အခန်း (၄၅)
Vol. 4 Ch. 45
ကားရောက်လာသည့်အခါ အမျိုးသမီးကြီးကျောက်က ဝမ့်လင်းလင်းကို လျစ်လျူရှုပြီး သူမဘာသာ ကားပေါ်သို့ တက်သွားခဲ့သည်။ ဝမ့်လင်းလင်းကလည်း လိုက်တက်ခဲ့သည်။
လက်မှတ်ကို ပေးပြီးနောက် အမျိုးသမီးကျောက်က ပိုပြီးတောင် စိတ်ပျက်သွားခဲ့သည်။ မြို့ကို သွားဖို့အတွက် ပိုက်ဆံများစွာ ပေးရသည်။
ကားပေါ်တွင် အမျိုးသမီးကြီးကျောက်ကို သိသော သူတစ်ယောက်ကလည်း ရှိနေခဲ့သည်။ ထိုလူက အမျိုးသမီးကြီးကျောက်ကို နှုတ်ဆက်ခဲ့ပြီး သူတို့နှစ်ယောက်က ဝမ့်ရင်းအကြောင်းကို မျိုးစုံ ပြောနေခဲ့သည်။
“အိုး၊ အစ်မ မသိဘူးလား။ ဝမ့်ရင်းက အရမ်းကို ချမ်းသာသွားပြီ။ အခုဆို သူ့မှာက အိမ်ရော ပိုက်ဆံရော ရှိတယ်။ ပြီးတော့ တပ်မဟာကလည်း သူမအတွက် တစ်လကို သုံးယွမ်တောင် ပေးသေးတယ်။”
အမျိုးသမီးကြီးကျောက်က ထိုနာမည်က ရင်းနှီးသလို ခံစားလိုက်ရသည်။ “ဝမ့်ရင်း ဟုတ်လား။”
“ဟုတ်တယ်လေ။ သူက အာဇာနည်တစ်ယောက်ရဲ့ သမီးလေ။ သူအရင်က သူ့ဦးလေး ဝမ့်ယုံရွှင်းတို့နဲ့ နေတာလေ။ ဒါပေမယ့် အခုတော့ သူ့အိမ်သူ ပြောင်းနေနေပြီ။ သူက နောက်ကြောင်း သိပ်မကောင်းတဲ့ လူတစ်ယောက်နဲ့ ကြုံရတယ် ဆိုပေမယ့် သူ့မှာက အိမ်ရှိတယ်၊ မြေရှိတယ်။ ပြီးတော့ အလွတ်တမ်း ဆရာဝန်တစ်ယောက်။ အဲ့တော့ သူက ဒီလိုကိစ္စတွေကို စိတ်ပူမနေတော့ဘူး။”
ဝမ့်လင်းလင်း မော့ကြည့်လိုက်ချိန် ထင်ထားသည့်အတိုင်း အမျိုးသမီးကြီးကျောက်ရဲ့ မျက်နှာက ဒေါသထွက်နေသည်ကို တွေ့ခဲ့ရသည်။
အမျိုးသမီးနှစ်ယောက်က ကိစ္စတိုင်းကို မျိုးစုံအောင် ပြောနေခဲဲ့ကြသည်။ အမျိုးသမီးကြီးကျောက်နှင့် စကားပြောနေသူမှာ ရှန်လိအဖွဲ့မှ ငါးခုမြောက် တပ်မဟာက အမျိုးသမီးဖြစ်သည်။ သူမက အောင်သွယ်တော် တစ်ယောက်ဖြစ်သည်။
သူမက ဝမ့်ရင်းအကြောင်း ပြောသည့်အခါ ထိုအကြောင်းက တကယ့် အကြောင်းအရာများ မဟုတ်ပါ။ အကြောင်းမှာ တစ်ခါတုန်းက အမျိုးသမီးကျောက်သည် ဝမ့်ရင်းနှင့် လက်ထပ်ပေးဖို့အတွက် ရည်ရွယ်ဖူးခဲ့သည်ကို သိရှိနေခဲ့ပြီး အခုဆိုရင် သူမက မနာလိုကာ နောင်တရနေခဲ့ပြီ ဖြစ်သည်။
