အခန်း (၃၂)
Vol. 3 Ch. 32
ထိုမင်္ဂလာပွဲက အဆင်ပြေပြေ စီစဥ်ပြီးသွားခဲ့သည်။ နှစ်ဖက်လုံးကလည်း သင့်မြတ်ကြသည်။ တင်တောင်းငွေနှင့် ခန်းဝင်ပစ္စည်းများကို မျှော်ကိုးနေကြသည့် အခြားသော မိသားစုများနှင့် လုံးဝကို ကွဲပြားနေခဲ့သည်။ မင်းက ငါ့ကို အဝတ်စား အချို့ကိုပေး၊ ငါက မင်းကို နှစ်ယွမ် ထပ်ပြီး ပေးမယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့ ထိုစီစဥ်မှုဟာလည်း ပျက်သွားခဲ့ရသည်။
အောင်သွယ်တော်သည် ကျေးဇူးတင်သည့် အနေဖြင့် ပိုက်ဆံကို တပျော်တပါးကြီး ယူသွားခဲ့ပြီး သူမကို ပျော်ရွှင်စေသည့် ဒီလိုပွဲမျိုးတွေက နောက်ပိုင်း ဒီထက်အများကြီး ရလာရင် ကောင်းမှာပဲဟု တွေးနေခဲ့သည်။
“မနက်ဖြန် ငါပရိဘောဂတွေနဲ့ အုတ်ခဲတွေ သွားမှာပြီး နေသာတဲ့နေ့မှ နံရံကြီး ဆောက်ကြတာပေါ့။ ဒါပေမယ့် အချို့ပစ္စည်းတွေက မြို့မှာသွားဝယ်ဖို့ လိုသေးတယ်။ ဘယ်အချိန်လောက် မင်းအဆင်ပြေလဲ။”
ဝမ့်ရင်းက စက္ကူအိတ်ကိုယူကာ ပြောခဲ့သည်။ “ဒါက ကျွန်မအတွက်တော့ အဆင်ပြေပါတယ်။….. ဒါနဲ့ ရှင် တစ်ပတ်လောက် စောင့်ပေးလို့ရလား။”
သူမမှာ အခုထိ မပြင်ရသေးသည့် ဆေးဖက်ဝင် အပင်အနည်းငယ် ရှိနေသေးသည်။ ထို့ပစ္စည်းများကို တစ်ယောက်ယောက်ကများ လိုချင်မလားဆိုပြီး သူမက မြို့ကို ယူသွားချင်နေခဲ့သည်။ ဒါမှမဟုတ် သူမသည် ဒီလို ဆေးပစ္စည်းများကို ဝယ်ယူသည့် ဆေးခန်းများ ရှိတယ်ဆိုသည့် အကြောင်းကို သူမ ကြားထားခဲ့သည်။ ထို့ကြောင့် သူမသည် မြို့ကိုလိုက်ပြီး စျေးနှုန်းများအကြောင်းကို မေးချင်နေခဲ့သည်။
ရှုရွှမ်း - “ရတယ်လေ။ လာမယ်ဆိုရင်လည်း ငါနဲ့ သပ်သပ် တွေ့ဖို့အတွက် နိုင်ငံပိုင် ဟိုတယ်ကိုပဲ လာခဲ့ပါ။ ဒါမှ ငါ မင်းကို မိတ်ဆက်စာကို ရေးပေးလို့ရမှာ။”
ရှုရွှမ်းက အလုပ်သမား တစ်ယောက်ဖြစ်သည့်အတွက် သူသည် မြို့ကိုသွားဖို့အတွက် ဘာလက်ခံစာမှ မလိုအပ်ပါ။ သူသည် ထိုကိစ္စကို ဆွေးနွေးဖို့အတွက် မန်နေဂျာကို သွားမေးရဦးမည် ဖြစ်သည်။ မန်နေဂျာက ဒီနေရာတွင် တစ်ချိန်လုံး ရှိမနေသည့်အတွက် အမြဲ သွားတွေ့ရသည်။
