အာဏာဖြင့် သိမ်းယူခြင်း
Vol. 1 Ch. 251
"ဝှစ်...ဝှစ်...ဝှစ်"
စစ်အရာရှိများသည် ချက်ချင်းထရပ်ကာ အတွင်းအားများ ထုတ်ဖော်၍ ကျန်းရီအား ကြည့်လိုက်ကြသည်။ ဘေးဘက်ရှိ တံခါးငယ်တွင်လည်း ခါးထိအောင် ရှည်လျားသော ဆံပင်ဖြူများနှင့် အဘိုးကြီး တစ်ယောက် ထွက်လာခဲ့သည်။ ရှားနိုင်ငံ၏ ဗာဂျရာအဆင့် အကြီးအကဲ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ကျန်းရီ တစ်ခုခုလုပ်လျှင် သူကလည်း ကျန်းရီကို သတ်လိုက်မည် ဖြစ်သည်။
"ကင်းထောက် သံတမန်ကျန်း... ဘာလို့ ရုတ်တရက် ထရပ်တာပါလဲ၊ ဒီမင်းသမီးအတွက် လက်ဆောင်တွေများ ပြင်ဆင်ခဲ့လို့လား"
တိုက်ပွဲတစ်ခု အချိန်မရွေး ထဖြစ်နိုင်သော အခြေအနေတွင် ကြည်လင် ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအသံ ထွက်လာသည်နှင့် ကျန်းရီ၏ ကိုယ်ပေါ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများမှာ တစ်မုဟုတ်ချင်း ပျောက်ကွယ် သွားခဲ့သည်။ သူ၏ သုန်မှုန်နေသော မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာပြီး ခေါင်းညိတ်လိုက်သည်။
"ဒါက မင်းသမီးလောရွှယ်ရဲ့ လက်ထပ်ပွဲဆိုမှတော့ ဒီသံတမန်ကလည်း စိတ်ရင်းကို ပြသရမှာပေါ့"
"ဟူး..."
နန်းရင်ပြင်မှ လူများသည် စိတ်အေးသွားသည့် အတွက် သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ အထူးသဖြင့် ရှားနိုင်ငံမှ အရာရှိများ ဖြစ်သည်။ ကျန်းရီ လှုပ်ရှားလာလျှင် သူတို့သည်လည်း ရွေးစရာမရှိဘဲ ကျန်းရီကို သတ်ရပေမည်။ ထိုသို့ဖြစ်လာလျှင် ရှားနိုင်ငံသည် မိုးပြာနဂါး အင်ပါယာကို ရန်စလိုက်သလို ဖြစ်သွားလိမ့်မည်။ စုလောရွှယ် ကျန်းရီကို ထိန်းနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ သို့သော် လူအများစုသည် အဘယ့်ကြောင့် ကျန်းရီ စုလောရွှယ်၏ စကားအား နားထောင်သည်ကို သံသဝင်နေကြသည်။
ဗာဂျရာအဆင့် အကြီးအကဲသည် နံရံများနောက် ဝင်ရောက် ပျောက်ကွယ် သွားခဲ့သည်။ သို့သော် အဝေးကြီးသို့ ထွက်မသွားပေ၊ ကျန်းရီတစ်ခုခု လုပ်လာလျှင် သူကလည်း သက်ညှာမည် မဟုတ်ပေ။
လင်းချမ်းနှင့် လင်းကျန့်တို့၏ နောက်ကျောများ နောက်တစ်ကြိမ် စိုရွှဲ လာပြန်သည်။ နှစ်ယောက်လုံးသည် ကျန်းရီ မဆင်မခြင်နှင့် ဘာမှမလုပ်ပါစေနဲ့ဟုသာ ဆုတောင်း နိုင်လေသည်။ ကျန်းရီ အသတ်ခံရလျှင် သူတို့လည်း သေပေလိမ့်မည်။
