အခန်း (၄၀)
Vol. 4 Ch. 40
အစတုန်းက ဒီမြို့ကိုသွားမည့် အစီအစဥ်က သူမအကြီးဆုံး ဦးလေးရဲ့ အကြံဖြစ်သည်။ ဘာလို့လဲဆိုတော့ မိသားစုထဲမှာ ကလေးတွေကလည်း အများကြီး ရှိနေပြီး ဆောင်းတွင်းမှာ စားဖို့ကလည်း မလုံလောက်ပေ။ သူမတို့က မြို့ကိုသွားပြီး စားစရာတွေဝယ်ဖို့ အခွင့်အရေးကို ရအောင် ယူမှဖြစ်မည်။
အကြောင်းပြချက် တစ်ခုအရ သူမကို ရွာမှာ ပြန်ပြီး အစားထိုးလို့ ရသော်လည်း ကျောက်မိသားစုမှ အမျိုးသမီးကျောက်ရဲ့ ဘဝမှာ အရှုံးသမား တစ်ယောက်သာ ဖြစ်သည်။ သူမကို တပ်မဟာထဲက လူအနည်းငယ်လောက်ကသာ အမြင်ကြည်ပြီး သူမကို အစားထိုးဖို့အတွက်လည်း ဆန္ဒမရှိကြပါ။ တကယ်လို့ သူမသာ အခြားတပ်မဟာဆီ သွားခဲ့ပါက သတင်းပို့ခံရမည်ကို တွေးပူနေခဲ့သည်။
'သူမ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ကောင်စီမြို့ကို သွားပြီး အဲ့ဒါကိုဝယ်လို့ရမယ့် မှောင်ခိုစျေးကွက်တစ်ခု သွားရှာဖို့ပဲ။'
'ဒါက လွယ်တဲ့ကိစ္စတော့လည်း မဟုတ်ဘူး။ ကောင်စီမြို့ကို သွားရတာက ဝေးလည်း မဝေးသလို ပင်လည်း မပင်ပန်ဘူး။ ဒါပေမယ့် မှောင်ခိုစျေးကွက် ရှာဖို့က ပိုပြီး ခက်ခဲတယ်။ ပြီးတော့ သူမက ဖမ်းခံရတာတွေကလည်း ရှောင်ရဦးမယ်။ အရေးအကြီးဆုံးကတော့ သူတို့တွေ ရှာတွေ့မှာကို ရှောင်ဖို့အတွက် တစ်လမ်းလုံး လမ်းလျှောက်သွားရမှာ။'
အစပိုင်းတွင် ထိုကိစ္စက ဝမ့်လင်းလင်းရဲ့ တာဝန် မဟုတ်ခဲ့ပါ။ သို့သော် သူမရဲ့ ယောင်းမများက အချင်းချင်း လွှဲချရင်း ဝမ့်လင်းလင်းက သူမရဲ့ အကြီးဆုံး ယောင်းမအပေါ်မှာ အမှားလုပ်မိခဲ့သည်။ ထို့ကြောင့် အကြီးဆုံးယောင်းမက သူမရဲ့ ယောက်ျားကို အရူးလုပ်ကာ ဒီကိစ္စကို ဝမ့်လင်းလင်းအပေါ် ပုံချခဲ့သည်။
ဝမ့်လင်းလင်းက သူ့လက်သူ ပွတ်နေခဲ့သည်။ သူမသည် အဝတ်ပါးလေးကိုသာ ဝတ်ထားခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူမသည် ကလေးငယ် နှစ်ယောက်အတွက် ချည်သားဖြင့် ပြုလုပ်ထားသော အနွေးထည်များကို ကျောက်မိသားစုထံ ယူသွားခဲ့သည်။ ထို့ကြောင့် သူမတွင် ဘာအနွေးထည်မှ မရှိတော့ပါ။
