← Chapters

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း (၃၃)

Vol. 3 Ch. 33

ဝမ့်ယောင်ကျုံးက စောဒက တက်ခဲ့သည်။ “အဖေနဲ့ အမေတို့က အတူရှိလိုက်တာနဲ့ ကျွန်တော်ကို မေ့သွားပြီလား။ ကျွန်တော်ယူသွားတဲ့ အစားအသောက် လက်မှတ်တွေက ကုန်လုနီးပါး ဖြစ်နေပြီ။”

လီချွမ်းကျင်သည် ရှုမိသားစုက လာပြီး ပြဿနာ ရှာသွားသည့် နေ့ကို သတိရသွားခဲ့သည်။ ဝမ့်ယုံရွှင်းက မြို့ကို သွားမည်ဟု ပြောခဲ့သော်လည်း သူသည် ဝမ့်ရင်းကိစ္စတွင် ဝင်ပါလိုက်ရသဖြင့် နောက်ကျသွားခဲ့သည်။

“ဒါ အမေ့ရဲ့ အပြစ်ပါ သားရယ်။ အမေသားကို ဗိုက်ဟောင်းလောင်းနဲ့ ထားမိခဲ့တယ်။ သား အခန်းကို သွားပြီး ခနလောက် လှဲနေ။ သားစားဖို့ ကြက်တစ်ခြမ်း သွားလဲပေးဖို့ အမေ တစ်ယောက်ယောက်ကို သွားရှာပြီး ပြောလိုက်မယ်။”

လီချွမ်းကျင်၏ နှလုံးသားများဟာ ကြေကွဲမတက် ဖြစ်နေခဲ့သည်။ သူမတွင် ဒီသားမတိုင်ခင်က သမီးနှစ်ယောက်သာ ရှိခဲ့သည်။ သူမတွင် သားမရှိသည့်အတွက် လူအများက လှောင်ပြောင်ခဲ့ကြသည်။ တပ်မဟာထဲက လူများကလည်း သူမသည် သားတစ်ယောက် မမွေးပေးနိုင်ဘူးဟု ဝေဖန်ခဲ့ကြသည်။ သူမသည် နောင်တွင် သမီးတစ်ယောက် ထပ်မွေးဦးမည်ကို စိုးရိမ်သည့်အတွက် တာအိုဘုန်းတော်ကြီးထံသွားကာ အဆောင်ရေကို တောင်းခံခဲ့သည်။

နောက်ဆုံးမှာတော့ သူမသည် သားတစ်ယောက် ရရှိခဲ့ပြီး သူမရဲ့သားအား ရတနာတစ်ပါးလို ပြုစု စောင့်ရှောက်ခဲ့သည်။ သူမမိသားစုသည် ဘယ်လောက်ပဲ အခက်အခဲများနှင့် ကြုံကြိုက်နေပါစေ သူမရဲ့သားကိုတော့ ညှိုးငယ်အောင် မထားခဲ့ကြပါ။

သူမရဲ့သားက မကောင်းသော ဂျုံများဖြင့် ပြုလုပ်ထားသော ခေါက်ဆွဲအား စားခဲ့ရသည်ကို ကြားလိုက်ရသည့်အခါ သူမရဲ့ နှလုံးသားဟာ တဆစ်ဆစ် နာကျင်ခဲ့ရသည်။

“သား ဘာစားချင်လဲ။ အမေ ကြက်သားခေါက်ဆွဲ သွားလုပ်ပေးရမလား။ ဒါမှမဟုတ် ကြော်ထားတာကို ပေါက်စီနဲ့ စားမလား။”

ဝမ့်ယောင်ကျုံးက လက်ခါပြကာ ပြောခဲ့သည်။ “အဲဲဒါတွေက အဆင်ပြေပါတယ်။ အမေ အမေ့ကို သား မေးချင်နေတာ။ သားတို့ခြံထဲမှာ ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ သားအခန်းကို ခွဲလိုက်တာလဲ။”