ဝမ့်ရင်းက ခေါင်းငြိမ့်ပြခဲ့သည်။ ရှုရွှမ်းက သူ့ရဲ့ စက္ကူအိတ်ကို ကိုင်ထားခဲ့သည်။ သူမသည် ပထမဆုံးအကြိမ် ဟိုတယ်မှာ တွေ့ခဲ့တုန်းကလိုပဲ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်။
ရှုရွှမ်း လှည့်ထွက်သွားခဲ့သည့်အခါ ဝမ့်ရင်းက အနည်းငယ် တွေဝေသွားခဲ့သည်။ သူက ဘာလို့ ဒီလောက်မြန်မြန်ကြီး ထွက်သွားရတာလဲ။
သူမ စက္ကူအိတ်ကို ထပ်ပြီး ဖွင့်ကြည့်လိုက်တော့ အိတ်ထဲက ပစ္စည်းတွေက အေးနေခဲ့ပြီပင်။ အဲ့ဒါတွေက ကြက်ခြေထောက်၊ ဘဲခြေထောက်နှပ်တွေရယ်၊ နှမ်းစေ့နဲ့ လုပ်ထားတဲ့ ပေါင်မုန့်ရယ်နှင့် ငရုတ်သီးမှုန့် အနည်းငယ် ပါရှိနေခဲ့သည်။
ဝမ့်ရင်းက ကြက်ခြေထောက်နှင့် ဘဲခြေထောက်များကို အိုးထဲတွင် ပြန်ပေါင်းထားခဲ့သည်။ သူတို့က ခနလေး အတွင်းမှာပဲ ပူလာပြီး နှမ်းဖြူးထားသော ပေါင်မုန့်ကလည်း ပြန်နွှေးခဲ့သည်။ ထို့ကြောင့် အရသာမှာ အတော်လေးကို စားကောင်းနေခဲ့သည်။
ကြွပ်ကြွပ်လေးနှင့် ဝါးရလွယ်သော ဘဲခြေထောက်များမှာ စားကောင်းပြီး စွပ်ပြုတ် အနည်းငယ်လည်း ပါနေခဲ့သည်။ စွပ်ပြုတ် အရသာမှာလည်း သောက်လို့ကောင်းပြီး လေးပင်ပြီး မွှေးကြိုင်နေသော အရသာသည် လူတွေကို အဆက်မပြတ် ဆွဲဆောင်နိုင်သည်။ ကြက်ခြေထောက်များက အချိန်အတော်ကြာ ပေါင်းထားခဲ့သည့်အတွက် အသားမှာ နူးညံ့အိစက်ပြီး အိတုန်တုန်လေး ဖြစ်နေသည်။ သူ့ရဲ့ အရသာမှာလည်း နူးညံ့ကာ ဝါးရလွယ်ပြီး စပ်စပ်လေး ဖြစ်နေသည်။
ဝမ့်ရင်းက တစ်ထုပ်လုံးကို စားပြီးသော်လည်း အနည်းငယ် မကျေမနပ် ဖြစ်နေသေးသည်။ ကြက်ခြေထောက်နှင့် ဘဲခြေထောက်များမှာ အတော်လေးကို အရသာ ရှိနေခဲ့သည်။ သေချာသည်မှာ ထိုကဲ့သို့သော နှပ်ထားသည့် အစားအစားများသည် အလွယ်တကူ စားလို့ရသည့် အစားအစားမျိုးတော့ မဟုတ်ခဲ့ပါ။
ထိုနေ့ပြီးတဲ့နောက်မှာ မင်္ဂလာပွဲကို သတ်မှတ်ခဲ့သည်။ ရှုရွှမ်းက အလုပ်ရှုပ်နေခဲ့သည်။ ပရိဘောဂများ ပြုလုပ်မည့် လက်သမားဆရာက အချိန်ကို တွက်ကာ လဝက်တည်းနှင့် ဒီပစ္စည်းများကို အပြီးသတ်နိုင်မလား ဆိုတာကို သေချာအောင် ပြုလုပ်နေခဲ့သည်။ ရှုရွှမ်းက တပ်မဟာဆီသွားကာ အုတ်ခဲများကို တစ်ပါတည်း သယ်လာခဲ့သည်။ မကြာသေးခင်ကမှ အုပ်ဖုတ် စက်ရုံမှာ အလုပ်လုပ်ခဲ့သူများစွာ ရှိနေခဲ့ပြီး အုတ်ခဲများမှာလည်း လုံလုံလောက်လောက် ရှိနေခဲ့သည်။ ထို့ကြောင့် ရှုရွှမ်းက အုတ်ခဲများစွာ ယူလာလို့ ရခဲ့သည်။
