အခန်း (၅၆)
Vol. 5 Ch. 56
လီချွမ်းကျင်က တံခါးကိုခေါက်ကာ ဝမ့်ပင်းပင်းကို ခေါ်ခဲ့သည်။ ခနကြာပြီးနောက် ဝမ့်ပင်းပင်းက ထွက်လာခဲ့သည်။
ဝမ့်ပင်းပင်းက ဆံပင်အတို ညှပ်ထားပြီး သူမရဲ့ ဆံပင်ကို ပဝါဖြင့် ပတ်ထားကာ တစ်ဝက်ပဲ ရှိနေသည့် ဂျာကင်ဟောင်းကို ဝတ်ထားခဲ့သည်။ “အမေ၊ ဒီမှာ ဘာလုပ်နေတာလဲ။ သမီးက တံမြက်စည်း လှည်းနေတာ။”
သူမက တုန်လှုပ်စွာဖြင့် အခန်းထဲကို ချောင်းကြည့်ကာ တီးတိုးပြောခဲ့သည်။ “သမီးရဲ့ယောက္ခမက အိမ်မှာ…. အမေ၊ တစ်ခုခု ပြောစရာရှိရင် တစ်ယောက်ယောက်နဲ့ ပြောခိုင်းပြီး သမီးဆီကို မလာဖို့အတွက် ပြောထားတယ်မလား။”
လီချွမ်းကျင် - “ငါ ဒီရောက်လာတာ ရေသောက်ချင်လို့ပါ။ တော်တော်လေးလည်း အေးနေတာ။ ငါတို့တွေ ကောင်စီမြို့ကနေ လမ်းလျှောက်ပြီး ပြန်လာခဲ့ကြရတာ။”
ဝမ့်ပင်းပင်းသည် သူမရဲ့ မိဘများက ဘာလို့ ကောင်စီမြို့ကို ရောက်လာရလဲဆိုတာ မမေးခဲ့ပါ။ သူတို့က ရေသောက်ဖို့လာတာဟု ပြောတာကို ကြားသည့်အခါ သူမက အိမ်ထဲကို ပြေးဝင်သွားပြီး ဘူးသီးခြောက်ဗူးကို ယူလာကာ ရေအေး တစ်ဇွန်းကို ရေနွေးတစ်ဝက်ဖြင့် ရောပေးလိုက်သည်။
သူမရဲ့ယောက္ခမက အိမ်ထဲတွင် ထိုင်နေခဲ့သည်။ သူမက ဆူညံသံကို ကြားသည့်အခါ အော်ပြီး မေးခဲ့သည်။ “အဲဲဒါက ဘယ်သူလဲ။”
ဝမ့်ပင်းပင်းက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ခဲ့သည်။ “ဘယ်သူမှ မဟုတ်ပါဘူး။ ဒီတိုင်း ဖြတ်သွားဖြတ်လာတွေက ရေသောက်ချင်လို့ပါတဲ့။”
ထိုစကားကို ပြောပြီးနောက် သူမရဲ့လက်ထဲက ဘူးသီးခြောက်ကို လီချွမ်းကျင်ရဲ့ ပါးစပ်နား တေ့ပေးကာ တိုက်တွန်းနေခဲ့သည်။ “အမေ၊ မြန်မြန်သောက်။”
လီချွမ်းကျင်က စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။ ဒီကောင်မလေးက ဘာကို ဆိုလိုတာလဲ။ သူမက စားဖို့အတွက် သူမတို့မိသားစုကို တောင်းပန်နေရတာလား။