ကျန်းရီသည် ခဏ ရပ်တန့်လိုက်ပြီး မီးဝိညာဉ်ပုလဲ တောက်ပလာကာ ကျောက်စိမ်း သေတ္တာနှစ်လုံး ပေါ်ထွက် လာခဲ့သည်။ သူသည် ရှားဝူဟွေ့ အပါအဝင် လူတိုင်းအား ဝေ့ကြည့်လိုက်ပြီး စုလောရွှယ်ထံတွင် အကြည့်ကို ရပ်တန့်လိုက်သည်။ ထို့နောက် သူသည် ရယ်မောကာ စကားစလိုက်သည်။
"ရှန်ဝူနိုင်ငံက ကပ်စေးနှဲလွန်း မနေဘူးလား၊ မင်းသမီးတစ်ပါးကို လက်ထပ်ဖို့ ကောင်းကင် ကျောက်တုံး တစ်ခုပဲပေးတယ်... ဒီသံတမန်က နှစ်ခုပေးမယ်၊ မင်းသမီး လောရွှယ်ရဲ့ အရည်အချင်းနဲ့ဆို သူမသာ ကောင်းကောင်း ကျင့်ကြံရင် အနာဂတ်မှာ အရမ်း ထူးချွန်တဲ့သူ ဖြစ်လာလိမ့်မယ်"
"ဝှစ်"
ကျန်းရီ၏ လက်လှုပ်ရှား သွားခဲ့ပြီး ကျောက်စိမ်း သေတ္တာနှစ်လုံးကို ပစ်ပေးလိုက်သည်။ စုလောရွှယ်သည် အံ့အားသင့်သည့် အမူအရာနှင့် ဖမ်းလိုက်လေသည်။ သူမသည် တစ်ခုခု ပြောချင်ပါသော်လည်း နှုတ်ဆိတ်၍သာ နေခဲ့သည်။
"ဟင်..."
နောက်ထပ် ဆူဆူညံညံ အသံများ ထွက်လာခဲ့ပြန်သည်။ ထိုကောင်းကင် ကျောက်တုံးသည် အလွန်ရှားပါးလှပြီး ကောင်းကင် ကျောက်တုံး တစ်ခုလျှင် မရေမတွက်နိုင်သော မီးလင်ဇီးမှိုများနှင့် တူညီလေသည်။ ထို့ပြင် ထိုပစ္စည်းအား ဝယ်၍မရပေ၊ ဝယ်၍သာရလျှင် ပစ္စည်းပင် ကျန်မည် မဟုတ်ဘဲ ပြတ်လပ် သွားမည် ဖြစ်သည်။
ကျန်းရီနှင့် စုလောရွှယ်၏ ဆက်ဆံရေးကို သံသယ ဝင်နေကြသူများစွာ ရှိကြသော်လည်း ယခုမူ ပို၍ပင် စိတ်ဝင်စား လာကြပေပြီ။ ဤနေရာတွင် ရှိနေကြသူများသည် ဉာဏ်ကောင်းကြ၍ အခြေအနေအား လျင်မြန်စွာ နားလည် လိုက်ကြသည်။ စုလောရွှယ်သည် ဝိညာဉ်သားရဲ သင်တန်းကျောင်းတွင်သာ နေထိုင်ခဲ့ပြီး ကျန်းရီမှာ ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည်။ အချိန်အတိုင်းအတာ တစ်ခုကြာပြီးနောက် အရည်အချင်း ရှိသော ကျောင်းသားနှင့် လှပသည့် ဆရာမလေးတို့ အကြား ခံစားချက်များ ရှိလာသည်မှာ သဘာဝ ကျလေသည်။ သူတို့၏ ဆက်ဆံရေးသည် အနည်းငယ် သံသယဝင်စရာ ကောင်းနေသော်လည်း ဤကဲ့သို့ လက်ဆောင်မျိုးမှာ သဘောထားကြီးလွန်း မနေပေလော။