ဒီလိုမိန်းမကောင်းလေးကို စောစောမတွေ့ရတာ သူမ ရင်နာလိုက်တာ။ သူမမှာက မိသားစု မရှိပေမယ့် အိမ်ရော ပိုက်ဆံရော ရှိပြီးသား။ သူမအတွက်က သားမက်ရှာဖို့ဆိုတာ အလွယ်လေးပဲ။
ဝမ့်ရင်းကို လက်ထပ်ဖို့ ခက်ခဲသော လူငယ်များစွာက ဝိုင်းဝိုင်းလည်နေခဲ့သည်။ သူမက အတော်လေးကို တော်သည်။ သူမက လူတစ်ယောက်နှင့် မိတ်ဆက်ပေးဖို့အတွက် အောင်သွယ်တော်ကြေးကို အနည်းဆုံး ဆယ်ယွမ်လောက်တော့ ပေးလိမ့်မည် ဖြစ်သည်။
'အားကျရမယ် ဆိုရင်တောင် ရှုရွှမ်းရဲ့ အောင်သွယ်တော်ကို အားကျရတော့မှာပဲ။ အောင်သွယ်တော် လုပ်ငန်းက အရမ်းကျဥ်းတယ်။ ပြီးတော့ တပ်မဟာထဲ လူတွေကလည်း အချင်းချင်း သိနေကြတာပဲ။ ဒီမိန်းမကြီးက ဒီလိုကောင်းတဲ့ ဘဝမျိုး ဘယ်က ဘယ်လို ရလာလဲဆိုတာ သူမလည်း မသိတော့ဘူး။ တကယ်တော့ သူမက အဆင်သင့် ဖြစ်ပြီးသား လူတစ်ယောက်ကို ရွေးပေးလိုက်တာပဲ။'
“အစတုန်းက ကျွန်မ တွေးနေတာကလေ ရှင့်ရဲ့ သားငယ်လေးမှာ ချစ်သူမရှိဘူးဆိုရင် ကျွန်မက ဒီလို မိန်းမကောင်းလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့ပါပဲ။ ဒါပေမယ့် ဘယ်သူကများ သိနိုင်ပါ့မလဲ။ ကျွန်မက ခြေတစ်လှမ်း နောက်ကျသွားပြီး ကောင်မလေးက သူ့ဘာသာ ရှာတွေ့သွားတယ်။ ပြီးတော့ ရှင့်မိသားစုကလည်း တကယ် လုပ်နိုင်စွမ်း ရှိတာပဲ။ သားအတွက် ရှင့်ဘာသာပဲ မိန်းမတစ်ယောက် ရှာပေးလိုက်တာလေ။”
ဒါကို လက်ခံဖို့ဆိုတာ နည်းနည်းတော့ ခက်ခဲသည်။ ပြီးတော့ ဒါက မစ္စကျောက်အပေါ်မှာ ဖိအားဖြစ်မယ် ဆိုတာကလည်း မြင်သာသည်။ အောင်သွယ်တော်ကြေး ပေးရတယ်ဆိုတာက မိတ်ဆက်ပေးခ၊ ကျေးဇူးတင်ခ အတွက်ပဲ။ ပြီးတော့အဲ့ထဲမှာ အလုပ်ပြီးသွားရင် စားဖို့ သောက်ဖို့ အတွက်လည်း ပါပြီးသားပဲ။
ကျောက်မိသားစုကလည်း တော်တော်လေး ကောင်းသည်။ 'တစ်ခါတုန်းက သူတို့ သူမကို ပြောဖူးတယ်။ သူတို့က မိထွေးတစ်ယောက် ရှာချင်တယ်တဲ့။ ဒါပေမယ့် မကြာပါဘူး၊ သူတို့ဘာသာပဲ ဆုံးဖြတ်ချက် ချသွားကြတာ။ သူတို့က အဲ့အကြောင်းကို သူမနဲ့တောင် မတိုင်ပင်ခဲ့ကြဘူး။ ဘာပွဲမှလည်း မလုပ်ခဲ့ကြသလို ဘာတစ်ခွန်းမှလည်း မပြောကြဘူး။ သူမကို ဒီတိုင်း မဆိုင်သလို ထားလိုက်ကြတာလေ။'