ဝမ့်ယုံရွှင်းရဲ့ မျက်နှာကလည်း မရွှင်မပြ ဖြစ်နေခဲ့သည်။ သူသည် တစ်လမ်းလုံး လမ်းလျှောက်ရတာ ပင်ပန်းနေသည့်အတွက် အိမ်မှာ အနားယူဖို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ရာသီဥတုက အေးနေခဲ့ပြီး သူ့ရဲ့နားတွေဟာ အေးလွန်းလို့ ထုံနေပြီဟုတောင် ခံစားမိခဲ့သည်။ ဒီအချိန်ဟာ အိမ်ထဲဝင်ပြီး မီးဖိုကာ သူတို့ကိုယ်သူတို့ နွေးထွေးအောင် လုပ်ရမည့် အချိန်ဖြစ်သည်။ သို့မှသာ ဒီထက် အေးလာမည့် တောင်တက်လမ်းကို လမ်းလျှောက်တက်နိုင်ကြမည် ဖြစ်သည်။
သို့သော် သူတို့ရဲ့ သမီးကြီးက သူတို့ကို အိမ်ထဲတောင် ပေးမဝင်ခဲ့ပါ။ သူမရဲ့ ယောက္ခမက မေးတဲ့အချိန်မှာတောင် အမှန်တိုင်း မပြောနိုင်ခဲ့ပါ။
“နင်ဘာကို ဆိုလိုတာလဲ။ ငါတို့က နင့်မောင်အတွက် တောင်းပန်မယ်လို့ ထင်နေတာလား။ နင့်ရဲ့ မိဘတွေအနေနဲ့ ငါတို့က နင့်အိမ်ထဲတောင် ဝင်လို့ မရဘူးလား။”
ဝမ့်ပင်းပင်းက ခေါင်းကိုငုံ့ပြီး ဘာစကားမှ မပြောခဲ့သော်လည်း ဝမ့်ယုံရွှင်းရဲ့ မျက်လုံးထဲမှာတော့ ဒါက သဘောတူတယ်ဟု ဆိုလိုလိုက်ခြင်း ဖြစ်သည်။
သူ့သမီးနှစ်ယောက်အကြောင်း ပြန်တွေးလိုက်ရင် အကြီးမက အရှုံးသမား၊ ကလေးမရနိုင်သလို ဘာကိုမှလည်း အားကိုးလို့ မရပေ။ အခုဆိုရင် ရေတစ်လုပ် သောက်ဖို့တောင် သူ့အမေရဲ့ မျက်နှာကို ကြည့်နေရတယ်။ အငယ်ကျတော့လည်း လုံးဝကို အရှုံးသမားပဲ။ မိထွေးတစ်ယောက် လုပ်ရုံတင်မကဘူး အိမ်အတွက် တင်တောင်းငွေတောင် မယူပေးနိုင်ဘူး။
လီချွမ်းကျင်က ဘူးသီးခြောက်ထဲက ရေကို တစ်ကြိုက်တည်း သောက်လိုက်ပြီး ဝမ့်ပင်းပင်းကို ပြန်ပေးလိုက်သည်။ “နင်က ကောင်းသားပဲ။ နောက်ပိုင်း နင့်မောင် အောင်မြင်လာမှ သူ့အနားကို ကပ်မလာနဲ့။”
ဝမ့်ပင်းပင်းက သူမ မိသားစု လမ်းလျှောက် ထွက်သွားတာကို ကြည့်နေရင်း ဝမ်းနည်းလာခဲ့သည်။
ဒါပေမယ့် သူမက ဘာများ လုပ်ပေးနိုင်မှာလဲ။
တကယ်လို့ သူမက ကလေးတစ်ယောက် မွေးပေးနိုင်ရင် သူမရဲ့မိသားစုကို အနွေးဓာတ်ရဖို့ အိမ်ထဲသို့ခေါ်ရန် သတ္တိရှိနေမှာ သေချာသည်။ သူမယောက်ျားရဲ့ စက်ရုံသည် မကြာခင်ကမှ ကြာဇံများ ထုတ်လုပ် ဖြန့်ချီခဲ့ပြီး သူမက သူမရဲ့မောင်လေးကို ကျွေးဖို့အတွက် မိသားစုထံ အကုန်လုံး ယူသွားခဲ့သည်။