ဝမ့်ယုံရွှင်းက လီချွမ်းကျင်နှင့် ရန်ဖြစ်ခဲ့ရသည်ကို အဖြေရှာမရခဲ့ဘဲ သူ့မျက်နှာမှာလည်း ဒဏ်ရာများစွာ ရခဲ့သည်။ သူသည် ခြံဝန်းရဲ့ တစ်ဖက်မှာရှိသော ဝမ့်ရင်းကို စိုက်ကြည့်နေခဲ့ပြီး နံရံကြီးကို တည်ဆောက်ဖို့ လာကူညီကြသည့် သူများကိုလည်း စိုက်ကြည့်နေခဲ့သည်။
အဲ့ဒါက လူတွေကို စိတ်ရှုပ်သွားစေခဲ့သည်။
နောက်ဆုံးမှာတော့ ခြံဝန်းထဲက တံတိုင်းကို တည်ဆောက်ပြီး နောက်ထပ် ငါးရက်လောက် ကြာသည့်အခါ မင်္ဂလာပွဲအတွက် အစီအစဥ်ကို ဆွဲခဲ့သည်။
အဖွဲ့ထဲက လူများသည် သူတို့ မိသားစုနှစ်ခုက မင်္ဂလာပွဲအတွက် စပြီး ပြင်ဆင်နေကြသည်ကို ကြည့်နေခဲ့ကြသည်။ ရှုမိသားစုသည် ဝမ့်ရင်းအတွက် အုတ်တံတိုင်းကြီး တည်ဆောက်ပေးဖို့တောင် ရက်ရောခဲ့ကြသည်။ နောက်ပိုင်းတွင် သူတို့က ရှုရွှမ်းနှင့် လက်ထပ်ပြီး အမျိုးသမီး၏ မိသားစုဘက်သို့ ဝင်ဖို့ တကယ်ကြီး ဆုံးဖြတ်ထားခဲ့ကြပုံ ရသည်။
လူတိုင်းအတွက်တော့ ဒါက ပုံမှန်ဖြစ်ပုံရသည်။
'ဒါက အဓိပ္ပါယ်ရှိပါတယ်။ ဝမ့်ရင်းက အခြေအနေ ကောင်းနေတာပဲလေ။ တကယ်လို့ သူမက ရှုရွှမ်းကို ရွေးပြီး သူမရဲ့ မိသားစုထဲ ဝင်စေချင်ရင်တောင် ဒါက အံ့ဩစရာမှ မဟုတ်တာ။'
ဒါပေမယ့် အံ့ဩစရာ တစ်ခုက ရှုရွှမ်းတို့ မိသားစုဘက်က လက်ထပ်ပြီး တစ်ဖက်ရဲ့ မိသားစုထဲကို ဝင်မယ့်ပုံစံမျိုးနဲ့ လုံးဝ တူမနေခဲ့ပေ။ သူတို့က မျိုးဆက် ကိုးဆက်လောက်ရှိတဲ့ သူတို့ မိသားစုရဲ့ အောက်မှာပဲ ဆက်ရှိနေဖို့အတွက် လက်ထပ်ကြသလိုပဲ ပြင်ဆင်ပေးနေခဲ့ကြတာ။
'သူတို့က အုတ်တံတိုင်းတွေ ဆောက်တယ်၊ ပရိဘောဂတွေ လုပ်တယ်။ ပြီးတော့ သူတို့က ပွဲတစ်ပွဲ လုပ်ဖို့လည်း စီစဥ်ထားတယ်လို့ သူတို့ကြားလိုက်တယ်။'
သူသည် အစပိုင်းမှာတော့ အနည်းငယ် မယုံကြည်နိုင်ခဲ့ပါ။ သို့သော် သူက ချက်ချင်းဆိုလိုပဲ ထပ်တွေးခဲ့သည်။ ရှုရွှမ်းတို့ မိသားစုသည် သူတို့ချည်းပဲတော့ ဒီကိစ္စကို လုပ်နိုင်မည် မဟုတ်ပါ။ ဒါဟာ ဝမ့်ရင်းရဲ့ တောင်းဆိုမှုကြောင့်သာ ဖြစ်လိမ့်မည်။
