မကြောက်နဲ့တော့ အိမ်ပြန်ကြစို့
Vol. 3 Ch. 21
"မဟုတ်ဘူး"
မျက်တောင်တစ်ခတ်အတွင်း ဓားသည် နတ်ဆိုးသစ်ပင်ကို အပေါ်မှအောက်သို့ ပိုင်းဖြတ်လိုက်လေသည်။
ချက်ချင်းပင် ပြင်းထန်သောပေါက်ကွဲမှု ဖြစ်ပေါ်လာလေ၏။
ဝိညာဉ်စွမ်းအင်များသည် အတိုင်းအတာတစ်ခုအထိပျံနှံ့သွားပြီး အရာအားလုံး အချိန်တိုအတွင်း အရည်ပျော်သွားသည်။
"ဂျူနီယာညီမလေး၊ချင်းချွမ်" မိုချင်းချန် ဒေါသတကြီးအော်ဟစ်လိုက်သည်။
သူ့မျက်လုံးများတွင် သွေးကြောများဖြင့် ပြည့်နှက်နေပြီး ရူးသွပ်မတတ်ဖြစ်နေသည်။
ထိုတိုက်ခိုက်မှုက သူ့ကို ကယ်တင်ခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
သို့သော် သစ်ပင်တွင် ချုပ်နှောင်ခံထားရသော လင်းချင်ရှန်းနှင့် ချင်းချွမ်ကိုမူ ချက်ချင်း ချေမှုန်းဖျက်ဆီးလိုက်ခြင်း ဖြစ်လေ၏။
သူ အတွင်းစိတ်ထဲမှ နာကျင်မှု ခံစားနေရသည်။
သူ့မျက်လုံးများ နီရဲနေပြီး သူ့ဆံပင်များ ရှုပ်ပွနေသည်။
နွေရာသီတွင်အပြည့်အဝပွင့်လန်းနေသော နှင်းပန်းကဲ့သို့ စင်ကြယ်သည့် ဂျူနီယာညီမလေးနှင့် လူတိုင်းအပေါ် အမြဲကြင်နာသော စီနီယာအစ်ကိုကြီး ချင်းချွမ်တို့ကို သူ စဉ်းစားမိသည်။
ယခု သူတို့သည် ထိုဓားကြောင့် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပြန့်ကျဲသွားကြသည်။
သူတို့သည် နတ်ဆိုးသစ်ပင်နှင့်အတူ ပျက်သုဉ်းသွားကြပြီ။
သူသည် သူ့လက်ချောင်းများကြားရှိ အရေပြားများ သွေးထွက်သည်အထိ ဓားကို တင်းတင်းဆုပ်ကိုင်ထားသည်။
ရူးသွပ်ခြင်းအခြေအနေ ရောက်ရှိသွားသကဲ့သို့ပင်။
လေတစ်ချက်ညင်သာစွာ တိုက်ခတ်လာပြီး နောက်မှတိုးညှင်းသော အသံတစ်ခု ကျန်ရစ်ခဲ့သည်။
"ငတုံးလေး" ဟု စကားပင်။
ရှန်းချန်ကော၏ပုံရိပ်သည် အမှောင်မြူခိုးများကို ဖြတ်၍ ပြေးလွှားသွားသည်။
သူနားကို ပွတ်သပ်လိုက်မိသည်။
ဘာလို့ သူ ဒီလို အော်နေရတာလဲ။
ဒီကလေး ငယ်ငယ်တုန်းကတည်းက သိပ်ထက်ထက်မြက်မြက်မရှိခဲ့ဘူး။
သူက လိမ္မာတဲ့ကလေးတစ်ယောက်ဆိုပေမဲ့ နည်းနည်းတော့ တုံးတယ်။
သစ်ပင်ပေါ်မှာ ရှိတဲ့ သူ့ဂျူနီယာညီမလေးနဲ့ ချင်းချွမ်တို့ဟာ နတ်ဆိုးသစ်ပင်၏ပုံတူကူးထားတာတွေပဲ ဖြစ်နေတာကိုး။
ဒီနတ်ဆိုးသစ်ပင်က အတော်လေး ဉာဏ်ကောင်းတယ်။
သူ၏ပုံတူကူးခြင်းကိုပင် ကြိုတင်ဖန်တီးထားခဲ့လေ၏။
ရှန်းချန်ကော၏အရှိန်အဝါကို ကြာမြင့်စွာကတည်းက ခံစားမိပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပုံရသည်။