ဒါဟာ သူမ အတိတ်မှာတုန်းက လုပ်ခဲ့သည့် အရာဖြစ်သည်။ သူမသည် သူမရဲ့မောင်လေး ဝမ့်ယောင်ကျုံးကို ညစာစားဖို့ အိမ်ကိုခေါ်ပြီး ကြာဇံနှင့် ဝက်သားကို ချက်ကျွေးခဲ့သည်။ သူ့မှာ အနာဂတ်ကောင်းတစ်ခု ရှိလာပါက သူမ ယောက်ျားရဲ့ မိသားစုကို ပြန်ပြီး ထောက်ပံ့ပေးနိုင်ရန်အတွက် သူ့ကို ကောင်းကောင်း ဆက်ဆံခဲ့သည်။
သို့သော် သိပ်အကြာကြီး မဖြစ်နိုင်ခဲ့ပါ။ ဝမ့်ပင်းပင်းက အတော်လေး နာကျည်းလာခဲ့သည်။ သူမက ကလေး မမွေးနိုင်သည့်အတွက် သူမရဲ့မောင်လေးကို ထောက်ပံ့ပေးရင်တောင် အလကားပဲ ဖြစ်နေခဲ့သည်။
အခန်းထဲကို ပြန်ဝင်သွားသည့်အခါ ဝမ့်ပင်းပင်း၏ ယောက္ခမ မစ္စလီက မကျေမနပ် ဖြစ်နေခဲ့သည်။ “လမ်းကဖြတ်သွားတဲ့ လူတွေက ရေသောက်ချင်တာနဲ့ သူတို့ကို ရေအေးပဲ ပေးလိုက်လို့ မရဘူးလား။ မီးဖိုက အလကားရတာလား။”
ဝမ့်ပင်းပင်းက ကြောက်ကြောက်နှင့် သဘောတူခဲ့သော်လည်း မစ္စလီက ထပ်ပြီး ဇီဇာကြောင်နေခဲ့သည်။ “မြန်မြန်လုပ်ပြီး တံမြက်စည်းလှည်းလိုက်။ ပြီးရင် နှင်းတွေ အရမ်းမကျခင် အမိုးတွေ၊ ကြွေပြားတွေကို လိုက်စစ်လိုက်။”
မစ္စလီက သူမရဲ့ ထိုင်ခုံပေါ်မှာ လှဲလိုက်ပြီး အတော်လေး သက်တောင့်သက်သာ ရှိနေစဥ် ဝမ့်ပင်းပင်းရဲ့ မျက်နှာမှာတော့ နှိမ့်ချတတ်သော အကြည့်မျိုး ရှိနေခဲ့သည်။
ဝမ့်ပင်းပင်းရဲ့ ယောင်းမဖြစ်သူ လီရင်းက ဖရုံစေ့တွေ ခွာနေရင်း ပြောခဲ့သည်။ “အခုဆိုရင် ငါ့ယောင်မလေးက တကယ်ကို အပြစ်ကင်းနေတာပဲ။ သူမ ပထမဆုံး လက်ထပ်တဲ့ အချိန်တုန်းက ပုံစံမျိုးကို ငါတောင် မပြောပြနိုင်တော့ဘူး။”
မစ္စလီကြည့်ရတာ အထင်သေးနေခဲ့ပုံ ရသည်။ “သူ့ကို နင်းချေလိုက်စမ်းပါ။ ဒါက အရင်ကနဲ့ တူတူပဲလို့ နင်ရော ထင်မိလား။”
ဝမ့်ပင်းပင်း ပထမဆုံးအကြိမ် ရောက်လာတုန်းက သူမသည် အတော်လေး အထက်စီးဆန်ပြီး သူမရဲ့ မိသားစုထဲမှာ ညီအစ်ကိုသုံးယောက် ရှိနေသည့်အတွက် ပစ္စည်းများ ရောသုံးရမည်မှာ အဆင်မပြေဘူးဟုဆိုကာ မိသားစုနှင့် ခွဲနေရန် သူမရဲ့ယောက်ျားကို တိုက်တွန်းခဲ့သည်။