ဝမ့်ရင်းက ရှုရွှမ်းကို ထိန်းထားနိုင်တာက အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဘယ်သူကများ သူမရဲ့ တောင်းဆိုချက်တွေကို လုပ်ပေးနိုင်မှာလဲ။ ဒါက မိန်းမ တစ်ယောက်ယူတာ မဟုတ်တော့ဘူး။ ဒါက ဘိုးဘွားတွေနဲ့ လက်ထပ်သလိုကို ဖြစ်နေပြီ။
ဝမ့်ရင်းသည် သူမရဲ့ ဂုဏ်သတင်းက နောက်ထပ် တစ်နည်းဖြင့် ဖော်ပြဖို့က ခက်ခဲနေပြီ ဆိုတာကိုတော့ သူမလည်း မသိခဲ့ပါ။ ဒီရက်ပိုင်းတွင် သူမသည် ဆေးပင်များ သွားခူးဖို့အတွက် တောင်ပေါ်သို့ တက်နေတာနှင့်ပဲ အလုပ်ရှုပ်နေခဲ့သည်။
ဝမ့်ရင်းက ဆေးဖက်ဝင် အပင် ခုနစ်ပင်၊ ရှစ်ပင်လောက်ကို တွေ့ခဲ့ရပြီး တစ်ခုချင်းစီကို သူမ လေ့လာထားခဲ့သည့်အတိုင်း ပြင်ဆင်ထားခဲ့ကာ သူမရဲ့ ကံတရားအတိုင်း မြို့ကို သွားရောင်းဖို့အတွက် စီစဥ်ထားခဲ့သည်။
တကယ်လို့ ဆေးဆိုင်က ဝယ်ယူသည့် စျေးနှုန်း ပမာဏမှာ အတော်လေး နည်းနေပါက သူမသည် အရဲစွန့်ပြီး သူမဘာသာ ဆေးရုံတွင် သွားရောင်းလိမ့်မည် ဖြစ်သည်။ တစ်ခုတည်းသော အခက်အခဲမှာ မြို့ကို သွားဖို့အတွက် အချိန်တိုင်း လိုအပ်နေသည့် အဖွဲ့ဘက်မှ မိတ်ဆက်စာကို ရယူဖို့သာ ဖြစ်သည်။ ထို့အပြင် သူတို့က ထိုနေရာကို ကြိမ်ဖန်များစွာ သွားလာနေရင်တောင် ဒါက အလုပ်ဖြစ်မည် မဟုတ်မှာ သေချာသည်။
သို့သော် ရှုရွှမ်းကတော့ အဆင်ပြေသည်ဟု ဝမ့်ရင်းက တွေးလိုက်မိသည်။ 'ရှုရွှမ်းမှာ လစာ မပါဘဲနဲ့တောင် စုထားတဲ့ ပိုက်ဆံ ထောင်ဂဏန်းလောက် ရှိနေခဲ့တာ ဟုတ်တယ်မလား။ ဒီလူက သူများတွေ မသိတဲ့ နည်းလမ်းနည်း ပိုက်ဆံရှာကို ရှာတတ်ရမယ်။ သူက မြို့ကိုလည်း ခနခန ရောက်နေခဲ့တာပဲလေ။'
ထိုနေ့တုန်းက ဝမ့်ရင်းသည် ပြတင်းပေါက်ဘောင်မှာ အခြောက်ခံထားသည့် ဆေးဖက်ဝင် အပင်များကို ကြည့်နေရင်း ခြံဝန်းရဲ့ အပြင်ဘက်ကနေ ယောက်ျား တစ်ယောက်ရဲ့ အသံကို ကြားခဲ့ရသည်။
“အဖေ၊ အမေ။ ဘာလို့ ကျွန်တော်တို့ရဲ့ အိမ်မှာ အုတ်တံတိုင်း အသစ်တစ်ခုက ရှိနေရတာလဲ။ ပြီးတော့ ကျွန်တော့်ရဲ့ အခန်းကိုရော ဘာဖြစ်လို့ ပြောင်းလိုက်တာလဲ။”