ဝမ့်ယောင်ကျုံးသည် သူ့ရဲ့အခန်းအား ဝမ့်ရင်းမှ ပြန်ယူသွားသည်ကို သူ မသိခဲ့ဘဲ သူ့အခန်းမှာ တစ်ဖက် နံရံဘက်တွေ ရှိနေရသည့် အကြောင်းကိုသာ တွေးနေခဲ့သည်။

လီချွမ်းကျင်က ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ သူသည် အပြစ်ရှိသည့် စိတ်မျိုးကို တစိုးတစိမျှ မခံစားရဘဲ သူမသားအတွက်သာ စိတ်မကောင်း ဖြစ်နေခဲ့သည်။

မိဘများမှာ ညံ့ဖျင်းသည့်အတွက် သူတို့သားရဲ့ အခန်းကို အဆုံးရှုံးခံခဲ့ရသည်။

သူမ၏ မူလအကြံမှာ အခန်း လေးခန်းရှိသည်။ သူမသား လက်ထပ်ပြီးနောက်တွင် သူမသားနှင့် ချွေးမတို့က ကျယ်ဝန်းသော အခန်းမျိုးတွင် နေထိုင်ရန်အတွက် အခန်းနှစ်ခန်းကို ပေါင်းလိုက်ပြီး ကျန်တဲ့အခန်းကိုတော့ သူ့မြေးများအတွက် ထားထားမည်ဟု တွေးနေခဲ့သည်။ တကယ်လို့ သူမတွင် မြေးများစွာ ရှိလာသည့်အခါ နောက်ထပ် အိမ်တစ်လုံးကို ထပ်ဆောက်ပြီး မိသားစုတစ်ခုလုံးက သီးသန့် နေထိုင်နိုင်မည် ဖြစ်သည်။

သို့သော် တစ်လမပြည့်ခင်မှာပဲ သူ့သားရဲ့အိမ်ကို ဆုံးရှုံးခံလိုက်ရပြီး သူမတို့ ဘက်အခြမ်းက အခန်း နှစ်ခန်းသာ ကျန်ခဲ့သည်။

လီချွမ်းကျင်သည် မျက်ရည်များကို သုတ်ကာ မကြာသေးမီက အိမ်တွင် ဖြစ်ပျက်ခဲ့သော အရာများကို ပြန်ပြောပြခဲ့ပြီး ဝမ့်လင်းလင်း လုပ်သွားခဲ့သည့် အရာကိုလည်း လုံးဝ ချန်မထားခဲ့ပါ။

“သားရဲ့ အမငယ်ကလေ တကယ်ကို ယုတ်မာတဲ့သူမျိုး။ သူက အမေတို့ကို ပြဿနာထဲမှာ ထားခဲ့ပြီး ကိုယ်လွတ်ရုန်းသွားခဲ့တာ။ မင်းအဖေနဲ့ အမေ့ကို ဒီလို ပြဿနာတွေကြားမှာ ထားခဲ့တာ။ ရှုမိသားစုကလည်း အကြောင်းမရှိဘဲ အမေတို့ဆီလာပြီး ပိုက်ဆံ လာတောင်းသွားတယ်။ အဲ့ကောင်မ ဝမ့်ရင်းက ဘာမှ မပြောဘဲ ဒီတိုင်း ရပ်ကြည့်နေခဲ့တာ။ ပြီးတော့ ရှုရွှမ်းကလည်း သူတို့နှစ်ယောက် ယူကြတော့မယ်ဆိုပြီး ပြောတောင် ပြောသွားခဲ့သေးတယ်။”

ဝမ့်ယောင်ကျုံး - ?????