တော်တော်လေး သက်တောင့်သက်သာ မရှိတာပဲ။
အခုဆိုရင် သူမက မိသားစုရဲ့ အကြီးအကဲ တစ်ယောက်ဖြစ်သည်ဟု တွေးနေပုံရပြီး သူမ အမေရဲ့ မိသားစုကိုသာ ပွင့်ပွင့်လင်းလင်း ထောက်ပံ့ပေးမည် ဖြစ်သည်။ ထိုအချိန်တုန်းက သူမသည် သူမအမေ မိသားစုနှင့် သူမရဲ့ မောင်ကိုသာ အထူးတလည် ဆက်ဆံပေးသည်ဟု မထင်မိဘူးလား။
လူချမ်းသာတွေက စားဖို့ လာတာကိုသာ ကြည့်နေခဲ့ရသည်။
ထိုနေရာတွင် အမျိုးသမီးကြီး လီချွမ်းကျင်က ရှိနေခဲ့သည်။ သူမက အထက်တန်း မိန်းကလေး နှစ်ယောက်နှင့် လက်ထပ်ခဲ့ပြီး သူမရဲ့ မောင်လေးကို ကူညီပေးရန် တောင်းဆိုဖို့အတွက် ဆုံးဖြတ်ခဲ့သည်။
မစ္စလီက ထိုကိစ္စတွင် လုံးဝကို သူတော်ကောင်းယောင် ဆောင်နေခဲ့သည်။ တကယ်လို့ ဒါသာ သူမရဲ့ သမီးအရင်း ဖြစ်ပြီး သူမ မိဘရဲ့ မိသားစုနှင့် နီးနီးကပ်ကပ် နေနေပါက သားသမီး ဝတ္တရားနှင့် ညီပြီး သိတတ်တယ်ဟုသာ သတ်မှတ်လိမ့်မည် ဖြစ်သည်။ သို့သော် သူမရဲ့ ချွေးမကသာ မိဘအိမ်နှင့် နီးနီးကပ်ကပ် နေနေပါက ဒါဟာ လက်ခံနိုင်စရာ မဟုတ်ပေ။
လီရင်းက ဖရုံစေ့များကို စိတ်ဝင်တစားဖြင့် ခွာနေခဲ့သည်။ သူမသည် ထိုမိသားစုထဲတွင် အငယ်ဆုံးဖြစ်ပြီး အစ်ကိုကြီး သုံးယောက်လည်း ရှိသည်။ ထို့ကြောင့် မစ္စရှုက သားများထက် သမီးကို ပိုချစ်ပြီး သူမအပေါ်မှာလည်း သိပ်ပြီး မခက်ထန်ပါ။
မစ္စလီက လီရင်းကို မေးခဲ့သည်။ “ယွဲ့ကျင်းနဲ့ သမီးရဲ့ အခြေအနေက ဘယ်လိုရှိလဲ။”
လီရင်းက ဖရုံစေ့ခွာရင်း ပြောခဲ့သည်။ “ဒါက ဒီလိုပဲလေ။ သူက သမီးတို့အိမ်ကို တရုတ် နှစ်သစ်ကူး ပြီးသွားရင် လာခဲ့မယ်လို့ ပြောတယ်။”
မစ္စလီက ပျော်ရွှင်စွာ ပြုံးခဲ့သည်။ “ဒါ ကောင်းတာပေါ့။ ကောင်းလိုက်တာ သမီးရယ်။ ယွဲ့ကျင်းက စားဖိုမှူးတစ်ယောက်ပဲလေ။ သမီးသာ သူနဲ့ လက်ထပ်လိုက်ရင် အေးချမ်းတဲ့ ဘဝလေးတစ်ခုမှာ ပျော်ပျော်ရွှင်ရွှင် နေရတော့မယ်။”
သူမအမေရဲ့ မိသားစုကလည်း ကောင်းကောင်း နေရတော့မည် ဖြစ်သည်။ စားဖိုမှူးတွေက ဟင်းချက်လက်ရာ ကောင်းသည့်အတွက် သူက သူမနှင့် သူမ မိသားစုကို ကောင်းကောင်းကျွေးပြီး ချမ်းချမ်းသာသာ ထားနိုင်သည်။