ရှားဝူဟွေ့၏ ရင်ထဲတွင် မီးဟုန်းဟုန်း တောက်နေပြီ ဖြစ်သည်။ ဤရက်များအတွင်း သူ့မှာ ရူးမတတ် ဖြစ်နေရသော်လည်း ကျန်းရီသည် သူ့မျက်နှာကို နောက်တစ်ကြိမ် ဖြတ်ရိုက် လိုက်ပြန်လေပြီ။ လူတိုင်း၏ ရှေ့တွင် တန်ဖိုးကြီး ပစ္စည်းများ လက်ဆောင် ပေးလိုက်ခြင်း... မည်သည့်ယောက်ျားမဆို ဤသို့သော အရှက်ခွဲမှုမျိုးကို သည်းခံနိုင်မည် မဟုတ်ပေ။ ရှားဝူဟွေ့သည် ကျန်းရီကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကင်းထောက် သံတမန်ကျန်းက အရမ်းကို သဘောထားကြီးတာပဲ... ဘာလို့ မီးနဂါး ဓားကိုရော မပေးလိုက်တာလဲ"
"ဟား...ဟား...ဟား"
ကျန်းရီသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လှောင်ပြောင် လိုက်သည်။
"သတို့သမီးကို လက်ထပ်မှာက ခင်ဗျားလား ကျုပ်လား...ဒါဆို ဘာလို့ ကျုပ်ကို ခင်ဗျားရဲ့ သတို့သမီး မပေးတာလဲ၊ မီးနဂါး ဓားမပြောနဲ့ ကျုပ်မှာရှိသမျှ ရတနာတွေအကုန် ရှားနိုင်ငံကို ပေးလိုက်မယ်"
အရှက်မရှိလိုက်တာ... မောက်မာလိုက်တာ
မှူးမတ်များသည် မျက်ဖြူ လှန်လိုက်ကြချိန်တွင် ရှားဝူဟွေ့မှာ ဒေါသထွက်လွန်း၍ တဆတ်ဆတ် တုန်နေတော့သည်၊ သူသည် ပါးစပ်မှ အမြှုပ်တစီစီ ထွက်ကာ သတိလစ် သွားမတတ်ပင် ဒေါသ ထွက်နေခဲ့သည်။
လေထုသည် တင်းမာ လာခဲ့ပြန်သည်။ စုတိဝမ်သည် ကျန်းရီနှင့် ရှားဝူဟွေ့ ပြဿနာ ဖြစ်မည်ကို စိုးရိမ်သည့်အတွက် ကြားဝင်လိုက်ရသည်။
"ကင်းထောက် သံတမန်ကျန်းက တကယ့်ကို ရက်ရောတာပဲ... ကျွန်တော့်သမီးကို အလေးထားတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ နောက်တစ်ကြိမ် ဒီဘုရင်ကလည်း သံတမန်ကျန်းကို ပြန်ပြီး လက်ဆောင်ပေးပါ့မယ်၊ သံတမန်ကျန်း သဘောကျဖို့ပဲ မျှော်လင့်ပါတယ်"
ကျန်းရီ၏ မျက်လုံးများ တောက်ပ လာခဲ့သည်။ သူသည် ရှားဝူဟွေ့နှင့် ဆက်ပြီး ငြင်းခုံ မနေချင်တော့သည့် အတွက် ပြန်ဖြေလိုက်သည်။
"ဒါဆိုရင်တော့ ဒီသံတမန်ရဲ့ ကောင်းချီးပါပဲ၊ အင်ပါယာ အဖွဲ့အစည်းကလည်း လက်ဆောင်တွေ ပေးလိုက်ပါသေးတယ်"
ကျန်းရီသည် လင်းချမ်းကို မျက်စ ပစ်ပြလိုက်သည်။ လင်းချမ်းသည် အပြင်ဘက်သို့ လျှောက်သွားကာ လူများအား လက်ဆောင် သေတ္တာများ သယ်လာ ခိုင်းလိုက်သည်။ ထို့နောက် ကျန်းရီသည် မတ်တတ်ရပ်ကာ စကားဆက်လိုက်သည်။
"မင်းကြီးစု... ဧကရာဇ်က မင်းကြီးစုကို အသိအမှတ်ပြုပြီး လက်ဆောင်တွေ ပေးလိုက်ပါတယ်၊ လက်ဆောင်တွေကို ကြည့်ပါဦး... တခြားနိုင်ငံတွေတောင် ဒီလိုမျိုး မျက်နှာသာ ပေးမှုမရဘူး"