လီချွမ်းကျင်၏ စကားများထဲတွင် သတင်းများစွာ ပါဝင်နေသည့်အတွက် ဝမ့်ယောင်ကျုံးက မှင်သက်သွားခဲ့သည်။

'အိမ်မှာလည်း ပြဿနာတစ်ခု ဖြစ်သွားသေးတယ်။ အဲ့ဒါကြောင့် ဝမ့်ရင်းက တပ်မှူးဆီသွားပြီး သူမရဲ့ ပစ္စည်းတွေ ပိုက်ဆံတွေ ပြန်ပေးဖို့ကို ပြောသွားခဲ့တာ။'

'သားရဲ့ဒုတိယအမ ဝမ့်လင်းလင်းကလည်း ယောကျ်ား ပြောင်းချင်တယ်ဆိုပြီး အိမ်ကနေ တိတ်တိတ်လေး ထွက်သွားပြီး သူများအိမ်မှာ မိထွေး သွားလုပ်နေတာ။'

'ဝမ့်ရင်းကတော့ အရင်က သူ့ခဲအိုနဲ့ အတူပြန်လာပြီး အခုဆို သူတို့က လက်ထပ်ကြတော့မယ်။'

…..

ဝမ့်ယောင်ကျုံးက ကလေးတစ်ယောက် မဟုတ်ပါ။ သူသည် မိသားစုထဲတွင် ဖြစ်ပျက်သွားသော အကြောင်းအရာများကို ချက်ချင်း နားလည်သွားခဲ့ကာ အတော်လေးကို သဘောမတွေ့ခဲ့ပါ။

“….အမေက အိမ်ထဲမှာ ရှိသမျှ အရာအားလုံး သူ့ကို ပေးလိုက်တာလား။ ကျွန်တော့်ရဲ့ အိပ်ရာတွေ စောင်တွေကိုရောလား။”

လီချွမ်းကျင်က မျက်ရည်များ ကျလာခဲ့သည်။ “ငါ အဲ့ဒါတွေ အကုန်လုံးကို ပေးလိုက်ရတာပေါ့။ ငါတို့မိသားစုက ပိုက်ဆံမှ မပေးနိုင်တာ။ အဲ့တော့ တပ်မှူးက ရက်ရက်စက်ရက်နဲ့ အဲ့ဒါတွေအကုန်လုံး သူမကို ပြန်ပေးဖို့ ပြောခဲ့တာလေ။ သူ့ဆီကတောင် ငါဘာမှ အများကြီး မယူခဲ့မိပါဘူးဟယ်။”

လီချွမ်းကျင်က ထိုကိစ္စကြောင့် ဒေါသထွက်နေခဲ့သည်။ သူမသည် ဆုံးရှုံးမှုတစ်ခုကို ကြုံတွေ့လိုက်ရသလို ခံစားခဲ့ရသည်။

သူမသည် ဝမ့်ရင်းရဲ့ ပိုက်ဆံတွေကို သုံးပြီး ပစ္စည်းများ ဝယ်ယူခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ထိုပစ္စည်းများမှာ ဝယ်ယူဖို့ အတော်လေးကို ခက်ခဲပြီး လက်မှတ်တွေ၊ ထောက်ခံမှုတွေလည်း လိုအပ်သည်။ သူမသည် ထိုအရာများကို ရဖို့အတွက် ကြိုးကြိုးစားစား လုပ်ခဲ့ရသော်လည်း နောက်ဆုံးများတော့ ဝမ့်ရင်းအား ထိုပစ္စည်းများကို စျေးနည်းနည်းဖြင့် ပေးခဲ့ရသည်။

ထျန်းယိုဖု၏ လျှော့ပေးမှုများသည် ပိုက်ဆံပေါ်သာ မူတည်ပြီး တွက်ချက်ပေးခဲ့ပြီး သူတို့ရရှိခဲ့သော လက်မှတ်များ၊ ထောက်ခံမှုများကိုတောင် ထည့်တွက်ခြင်း မရှိခဲ့ပါ။

ဝမ့်ယောင်ကျုံးက ဒေါသထွက်သွားခဲ့သည်။ သူသည် သူ့အဖေနှင့် အတွေးတူပြီး ထိုပစ္စည်းကိုသာ မက်မောသည့် သူ့အမေထင် ပိုပြီး တွေးတောနိုင်သည်။