လီရင်းက သူမရဲ့အမေကို အာပေါင်အာရင်းသန်သန် ကြွားဝါနေခဲ့သည်။ “ယွဲ့ကျင်းက ပြောသေးတယ်။ သူက မီးဖိုချောင်ထဲက တာဝန်ခံတဲ့။ အဲ့ဒါကြောင့် မနက်ဖြန်ကျရင် သမီးကို သူ့တို့ဆိုင်လာပြီး စားဖို့အတွက် ပြောလိုက်တယ်။ သမီး မနက်ဖြန်ကျရင် အမေ့အတွက် ဝက်ခြေထောက်တွေ ယူလာပေးမယ်။”
မစ္စလီသည် တောက်ပနေသော ဝက်ခြေထောက်များကို တွေးမိလိုက်သည့်အခါ တံတွေးပါ မျိုချနေခဲ့ရသည်။ သူမတို့ မိသားစုက မြို့မှာနေသော်လည်း သူမတို့ရဲ့ ဘဝတွေက သိပ်ပြီး မလွယ်ကူနေခဲ့ပါ။ အိမ်မှာ မိသားစုဝင်များစွာ ရှိနေပြီး ကျွေးရမည့် ပါးစပ်ပေါက်တွေကလည်း အများကြီး ရှိနေခဲ့သည်။
ချွေးမသုံးယောက်အနက် နှစ်ယောက်က လစာအများကြီး မရသည့် ယာယီ အလုပ်သမားများ ဖြစ်ကြပြီး ဘာအလုပ်မှ မလုပ်သည့်သူမှာ ဝမ့်ပင်းပင်း တစ်ယောက်တည်းသာ ဖြစ်သည်။ သားတွေရဲ့ အားလုံးပေါင်း လစာမှာ များသော်လည်း အကုန်လုံးက ကုန်သွားခဲ့ပြီ ဖြစ်သည်။ သူမက နိုင်ငံပိုင် စားသောက်ဆိုင်ရှေ့က ဖြတ်သွားတိုင်း သူမသည် အရသာရှိသော အစားအစာများရဲ့ အနံ့ကို ရပြီး လောဘတက်လာခဲ့သည်။
အခုဆိုရင် သူမရဲ့ အငယ်ဆုံး သမီးလေးက စားဖိုမှူးကောင်း တစ်ယောက်ကို ရှာတွေ့ခဲ့ပြီ။ အဲ့တော့ သူမတို့က အပြင်ဘက် တံခါးနားကနေပဲ ထိုင်ပြီး အနံ့ခံနေစရာ မလိုတော့ပေ။
မစ္စလီက ကောင်မလေးကို အကြံဉာဏ် အချို့ ပေးခဲ့သည်။ “ နှစ်သစ်ကူးလို့ သူတို့ ရောက်လာတဲ့အချိန်ကျရင် တင်တောင်းငွေကို သူတို့ ဘယ်လောက်ပေးနိုင်လဲ မေးကြည့်။ တကယ်လို့ သုံးဆယ်ခြောက် မကျော်ဘူးဆိုရင် ငါတို့တွေ သဘောမတူနိုင်ဘူး။ ငါတို့တွေက သုံးခေါက်ပြန် ပေးရမှာတွေ၊ လက်စွပ်တွေလည်း မတောင်းဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ငါတို့မှာ စက်ဘီတစ်စီးနဲ့ ရေဒီယိုတစ်လုံးတော့ လိုတယ်။”