စိတ်ဝိညာဉ်လမ်းညွှန်ခြင်း နှင့် ပြန်လည်မွေးဖွားခြင်း သာ မရှိခဲ့ရင် ရှန်းချန်ကော လှည့်စားခံရပြီး ပုံတူနှစ်ခုအားကယ်တင်ရန် ဆက်လုပ်မိမှာ သေချာသည်။
ထိုသို့ဆိုလျှင် သူ၏ အစစ်မှန် ဂျူနီယာညီမလေးနှင့် ချင်းချွမ်တို့အတွက် အခြေအနေက ပိုပြီး ဆိုးရွားလာနိုင်ခြေ ရှိသည်။
သို့သော် ကံကောင်းစွာဖြင့်...
ရှန်းချန်ကော ချက်ချင်း ပျောက်ကွယ်သွားသည်။
...
ထိုအချိန်တွင် မိုချင်းချန်၏ မျက်နှာထား အလွန်ဆိုးရွားနေသည်။
သူ့မျက်လုံးများ နီရဲနေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။
ယခု သူသည် သူရပ်နေသော နေရာ၌ အသက်မဲ့စွာ ရပ်နေပြီး အမှောင်ထုကို ကြည့်နေသည်။
ပုံရိပ်တစ်ခု ခုနကမှ ထွက်ခွာသွားသကဲ့သို့ပင်။
"အား... အား... မင်း ငါ့ဂျူနီယာညီမလေးကို သတ်ခဲ့တယ်... ငါ့ညီအစ်ကိုကို သတ်ဖြတ်ခဲ့တယ်... ပြီးတော့ ငါ့ကိုတောင် အခုလို ရိုင်းစိုင်းတဲ့ စကားလုံးတွေ သုံးခဲ့တယ်..." မိုချင်းချန် ပြောလိုက်သည်။
ဟူး... ဟူး...
"မင်း... ငါ့ကို အရှက်ခွဲတာပဲ..."
မိုချင်းချန် အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။
သူ၏နူးညံ့သော မျက်နှာသည် ဒေါသထွက်နေသော နွားထီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
ခဏလေး...
ခုနက ထွက်သွားတဲ့ ပုံရိပ်က ဘာလို့ ရင်းနှီးနေရတာလဲ။
အသံကလည်း...
သူ့ငယ်ဘဝ၏အရိပ်လိုဖြစ်နေသော ပုံရိပ်တစ်ခု သူ့စိတ်ထဲတွင် ပေါ်လာသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒါပေမဲ့ ဂျူနီယာညီမလေးနဲ့ ချင်းချွမ်...
သူ လျှောက်သွားပြီး နတ်ဆိုးသစ်ပင် မူလနေရာကို ကြည့်လိုက်သည်။
ထိုနေရာသည် ယခုအခါ ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်နေသည်။
မြေပြိုကျထားသည့် တွင်းကြီးကဲ့သို့ ထိတ်လန့်စရာ ကောင်းသည်။
မိုချင်းချန်သည် တွင်းကြီးပေါ်တွင် ရပ်နေပြီး ထိုအချိန်တွင် မီးတောင်ဝ၏ကျောက်နံရံပေါ်တွင် ရွှေရောင်နှင့် တောက်ပနေသော ဓားစွမ်းအင်များ လှုပ်ခတ်နေသည်ကို သူ မြင်နေရသေးသည်။
ဒါဟာ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။
ကြောက်မက်ဖွယ် ဓားချီစွမ်းအင်တိုင်းသည် မိုချင်းချန်ကို လုံးဝ ပျက်စီးသွားလုနီးပါးဖြစ်စေနိုင်သည့် စွမ်းအားကို ခံစားရစေသည်။
ခုနက နည်းစနစ်ကို ထုတ်လွှတ်လိုက်တဲ့လူ...