ဝမ့်ယောင်ကျုံးသည် သူ့ဦးလေးတို့လင်မယား ဆုံးသွားပြီးကတည်းက ဝမ့်ရင်းသည် တစ်ဦးတည်းသော သမီးဖြစ်ပြီး သားတစ်ယောက်မှ မရှိခဲ့ပါ။ ထို့ကြောင့် သူ့ဦးလေးရဲ့ ပစ္စည်းများသည် သူ့အပိုင်သာ ဖြစ်သင့်သည်ဟု တွေးနေခဲ့သည်။ သူသည် ဝမ့်မိသားစုထဲတွင် တစ်ဦးတည်းသော ယောက်ျားလေး ဖြစ်ပြီး ဒီမျိုးဆက်မှာလည်း ယောက်ျားလေးဟူ၍ သူတစ်ယောက်တည်းသာ ရှိသည်။ သူ့ဦးလေး မဆုံးပါးသွားဘဲ အသက် ရှင်နေခဲ့ရင်တောင် သူ့ကို သူ့အဖေနှင့်အတူ ပြုစု စောင့်ရှောက်ပေးရမည် ဖြစ်သည်။

အဲ့လိုမှမဟုတ်လို့ သူသေသွားခဲ့ရင် ဘယ်သူကများ ဝမ်းနည်း ကြေကွဲခြင်း ဝတ်စုံကို ဝတ်ကာ သူ့အတွက် ဆုတောင်းပေးပါဦးမလဲ။

သေချာသည်မှာ အခုချိန်တွင် သူသည် သူ့ဦးလေးအတွက် အသက်နဲ့ကိုယ် အိုးစားကွဲဖို့အတွက် မလုပ်ပေးရသေးပါ။ အကြောင်းမှာ သူ့ဦးလေးငယ်က သေပြီလားဆိုတာကို အခုချိန်ထိ အတည်မပြရသေးပါ။ တကယ်လို့ သူ့ရဲ့ ဦးလေးရဲ့ ရုပ်ကြွင်းကို ပြန်ပို့ပြီး ဝမ့်မိသားစု၏ အုပ်ဂူတွင် မြှုပ်နှံမည်ဆိုပါက အဲ့နေရာကို ပထမဆုံး သွားရမည့်သူမှာ သူပဲ မဟုတ်ပါလား။

ဒီလို အရေးကြီးတဲ့ ကိစ္စတစ်ခုကို ဝမ့်ရင်းက လုပ်နိုင်မှာလား။

သူသည် ကိစ္စကြီး တစ်ခုကို သေချာ လုပ်ထားပြီးသည့်အတွက် သူ့ဦးလေးအိမ်က ပစ္စည်းများမှာ သူ့အပိုင် ဘာလို့ မဖြစ်ရမှာလဲ။

ဝမ့်ယောင်ကျုံးက မတ်တပ်ထရပ်ကာ ပြဿနာ ရှာဖို့အတွက် ဘေးအခန်းကို ထွက်သွားခဲ့သည်။ “ကျွန်တော် ဝမ့်ရင်းကို သွားမေးမယ်။ သူ ဘာလို့ ဒါမျိုးတွေကို လုပ်ခဲ့ရတာလဲဆိုတာ ကျွန်တော် သွားမေးမယ်။”

ဝမ့်ယောင်ကျုံးက ယုံကြည်ချက်တွေ ပြည့်နေခဲ့သည်။ သူက သေချာပေါက် ဝမ့်ရင်းကို ပြောစရာ စကားမဲ့သွားအောင် လုပ်နိုင်မည်ဟု ခံစားနေခဲ့ရသည်။

