လာပြီး ဝမ့်ရင်းက သဘောတူလိုက်ပြီလို့ ပြောခဲ့တာလေ။
ဝမ့်ရင်းက သဘောတူလိုက်ပြီ။'
အမျိုးသမီးကြီး မစ္စရှုသည် အချိန်တစ်ခုရွေးပြီး သူမရဲ့ မိဘများ နေထိုင်ရာ တောင်ထိပ်သို့သွားပြီး ဂါရဝပြုဖို့ တွေးနေခဲ့သည်။ အဲ့တောင်ထိပ်မှာ သီလရှင်ကျောင်း တစ်ကျောင်းရှိပြီး တော်တော်လေး တန်ခိုးရှိတယ်လို့ ပြောကြသည်။ နောက်ပိုင်း အဲ့နေရာကို သီလရှင် ကျောင်းလို့ မခေါ်ကြတော့ပေ။ ဘာလို့လဲဆိုတော့ သီလရှင်တွေ အားလုံးက အိမ်ထောင်ကျသွားကြပြီး သီလရှင်ကျောင်းကိုလည်း ဖျက်စီးလိုက်ကြတယ်တဲ့။
ဒါပေမယ့် ရွာသားတွေကတော့ အယူသီးကြသည်။ ပြီးတော့ လူတွေအများကြီးကလည်း ပျက်စီးမှုတွေကို ဖယ်ရှားပြီး ကောင်းတဲ့အရာတွေ ရလာဖို့ အဲ့ကို သွားကြတုန်းပင်။
လွန်ခဲ့သော ရက်အနည်းငယ်က အမျိုးသမီးကြီး မစ္စရှုသည် သူမရဲ့ အကြီးဆုံးအစ်မအား သူ့သားငယ်လေး မင်္ဂလာပွဲ အဆင်ပြေပြေ ပြီးသွားဖို့အတွက် ဆုတောင်းဖို့ ထိုသီလရှင်ကျောင်းသို့ သွားရန် ပြောခဲ့သေးသည်။
ရက်အနည်းငယ် ကြာပြီးနောက် ပြီးပြည့်စုံတဲ့ ကောင်မလေး တစ်ယောက်က လက်ထပ်ဖို့အတွက် သဘောတူခဲ့သည်။
အမျိုးသမီးကြီး မစ္စရှုသည် နောက်ဆယ်နှစ်အထိ ဗုဒ္ဓအား အမွှေးနံ့သားများဖြင့် ပူဇော်မည်ဟုလည်း ဆုတောင်းခဲ့သေးသည်။
'ဒါက တော်တော်လေး သက်ရောက်မှု ရှိတာပဲ။ ဝမ့်ရင်းရဲ့ အခြေအနေက ဝမ့်လင်းလင်းထက် ဆယ်ဆလောက် ကောင်းတယ်။ အထူးသဖြင့် ဒီတစ်ကြိမ်မှာ တစ်ဖက်လူက သူ့ကို ရွှံအိုင်ထဲ တွန်းချချင်တာကို သိရက်နဲ့ ခွင့်လွှတ် ပေးလိုက်ကတည်းက သူက တကယ်ကို ကြင်နာတတ်တဲ့ ကောင်မလေးဆိုတာ သိသွားပြီပဲလေ။'
အမျိုးသမီးကြီး မစ္စရှုသည် ဝမ့်ယုံရွှင်း၏ အဓိပ္ပါယ်မရှိသော စကားများကို အခုလေးတင် ကြားခဲ့ရသည်။ သူသည် ဝမ့်ယုံရွှင်းကို ချက်ချင်းပဲ ပြောဆိုချင်နေခဲ့သည်။ သူက ဘယ်လိုဖြစ်လို့ ဝမ့်ရင်းအပေါ်မှာ ဒီလောက် ဆိုးရွားနေရတာလဲ။
ဝမ့်ရင်းအတွက် လက်တွဲဖော်တစ်ယောက် ရှာဖို့က မခက်ခဲဘူး ဆိုတာကို အမျိုးသမီးကြီး မစ္စရှုက ကောင်းကောင်း သိနေခဲ့သည်။ ဝမ့်ရင်းက သူမရဲ့ အငယ်ဆုံးသားကို လက်ထပ်လိုက်ခြင်းက သူမ မိသားစုရဲ့ အခြေအနေကြောင့် ရွေးလိုက်တယ်ဟု ထင်ခဲ့သော်လည်း သူမသည် ရှုရွှမ်း၏ စရိုက်အရ ရွေးလိုက်သည်မှာ သေချာနေခဲ့သည်။ ထိုအရာကပဲ သူမရဲ့ဘဝကို သက်တောင့်သက်သာ ဖြစ်သွားစေသည်။ သို့သော် ဝမ့်ရင်းက ရှုရွှမ်းအား ကွာရှင်းခဲ့ရင်တောင် သူမကို ပျော်ရွှင်အောင် ထားပေးနိုင်မည့် ယောက်ျားမျိုးကို ရှာနိုင်ဆဲ ဖြစ်သည်။ တပ်မဟာထဲတွင် ယောက်ျားများစွာရှိနေပြီး အချို့ ယောက်ျားကောင်းများလည်း ပါဝင်နေခဲ့သည်။ သူမရဲ့ အငယ်ဆုံးသားနှင့် ယှဥ်ကြည့်ပါက သူတို့ကတောင် ပိုကြည့်ကောင်းနေခဲ့သည်။ တကယ်လို့ ဝမ့်ရင်းက လက်ထပ်ထို့ သူတို့ထဲက တစ်ယောက်ကို ရွေးခဲ့ရင် သူမရဲ့ ဘဝသည် လက်ထပ်ပြီးရင်တောင် ခက်ခဲရလိမ့်မည် မဟုတ်ပါ။
တစ်ဖက်က ကြည့်ရင်လည်း ဝမ့်ရင်း ထွက်သွားပြီးရင် အဲ့လိုလူတွေရဲ့ လိုအပ်ချက်နဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ကို ရှာဖို့အတွက်ဆိုတာ သူမတို့ မိသားစုအတွက် တော်တော်လေးကို ခက်ခဲသွားလိမ့်မည်။
အမျိုးသမီးကြီး မစ္စရှုသည် အတော်လေး အားရနေခဲ့သည်။ ရှုရွှမ်းက သူမအား ထိုကိစ္စကို ပြောပြသည့်အခါ သူမသည် မေ့လဲမတက်ကို စိတ်လှုပ်ရှားသွားခဲ့သည်။
ဝမ့်ရင်းက လက်ထပ်ဖို့ ဆန္ဒရှိနေသ၍ သူမက ဘယ်လို အခြေအနေမျိုးကိုမဆို လက်ခံပေးလိမ့်မည် ဖြစ်သည်။
ထိုပစ္စည်းသုံးမျိုးကို မဆိုထားနှင့် ဝမ့်ရင်းက တစ်ခုခု အလိုရှိခဲ့ရင်တောင် သူမသည် ထိုပစ္စည်းကို ရဖို့အတွက် ရှိသမျှ ငွေအားလုံးကို သုံးလိမ့်မည်။