ဝမ့်ရင်းနှင့် ရှုရွှမ်းတို့ကို ကြည့်နေရင်း ဝမ့်လင်းလင်းရဲ့ ခံစားချက်များက ကောင်းလာခဲ့သည်။ ဝမ့်ရင်းကလည်း အဝတ်ဟောင်းများကိုသာ ဝတ်ထားခဲ့သည်။
ရှုရွှမ်းက သူမအပေါ် မကောင်းဘူးဆိုတာကို မြင်နိုင်သည်။
ဝမ့်လင်းလင်းက သူမရဲ့ အတိတ်ဘဝကို တွေးကာ သူမကိုယ်သူမ အားပေးနေခဲ့သည်။ ဘာတွေပဲ ဖြစ်လာပါစေ၊ သူမ ရွေးချယ်ထားသည့် အမျိုးသားသည် အနာဂတ်တွင် အချမ်းသာဆုံး လူတစ်ယောက် ဖြစ်လာလိမ့်မည်။ ထိုအချိန်တွင် ဝမ့်ရင်းက ဆင်းရဲသော စားဖိုမှူးတစ်ယောက်၏ ဇနီးသာ ဖြစ်ပြီး ကျေးလက်ဒေသတွင် ဆင်းဆင်းရဲရဲ နေနေရမည် ဖြစ်သည်။ သူမက မိသားစုနှင့် ခွဲထွက်ပြီး ကလေးနှစ်ယောက်နှင့် နေသည့်အခါ ကျောက်ကျွင်းက ပြန်လာချိန်တွင် အခြေအနေတစ်ခုကို ဖန်တီးနိုင်လိမ့်မည် ဖြစ်သည်။ တကယ်လို့ သူမသည် ကျောက်ကျွင်းကို သူ့အလုပ်က စောစောထွက်အောင် ပြုလုပ်နိုင်ပါက သူတို့ရဲ့ဘဝဟာ ပိုပြီး ကောင်းလာလိမ့်မည် ဖြစ်သည်။
ဝမ့်လင်းလင်းက မြို့ကိုသွားသည့် လမ်းတစ်လျှောက်လုံးကို သူမရဲ့ ကြည်နူးဖို့ကောင်းသော အတွေးများနှင့်သာ ခရီးဆက်လာခဲ့သည်။
သူတို့ ကားပေါ်က ဆင်းလာသည့်တိုင်အောင် ဝမ့်ရင်းက ဝမ့်လင်းလင်းသည် စိတ်ခုစရာ တစ်ခုခုကို ပြောတော့မည်ဟု တွေးနေခဲ့သည်။ သို့သော် သူတို့က မြို့သို့ ရောက်သည့်အခါ ဝမ့်လင်းလင်းက သူမနှင့် ရှုရွှမ်းကို မတူသလို မတန်သလို ကြည့်ကာ ထွက်သွားခဲ့သည်။ ဝမ့်ရင်းကလည်း စိတ်ရှုပ်ကာ ကျန်နေခဲ့သည်။
ရှုရွှမ်းက မြို့သို့ ယူလာသည့် ခြင်းတောင်းကို သယ်ကာ ဝမ့်ရင်းအား မေးခဲ့သည်။ “ငါ့ဆရာဆီ အရင်ဆုံး သွားကြမလား။ ဒါမှမဟုတ် နေ့ခင်းဘက်ကျရင် သမဝါယမ စျေးထဲမှာ ငါတို့ လိုတာတွေ သွားဝယ်ပြီး ညစာ သွားစားကြမလား။”
ဝမ့်ရင်းကတော့ စိတ်မဝင်စားခဲ့ပါ။ “သွားမယ်လေ။”
သူမသည် ထိုမြို့နှင့် မရင်းနှီးပါ။ ထို့ကြောင့် ထုံးစံအတိုင်း သူမက ရှုရွှမ်းနောက်ကိုသာ လိုက်သွားခဲ့သည်။