အောင်သွယ်တော်သည် အမျိုးသမီးကျောက်ရဲ့ အမူအရာများ ပြောင်းလဲသွားသည်ကို သတိမထားမိဘဲ စကားများနေခဲ့သည်။
ဆင်းရမယ့်နေရာသို့ ရောက်သောအခါ သူတို့ သုံးယောက်လုံးက ကားပေါ်ကနေ ဆင်းသွားခဲ့ကြသည်။
အောင်သွယ်တော်က နှုတ်ဆက်ကာ သူမရဲ့ အဖွဲ့ထဲသို့ ပြန်သွားခဲ့သည်။
အမျိုးသမီးကြီးကျောက်က သူမရဲ့နောက်ကွယ်မှာ ဒေါသထွက်နေခဲ့သည်။
ဒါဟာ သူမ အချိန်အကြာကြီး သဘောကျခဲ့ရသော ချွေးမလောင်းလေးဖြစ်သည်မှာ သိသာနေခဲ့သည်။
အိမ်၊ ပိုက်ဆံ၊ အလုပ်။
တကယ်လို့ သူမသာ ထိုကောင်မလေးကို ချွေးမတော်လိုက်ရပါက ပထမဆုံးအနေဖြင့် သူမရဲ့အိမ်မှာ နေဖို့အတွက် ပိုပြီး ကျယ်ဝန်းသွားလိမ့်မည် ဖြစ်သည်။ ထို့နောက် သူမသည် သူမရဲ့ ယောက်ျားနှင့်အတူ ရှောင်စန်းကျိ၏ ကလေးနှစ်ယောက်ကို ဝမ့်ရင်းအိမ်သို့ ခေါ်လာကာ နေခိုင်းမည် ဖြစ်သည်။
ဝမ့်ရင်းမှာက အလုပ်တစ်ခု ရှိသည်။ အလွတ်တမ်း ဆရာဝန် တစ်ယောက်က တစ်လကို ငါးယွမ်၊ ခြောက်ယွမ်သာ ပေးနိုင်သော်လည်း ကျေးလက်ဒေသမှာ ပိုက်ဆံသုံးဖို့နေရာ သိပ်မရှိပါ။ ထို့ကြောင့် ငါးယွမ်၊ ခြောက်ယွမ်ဆိုသည်မှာ နည်းတဲ့ ပမာဏတစ်ခုတော့ မဟုတ်ပါ။ ဒါဟာ သူတို့မိသားစု စားဖို့ သောက်ဖို့အတွက်တော့ လုံလောက်သည်။
အမျိုးသမီးကြီးကျောက်က ထိုအကြောင်းကို တွေးလေလေ၊ ပိုပြီး ဒေါသထွက်ရလေ ဖြစ်လာခဲ့သည်။ အထူးသဖြင့် ဝမ့်လင်းလင်းက သူမအရှေ့တွင် ရှိနေသောကြောင့် ဖြစ်သည်။ သူမက ပိုက်ဆံရှာနိုင်ပြီး အိုးပိုင်အိမ်ပိုင်ရှိသည့် ချွေးမကို မြို့ပေါ်တက်ပြီး စားစရာသွားဝယ်ရင်း ဖမ်းခံလိုက်ရသော ချွေးမနှင့် နှိုင်းယှဥ်ချင်နေခဲ့သည်။ အမျိုးသမီးကျောက်က ထိုကိစ္စကို ထပ်ပြီး မတွေးနိုင်တော့ပါ။ သူမ ပိုပြီးတွေးမိလေလေ၊ ခါးသီးသော နောင်တများအကြား နစ်မြှုပ်လာတယ်ဟု ပိုပြီး ခံစားရလေလေ ဖြစ်လာခဲ့သည်။
အိမ်ပြန်ရောက်သည့်အခါ အမျိုးသမီးကြီးကျောက်က မီးလင်းဖိုအနားတွင် လှဲချလိုက်သည်။ သူမ မျက်စိမှတ်သည့်အခါတိုင်း ပိုက်ဆံ၊ အိမ်နှင့် အလုပ်အကြောင်းကိုသာ တွေးနေခဲ့သည်။