ဝမ့်ယောင်ကျုံးသည် အိမ်ရဲ့ တံခါးနားတွင် ရပ်နေရင်း သူ့အရှေ့တွင် ရှိသော ပျက်စီးနေသည့် အိမ်နှစ်လုံးကို ကြည့်ပြီး တော်တော်လေး စိတ်ရှုပ်ထွေးကာ အဖြေရှာမရ ဖြစ်နေခဲ့သည်။
သူသည် အိမ်ကိုပြန်မရောက်တာ လဝက်လောက် ရှိပြီဖြစ်သည့်အတွက် အိမ်က ဘာလို့ ဒီလောက်ထိ ပြောင်းလဲသွားလဲဆိုတာကို တွေးမရခဲ့ပါ။
လီချွမ်းကျင်က အိမ်ထဲတွင် ဆောင့်အောင့်နေခဲ့သည်။ သူမသည် ဒီရက်ပိုင်းတွင် အိမ်အပြင်ကိုတောင် မထွက်ချင်ခဲ့ပါ။ သူမက ခြံထဲမှာ နေနေသည့် အချိန်မှာတောင် သူမရဲ့ ဒေါသကို မထိန်းနိုင်ခဲ့ပါ။ အခု အသစ်ဆောက်လိုက်သည့် နံရံမှာ အရင်က ဖြိုချလိုက်သည့် နံရံကြီးထက်တောင် မြို့မြင့်ပြီး လူတိုင်း မျက်စိစပါးမွေး စူးစရာ ဖြစ်နေခဲ့သည်။ ထိုနံရံကြီးအား ဆောက်ပေးနေကြသော လူမျိုးကို ရှုရွှမ်းနှင့်အတူ တွေ့လိုက်ရသည့် အခါမှာလည်း သူမက စိတ်မဝင်စားခဲ့ပါ။ နောက်ပိုင်းတွင် လူအများက ထိုနံရံကြီးအား မြင့်သည်ထက် မြင့်အောင် ဆောက်နေသည်ကို မြင်လိုက်ရသည့်အခါ တစ်ခုခုက မှားနေပြီ ဆိုတာကို သူမ သိသွားခဲ့သည်။
ဝမ့်ရင်းရဲ့ အိမ်နံရံမှာ အတော်လေး မြင့်သည့်အတွက် သူမတို့ရဲ့ ခြံဝန်းကိုတောင် ကာသွားခဲ့သည်။ ရက်ပိုင်း အတွင်းမှာပဲ သူမရဲ့အိမ်ကို ထိုနံရံကြီးက ဖုံးသွားခဲ့သည်။ ထို့ကြောင့် သူမရဲ့ စောင်များ အဝတ်အစားများကို လှန်းလို့ရတော့မည် မဟုတ်ပါ။
ရလဒ်အနေဖြင့် သူမ ပြဿနာတစ်ခုခု ရှာသည့်အခါ ဝမ့်ရင်းအိမ် ဘေးဘက်လေးနံရှိ နံရံကြီးမှာ အတော်လေး မြင့်သည့်အတွက် ခြံထဲက ဘာကိစ္စကိုမှ သိနိုင်မှာ မဟုတ်ဘူးဟု ဝမ့်ရင်းက ပြောခဲ့သည်။
လီချွမ်းကျင်သည် ဒေါသထွက်သွားခဲ့သည်။ အစကတည်းက ဝမ့်ရင်းရဲ့ ခြံဝန်းသည် သူမတို့ဟာထက် ပိုကြီးပြီး ပုံစံမှာလည်း တူညီမှုရှိသည်။ သို့သော် ဝမ့်ရင်းက လက်ထပ်တော့မှာ ဖြစ်သည့်အတွက် ရှုရွှမ်းနှင့် သက်ဆိုင်သော မြေနေရာများကို ဝမ့်ရင်းနှင့်အတူ ပေါင်းဖို့အတွက် တပ်မဟာဘက်က ခွဲဝေ သတ်မှတ်ပေးခဲ့သည်။
ချက်ချင်းဆိုသလိုပဲ ရှုရွှမ်းက ထိုနေရာနှင့် ဝမ့်ရင်းရဲ့ခြံ နှစ်ဆဖြစ်သွားအောင် ပြုလုပ်ပေးခဲ့သည်။ ထို့ကြောင့် ခြံထဲရှိ ဝမ့်ရင်းအိမ်ရဲ့ နံရံကို ဖြိုချဖို့မှာ ဘယ်လိုမှ မဖြစ်နိုင်ပါ။