ရှုရွှမ်းက အိတ်ကိုသယ်ပြီး လမ်းတစ်လျှောက် လျှောက်လာကာ ဝမ့်ရင်းကလည်း အနောက်ကနေ လိုက်လာခဲ့သည်။ ဒါဟာ အချိန်တစ်ခုအထိသာ ဖြစ်သည်။ ရွာထဲက လူများအရ အရင်တုန်းက မြို့ထဲတွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကို အတူတူ တွေ့ပါက အဖမ်းခံရမည် ဖြစ်သည်။ သူတို့ကို အရွယ်ရောက်ပြီးသူများဟု အပြောခံရမည် ဖြစ်သည်။ အကြောင်းမှာ သူတို့တွင် ဘာလက်ထပ်စာချုပ်မှ ရှိမနေခဲ့ပါ။
သူမကြားထားတာက တကယ်လို့ သူတို့က အဖမ်းခံရရင် အတန်းတွေတက်ဖို့ ရက်နည်းနည်းလောက် ထိန်းသိမ်းခံရလိမ့်မယ်တဲ့။ သူတို့ရဲ့ လုပ်ခ ရမှတ်တွေကိုလည်း အစီရင်ခံစာ တင်ရဦးမယ်။
ထို့ကြောင့် လမ်းပေါ်က အမျိုးသမီးနှင့် အမျိုးသားများ၊ အတွဲများကတောင် သပ်သပ်စီ လမ်းလျှောက်ကြသည်။ လက်မောင်းတွင် အနီရောင် လက်ပတ်ကို ပတ်ထားသော သူများက အထင်လွဲမည်ကို ကြောက်သည့် အတွက်ကြောင့် ထိုကဲ့သို့သော လက်ချင်းချိတ်ပြီး လမ်းလျှောက်သည့် ကိစ္စမျိုးက သေချာပေါက် ရှိမည် မဟုတ်ပါ။
ရှုရွှမ်းက ဝမ့်ရင်းကို အိမ်ပုလေးတွေရှိသည့် လမ်းတစ်လျှောက်ကနေ ခေါ်သွားပြီး နောက်ဖေး ခြံစည်းရိုးကြီးများ ကြားထဲကနေ ခေါ်သွားခဲ့သည်။
ရှုရွှမ်းက ဝမ့်ရင်းအား အသံတိုးတိုးလေးဖြင့် မိတ်ဆက်ပေးခဲ့သည်။ “ဒီနေရာက အိမ်တွေက အစကတည်းက ငါ့ဆရာ ပိုင်တာလေ။ နောက်ပိုင်း ငါ့ဆရာက ဒီအိမ်တွေကို လှူလိုက်ပြီး သူ့အတွက်သူ ဒီခြံစည်းကိုပဲ ချန်ထားခဲ့တာ။ ဒါပေမယ့် အခုချိန် ခြံထဲမှာက မိသားစုတွေ အများကြီး နေနေကြတာ။ ဒါကို နိုင်ငံပိုင် စက်ရုံဘက်ကနေ ငါ့ဆရာကို ငှားထားတာလို့ ပြောလို့ရတယ်။”
ရှုရွှမ်းရဲ့ဆရာကို ချမ်တုန့်ဟု ခေါ်ကြသည်။ သူသည် လွတ်လပ်ရေး လှုပ်ရှားမှု မစခင်ကတည်းက ဆရာတစ်ယောက် ဖြစ်ခဲ့သည်။ သူတို့ရဲ့မိသားစုသည် ကြံစက်ရုံ လုပ်ကိုင်ပြီး အခြား လုပ်ငန်းများစွာလည်း လုပ်ကိုင်သည်။ နောက်ပိုင်း ကမ္ဘာကြီး မငြိမ်မသက် ဖြစ်လာသည့်အခါ သူသည် စီးပွားရေးများ အားလုံးကို ရောင်းချလိုက်ပြီး နန့်ရှောင်ရဲ့ မြို့လေးတွင် နေထိုင်ခဲ့သည်။ ဘဝတွင် သူအကြိုက်ဆုံး အရာမှာ စားရတာဖြစ်သည်။ သူ့ရဲ့ ဟင်းချက်စွမ်းရည်မှာ သာမန်ပဲ ဖြစ်သော်လည်း အရမ်းကို ချေးများသည်။