ဝမ့်လင်းလင်းက ယိုင်နဲ့နဲ့ဖြင့် အိမ်ပြန်ရောက်လာခဲ့သည်။ သူမကို ကလေးနှစ်ယောက်က မြင်လိုက်သည့်အခါ ဒီရက်တွေမှာ သူမ ဘယ်ရောက်နေလဲဆိုတာကို မမေးဘဲ သူမရဲ့ အိတ်ကပ်များကို မွှေနှောက် ရှာဖွေနေခဲ့သည်။ သူတို့က သူမကို သကြားလုံးနှင့် စားစရာများ အကြောင်းကို မေးနေခဲ့သည်။
ဝမ့်လင်းလင်း လက်ထပ်တုန်းက သူမစုထားသော ပိုက်ဆံများကို သူမနှင့်အတူ ယူဆောင်သွားခဲ့သည်။ သူမက အမြဲတမ်းလိုလို ဉာဏ်နီဉာဏ်နက် များနေခဲ့သည်။ တစ်ခါတစ်လေ ရှုရွှမ်းတို့အိမ်မှာ ပစ္စည်းများ လဲလှယ်ဖို့အတွက် လီချွမ်းကျင်က သူမကို ပေးလိုက်သည့်အခါ သူမက ကိုယ့်အတွက်ကိုယ် သိမ်းထားခဲ့သည်။ တစ်ခါတစ်လေ မြို့ကိုသွားပြီး သူ့မောင်အတွက် ပိုက်ဆံနှင့် အစားအသောက် ကူပွန်များ သွားပေးခိုင်းသည့် အခါတွင်လည်း သူမက ခုနစ်ယွမ် ရှစ်ယွမ်လောက်ကို ယူထားခဲ့သေးသည်။
သို့သော် လက်ထပ်ကာ ကျောက်မိသားစုထဲကို ရောက်ပြီးနောက် ဝမ့်လင်းလင်း၏ ကိုယ်ပိုင် ပစ္စည်းများထဲမှ ခုနစ်ပုံ ရှစ်ပုံလောက်က မြန်မြန်ပဲ ကုန်သွားခဲ့သည်။
သူမရဲ့ ကလေးနှစ်ယောက်ကို စိတ်ကျေနပ်အောင် ထားဖို့အတွက် သူမရဲ့ပိုက်ဆံများကို သွားရည်စာများ ဝယ်ဖို့အတွက် သုံးခဲ့သည်။
တကယ်လို့ တပ်မဟာထဲမှာ ဘယ်သူမှ မရှိခဲ့ရင်တောင် မြို့မှာတော့ ရှိနေလိမ့်မည် ဖြစ်သည်။ သူမသည် သစ်တော်သီး သကြားလုံးတစ်ထုပ်ကို ဝယ်လာပြီး သူမအား “အမေ”ဟု ခေါ်တဲ့သူကို တစ်လုံး ကျွေးလိမ့်မည် ဖြစ်သည်။
အစတုန်းက သူမသည် ထိုကလေးနှစ်ယောက်ကို ထိန်းနိုင်ပြီဟုတွေးကာ ပြောနေခဲ့သော်လည်း အကြီးလေးက မျက်စပစ်ပြခဲ့ပြီး အငယ်လေးက သူမကို မိထွေးဟု စခေါ်ခဲ့သည်။ သူမက သူ့ကို သကြားလုံး မကျွေးသည့်အခါ မိထွေးဟု ခေါ်ပြီး သကြားလုံး ကျွေးသည့်အခါမှသာ အမေဟု ခေါ်လေ့ရှိသည်။
ထိုအချိန်မှာပဲ ကလေးနှစ်ယောက်က ဝမ့်လင်းလင်းကို မိထွေးဟု ဆက်တိုက်ခေါ်ခဲ့ကြသည်။ တကယ်လို့ သူတို့လုပ်ချင်တာကို သူမက မလုပ်ပေးပါက သူမက ရက်စက်ပြီး မကောင်းတဲ့လူတစ်ယောက် ဖြစ်သွားခဲ့သည်။
ဝမ့်လင်းလင်းက မတ်တပ်တောင် မရပ်နိုင်တော့ပါ။ ထိုအချိန်မှာပဲ သူမကိုယ်သူမ ထပ်ပြီး မလှည့်စားနိုင်တော့ပါ။ ကလေးနှစ်ယောက်က သူမကို အရေးတယူ မရှိခဲ့ကြပါ။ သူတို့က သူမကို သူတို့လိုချင်တာ လုပ်ပေးဖို့နှင့် ခစားဖို့ အရာတစ်ခု အဖြစ်သာ တွေးထားခဲ့ကြသည်။