သူ ဘယ်လို ကျင့်ကြံခြင်းအဆင့်မှာ ရှိနေတာလဲ။
ဘယ်လို ကြောက်မက်ဖွယ် ဓားနည်းစနစ်ကို ကျွမ်းကျင်ထားတာလဲ။
သို့သော် ဤနေရာတွင် သူ့ဂျူနီယာညီမလေးနှင့် တခြားလူများ၏အရှိန်အဝါကို သူ အာရုံခံ၍ မရပေ... သူတို့ တကယ်ပဲ ဘာမှ မကျန်တော့အောင် ဖြစ်သွားကြတာလား။
မိုချင်းချန် စိတ်ငြိမ်သွားသည်။
ဤကိစ္စဟာ ထင်ထားတာထက် မရိုးရှင်းဘူးလို့ သူ ခံစားလိုက်ရသည်။
...
ပိုထူထဲသောအမှောင်ထုကြားတွင် နတ်ဆိုးသစ်ပင်တစ်ပင် တိတ်တဆိတ် တုန်ယင်နေသည်။
၎င်း၏မှိုင်းမည်းသောမျက်နှာသည် ထူးဆန်းစွာ ပြုံးနေသော်လည်း အနည်းငယ်ပုံပျက်နေလေ၏။
သူ့ခန္ဓာကိုယ်အနှံ့မှ ထုတ်လွှတ်သော အရှိန်အဝါသည် အလွန်အားနည်းနေသည်။
ရေတွက်မရသော သစ်ပင်အမြစ်များသည် ပြိုကျလုနီးပါးဖြစ်နေသည်။
ထိုအချိန်တွင် ရစ်ပတ်ထားသော သစ်ပင်အမြစ်များ ရုတ်တရက်လျော့ရဲသွားပြီးနောက် လင်းချင်ရှန်းသည် စိတ်ရှုပ်ထွေးစွာ မျက်လုံးဖွင့်လိုက်သည်။
"ဘာဖြစ်သွားတာလဲ..."
"ငါ... ငါ အိပ်မက်မက်နေတယ်လို့ ထင်တယ်... အရမ်းရှည်တဲ့ အိပ်မက်..." သူမ ပြောလိုက်သည်။
လင်းချင်ရှန်းသည် သစ်ပင်မှလွတ်မြောက်လာလေသည်။
သူမ၏ခြေလှမ်းများသည် ပေါ့ပါးပြီး အားအင်ပြည့်ဝနေသော်လည်း ထိုအချိန်တွင် သူမ အလွန်သတိထားနေသည်။
"စီနီယာအစ်ကိုကြီး ချင်းချွမ်လား စီနီယာအစ်ကိုကြီး ချင်းချွမ်"
သူမ ဘေးနားရှိ စီနီယာအစ်ကိုကြီး ချင်းချွမ်ကို လှုပ်နှိုးလိုက်သည်။
သို့သော် ချင်းချွမ်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံရလေ၏။
ဝူး...
ရုတ်တရက် ကြောက်မက်ဖွယ်အမြစ်များ သူမကို ရစ်ပတ်ရန် ကွေးညွတ်လာသည်။
လင်းချင်ရှန်း၏မျက်လုံးများ ကျုံ့သွားပြီး သူမ၏ ချောမောလှပသောမျက်နှာ ဖြူဖျော့သွားလေသည်။
တစ်ခဏချင်းတွင် ကြောက်မက်ဖွယ် သစ်ပင်အမြစ်များ တဟုန်ထိုးဝင်ရောက်လာပြီး သူမကို ရစ်ပတ်လိုက်သည်။
ချုပ်နှောင်ထားသော သစ်ပင်အမြစ်များဖြင့် ကြီးမားသော လှောင်အိမ်တစ်ခုအဖြစ် ပုံဖော်လိုက်သည်။
မှောင်မိုက်အေးစက်နေပြီး အကျဉ်းချခံရခြင်း ခံစားချက်သည် လူတစ်ဦးကို စိတ်ပျက်အားငယ်မှုထဲသို့ ထိုးချနိုင်သည်။
"ငါ..."