'ဒါပေမယ့် သူ့မိသားစုက တော်တော်လေးကို ကံဆိုးတာပဲ။ ဒီနံရံကြီးနဲ့ သူတို့ကို ကာလိုက်တော့ သူ့အိမ်ထဲက အခန်းတစ်ခန်းပဲ နေရောင်ကို ရနိုင်တော့မှာ။ ပြီးတော့ တစ်ခြားအခန်းကလည်း ခနလောက်ပဲ နေရောင်ကို ရမှာ။ သူတို့ခြံကိုလည်း နေရာ ကျဥ်းသွားအောင် ကာသွားတာပဲ။'
'တံခါးဝကနေ ဝင်လာရင် ခြံဝန်း သေးသေးလေးကို ဒီနံရံအမြင့်ကြီးနဲ့ ကားထားတာက တော်တော်လေး ကျဥ်းပြီး စိတ်မသက်မသာ ဖြစ်ရမယ့်ပုံပဲ။'
လီချွမ်းကျင်သည် တပ်မဟာထဲသို့ သွားကာ ပြဿနာ ရှာချင်သော်လည်း ဝမ့်ယုံရွှင်းက အသက်မပါသော အပြုံးတစ်ခုဖြင့် ပြောခဲ့သည်။ 'တပ်မဟာမှူးက ဝမ့်ရင်းကို သေချာပေါက် ထောက်ခံပေးနေမှာပဲ။ အဲ့တော့ မင်းသွားလည်း အလကားပဲ ဖြစ်သွားမှာ။'
လီချွမ်းကျင်က ထိုစကားကို မယုံခဲ့ပါ။ သူမသည် နှစ်ခါ သုံးခါလောက် အပြေးလေး သွားခဲ့သော်လည်း ထျန်းယိုဖုက သူမကို မျက်နှာသာ မပေးဘဲ ပြောခဲ့သည်။ 'ဝမ့်ရင်းရဲ့အိမ်က သူမ ပြောင်းလဲချင်နေသလိုပဲလေ။ တကယ်လို့ နင်တို့မိသားစုက သဘောမတူဘူး ဆိုရင်တောင် ပြောင်းလဲပေးလိုက်။ ဘယ်လိုပဲဖြစ်ဖြစ် ကျေးလက်ဒေသတွေမှာက မြေနေရာ အကျယ်ကြီးတွေကလွဲပြီး ဘာမှ မရှိဘူး။ ဝမ့်ယုံရွှင်းရဲ့မိသားစုမှာ သားသမီး သုံးယောက်ရှိတယ်။ ပြီးတော့ အစကတည်းက ခွဲပေးထားတဲ့ မြေနေရာတွေကလည်း ခုထိ ဘာမှမလုပ်ရသေးဘူး။ အဲ့တော့ ကုန်ကုန်ပြောရရင် နင်တို့လည်း နင်တို့ခြံဝန်းကို ချဲ့ပစ်လို့ ရတာပဲလေ။'
လီချွမ်းကျင်သည် ဝမ့်ရင်းမှ ခြံအား ပြင်ဆင်နေသည်ကို တားဆီးပေးဖို့အတွက် ထျန်းယိုဖုကို အကူအညီ တောင်းချင်နေခဲ့သည်။ သို့သော် ထျန်းယိုဖုက သူတို့သည် နေရာများကို ခွဲပေးရုံသာ ဖြစ်ပြီး လူတွေက သူတို့ပိုင်ဆိုင်သည့် မြေများကို သူတို့စိတ်ကြိုက် ပြုလုပ်နိုင်သည်ဟု ပြောခဲ့သည်။ လီချွမ်းကျင်က ဝုန်းဒိုင်းကြဲချင်သော်လည်း ထျန်းယိုဖုကတော့ သူမကို လျစ်လျူရှုထားခဲ့သည်။
ပြဿနာများ အားလုံး ပြီးသွားသည့်နောက် လီချွမ်းကျင်သည် ဝမ့်ရင်း ဆောက်ထားသော ခြံတံတိုင်းကြီးအား ကြည့်ကို ကြည့်ရတော့မည် ဖြစ်သည်။