'မဟုတ်ဘူး။ အဲ့လိုအရာမျိုးကတော့ အကောင်း ပြောခံရဦးမယ်။'
'ဒီကလေးနှစ်ယောက်က သူမ သူမအင်္ကျီကနေ သူတို့ဝတ်ဖို့ အထည်တွေ ချုပ်ပေးတာတွေ၊ အစောကြီး ထပြီး အနာခံရတာတွေရယ်၊ ညဘက်ထိနေပြီး သူတို့ကိူ ဂရုစိုက်ပေးရတာတွေနဲ့ သူတို့အတွက် ပစ္စည်းတွေ၊ သကြားလုံးတွေ ယူလာပေးတာကြ မမြင်ကြဘူး။ သူတို့ မျက်လုံးထဲမှာ ဒါတွေအားလုံးက သူမ ပိုင်တဲ့အရာတွေ ဆိုတာကြီးပဲ။'
'မင်းက အဲ့ဒါကို မလုပ်နိုင်ဘူးဆိုရင် အဲ့ဒါ မင်းအသုံးမကျလို့။ မင်းလုပ်လိုက်ရင်လည်း ဘာမှ ချီးကျူးခံနေရမှာ မဟုတ်ဘူး။'
'နင့်ကို ဘယ်သူက မိထွေးလုပ်ခိုင်းလို့လဲ။'
ဝမ့်လင်းလင်းက လုံးဝကို ယူကျုံးမရ ဖြစ်နေခဲ့သည်။ ကလေးနှစ်ယောက်က သကြားလုံးကို ရှာမတွေ့ခဲ့ကြသည့်အခါ သူမအား “မိထွေး”ဟု ခေါ်ကာ ထွက်ပြေးသွားကြသည်။ ဝမ့်လင်းလင်းက မူးဝေလာပြီး သူမရဲ့ အခန်းကိုပြန်ကာ အိပ်ရာပေါ်၌ လှဲချခဲ့သည်။
သူမရဲ့ ကျန်းမာရေးသည် အိမ်ပြန်ရောက်မှ ပိုဆိုးလာခဲ့သည်။ သူမရဲ့ ယောင်းမက သူမကို ဘာပြောရမလဲမသိဘဲ ရပ်ကြည့်နေခဲ့သည်။ ကလေးနှစ်ယောက်ကလည်း ထွက်ပြေးသွားပြီး အခန်းထဲမှာ ဘယ်သူမှ မကျန်တော့ပါ။
ဝမ့်လင်းလင်းက မျက်ရည်များ ကျလာကာ ငိုနေရင်း အိပ်ပျော်သွားခဲ့သည်။
ဘေးအခန်းရှိ အမျိုးသမီးကြီးကျောက်ကလည်း မီးလင်းဖိုနားတွင် ခနလောက် နေနေခဲ့သော်လည်း သိပ်အကြာကြီးတော့ မနေနိုင်ခဲ့ပါ။
သူမက နောင်တရကာ ပြန်ပို့ချင်သော်လည်း ဝမ့်လင်းလင်းနှင့် သဘောတူညီမှု ရဖို့ကိုတော့ မတွေးရသေးပါ။ သူမက ဝမ့်ရင်းနှင့် လက်ထပ်ရင် ရလာမည့် အကျိုးအမြတ်များကိုသာ တွေးနေခဲ့ခြင်း ဖြစ်ပြီး ရင်ဘက်များလည်း အောင့်လာခဲ့သည်။
သူမက ထိုကိစ္စကို ထပ်ခါထပ်ခါ သည်းခံနေခဲ့သော်လည်း ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ သူမရဲ့ ယောက်ျားကို သွားပြောခဲ့သည်။
“ကျွန်မက ဘာလို့ ဒီကိစ္စကို ထပ်ပြီး မထိန်းနိုင်ရတော့တာလဲ။ ကျွန်မတို့မှာ အခွင့်အရေးကောင်းကြီးတစ်ခုကို လက်လွှတ်ခံခဲ့ရတာ။”