ဝမ့်ရင်းသည် သူမအရှေ့တွင် ရှိနေသော ခြံဝန်း အကျယ်ကြီးကို ကြည့်လိုက်သည်။ ထိုခြံဝန်းကြီးသည် လေးထောင့်ကွက်ပုံစံ ဖြစ်ပြီး အဓိက အခန်းနှင့် ဘေးခန်းများ ရှိသည်။ သို့သော် အိမ်နောက်ဖေး မရှိဘဲ နံရံကြီးသာ ရှိသည်။ အနောက်ဘက် ခြံဝန်းနားတွင် နောက်ထပ် နံရံတစ်ခုရှိသည့်အတွက် အဲ့ဒါက ဒုတိယ တံတိုင်း ဖြစ်လိမ့်မည်။
ရှုရွှမ်းသည် ဝမ့်ရင်းအား အနောက်ဘက်ရှိ အိမ်မကြီးဆီသို့ ခေါ်သွားခဲ့သည်။ လမ်းတစ်လျှောက် ဝမ့်ရင်းသည် ခြံစည်းရိုးပေါ်တွင် အဝတ်များ လှန်းထားသည်ကို တွေ့ခဲ့ရသည်။ အိမ်တိုင်းရဲ့တံခါးများတွင် ကျောက်မီးသွေးများ ပုံထားသည်။ ထို့ပြင် ခြံဝန်းထဲတွင် အများသုံး ရေကူးကန်လည်း ပါရှိသည်။
ရှုရွှမ်း - “ငါ့ဆရာက အနောက်ဘက်က အိမ်မကြီး သုံးအိမ်မှာ တစ်ယောက်တည်း နေတာ။ သူက ကောင်စီမြို့က နိုင်ငံပိုင် အဆင့်ရှိတဲ့ စားသောက်ဆိုင်မှာ စားဖိုမှူးအနေနဲ့ အလုပ်လုပ်တာ။ သူက လူပျိုကြီး။ ပြီးတော့ ကလေးလည်း မရှိဘူး။”
လူနှစ်ယောက်သည် အိမ်မကြီးထဲက အခန်းသုံးခန်းရှိ တံခါးနားတွင် ထိုင်နေသော ဝဝနဲ့ အဖိုးကြီးဆီ လမ်းလျှောက်သွားခဲ့သည်။
ဝဝနဲ့ အဖိုးကြီးသည် ဆံပင်လည်း မရှိတော့ဘဲ ပေါက်စီ တစ်လုံးနှင့်တောင် တူသလို ရှိနေသည်။ သူ့မျက်နှာသည် ပျော်နေပုံရပြီး မျက်လုံးထောင့်တွင် ရယ်ထားသည့်အတွက် အရေးအကြောင်းများ ပေါ်နေခဲ့သည်။ သူ့ရဲ့အသက်ကို ပြောဖို့က ခက်ခဲသည်။ သူသည် ငါးဆယ်ကျော် ခြောက်ဆယ်အရွယ်ဟု ထင်ရသော်လည်း သူ့ရဲ့အသက်မှာ ခုနစ်ဆယ် ဖြစ်သည်ဟု ပြောလိုက်ပါက အရမ်းကြီး ချဲ့ကားသလို ဖြစ်နေလိမ့်မည်။
“အို၊ ဒီနေ့ ငါ့ကို စကားများတဲ့ သူတစ်ယောက်က ခေါ်နေတဲ့အသံကို ကြားလိုက်ပါတယ်လို့။ အဲ့ဒါကြောင့် ငါတော့ ဒီနေ့ အချိန်ကောင်းလေးတွေ ရတော့မယ်။”
ဝဝနဲ့အဖိုးအိုသည် ရှုရွှမ်းကို မြင်သည့်အခါ မတ်တပ် ထရပ်ခဲ့ပြီး သူအားယူကာ ထရပ်လိုက်သည့်အတွက် ထိုင်ခုံက ခါယမ်းသွားခဲ့သည်။
အဖိုးအို၏ မျက်ဝန်းများမှာ ရွှန်းလဲ့ တောက်ပသွားခဲ့သည်။ “စည်းကမ်းရှိတာပဲ။ ဘယ်လိုဖြစ်လို့ ဒီနေ့ မင်းက ငါ့ကို လာတွေ့တာလဲ။”