လီချွမ်းကျင်က အိပ်ရာပေါ်တွင် လှဲကာ ဝမ့်ရင်း၊ ရှုရွှမ်း၊ အမျိုးသမီးကြီးရှုနှင့် ထျန်းယိုဖုတို့ကို သူမ စိတ်ထဲကနေ ကျိန်ဆဲနေခဲ့သည်။
'ဒီကောင်မစုတ်လေး ဝမ့်ရင်းက ယောက်ျားတစ်ယောက် ရှာနေတာပဲ။ သူမ မိသားစုကိုတောင် သူမက ဂရုမစိုက်ဘဲနဲ့။ ဘယ်လို အမျိုးယုတ်လေးမှန်းကို မသိဘူး။'
'ရှုရွှမ်းကလည်း အိုးလုပ်တဲ့သူပဲလေ။ ပြီးတော့ သူမက အရင်ကဆို သူရဲ့ ယောက္ခမ ဖြစ်ခဲ့ဖူးတာပဲ။ အခုတော့ သူမက ဒီလို လင်စိတ် သားစိတ်တွေနဲ့ ပျော်ရွှင်နေတာ။ သူမက တကယ်ကို မကောင်းတဲ့သူပဲ။'
'ပြီးတော့ အဲ့မှာ အခုချိန်ထိ မသေချင်သေးတဲ့ အဖွားကြီး ရှုကလည်း ရှိနေသေးတယ်။ သူမတို့ မိသားစုက ကောင်းကောင်း နေနေတယ် ဆိုပေမယ့် သူမက ခမည်းခမက် မိသားစုဘက် ပေးရမယ့် ပစ္စည်းတွေကိုတောင် တွက်ချက်နေတယ်။ သေခါနီး အထိကို တွန့်တိုနေတာပဲ။'
'တပ်မှူးကလည်း တော်တော်လေး မရှက်မရှိဘဲ အမြဲတမ်း အခြားသူတွေ အပေါ်မှာ ဘက်လိုက်နေတာ။ အပြင်လူတွေက အနိုင်ကျင့်ခံနေတယ်ဆိုတဲ့ စကားကို တစ်ခါတစ်လေ ငါကြားမိတယ်။ ဒါဆို ဘာလို့ သူ့ကိုကျ အနိုင်မကျင့်နိုင်ကြတာလဲ။ '
…..
လီချွမ်းကျင်က မကျေမနပ် ဖြစ်နေသည့် အချိန်တွင် သူမရဲ့သား ဝမ့်ယောင်ကျုံး၏ အသံကို ကြားခဲ့သည်။ စစချင်း သူမ နားကြားလွဲတာဟု ထင်နေသော်လည်း အသံမှာ ပိုပိုပြီး ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။ သူမသည် ချက်ချင်းပဲ မက်တပ်ထရပ်ကာ ခြံဝန်းထဲသို့ ကြည့်လိုက်သည်။
သူမအိမ်က ပြတင်းပေါက်နှစ်ချက်ကို ဝမ့်ရင်း ခွဲလိုက်ကတည်း ထိုပြတင်းတံခါးများကို ဘယ်သူကမှ ပြန်ပြီး မပြုပြင်ခဲ့ပါ။ ထို့ကြောင့် သူမသည် ထိုနေရာကို စက္ကူဖြင့်သာ ကာထားခဲ့သည်။ ပြတင်းပေါက် ကာထားသော စက္ကူကို ဖယ်လိုက်သည့်အခါ လီချွမ်းကျင်က သူမရဲ့ ချစ်ရပါသော သားလေးကို တွေ့ခဲ့ရသည်။
“ယောင်ကျုံး၊ သား ဘာလို့ ပြန်လာခဲ့တာလဲ။”
ဒါက ကျောင်းပိတ်ချိန်လည်း မဟုတ်သေးပါဘူး။