“တကယ်လို့ ရှောင်စန်းကျိသာ ဒီလိုမိန်းမမျိုးကို ရလိုက်ရင် ကျွန်မတို့ ဘဝတွေက ပိုပြီး ကောင်းသွားကြမှာ။”
“အဲ့မှာက တိုက်အိမ်နှစ်လုံးတောင် ရှိတာ။ သူက အဲ့မှာ တစ်ယောက်တည်း နေနိုင်လို့လား။”
“သူက တစ်လကို ငါးယွမ်၊ ခြောက်ယွမ်လောက်က ရှာနိုင်တယ်။ ကျွန်မတို့ကိုလည်း လတိုင်း ကြက်ဥတွေ ကျွေးနိုင်တယ်။”
“ကျွန်မက ဘာလို့ ဒီဆုံးဖြတ်ချက်ကို မချနိုင်ရလဲ ဆိုတာ ပြောပြပါဦး။ ကျွန်မက ဘာလို့ ရှောင်စန်းကျိ ပြန်လာတဲ့အထိ စောင့်ရမှာလဲ။”
“ကျွန်မတို့ရဲ့ စန်းကျိလေးနဲ့သာ တူတူရှိရမယ့် အခြေအနေမျိုးဆိုရင် သူက တော်တော်လေး ပျော်နေမှာ။ ကျွန်မပြောလိုက်ရင် သူက သဘောတူမှာ သေချာတယ်။”
……
စကားပြောပြီးနောက် အမျိုးသမီးကြီးကျောက်၏ စိတ်မှာ တဖြည်းဖြည်းချင်း ဝမ့်လင်းလင်းဆီသို့ ရောက်သွားခဲ့သည်။
“ဒါက ဝမ့်လင်းလင်းရဲ့ အမှားပဲ။”
အမျိုးသမီးကြီးကျောက်က အံကိုကြိတ်ကာ ပြောခဲ့သည်။ “သူက ရှောင်စန်းကျိကိုသာ အရင် မမြှူဆွယ်ခဲ့ဘူးဆိုရင် ငါတို့က လူပြောင်းပေးလို့ ရမှာ မဟုတ်တော့ဘူးလေ။”
ဝမ့်လင်းလင်းက ဆေးရုံကို လိုက်လာပြီး သူမက ဘာခန်းဝင်ပစ္စည်းမှ မလိုချင်သလို ဘာပွဲမှလည်း မလုပ်ချင်ဘဲ မိထွေးဖြစ်ဖို့ ဆန္ဒရှိကြောင်း ပြောခဲ့သည့် စကားများအား သူမ လုံးဝကို မေ့သွားခဲ့သည်။
အခုဆိုရင် သူမက ဝမ့်လင်းလင်းက သူမ မိသားစု၏ ကောင်းမွန်သော ကံတရားများကို ဖျက်စီးပစ်သည့် သူမျိုးဟုသာ ခံစားခဲ့ရသည်။
အဖိုးကြီးကျောက်က သက်ပြင်းချကာ ပြောခဲ့သည်။ “အခု ဒါတွေကိုပြောနေတဲ့ အကြောင်းပြချက်က ဘာလဲ။”
လက်ထပ်ပွဲကလည်း ပြီးသွားပြီလေ။ ကောင်မလေးကလည်း သူမ လက်တွဲဖော် တစ်ယောက် ရှာတွေ့ပြီဆိုတဲ့ အကြောင်းကို တပ်မဟာဆီလည်း သတင်းပို့ပြီးပြီ။ အခုချိန်မှ ဝမ့်လင်းလင်းနဲ့ ကွာခိုင်းမယ် ဆိုရင်တောင် သူမကို ပြန်ပို့ဖို့တော့ တွေးမနေနဲ့။
အမျိုးသမီးကြီးကျောက်က ရင်ဘက်ကိုပွတ်ကာ ပြောခဲ့သည်။ “တကယ်လို့ ကျွန်မက အဲ့စကားကို ထုတ်မပြောရဘူးဆိုရင် ဒေါသထွက်ရလိမ့်မယ်နော်။”
'ဒါပေမယ့် ဒါကိုအကျယ်ကြီး ပြောပြနေတာကလည်း သူမကို ပိုပြီး ဒေါသထွက်စေတယ်။'