"ဧကရာဇ်ကို ကျေးဇူးအများကြီး တင်ပါတယ်"
တကယ်တော့ မိုးပြာနဂါး အင်ပါယာသည် မည်သည့် လက်ဆောင်မှ မပေးခဲ့ဖူးပေ။ နှစ်ပေါင်း တစ်သောင်းအတွင်း မင်းဆက်အသီးသီး နန်းတက်ခဲ့သော်လည်း အလွန်ဆုံးရှိလှ အင်ပါယာမှ လူတစ်ယောက် စေလွှတ်ရုံသာ ဖြစ်သည်။ ဤတစ်ခေါက်တွင် အင်ပါယာသည် လက်ဆောင် အများကြီး ပြင်ဆင် ပေးခဲ့သည်။ စုတိဝမ်သည် အလွန်အံ့အားသင့်နေပြီး အခြားနိုင်ငံများမှ သံတမန်များ၏ အရှေ့တွင် သူ့ဂုဏ်တက် သွားသည်ဟု ခံစားနေရသည်။ သူ့မျက်နှာထက်တွင် အပြုံးပန်းကြီး ပွင့်လန်းနေခဲ့သည်။
နန်းရင်ပြင်ရှိ လူများစွာသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ မိုးပြာနဂါးအင်ပါယာ ဘာလိုချင်နေသနည်း။ သူတို့သည် အမည်အားဖြင့် နယ်မြေ၏ အုပ်ချုပ်သူ ဖြစ်သော်လည်း နိုင်ငံတစ်ခုမှ မင်းသမီးတစ်ပါး၏ လက်ဆက်ပွဲသို့ လူတစ်ယောက် စေလွှတ် ပေးသည်ကပင် တော်လှပြီ ဖြစ်လေသည်။ ယခုမူ လက်ဆောင်များပါ ထည့်ပေး လိုက်သေးသည်။ ထိုလက်ဆောင် များသည် ရှန်ဝူနိုင်ငံမှပေးသော လက်ဖွဲ့ပစ္စည်းများ ထက်တောင်မှ များသေးသည်။
လင်းချမ်းနှင့် လင်းကျန့်တို့သည်လည်း ပဟေဠိ ဖြစ်နေခဲ့သည်။ ထိုလက်ဆောင် ပစ္စည်းများမှာ ကျန်းရီ၏ အမိန့်အတိုင်း ပြင်ဆင် ပေးရခြင်းဖြစ်ပြီး အားလုံးမှာ သာမန် ပစ္စည်းများသာ ဖြစ်ကြသည်။ အထဲတွင် ကောင်းကင်အဆင့် လက်နက် တစ်ခုတောင် မပါချေ။
ကျန်းရီသည် အစက ထိုလက်ဆောင်များအား သူ့အမည်ဖြင့် ပေးတော့မည်ဟု သူတို့ ထင်ထားကြသော်လည်း သူသည် မိုးပြာနဂါး အင်ပါယာ၏ အမည်ကိုသာ သုံးခဲ့သည်။ ကျန်းရီ ဘာကြံနေသည်ကို သူတို့မသိပေ။
ကျန်းရီသည် မကြာမီပင် သူ့အကြံအစည်ကို လုပ်ဆောင်လိုက်သည်။ သူသည် စုတိဝမ်အနီး ကပ်သွားလိုက်ပြီး တီးတိုး ပြောလိုက်သည်။
"မင်းကြီးစု... ဒီသံတမန်က မင်းကြီးစုဆီက ဘာလက်ဆောင်ကိုမှ မမျှော်မှန်းပါဘူး၊ ဒါပေမယ့် အင်ပါယာ အတွက်တော့ တစ်ခုခု လုပ်ပေးမယ် မဟုတ်လား... အင်ပါယာက တစ်ခါမှလည်း လက်ဆောင် မပေးဖူးပဲ အခုမှ ပထမဆုံးပေးတာကို လက်ဆောင် ပြန်မပေးရင် အင်ပါယာက အရှက်ရမှာပေါ့"
"ဒါပေါ့...ဒါပေါ့"
မင်းကြီးစုသည် ထိုအရာမှာ သူလုပ်ကို လုပ်ရမည့် အရာဟု သတ်မှတ်ထားသည့် အလား ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