လီရင်းက သူမရဲ့ရင်ဘက်ကို ပွတ်ရင်း သူမရဲ့ အမေကို အခိုင်အမာ ပြောခဲ့သည်။ “ သေချာတာပေါ့။ သမီးတို့ ဆုံးဖြတ်တဲ့ အခါကျရင် သမီးအတွက် စားသောက်ဆိုင်မှာ အလုပ်တစ်ခု ပေးဖို့အတွက် ယွဲ့ကျင်းကို ပြောလိုက်မယ်။”
မစ္စလီက အတော်လေး အံ့ဩသွားခဲ့သည်။ “ဘာ၊ ယွဲ့ကျင်းက သမီးအတွက် အလုပ်တစ်ခု ရှာပေးနိုင်တယ်တဲ့လား။”
လီရင်းသည် အခြေခံကျောင်းမှ ဘွဲ့ရပြီးနောက် ကျောင်းနားလိုက်သည်။ ထို့နောက် သူမသည် ဒီနှစ်တွေအတွင်း အိမ်မှာပဲ ယောင်လည်လည် လုပ်နေခဲ့သည်။ သူမတွင် ဘာအထက်တန်း အောင်လက်မှတ်မှလည်း မရှိသလို အလုပ် ကြိုးစားဖို့အတွက်လည်း ဆန္ဒမရှိနေခဲ့ပါ။ ထို့ကြောင့် သူမက ဘာယာယီအလုပ်ကိုမှ မရှာနိုင်ခဲ့ပါ။
လီရင်းက သူမအမေရဲ့မေးခွန်းကို ကြားလိုက်ရသည့်အခါ အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။ တကယ်တမ်းမှာ သူမသည် သူမရဲ့အလုပ်ကိစ္စကို ရှဲ့ယွဲ့ကျင်းထံမှ လျှို့ဝှက်ထားခဲ့သည်။
သူတို့နှစ်ယောက်ကို သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ လီရင်းသည် ရှဲ့ယွဲ့ကျင်းအား သူမက ဓာတ်ဗူးစက်ရုံတွင် သာမန် အလုပ်သမား တစ်ယောက်ပါဟု ပြောထားခဲ့သည်။ လွန်ခဲ့သောလတွေမှာ သူမတို့ စပြီး ချိန်းတွေ့ကတည်းက လီရင်းနှင့် ရှဲ့ယွဲ့ကျင်းသည် ဓာတ်ဗူးစက်ရုံ၏ အဝင်ဝတွင်သာ အမြဲတမ်း တွေ့ခဲ့ကြသည်။
ထို့ကြောင့် ရှဲဲ့ယွဲ့ကျင်းသည် သူမက အလုပ်လက်မဲ့ တစ်ယောက်ဖြစ်ကြောင်းကို မသိခဲ့ရသေးပါ။
“ သေချာတာပေါ့။ သမီးတို့ လက်ထပ်ပြီးရင် သူကလည်း စားဖိုမှူးလုပ်လာတာ ကြာပြီဆိုတော့ သူက သမီးအတွက် စားသောက်ဆိုင်မှာ အလုပ်တစ်ခုရအောင် လုပ်ပေးမှာ သေချာတယ်။”
လီရင်းက မှင်သက်နေသည့် မစ္စလီကို ချော့ပြောနေခဲ့သည်။
“ဘုရားရေ။ ယွဲ့ကျင်းက ဘယ်လိုတောင် လုပ်နိုင်စွမ်း ရှိနေရတာလဲ။”
လီရင်း - “သူက သမီးတို့မြို့က စားသောက်ဆိုင်ရဲ့ စားဖိုမှူးတစ်ယောက်လေ။ စားသောက်ဆိုင် တစ်ဆိုင်လုံးမှာ သူတစ်ယောက်ပဲ ချက်ပြုတ်တတ်တာ။ တကယ်လို့ သူသာ ထွက်သွားရင် စားသောက်ဆိုင်ကတော့ အရှုံးပေါ်ပြီပဲ။ အဲ့တော့ သူက ဘယ်လိုလုပ် အရည်အချင်းမရှိဘဲ နေပါ့မလဲ။”