သူ့မိဘများက ထိုအရာကို မမျှော်လင့်ထားခဲ့ကြပါ။ အခုချိန်တွင် ဝမ့်ရင်းမှာ ဘာအားနည်းချက်မှ ရှိနေပုံ မရပါ။ တပ်မဟာက သူမဘက်တွင် ရှိနေသည့်အတွက် သူမလုပ်ချင်သည့် ဘယ်အရာကိုမဆို သူမ လုပ်နိုင်သည်။ သို့သော် သူမသည် သူမရဲ့ မိဘများ အကြောင်းကိုတော့ မတွေးခဲ့ပါ။

လွန်ခဲ့သောနှစ်နှစ် သူမအမေ ဆုံးပါးသွားတုန်းက အသက်နဲ့ကိုယ် အိုးစားခွဲသည့် ကိစ္စကို ပြုလုပ်ပေးခဲ့သူမှာ ဝမ့်ယောင်ကျုံး ဖြစ်သည်။

ဒီကိစ္စကို အခုထိ စာရင်း မရှင်းရသေးဘူး။

တကယ်လို့ သူမက ဒီအိမ်မှာနေဖို့ ခုခံနေဦးမယ်ဆိုလည်း အဆင်ပြေသေးတယ်။ ဦးလေးငယ်ရဲ့ အသုဘရောက်ရင် သူ့မရဲ့ လက် တစ်ချောင်းတောင် မြှောက်လို့ရမယ် ထင်မနေနဲ့။

ဝမ့်ယောင်ကျုံးက တံခါးကို ကန်ဖွင့်လိုက်ပြီး ဒေါသတကြီး ကြည့်နေခဲ့သည်။ လီချွမ်းကျင်ကလည်း သူ့အနောက်က လိုက်လာကာ နာကျင်စွာ ငိုနေခဲ့သည်။ “နင်က ဝမ့်ရင်းရဲ့တံခါးကို ကန်လိုက်တယ်။ ဘာလို့ ကိုယ့်အခန်းတံခါးကိုယ် ကန်လိုက်တာလဲ။”

ဝမ့်ယောင်ကျုံးသည် ထိုတံခါးအား ကန်ချင်သည့်စိတ်ကို မထိန်းနိုင်ခဲ့ပါ။

ရှုရွှမ်းက ဝမ့်ရင်းအတွက် နံရံကို ဆောက်ပေးတုန်းက သူမရဲ့ အခန်းတံခါးကိုလည်း လဲပေးခဲ့သည်။ ရှုရွှမ်းသည် မာပြီး လေးလံသော စျေးကြီးသည့် သစ်သားကို ဝယ်ယူခဲ့သည်။ လက်သမားဆရာက မြန်မြန်ပဲ တံခါးကိုလုပ်ပေးကာ ကြေးနီ လက်ကိုင်ကြီး နှစ်ခုကို ထိုတံခါးတွင် တပ်ပေးခဲ့သည်။

ထိုကဲ့သို့ မြင့်မားသော ခြံဝန်းထဲက နံရံကြီးတွက် ခမ်းနားသော တံခါးနှစ်ချပ် ရှိနေသည်မှာ လူတိုင်းကို အားကျသွားစေခဲ့သည်။ သူတို့အားလုံးက ထိုတံခါးသည် ကြွယ်ဝ ချမ်းသာသော မြေပိုင်ရှင်များ၏ အိမ်တွင်သာ တွေ့ရသော တံခါးမျိုးဖြစ်ကြောင်း ပြောခဲ့သည်။

ဝမ့်ယောင်ကျုံးသည် ထိုတံခါးကို ကန်ဖွင့်ခဲ့သော်လည်း မပွင့်သွားဘဲ သူ့ခြေထောက်သာ နာသွားခဲ့သည်။

ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ ဒေါသများမှာ ငယ်ထိပ်သို့ ရောက်သွားခဲ့သည်။

သူသည် တံခါးကို ထုရိုက်ကာ ခေါ်ခဲ့သည်။ “ဝမ့်ရင်း၊ ထွက်လာခဲ့စမ်း။”