ရှုရွှမ်းက ဝမ့်ရင်းကိုဆွဲကာ ပြောခဲ့သည်။ “ဒါ ကျွန်တော်နဲ့ စေ့စပ်ထားတဲ့သူပါ။ နောက်လ ၂၆ ရက်နေ့ ကျွန်တော်တို့ လက်ထပ်ကြတော့မှာ။ ကျွန်တော် ဆရာ့ကို အဲ့အကြောင်း ပြောပြမလို့ပါ။”
ဝဝနဲ့အဖိုးအို - "လက်ထပ်တာက ကောင်းတာပေါ့။ ဒီကောင်မလေးက မင်းနဲ့လည်း သင့်တော်တယ်။ မင်းတို့က မင်္ဂလာပွဲလို့ ၂၆ ရက်နေ့လို့ သတ်မှတ်လိုက်ပြီးပြီမလား။"
ရှုရွှမ်း၏ မျက်နှာသည် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ “ဟုတ်တယ်။ ဒါပေမယ့် ကျွန်တော်တော့ မချက်ဘူး။” 'ဘယ်သူကများ ကိုယ့် မင်္ဂလာဆောင် ပွဲအတွက် ကိုယ်တိုင်ချက်တာမျိုးကို ဆရာက တွေ့ဖူးလို့လဲ။'
ဝဝနဲ့အဖိုးကြီးက အတော်လေး စိတ်ပျက်သွားပုံရသည်။ “အဲဲဒါကြောင့် မင်းက ငါ့ကို မင်းပွဲအတွက် ပြင်ပေးဖို့ လာပြောတာမလား။”
ရှုရွှမ်း - “ဟုတ် အမှန်ပါပဲ။ အဓိကကတော့ ကျွန်တော့်ရဲ့ မင်္ဂလာပွဲအတွက် ပစ္စည်းအချို့ လိုလို့ပါ။ အဲ့ဒါကြောင့် ကျွန်တော် ဆရာနဲ့ လက်မှတ်တွေ လဲချင်လို့ပါ။”
ဝဝနဲ့အဖိုးအိုတွင် ဆရာတစ်ယောက်၏ မာန်မာနမျိုး မရှိပါ။ “ကောင်းပြီ၊ ကောင်းပြီ။ ဒီနေ့ မင်းက ဒီလောက် အိတ်အကြီးကြီးနဲ့ ဘာတွေ ယူလာတာလဲ။” ထိုစကားကို ပြောပြီးနောက် သူသည် ထိုလူကို အိမ်ထဲ ဆွဲခေါ်သွားကာ အိတ်ထဲကို ကြည့်နေခဲ့သည်။
ရှုရွှမ်းသည် သူ့ဆရာက ဘယ်လို လူမျိုးလဲဆိုတာကို သိနှင့်ပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် ချက်ချင်းပဲ အိတ်ထဲက ပြင်ဆင်လာသော ပစ္စည်းများကို ထုတ်လိုက်သည်။
“ကျွန်တော့် ဇနီးလောင်းလေးက ဆရာ့အတွက် ငါးတွေ ပေးလိုက်လို့ပါ။ ပြီးတော့ ဒါ အရင်တုန်းက ကျွန်တော့်အမေ နေလှန်းထားတဲ့ အသီအရွက်ခြောက်တွေပါ။ ဒါကတော့ မှိုမဲတွေပါ။”
ဝဝနဲ့အဖိုးအိုသည် အတော်လေးကို စိတ်လှုပ်ရှားနေခဲ့သည်။ “ငါးကတော့ ကောင်းသားပဲ။ အရသာရှိမယ့်ပုံပဲ။ မင်း ဒီငါးကို နေ့လည်စာအတွက် ချက်လို့ရတယ်”