လင်းချင်ရှန်း၏မျက်လုံးများ ကျုံ့သွားခဲ့လေ၏။
သူမ သတိရလာခါစသာ ရှိသေးလေသည်။
ချက်ချင်း နတ်ဆိုးသစ်ပင်၏ရစ်ပတ်ခြင်းကို ခံလိုက်ရပြီ။
နတ်ဆိုးသစ်ပင်သည် 'လွတ်မြောက်ခြင်းအဆင့်' အထွတ်အထိပ်တွင် ရှိသည်။
သူမသည် 'ချီထိန်းချုပ်ခြင်းအဆင့်' သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ရိုးရိုးသားသား ပြောရလျှင် သူမသည် တိုက်ခိုက်မှုတွင် အားမကောင်းပေ။
သူမ ထူးချွန်သည့်အပိုင်းမှာ ကာကွယ်ခြင်းဆိုင်ရာ ဓားစီးနင်းခြင်းနည်းစနစ်များနှင့် ကုသခြင်းနည်းစနစ်များ ဖြစ်သည်။
ထိုအချိန်တွင် အမှောင်ထုများ လွှမ်းမိုးလာပြီး စိတ်ပျက်အားငယ်မှုက သူမကို ဖုံးအုပ်ထားသည်။
သူမ၏နှလုံးသားတွင် အေးစက်မှုသာ ကျန်ရှိနေလေ၏။
ငါ သေရတော့မှာလား။
လင်းချင်ရှန်းသူမဘဝကို ပြန်တွေးကြည့်မိသည်။
ကလေးဘဝက သူမ၏သနားစရာ အခြေအနေကို သူမ စဉ်းစားမိသည်။
အေးစက်မှုက ပိုမိုပြင်းထန်လာပြီး ကောင်းကင်ဘုံဓားဂိုဏ်းကို ရောက်ပြီးနောက် သူမ၏ဘဝကို ပြန်တွေးမိသည်။
သူမ၏ဒုတိယစီနီယာအစ်ကိုကြီးသည် အနည်းငယ် ထူးဆန်းပြီး ဦးနှောက်က သိပ်မကောင်းသော်လည်း အနည်းဆုံးတော့ သူက ဂိုဏ်းသားအချင်းချင်း ချစ်ခင်မှုကို အလေးထားသည်။
မဟုတ်လျှင် ထိုအချိန်က သူ၏အကြီးဆုံးစီနီယာအစ်ကိုကြီးက သူ့ကို ဒီလောက်ဆိုးဆိုးရွားရွား အနိုင်ကျင့်မှာ မဟုတ်ဘူး။
ထိုအရာကို စဉ်းစားမိသည်နှင့် သူမ သူ၏အကျင့်မကောင်းလှသော အကြီးဆုံးစီနီယာအစ်ကိုကြီးကို သတိရလိုက်မိသည်။
သူသည် အမြဲတမ်းသူ၏အဝတ်အစားများကို လျှော်ခိုင်းလေ၏။
သို့သော်လည်း သူက အလွန်ချောမောသည်တော့ အမှန်ပင်။
လူချောတစ်ယောက်၏အဝတ်အစားများကို လျှော်ပေးရတာ သူမအတွက် အဆင်ပြေပါသည်။
မည့်ဖြစ်စေ သူမငယ်စဥ်တုန်းက မကြာခဏ ကိုယ့်ကိုယ်ကိုဝင့်ကြွားလေ့ရှိသည့် သူမ၏အကြီးဆုံးစီနီယာအစ်ကိုကြီးက သူမနှင့် ဒုတိယစီနီယာအစ်ကိုကြီးတို့လေးစား အားကျရသည့် သူတစ်ယောက် ဖြစ်ခဲ့လေ၏။