အချိန်အတန်ကြာ တံခါးခေါက်နေခဲ့သဖြင့် သူ့လက်များ နာကျင်လာခဲ့ရသော်လည်း ဝမ့်ရင်းကတော့ ထွက်မလာခဲ့ပါ။

ဝမ့်ယောင်ကျုံးက ဒေါသထွက်နေခဲ့သော်လည်း ဘာမှ မလုပ်နိုင်ခဲ့ပါ။

သူသည် အပြေးလေး ဝင်သွားချင်သော်လည်း တံခါးက ဖွင့်ဖို့တောင် အတော်လေး လေးလံနေခဲ့သည်။ ထို့အပြင် နံရံကလည်း တွယ်တက်ဖို့မှာ မြင့်လွန်းနေခဲ့သည်။

သူသည် ဝမ့်ရင်းကို အော်ငေါက်ချင်သော်လည်း သူမကတော့ ဘာမှလည်း မတုံ့ပြန်ခဲ့သလို တံခါးလည်း မဖွင့်ပေးခဲ့ပါ။

ဝမ့်ယောင်ကျုံးသည် ဝမ့်လင်းလင်းနှင့် အဆက်အသွယ် မရှိသော်လည်း ဒီတစ်ကြိမ်မှာတော့ သူ့တွင် တူညီသည့် အကြံတစ်ခု ရှိနေခဲ့သည်။

ခွေးက လိပ်တစ်ကောင်ကို ကိုက်ချင်နေသော်လည်း လိပ်ကို ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ပါ။

အဆုံးမှာတော့ သူ့လက်က ဒဏ်ရာများ သက်သာအောင် လူပ်ဖို့အတွက် အိမ်ကိုသာ ပြန်ရတော့မည် ဖြစ်သည်။

ဝမ့်ရင်းက ဘယ်ရောက်နေတာလဲ။

သူမက ဆေးပင်တွေ သွားခူးဖို့ တောင်ပေါ် တက်သွားတယ်။

ဝမ့်ရင်းသည် ခြံဝန်းထဲတွင် သူ့ဝမ်းကွဲမောင်၏ အသံကို ခနတာ ကြားလိုက်ရရုံဖြင့် စိတ်အနှောက်ယှက် ဖြစ်သွားခဲ့သည်။

ဝမ့်ရင်းသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို ရရှိပြီးနောက် သူမဦးလေး မိသားစု၏ စရိုက်များအတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ပါ။ သူမရဲ့ ဦးလေးသည် ကောင်းမလိုလိုနှင့် တစ်ကိုယ်ကောင်းဆန်သည်။ သူမရဲ့အဒေါ်က ရူးမိုက်ပြီး အမြင်ကျဥ်းကာ မနာလိုစိတ် ရှိသည်။ ထို့အပြင် သူမသည် အိမ်ထောင်ကျသွားပြီဖြစ်သော သူမရဲ့သမီးကြီး ဝမ့်ပင်းပင်း အပေါ်မှာလည်း သိပ်ပြီး ခံစားချက် မရှိခဲ့ပါ။ သို့သော် မူလပိုင်ရှင်သည်လည်း သူမရဲ့ အကြီးဆုံးအစ်မ အပေါ်မှာ သိပ်ပြီး အမြင်မကြည်ခဲ့ပါ။ ဒုတိယ ဝမ်းကွဲအစ်မ ဝမ့်လင်းလင်းသည် ပြန်လည် မွေးဖွားလာခဲ့သူ ဖြစ်သည်။