ထိုအချိန်မှာပဲ အဖိုးအိုသည် သူ့တပည့်နှင့် စေ့စပ်ထားသူကလည်း ထိုနေရာတွင် ရှိနေသည်ကို သတိရသွားခဲ့ကာ မြန်မြန်ပဲ နှုတ်ဆက်စကား ဆိုခဲ့သည်။ “ကလေးမလေး၊ ထိုင်လေ။ ဗီဒိုထဲမှာက မက်မွန်သီးကိတ်တွေ ရှိတယ်။ ပြီးတော့ စားပွဲပေါ်မှာက ဖရုံစေ့တွေ ရှိတယ်။ သမီးဘာသာ သွားယူပြီးပဲ စားလိုက်တော့နော်။”
နောက်ဆုံးမှာတော့ ဝမ့်ရင်းသည် သူ့ဆရာရဲ့ ဘဝမှာ ဘာပြဿနာမှ မရှိဘဲ စားသောက်ပြီးသာ နေနိုင်သည့် အကြောင်းကို နားလည်သွားခဲ့သည်။ နောက်ပိုင်း သူ့ဆရာက အနည်းငယ် လျစ်လျူရှုခဲ့ရင်တောင် သူမက စိတ်ထဲထားမှာ မဟုတ်ဘူးဟု တွေးထားခဲ့သည်။
ဒါပေမယ့် ဒီလူကြီးက ဝလွန်းတယ်။ သူ့ရဲ့ သွေးပေါင်ချိန်ကရော အဆင်ပြေရဲ့လား။
နေ့လည်ရောက်နေပြီဆိုတာကို ရှုရွှမ်းက သိလိုက်ပြီး သူ့ဆရာက ဘယ်လိုလူမျိုးလဲ ဆိုတာကို သိနေခဲ့သည်။ ထို့ကြောင့် သူသည် ထုံးစံအတိုင်း အေပရွန်ကို ဝတ်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။
ငါးကိုင်ပြီးနောက် ရှုရွှမ်းက ခေါင်းကိုပုတ်ကာ ဝမ့်ရင်းကို မေးခဲ့သည်။ “မင်း ငါးကို ဘယ်လို စားချင်လဲ။”
အဖိုးအိုက သူ့လက်ကို ပျော်ရွှင်စွာ မြှောက်ပြပြီး ဖြေခဲ့သည်။ “ငါးခေါင်းနဲ့ ပန်ကိတ်”
ရှုရွှမ်း - “ကျွန်တော် ဆရာ့ကို မမေးဘူး။ ဝမ့်ရင်း၊ မင်း ဘယ်လိုစားချင်လဲ။”
ဝမ့်ရင်းသည် သူမရဲ့ တစ်ဖက်ရှိ အဖိုးအိုကို စပ်စုသော မျက်ဝန်းမျိုးဖြင့် ကြည့်ကာ ပြုံးပြီး ပြောခဲ့သည်။ “ငါးခေါင်းနဲ့ ပန်ကိတ် စားကြမယ်လေ။”
ထို့နောက် ရှုရွှမ်းသည် မီးဖိုချောင်ထဲ ပြန်ဝင်သွားကာ ငါးပေါင်းရန် ပြင်ဆင်နေခဲ့သည်။
အဖိုးအိုသည် စပ်စုသော မျက်နှာထားမျိုးဖြင့် ဘယ်တစ်ပြန် ညာတစ်ပြန် ကြည့်နေခဲ့သည်။ “မိန်းကလေးငယ်လေး၊ ရှုရွှမ်းက စိတ်မရှည်တဲ့ ကောင်မျိုးပဲ။ မင်းတို့နှစ်ယောက်က ဘယ်လိုလုပ် သိကြတာလဲ။”
ပုံမှန်ဆို ဝမ့်ရင်းက စကားနည်းနည်းပဲ ပြောလေ့ရှိပြီး နှစ်ယောက်လုံးကို ဘယ်အရာကမှ ဆွဲဆောင်ခြင်း မရှိခဲ့ပါ။
အဖိုးအိုက ဝမ့်ရင်းအား တိတ်တဆိတ် မေးခဲ့သည်။ “ဘာလို့ ဒီကောင်စုတ်လေးက မင်းအရှေ့မှာ စကားပြောတာကို မကြိုက်ရတာလဲ။”
ဝမ့်ရင်း - .......