"သံတမန်ကျန်း... စိတ်မပူပါနဲ့၊ ဒီဘုရင်က အင်ပါယာကိုရော သံတမန်ကျန်းကိုပါ စိတ်ကျေနပ်အောင် လုပ်ပေးမှာပါ၊ သံတမန်ကျန်းက ဧကရာဇ်ဆီ ဒီဘုရင်ရဲ့ သစ္စာရှိမှု အကြောင်း နည်းနည်းလေး ဖြစ်ဖြစ် ပြောပေးမယ်လို့ မျှော်လင့်ပါတယ်"
"မင်းကြီးစုက အမျှော်အမြင် ကြီးလှပါပေတယ်၊ ရှားနိုင်ငံက မင်းကြီးစုရဲ့ အုပ်ချုပ်မှု အောက်မှာ သေချာပေါက် သာယာဝပြောလာမှာ... မင်းကြီးစုရဲ့ နာမည်ကလည်း သမိုင်း စာအုပ်တွေမှာ အမျှော်မြင်ကြီးတဲ့ အုပ်ချုပ်သူ အဖြစ် ကျန်ရစ်မှာ အသေအချာပဲ"
ကျန်းရီသည် မြှောက်ပင့်စကားတို့ဆိုရင်း စာအုပ်တစ်ခုကို အသာကမ်းပေး လိုက်သည်။ သူသည် မျက်လုံးများကို မှေးစင်းကာ စကားစလိုက်သည်။
" မင်းကြီးစု... ဒါက ဧကရာဇ်နဲ့ မင်းသမီးလင်းရွှယ် ကြိုက်တဲ့ဟာတွေပဲ၊ ဒါတွေကိုသာ လက်ဆောင်အဖြစ် ပြန်ပေးလိုက်ရင် ဧကရာဇ်နဲ့ မင်းသမီး သေချာပေါက် ကျေနပ်မှာပဲ"
"အမ်..."
စုတိကောနှင့် ကျန်လူများသည် အကြားအာရုံ ကောင်းကြရာ ကျန်းရီ ပြောသမျှကို ရှင်းရှင်းလင်းလင်း ကြားလိုက်သဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
အပြန်အလှန် လက်ဆောင် ပေးခြင်းသည် အဆန်းတကြယ် မဟုတ်သည့် အပြင် ဂိုဏ်းအသီးသီးလည်း အပြန်အလှန် ပေးတတ်ကြသည်။ အချို့ဆိုလျှင် အစေခံများ၊ မိန်းမလှလေးများပင် ပေးတတ် ကြသည်။ ပြဿနာမှာ လက်ဆောင် ပေးခြင်းသည် အခြား ရည်ရွယ်ချက် ရှိ၍ ဖြစ်လေသည်။
မည်သူက ကျန်းရီကဲ့သို့ လုပ်မည်နည်း၊ သူပေးသော လက်ဆောင်များသည် အင်ပါယာအတွက် လက်ဆောင်များ ပြန်တောင်းရန်သာ၊ ထို့ပြင် လက်ဆောင် ပြန်ရရန် အတွက် စာရင်းပင် လုပ်ထားလိုက်သေးသည်။ ထိုပြန်ရမည့် လက်ဆောင်များသည် အင်ပါယာ အတွက်လော၊ သူ့အတွက်လော၊ လူတိုင်း ရှင်းရှင်းလင်းလင်း သိကြသည်။
ဤသည်မှာ အာဏာဖြင့် သိမ်းယူခြင်း ဖြစ်လေသည်။
"စိတ်ဝိညာဉ်အားဖြည့်ဆေးပင် "
စုတိဝမ်သည် စာအုပ်ကို ဖွင့်လိုက်သောအခါ မျက်နှာအနည်းငယ် ပျက်သွားခဲ့သည်။ စုတိဝမ်ပြောသည်ကို ရှားဝူဟွေ့ ကြားလိုက်သော် ကျန်းရီ ယနေ့ရောက်လာရခြင်း အကြောင်းကို သူသေချာ သိသွားခဲ့သည်။
ကျန်းရီသည် စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို နေ့ခင်းကြောင်တောင် ဓားပြ တိုက်ပေ တော့မည်။
*****