လီရင်းက ချဲ့ကားပြောနေခြင်း မဟုတ်ပါ။ အကြောင်းမှာ ရှဲ့ယွဲ့ကျင်းက သူမကို ထိုအတိုင်း ပြောထားခြင်းကြောင့် ဖြစ်သည်။
“သူက ပြောသေးတယ်။ ခေါင်းဆောင်တွေကလည်း သူ့ကို သဘောကျကြတယ်တဲ့။ နောက်ပိုင်း သူ့ကို ကောင်စီမြို့ဆီ ရွေ့ပေးကောင်း ရွေ့ပေးနိုင်တယ်။”
မစ္စလီက အသက်ဝအောင်ရှုပြီး ပြောခဲ့သည်။ “ကောင်စီ မြို့ထဲကိုတဲ့လား။”
ထိုခေတ်အခါတုန်းက မြို့ကို ပြောင်းဖို့ဆိုတာ အတော်လေး ခက်ခဲသည်။ ဒီတိုင်း ကြည့်နေရုံဖြင့် သူမရဲ့သမီးက ဒီလို အောင်မြင်သည့် ယောက်ျားတစ်ယောက်ကို ရှာတွေ့နိုင်မည်ဟု သူမ ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးပါ။
“ဒါဆိုလည်း သေချာသာ ဆွဲထားတော့။ ယွဲ့ကျင်းမှာက အလုပ်အကိုင် ကောင်းကောင်းတစ်ခု ရှိနေတော့ သူ့ကို မျက်စိကျနေတဲ့ နှုတ်သီးကောင်း လျှာပါး မိန်းမတွေ အများကြီးက ရှိနေမှာ။ သူ့ကို သတို့သမီးကြေးအတွက် မမေးနဲ့တော့၊ အဲ့လိုဆိုရင်ရော ဘယ်လိုလဲ။ ယွဲ့ကျင်းမှာ အလုပ်ကောင်းကောင်း ရှိနေသ၍ ငါတို့က ဒီလို အရာတွေကို ဂရုစိုက်နေစရာ မလိုဘူး။”
သေချာသည်မှာ စားဖိုမှူးဖြစ်သည့် သားမက်တစ်ယောက် ရှိနေခြင်းက တင်တောင်းငွေ ယွမ် ၈၀၊ ၁၀၀ ပေးသည့် သားမက်ထက်တော့ ပိုပြီး အရေးကြီးသည်။
ပိုက်ဆံတွေကို တစ်ခါတည်း အကုန်ခံတာက ကောင်းတယ်ဆိုပေမယ့် ဒီလိုမျိုး စားဖိုမှူး တစ်ယောက်ကို သားမက်တော်ရတာက မိသားစုအတွက် ရလာမယ့် အကျိုးအမြတ်တွေက တောင်တန်းတွေ၊ ပင်လယ်တွေလောက် ရှိလာလိမ့်မယ် မဟုတ်လား။
လီရင်းသည် သူမ အမေပြောတာ မှန်တယ်ဟု ခံစားခဲ့ရသည်။ သူမသည် ထိုကဲ့သို့သော ခက်ခဲသည့် အလုပ်မျိုးကို မလုပ်နိုင်ပါ။ တကယ်လို့ သူမက အလားအလာရှိတဲ့ ယောက်ျားတစ်ယောက်ကို ရှာဖွေတာက အလုပ် လုပ်ရတာထပ် ပိုပြီး ကောင်းမွန်လိမ့်မည် မဟုတ်ပါလား။
ထိုအကြောင်းကိုပြောရင်း လီရင်းက သူမရဲ့ အမေကို ထူးဆန်းသည့် အပြုအမူမျိုးနှင့် အတင်းပြောခဲ့သည်။ “အမေ၊ သမီးတို့ တတိယမြောက် ယောင်းမရဲ့ ညီမကို သိတယ်မလား။”