အမျိုးသမီးကြီးကျောက်က သူ့စိတ်သူ ထိန်းပြီး မျိုသပ်ထားရတာကို သိနေခဲ့သော်လည်း သူမရဲ့ စိတ်ထဲမှာတော့ ဗလောင်ဆူနေခဲ့သည်။ သူမသည် ဘာကိုမှ မတွေးမိဘဲ မှားနေပြီဟုသာ တွေးမိနေခဲ့သည်။
ဆုံးရှုံးမှုကြီးတစ်ခုပဲ။
ဝမ့်လင်းလင်းက အလယ်တန်းကျောင်းကနေ ဘွဲ့ရပြီး ဝမ့်ရင်းကတော့ အထက်တန်းကျောင်းကနေ ဘွဲ့ရခဲ့သည်။
ဝမ့်လင်းလင်းက အလုပ်မရှိဘဲ ဝမ့်ရင်းကတော့ အလွတ်တမ်း ဆရာဝန်တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။
ဝမ့်လင်းလင်းက လက်ထပ်ပြီးနောက် အိမ်ကို အဝတ်စုတ်ထုပ်သာ ယူလာပြီး ဝမ့်ရင်းကတော့ သူမနှင့်အတူ အိမ်ကြီးတစ်လုံးကို ယူလာခဲ့သည်။
ဘယ်လို ဆုံးရှုံးမှုမျိုးပါလိမ့်။
အဖိုးကြီးကျောက် - “ဒါဆို မင်းရဲ့ တတိယချွေးမကို အလုပ်ပိုလုပ်ဖို့ သွားပြောသင့်တယ်။ သူက ငါတို့ မိသားစုကို ဖျက်စီးတယ်ဆိုရင် ဒါက သူနဲ့တန်တဲ့ အရာပဲ။”
အမျိုးသမီးကြီးကျောက်က တက်တက်ကြွကြွနှင့် ခေါင်းငြိမ့်ပြခဲ့သည်။ “ဒါ သူမကြောင့်ပဲ။ တကယ်လို့ ဒါတွေက သူမကြောင့်သာ မဟုတ်ဘူးဆိုရင် အခုဆို ငါတို့တွေ အိမ်ကြီးအိမ်ကောင်းနဲ့ နေနေရပြီ။”
ဝမ့်လင်းလင်းက အိပ်ပျော်သွားခဲ့ကာ အဆင်မပြေသည့် သူမရဲ့ ဘဝကြီးက ပိုပြီး ဆိုးလာတော့မည်ကို သူမ မတွေးမိခဲ့ပါ။
မျက်စိတစ်မှိတ် အတွင်းမှာပဲ အချိန်တွေက ကုန်သွားခဲ့ပြီး ဆယ့်ငါးရက်မြောက်နေ့သို့ ရောက်လာခဲ့သည်။ အဖွဲ့ထဲက လူတိုင်းက အစောကြီး ထလာခဲ့ကြသည်။
လူကြီးများကလည်း မီးဖိုချောင်ကို ရှင်းလင်းကာ ကလေးများကလည်း အဲ့အနားမှာ သိုက်သိုက်ဝန်းဝန်း ရှိနေခဲ့သည်။ လူအများက အစောကြီးထပြီး သလင်းပြင်ပေါ်မှာ စောင့်နေခဲ့ကြသည်။ အမျိုးသမီးများက ဖိနပ်၊ အဝတ်နှင့် ဦးထုပ်များ ပြင်ဖို့အတွက် စုရုံးနေကြကာ ကလေးများကလည်း ငါးယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ့စီနှင့် ပြေးနေခဲ့ကြသည်။
ဒါဟာ နှစ်တိုင်း အတူတူပဲ ဖြစ်သည်။ ဝက်သားဝေမည့် အချိန်ရောက်လာသည့်အခါ သစ်သီးခြံများတွင် လုပ်ရသည့် အလုပ်များမှလွဲ၍ ကျန်တဲ့အလုပ် အားလုံးကို ရပ်လိုက်ကာ အိမ်ထောင်စုတိုင်းက ဆောင်းတွင်းအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့သည်။