ဒါက ဘယ်လိုပြောရမလဲ။ ရှုရွှမ်းက တကယ်လည်း စကားနည်းတယ်။ ဒါပေမယ့် သူက ကျွန်မအရှေ့ ရောက်ရင်တော့ အေးတိအေးတိပုံစံမျိုး မဟုတ်တာ သေချာပါတယ်။ ပြီးတော့ သူက ကျွန်မနဲ့ဆို လိုတာထက် အများကြီး ပိုပြောလေ့ရှိပါတယ်။
သူတို့သည် ဟိုဟိုဒီဒီ စကားများ ပြောပြီးနောက် မီးဖိုချောင်ထဲက ဟင်းအနံ့သည် တဖြည်းဖြည်း မွှေးကြိုင်လာခဲ့သည်။
အဖိုးအိုသည် ထိုအနံ့ကို ရသည့်အခါ စိတ်လှုပ်ရှားလာခဲ့သည်။ ဝမ့်ရင်းကလည်း သူမဘာသာ တွေးနေခဲ့သည်။ “ငါသူ့ရဲ့ နှလုံးခုန်နှုန်းကို စမ်းပေးလိုက်ရမလား။”
အဖိုးအိုကြီးသည် သိပ်ပြီး ကျန်းမာသည့်ပုံ မပေါ်သလို အစားအသောက်လည်း ဆင်ခြင်သည့်ပုံ မပေါ်ပါ။ ဝမ့်ရင်းသည် ရှုရွှမ်းက လက်မှတ်များကို အလကား ရလိမ့်မည်ဟု တွေးထားသော်လည်း အဖိုးအိုက ကျန်းမာရေး တစ်ခုခုများ ဖြစ်နေမလား ဆိုတာကို စစ်ဆေးပေးချင်ခဲ့သည်။
အဖိုးအိုကတော့ လုံးဝကို ဂရုမစိုက်ခဲ့ပါ။ ဝမ့်ရင်းက သူ့ရဲ့ နှလုံးခုန်နှုန်းကို စမ်းသပ်ပြီး ပြောခဲ့သည်။ “အဖိုးရဲ့ သရက်ရွယ်ရယ် အစာအိမ်ရယ်က အခြေနေ သိပ်ပြီး မကောင်းဘူး။ သေချာ စစ်ဆေးဖို့အတွက် ဆေးရုံသွားတာကတော့ အကောင်းဆုံးပဲ။ အဖိုးက ဆီနဲ့ ဆားတွေကို လျှော့စားပြီး ကိုယ့်ရဲ့ သွေးပေါင်ချိန်ကို ဂရုစိုက်သင့်တယ်။”
ချမ်တုန့်က ရယ်ကာ ပြောခဲ့သည်။ “ငါ အဲ့ဒါကို သိတာ ကြာလှပြီ။ ဒါပေမယ့် ငါက အသက် ခုနစ်ဆယ် ရှိနေပြီလေ။ ငါလည်း အခုချိန်မှ မစားဘူးဆိုရင် မမှီတော့ဘူး။ အချိန်တစ်ခုရောက်ရင် ငါက ဒါတွေကို မစားနိုင်တော့ဘူး။ စားလို့လည်း မရတော့ဘူးလေ။ အဲ့တော့ ငါက အခုချိန် နည်းနည်းလေး ပိုပြီး စားထားရတာပေါ့။”
ဝမ့်ရင်းသည် အိတ်ထဲက ဆေးပင်နှစ်ပင်ကို ထုတ်လိုက်ကာ သူ့ကို ပေးလိုက်သည်။ “ဒါဆို ဒီဆေးနှစ်ဖုံကို ယူပြီး ရေထဲစိမ်ထား။ အဲ့ဒါတွေက အဖိုးရဲ့ သရက်ရွက်ရယ်၊ အစာအိမ်ရယ်ကို ပိုပြီး ကောင်းလာစေလိမ့်မယ်။ ပြီးတော့ အဲ့ဒါက သွေးတိုးလည်း ကျစေတယ်။”