ထိုအရာသည် ဒီကိစ္စထဲတွင် လက်ခံပေးနိုင်မည့် အရာတစ်ခု မဟုတ်ပါ။

ဝမ့်ယောင်ကျုံးသည် သူတို့အားလုံးထဲတွင် အတွေးတတ်ဆုံး သူတစ်ယောက် ဖြစ်သည်။

ဝမ့်ရင်းက အဲ့လိုလူမျိုးနှင့် စကားတွေပြောပြီး အချိန်ဖြုန်းရမည်ကို ပျင်းနေခဲ့သည်။ မည်သို့ပင် ဖြစ်စေကာမူ သူတို့အားလုံးကို နံရံတစ်ခုက ခြားထားလိုက်ပြီး ဘယ်သူကမှလည်း သူမတို့ကို မနှောက်ယှက်နိုင်တော့ပါ။ ဝမ့်ယောင်ကျုံးက သူမအိမ်ကို ရိုက်နှက်ဖို့အတွက် ရောက်လာခဲ့ပြီး ထိုကဲ့သို့သော အဓိပ္ပါယ်မရှိသော အရာများကို ပြောဆိုဖို့မှာလည်း ဘာအကြောင်းမှ ရှိမနေခဲ့ပါ။

ဝမ့်ရင်းက ကျောပိုးအိတ်ကိုသယ်ကာ တောင်ပေါ်သို့ တက်သွားခဲ့သည်။

ဒီရက်ပိုင်း သူတို့မိသားစုသည် ခြံထဲတွင် နံရံဆောက်ရင်း အလုပ်ရှုပ်နေခဲ့ကြသည်။ အစတုန်းက ဝမ့်ရင်းသည် သူမ အတော်လေးကို အလုပ်ရှုပ်နေမည်ဟု တွေးမိခဲ့သော်လည်း ရှုရွှမ်းနှင့် အမျိုးသမီးကြီးရှုတို့က အရာအားလုံးကို စီစဥ်သွားခဲ့ပြီး ဘာတစ်ခုမှ သူမကို ဝင်မပါခိုင်းခဲ့ပါ။

ခြံထဲက နံရံကို ဆောက်နေကြသော သူများထဲမှ အနည်းငယ်သည် အမျိုးသမီးကြီး ရှု၏အမေဘက်မှ တွေ့ခဲ့ရသော လူငယ်များသာ ဖြစ်သည်။ ကျန်သော သူများမှာ ထိုအဖြစ်အပျက် ပြီးသည့်နောက် သူမတို့နှင့် အဆက်အသွယ် ရှိကြသူများ ဖြစ်သည်။ ရှုရွှမ်းသည် အဖွဲ့ထဲတွင် အကျင့်စာရိတ္တ ကောင်းမွန်သော လူငယ် အချို့ကို တွေ့ရှိခဲ့ရသည်။ လူဆယ့်နှစ်ယောက်ကျော်က အတူတူ အလုပ်လုပ်နေခဲ့ပြီး ဒုံးပျံ တပ်ထားသလို အရှိန်မျိုးဖြင့် မြန်မြန်ဆန်ဆန် လုပ်နေခဲ့ကြသည်။

အမျိုးသမီးကြီး မစ္စရှုသည် စားသောက်ဆိုင်မှ ပေါက်ဆီနှင့် ဟင်းပွဲများကို ဝယ်ယူဖို့အတွက် ရှုရွှမ်းအား ပြောခဲ့သည်။ နေ့လည်ပိုင်းတွင် အမျိုးသမီးကြီး မစ္စရှုက ချက်ပြုတ်နေခဲ့သည်။ သူမသည် တောင်ပေါ်တွင် ဖမ်းယူလာခဲ့သော ယုန်သားကို ဝက်ဆီ၊ ဂေါ်ဖီ၊ အာလူးနှင့် ကြာဇံတို့ကို ရောထည့်ကာ ဟင်းအိုးကြီး တစ်အိုးကို ချက်ပြုတ်ခဲ့သည်။ သူမသည် အခြားသူများကိုလည်း အိမ်တွင်ကျန်ခဲ့သည့် အစားအစာများကို ယူခဲ့ဖို့ ပြောလိုက်သည်။