ဤကိစ္စအား ယခုပြောလျှင် သူမ၏ဒုတိယစီနီယာအစ်ကိုကြီးမျက်နှာဟာ ချီးစားမိထားသလို ဖြစ်နေလျှင်ပေါ့။
သူမ နားထဲတွင် သူ့အကြီးဆုံးစီနီယာအစ်ကိုကြီး၏ ဆွဲငင်ဓာတ်ပါသော အသံတစ်ခု ထပ်မံ ပေါ်ထွက်လာသကဲ့သို့ ရှိသည်။
"ချင်ရှန်း.. မကြောက်နဲ့။ အိမ်ပြန်ကြစို့" ဟု ဆိုသည်။
လင်းချင်ရှန်း၏မျက်လုံးများ ရုတ်တရက်ပြုးသွားသည်။
ခဏအကြာတွင် အပြင်ဘက်မှ သနားစဖွယ် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ဓားသံများတချန်းချန်းမြည်ဟည်းနေပြီး ပတ်ဝန်းကျင်ရှိ မြေကြီးများ ပြိုကျနေသည်။
ထိုအေးစက်သော အော်ဟစ်သံများ ပဲ့တင်ထပ်နေစဉ် တစ်စုံတစ်ရာပြိုကျသွားသကဲ့သို့ ထင်ရသည်။
အပြင်မှာ ဘာတွေဖြစ်နေတာလဲ။
ပြီးတော့ ခုနက ကြားလိုက်ရတာ အကြားအာရုံ မှားတာလား။
ဆွဲငင်ဓာတ်အပြည့်နဲ့ နွေးထွေးတဲ့ အသံ...
ဒါ မဖြစ်နိုင်ဘူး။
သို့သော် နောက်တစ်ခဏမှာပင်...
သူမ ခန္ဓာကိုယ်လွတ်လပ်သွားသည်ဟု ခံစားလိုက်ရသည်။
သူမကို ဝိုင်းရံထားသော အမြစ်များဖြင့် ပြုလုပ်ထားသည့် လှောင်အိမ် လျော့ရဲသွားပြီး မှိန်ဖျော့သော အလင်းရောင်တချို့ ဝင်ရောက်လာသည်။
အမြစ်များ လျော့ရဲသွားသည်။
လင်းချင်ရှန်း မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပြုတ်ကျလာသည်။
သူမသည် ထိုနေရာတွင် ကြောင်ငေးစွာ ထိုင်နေပြီး ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်လိုက်သည်။
ထိုအချိန်တွင် နတ်ဆိုးသစ်ပင်သည် ခါးမှ ပြတ်တောက်ကာ ပြိုကျနေပြီ ဖြစ်သည်။
သွေးနှင့်တူသော မည်းနက်သော အရည်တစ်မျိုး ဖြတ်ထားသော နေရာမှစိမ့်ထွက်နေသည်။
ဒါက 'လွတ်မြောက်ခြင်းအဆင့်' အထွတ်အထိပ် နတ်ဆိုးတစ်ကောင်။
၎င်းဟာ သေဆုံးသွားခဲ့လေပြီ။
ထိုအချိန်တွင် မြေပြင်များကလည်းပြိုကျကာပျက်စီးနေသည်။
မြေပြင်ပေါ်တွင် ကျိုးပဲ့နေသော သစ်ပင်အမြစ်များ ပြန့်ကျဲနေသည်။
သစ်ပင်သည် ဓားပေါင်း တစ်သောင်းဖြင့် ထိုးဖောက်ခံထားရသကဲ့သို့ ဖြစ်နေလေ၏။
ဤမြင်ကွင်းဟာ လွန်စွာရှုပ်ထွေးနေလေသည်။
ဒါ...