ဟုန်ကျိ အထက်တန်းကျောင်းသည် တပ်မဟာနားတွင် ရှိပြီး တောင်နှင့်လည်း နီးသည်။ နှင်းထူသောကြောင့် တောင်ကို ဖြတ်သွားခွင့် ပတ်ထားသည့်အခါ ထိုတောင်ရဲ့ ဘေးဘီနေရာများကို သွားဖို့မှာ ခက်ခဲသည်။ ထို့ကြောင့် အမြဲတမ်း သူတို့သည် နိုဝင်ဘာလ ကုန်သည်အထိ ကျောင်းတက်ရသည်။ ထို့နောက် သူတို့သည် နှစ်လကျော်လောက် ပိတ်ရက်ရှည် ရရှိခဲ့ကြသည်။
ငါ့သားက ဘာလို့ ဒီအချိန်ကြီးကျမှ ပြန်လာရတာလဲ။
လီချွမ်းကျင်သည် သူ့သားက ဝိတ်တွေဘာတွေများ ကျသွားလားဆိုတာကို ကြည့်ဖို့အတွက် တံခါးကနေ အပြေးလေး ထွက်လာခဲ့သည်။ “သူ ကျောင်းမှာ တစ်ခုခု လိုလို့လား။ ဒါမှမဟုတ် သူက အနိုင်ကျင့် ခံရလို့များလား။”
ဝမ့်ယောင်ကျုံးက စိတ်မရှည်စွာဖြင့် သူ့အမေရဲ့ လက်ကို ဖယ်ထုတ်ခဲ့သည်။ အခုဆိုရင် သူသည် အရွယ်ရောက်နေသည့် အထက်တန်းကျောင်း ဒုတိယနှစ် ကောင်လေးတစ်ယောက်ဖြစ်ပြီး နောက်နှစ်ဆိုရင် ဘွဲ့ရတော့မည် ဖြစ်သည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် သူသည် အရပ်ရှည်ရှည်ပြီး သန်မာသည့် လူပျိုပေါက် တစ်ယောက်နှင့်တူကာ ပုံစံမှာလည်း လီချွမ်းကျင်နှင့် တူသလိုလို ရှိနေခဲ့သည်။ သို့သော် သူ့ရဲ့မျက်နှာသည် မိဘ နှစ်ပါးလုံး၏ ချို့ယွင်းတွေ ရှိနေခဲ့သည်။ သူ့တွင် နှုတ်ခမ်းပါးလေး တစ်စုံနှင့် မေးငေါသည့် ပုံစံမျိုးရှိပြီး လူအများက မနှစ်သက်ခဲ့ကြပါ။ သို့သော် ဝမ့်ယုံရွှင်းတို့ လင်မယားကတော့ အဲ့လို မထင်ခဲ့ကြပါ။ ဝမ့်ယောင်ကျုံးသည် ဆံပင်ကို သေသေချာချာ ဖြီးထားပြီး တောက်တောက်ပြောင်ပြောင် ရှိနေခဲ့သည်။ သူသည် မြို့မှာတောင် ရှားပါးသည့် သားရေဖိနပ်ကို စီးထားခဲ့သည်။
သူသည် လီချွမ်းကျင်ကို တွန်းထုတ်ပြီး ပြောခဲ့သည်။ “အမေက သားကို သတိရသေးတယ်ပေါ့။ ကျောင်းမှာတုန်းက ကျွန်တော် အကြာကြီး ခေါက်ဆွဲတွေချည်းပဲ စားခဲ့ရတာ။”
သို့သော် ဝမ့်ယောင်ကျုံးက အဲ့လို မစားခဲ့ပါ။ သူသည် ကျောင်းမှာတုန်းက အမြဲလိုလို ဆန်ကောင်းကိုသာ စားခဲ့ပြီး ကျောင်းကန်တင်းက အစားအစားများသည် ဆီနည်းသည်။ သူသည် ထမင်းစားတိုင်း အသားမပါရင် မစားနိုင်သည့်အတွက် အမြဲတမ်း အသားဟင်းများကို မှာယူ စားသောက်ခဲ့ပြီး ရက်အတော်ကြာ ခေါက်ဆွဲ နှစ်ပွဲကိုသာ စားခဲ့ရသည်။