မစ္စလီသည် အစတုန်းက ဝမ့်မိသားစု၏ သမီးနှစ်ယောက်ကြားတွင် ရွေးချယ်ဖို့ တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ပိုင်းတွင် ဝမ့်လင်းလင်းက အတော်လေး ဉာဏ်နီဉာဏ်နက် များသည်ကို သိခဲ့ရသည့်အတွက် ဝမ့်ပင်းပင်းကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“အမေ့ကို ပြောဦးမယ်။ သမီးတို့ တတိယမြောက် ယောင်းမရဲ့ ညီမ ဝမ့်လင်းလင်းကလေ ယောက်ျားတစ်ယောက်ကို တွေ့ပြီး သူတို့ရဲ့ မိထွေးတစ်ယောက် ဖြစ်သွားပြီတဲ့။”
မစ္စလီသည် ထိုအကြောင်းကို အရင်က မကြားထားသည့်အတွက် သူမရဲ့သမီးကို မြန်မြန်ပဲ လှမ်းဆွဲကာ ထိုအကြောင်းကို မေးခဲ့သည်။
လီရင်း - “အမေပြောကြည့်။ အစ်ကို လက်ထပ်တာကို သမီးတွေ့တုန်းက သူက အရမ်း လိမ္မာပါးနပ်တယ်လို့ အစ်ကိုပဲ ပြောခဲ့တာ။ ဒါပေမယ့် သူ့ကြည့်ရတာ ပါးနပ်တဲ့ပုံလည်း မပေါ်ပါဘူး။ သူမက ကလေးနှစ်ယောက်နဲ့ ကွာရှင်းထားတဲ့ ယောက်ျားကို ရွေးသွားတာတဲ့။ သူက စစ်သားတစ်ယောက်ဆိုပေမယ့် သူ့မိသားစုက တော်တော်လေး ဆင်းရဲတယ်။ ဒါပေမယ့် သူမက အဲ့တစ်ယောက်ကို လက်ထပ်ဖို့ အတင်းအကြပ်လုပ်ပြီး သူ့မိဘတွေဆီကလည်း ထွက်သွားတာတဲ့။”
ဝမ့်လင်းလင်းရဲ့ အပြုအမူက လုံးဝ အံ့ဩဖို့ မကောင်းဘူးဆိုတာကို လီရင်းက သိနေခဲ့သည်။ ဝမ့်လင်းလင်းရဲ့ အပြုအမူက ပတ်ဝန်းကျင်တွင် အတော်လေး ပျံ့နှံ့နေခဲ့တာ ကြာလှပြီ ဖြစ်သည်။ ပျံ့သွားရသည့် အကြောင်းမှာ သူမသည် စိတ်ကူးပေါက်သလို ပြုမူခဲ့လို့သာမက မိသားစုအတွက် သူမ ရွေးပေးခဲ့သည့်သူမှာ လူကောင်းတစ်ယောက် မဟုတ်နေခြင်းကြောင့် ဖြစ်သည်။
ကျောက်မိသားစုမှ အမျိုးသမီးကြီးက ပိုက်ဆံမကုန်ဘဲ ချွေးမတစ်ယောက်နှင့် လက်ထပ်ပေးနိုင်သဖြင့် သူမက အတော်လေး လုပ်နိုင်ကိုင်နိုင်သည်ဟု တွေးနေခဲ့သည်။ ထို့အပြင် သူမက ပထမဆုံးအကြိမ် အောင်သွယ် လုပ်ဖူးခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် သူမက ဒီကိစ္စကို အပြင်မှာ ကြွားနေခဲ့ခြင်း ဖြစ်သည်။