ဒီနေရာမှာ တကယ် ဘာဖြစ်သွားတာလဲ။
လင်းချင်ရှန်းထိုနေရာတွင် ကြောင်ငေးစွာ ထိုင်နေသည်။
"ဂျူနီယာညီမလေး အဆင်ပြေရဲ့လား"
ထိုအချိန်တွင် မိုချင်းချန်သည် အဝေးမှနေ၍ စိုးရိမ်ပူပန်မှုကြီးစွာဖြင့် အသည်းအသန် ပြေးလာသည်။
သူ ဝမ်းသာအားရ ဖြစ်နေသည်။
"စီနီယာအစ်ကိုကြီး ချင်းချန်..."
လင်းချင်ရှန်းသည် ရှုပ်ထွေးသော မျက်နှာထားဖြင့် ဦးတည်ရာတစ်ခုကို ကြည့်လိုက်သည်။
ထိုနေရာတွင် ပုံရိပ်တစ်ခု ထွက်ခွာသွားသကဲ့သို့ ရှိသည်။
၎င်းသည် အဖြူရောင်ဝတ်စုံဝတ်ထားသည့် ခန့်ညားသော ပုံရိပ်တစ်ခုဖြစ်ပြီး သူမအား ရင်းနှီးသောခံစားချက်များရစေသည်။
ဒါ စီနီယာအစ်ကိုကြီး ချန်ကောလား။
ဒါပေမဲ့...
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
"စီနီယာအစ်ကိုကြီး ချင်းချွမ် ဘာလို့ မနိုးသေးတာလဲ..."
မိုချင်းချန်သည် လင်းချင်ရှန်း၏ထူးခြားသောအသွင်ကို သတိမပြုမိလိုက်ပေ။
ထိုအချိန်တွင် သူ ချင်းချွမ်ကို စိုးရိမ်တကြီး ကြည့်လိုက်လေသည်။
အချိန်အတော်ကြာပြီးနောက် ချင်းချွမ် ဖြည်းညှင်းစွာ နိုးလာသည်။
"စီနီယာအစ်ကိုကြီး ချင်းချွမ်... အဆင်ပြေရဲ့လား..."
"ငါ... ငါ တကယ်ပဲ ရှည်လျားတဲ့ အိပ်မက်တစ်ခု မက်နေသလို ခံစားရတယ်..."
"ကောင်းကင်ပေါ်က ဘာတွေ ဖြစ်ခဲ့တာလဲ..."
မိုချင်းချန် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရလေ၏။
စီနီယာအစ်ကိုကြီး ချင်းချွမ် ဘာလို့ ဒီလောက် နောက်ကျမှ နိုးလာရတာလဲ။
သို့သော် သူ အသက်ရှင်နေသေးသည်မှာပင် ကောင်းလှပါပြီ။
မိုချင်းချန် ပြုံးလိုက်သည်။
သို့သော် အစောပိုင်းက လျှို့ဝှက်ဆန်းကြယ်တဲ့သည့် စွမ်းအားရှင်က မည်သူနည်း။
သူရိယဓားဂိုဏ်း၏ ဓားနည်းစနစ်လော။
သို့သော် အဘယ်ကြောင့် ခန္ဓာကိုယ်သဏ္ဍာန်နှင့် အသံတို့မှာ စီနီယာအစ်ကိုကြီး ချန်ကောနှင့် ယခုလောက်ထိတူညီရသနည်း။
ဒါ လုံးဝ မဖြစ်နိုင်ဘူး မဟုတ်လား။
မိုချင်းချန် သူ့အတွေးများကို ရှင်းလင်းရန် သူ့ပါးကို ပြင်းပြင်းထန်ထန်ရိုက်လိုက်သည်။
လင်းချင်ရှန်းက သူ့ကို ထူးဆန်းစွာ ကြည့်နေသည်။
ထိုအချိန်တွင် ချင်းချွမ်သည် စိတ်ရှုပ်ထွေးစွာ ပတ်ဝန်းကျင်ကို ကြည့်နေလေသည်။