အဖိုးအို၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ သိပ်ပြီး မဆိုးလှပါ။ အသက်ခုနစ်ဆယ် အရွယ်တွင် အပျော်ပါး လိုက်စားတာထက် ကောင်းကောင်းမွန်မွန် နေရဖို့က ပိုပြီး အရေးကြီးသည်။ ထို့ကြောင့် ဝမ့်ရင်းက သူ့ကို ခက်ခဲအောင် ဘာတစ်ခုမှ ထပ်မလုပ်တော့ပါ။ အဖိုးအိုသည် အသက်ကြီးပြီး အတွေ့အကြုံများလည်း ရှိပြီး အထူးသဖြင့် သူသည် ရှုရွှမ်းကို သုံးလေးနှစ်လောက် ထိန်းကျောင်းခဲ့ပြီးကတည်းက ဖြစ်သည်။ သူသည် ရှုရွှမ်းရဲ့အကြောင်းကို ရေတိုးမဝင် ပြောနေခဲ့ပြီး ဝမ့်ရင်းကလည်း သူ့ကို ထောက်ခံပေးနေခဲ့သည်။ သူတို့နှစ်ယောက်လည်း စကားပြောကောင်းနေခဲ့သည်။
ရှုရွှမ်းက ငါးခေါင်းနှင့် ပန်ကိတ်ကို ယူလာသည့်အခါ အဖိုးအိုက စားပွဲပေါ်တွင် မြန်မြန်ပဲ တက်ထိုင်ခဲ့သည်။
ပါးဟင်းပန်းကန်ကြီးထဲတွင် ငါးခေါင်းကို နှစ်ခြမ်း ခြမ်းထားသည်။ ငါးအသားများကိုလည်း အပိုင်းပိုင်း လှီးထားကာ ငါးခေါင်းနှင့် အမြှီးကို သေချာ တည်ခင်းထားသည်။ အလယ်ရှိ ငါးအသားများကို ချက်ချင်း စားသုံးလို့ ရနိုင်သည်။
ပန်ကိတ်တွေထည့်ထားသော ပန်းကန်ကို ငါးဟင်းပန်းကန်ဘေးတွင် ထားထားသည်။ ရှုရွှမ်းသည် ငါးဟင်းနှင့်တွဲစားဖို့ ထမင်းအိုးလည်း တည်ထားသည်။ အဖိုးအိုက ခေါင်းတောင်အဖော်ဘဲ စားနေခဲ့သည်။
“ကောင်းလိုက်တာ။ ဒီငါးက တကယ်ကို စားကောင်းတာ။ ဆိုင်က မှာစားတဲ့ ဟာထက်တောင် ပိုပြီး စားလို့ကောင်းသေးတယ်။”
ဝမ့်ရင်းက ပန်ကိတ်ကို ငါးဟင်းရည်ထဲ နှစ်ကာ စားခဲ့သည်။ ထိုအရာသည် အရသာ လေးလေးပင်ပင် ရှိကာ စားကောင်းသည်။ နူးညံ့သော ငါးအသားနှင့် ဆီတစ်ဝေ့ဝေ့ ဖြစ်နေသော ပန်ကိတ်တို့၏ ပေါင်းစပ်မှုသည် အတော်လေးကို အရသာရှိသည်။ အထူးသဖြင့် ပန်ကိတ်နှင့် တွဲစားသည့်အခါ ပန်ကိတ်က ဟင်းရည်ထဲ နစ်သွားပြီး လူတွေကို လျှာလည်သွားလောက်အောင် စားကောင်းစေခဲ့သည်။
ငါးတစ်ကောင်ကို လူသုံးယောက်က အတူတူ စားကြသည်။ နောက်ဆုံးမှာတော့ အဖိုးအို၏ ဗိုက်မှာ ပူသည်ထက် ပူလာခဲ့သည်။ သူသည် ကျန်သေးသော ငါးများကို သိမ်းထားခဲ့သည်။ “ဒါက ညနေကျရင် ခေါက်ဆွဲနဲ့ စားဖို့။”
“လာကြ၊ လာကြ။ မင်းတို့လိုချင်တဲ့ လက်မှတ်ကို လာကြည့်ကြ။”