တပ်မဟာထဲတွင် ထိုကဲ့သို့သော အလုပ်မျိုးသည် ပိုက်ဆံ ပေးစရာမလိုပါ။ တကယ်လို့ မင်းတို့ကို မိသားစုကြီးတွေထဲက လူတွေက ခေါ်တယ်ဆိုရင် လူတွေအများကြီးက သူတို့ဆီ သွားရမှာပဲ။ တကယ်လို့ မင်းတို့မှာ အခြား မိသားစုလေးတွေနဲ့ အဆက်အသွယ် ရှိတယ်ဆိုရင် သူတို့ကိုပါ ခေါ်လာလို့ရတယ်။ မင်းကို ငါကူညီမယ်။ မင်းက ငါ့ကိုပြန်ကူညီ။ ပြီးရင် ငါတို့တွေ နေ့လည်ကျရင် ထမင်းအတူတူ စားကြမယ်။ ဒါပါပဲ။

ရှုမိသားစုသည် ငွေကြေးမပြေလည်သော မိသားစုမျိုး မဟုတ်ပါ။ ထို့ကြောင့် နေ့လည်ဘက်တွင် တစ်ယောက်ဆီအတွက် ယုန်သားဟင်းတစ်ခွက်၊ ဝက်သားတုံး နှစ်တုံးနှင့် ၂၀၀ ဂရမ်ရှိသော ဂျုံမှုန့်ဖြင့် ပြုလုပ်ထားသော ပေါက်ဆီနှစ်လုံးကို ကျွေးခဲ့သည်။ နှစ်သစ်ကူးအတွင်း လုပ်ကိုင်ပေးသည့် အချို့သော မိသားစုများထက် ပိုပြီး သာလွန်သည်။

အစပိုင်းတွင် အချို့သော သူများသည် ရှုရွှမ်းက သူတို့ကို မခေါ်ဘူးဟု တွေးကာ စိတ်သက်သာရာ ရခဲ့ကြသည်။ သို့သော် နောက်တစ်နေ့မှာတော့ အချို့ လူများက ဆက်ပြီး မထိုင်နိုင်ကြတော့ပါ။ အသားတုံးကြီးများ၏ အနံ့အရသာမှာ လူအများရဲ့ နှာခေါင်းထဲကို ဆွဲဆောင်နေခဲ့သည်။ အမျိုးသမီးကြီး မစ္စရှုတို့ မိသားစုထဲတွင် စားဖိုမှူး နှစ်ယောက် ရှိနေခဲ့သည်။ သူမ ငယ်စဥ်အခါတုန်းက သူမ အမျိုးသား ချက်ပြုတ်ပေးတာကိုသာ စားခဲ့ပြီး အသက်ကြီးလာသည့်အခါမှာတော့ သူမသားက ချက်ကျွေးခဲ့သည်။ သူမအမျိုးသား၏ လွှမ်းမိုးမှုကြောင့် သူမရဲ့ဟင်းချက် စွမ်းရည်မှာလည်း ကောင်းမွန်လှသည်။

ယုန်သားဟင်းသည် တင်းတင်းလေးနှင့် ဝါးလို့ကောင်းပြီး ဝက်ဆီကိုလည်း ဟင်းထဲတွင် စေတနာရှိရှိ ထည့်ပေးထားသည့်အတွက် ထိုဟင်းရဲ့ ရနံ့သည် တပ်မဟာ တစ်ခုလုံး၌ ပျံ့နှံ့သွားခဲ့သည်။

သူတို့က ရှုရွှမ်းအား ကူညီရမလားဟု ထပ်မံ မေးမြန်းလာသည့်အခါ သူ့ဘက်က ငြင်းဆန်ခဲ့ကာ ဒါက ခြံဝန်းအတွက် နံရံတစ်ခု ဆောက်တာသာ ဖြစ်သည့်အတွက် လူအများကြီး မလိုကြောင်း ပြန်ပြောခဲ့သည်။

ထိုလူများက အိမ်ကို ပြန်သွားကြသည့်အခါ သူတို့ လက်လွှတ်လိုက်ရသည့် အရာကို ပြန်တွေးပြီး ကိုယ့်ပေါင်ကိုယ် ပြန်ရိုက်ခဲ့ကြသည်။

All Chapters