ထျန်းယိုဖုကလည်း ဘေးနားတွင်ရပ်ကာ တိရိစ္ဆာန် မွေးမြူရေး စခန်းမှ လူများက ဝက်များအား လာသယ်မှာကို စောင့်နေခဲ့သည်။
တပ်မဟာထဲတွင် နှစ်တိုင်းလိုလို ဝက်ဆယ်ကောင်ကို မွေးမြူလေ့ရှိသည်။ စည်းမျဥ်းများအရ သူတို့က နှစ်ကောင်ကို သူတို့ကိုယ်တိုင် စားဖို့အတွက် မွေးကြသည်။ တိရိစ္ဆာန် မွေးမြူရေး စခန်းမှ ရောက်လာသည့်အခါ အရင်ဆုံး ဝက်များကို အလေးချိန် ချိန်ခဲ့ကြသည်။ သတ်မှတ်သော အလေးချိန်အောက် ရောက်နေသော ဝက်များအား လက်မခံကြဘဲ ပိုသွားပါက အဲ့အတွက် ပိုက်ဆံ ဒါမှမဟုတ် အသားကို ခွဲဝေပေးသည်။ ဘာလို့ မိသားစုတိုင်းက ဝက်များကို မွေးဖို့ စိတ်အား ထက်သန်နေလဲဆိုသည့် အကြောင်းပြချက်လည်း ရှိသေးသည်။ ထိုခေတ်အခါတုန်းက မိသားစုတိုင်းမှာ ကလေးကိုယ်စီ ရှိကြပြီး ကလေးများက ဝက်များနှင့် အတူတူ ကစားနိုင်ကြကာ ဝက်များကို ကျွေးမည့် မြက်များကိုလည်း လုံလုံလောက်လောက် သွားယူကြသည်။ ဝက်မစင်များကို ကိုယ်ပိုင် လယ်ကွက်များတွင် မြေသြစာအဖြစ်လည်း သုံးကြသည်။
ဝက်များကို ပို့ပြီးနောက် အပိုငွေများကိုလည်း ရကြသည်။ နည်းမယ်ဆိုရင်တောင် ယွမ်အနည်းငယ်သာ ဖြစ်လိမ့်မည်။ ပိုရရင်လည်း ဆယ်ယွမ်ကျော် ရနိုင်မည် ဖြစ်သည်။
ဘယ်သူကများ မလုပ်ဘဲ နေမှာလဲ။
ထျန်းယိုဖုက ဝက်များကို တစ်ကောင်ပြီး တစ်ကောင် စစ်ဆေးခဲ့ပြီး အကြီးဆုံးအကောင်များအား သမဝါယစျေးကို သွားပို့ဖို့ စီစဥ်နေခဲ့သည်။ သိပ်မကြီးသော အကောင်များကိုတော့ တပ်မဟာထဲက လူတွေ ခွဲယူဖို့အတွက် ချန်ထားခဲ့မည် ဖြစ်သည်။
အကောင်သေးများကို မွေးမြူရသော သူများကိုတော့ ကံမကောင်းတဲ့သူတွေဟု သတ်မှတ်လို့ ရနိုင်သည်။ အများစုကတော့ ဝက်သားများ ဝေသည့်အခါ နှစ်ပိုင်းလောက် ပိုရကြလိမ့်မည် ဖြစ်သည်။ ဝက်များကို သေချာ မမွေးမြူနိုင်ခဲ့ပါက ထိုအရာဟာ မွေးသည့်သူ၏ အပြစ်သာ ဖြစ်သည်။ တိရိစ္ဆာန် မွေးမြူရေး စခန်းက သူတို့ရဲ့ လိုအပ်ချက်များနှင့် မကိုက်ညီသည့် ဝက်များကို ဘာလို့ လက်ခံရပါ့မလဲ။