ထိန်းချုပ်သူ
Vol. 3 Ch. 25
နောက်ဆုံးတော့
သူ ရောက်လာပြီ
ထိုအချိန်၌ လင်းကျန်းဟုန် အလွန်စိတ်လှုပ်ရှားနေလေ၏။
အံများကိုတင်းတင်းကြိတ်ကာ သူ့စိတ်ခံစားချက်များကို အတင်းထိန်းချုပ်ထားရလေသည်။
မည်သည့်နည်းဖြင့်မဆို အလွတ်မပေးဘဲ ချန်ကောကိုသတ်ရမည်လေ။
ရှန်းချန်ကော၏ရွေ့လျားခြင်းနည်းစနစ်နှင့် ထွက်ပြေး၍မရအောင် မှော်အစီအရင်၏ အလယ်ဗဟိုသို့ ရောက်တဲ့အချိန်ထိ သူစောင့်ရဦးမည်။
သူ မှော်အစီအရင်ရဲ့အလယ်ကို ရောက်တာနဲ့...
အဲဒီခါကျရင်...
ငါ မင်းရဲ့အလောင်းကို အပိုင်းတစ်ထောင်လောက်ဖြစ်အောင် နှုတ်နှုတ်စင်းပစ်လိုက်မယ်။
လင်းကျန်းဟုန်၏မျက်လုံးများက အေးစက်ပြီး ရက်စက်ကြမ်းကြုတ်မှုများဖြင့်ပြည့်နှက်နေလေ၏။
"ဒီ မှော်အစီအရင်က တော်တော်သေသပ်သားပဲ။ ကြည့်ရတာ အရမ်းရှေးကျပုံရတယ်။မျဉ်းကြောင်းတွေက သေသပ်တယ်၊ရည်ရွယ်ချက်က ရှင်းလင်းတယ်။သူရိယဓားဂိုဏ်းမှာ ဒီလောက် နက်နဲတဲ့အရာ ရှိနေလိမ့်မယ်လို့ ထင်မထားမိဘူး။ ကြည့်ရတာ ဒီဂိုဏ်း ကောင်းကင်ဘုံဓားနယ်မြေထဲ ဝင်ရောက်လာတာက သာမန်မျက်စိနဲ့မြင်ရတာထက် ပိုများတဲ့ လျှို့ဝှက်ချက်တွေ ရှိနေပုံပဲ"
ရုတ်တရက် ရှန်းချန်ကော၏တိုးညင်းသော အသံက အနောက်ဘက်မှ ထွက်ပေါ်လာသဖြင့် လင်းကျန်းဟုန် ကြက်သီးမွေးညင်းထသွားလေသည်။
ပုန်းအောင်းနေသော အကြီးအကဲ ကျန်းကျန့်လည်း အလားတူပင်။
သူ့မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူ မှော်အစီအရင်ကို တွေ့သွားတာလား။
ဒါပေမယ့် တွေ့သွားပြီဆိုရင် ဘာလို့ ဆက်လျှောက်ဝင်လာတာလဲ။
အထူးသဖြင့် ထိုအချိန်၌ရှန်းချန်ကော၏ပုံစံမှာ အလွန်တည်ငြိမ်နေသည်။
သူရိယဓားဂိုဏ်းက သူ့အတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသော ထောင်ချောက်တစ်ခု ဆင်ထားသည်ကို လုံးဝဂရုမစိုက်သကဲ့သို့ ဖြစ်နေလေ၏။
"မင်း ငါ့သားကို သတ်ခဲ့တယ်၊ ငါ့ဂိုဏ်းကို ဖျက်ဆီးခဲ့တယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ မင်းသေရမယ်"
လင်းကျန်းဟုန် ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
သူ စိတ်ထဲတွင် လန့်ဖျပ်သွားသော်လည်း အခြေအနေက ပြောင်းလဲမသွားပေ။
ရှန်းချန်ကောသည် လွတ်မြောက်ခြင်းအဆင့် အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။
အကယ်၍ထူးဆန်းကာခန့်မှန်းရခက်သော ရွေ့လျားခြင်းနည်းစနစ်သာ သူ့တွင်မရှိလျှင် မျက်နှာချင်းဆိုင်တိုက်ခိုက်ချိန်တွင် ရှန်းချန်ကော သူ့ကို နိုင်မှာမဟုတ်ပါဘူး။
ရှန်းချန်ကောက တမင်တကာ လျှို့ဝှက်ဆန်းကြယ်ဟန် ဆောင်နေတာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သူ အားကိုးစရာ တစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်တယ်။
ဒါပေမယ့် ဘာဖြစ်လဲ။
သူက သေသေချာချာ သတိထားပြီး တိုက်ခိုက်ပြီး အချိန်ဆွဲမနေဘဲ အစကတည်းက အစွမ်းကုန် ထုတ်သုံးလိုက်ရင် ရပြီ။
သို့သော် ထိုအချိန်၌...
ရှန်းချန်ကော သက်ပြင်းချလိုက်ပြီး "ခင်ဗျား ကျွန်တော့်ကို မရှုပ်ရင်၊ ကျွန်တော်လည်း ခင်ဗျားကို မရှုပ်ဘူးဆိုရင် ဘယ်လောက်ကောင်းမလဲ။ ကျွန်တော်တို့ရဲ့... ခင်မင်မှုက ဒီလောက်နဲ့ပဲ ပြတ်စဲရတော့မှာလား"
ရှန်းချန်ကော၏အသံတွင် ကြောက်မက်ဖွယ် ဖိအားတစ်ခု ပါဝင်နေပြီး အထူးသဖြင့် နောက်ဆုံးစကားလုံးတွင် ဖိအားများပိုများသည်။
သူ့စကားလုံးများတွင် လေပြင်းမုန်တိုင်းစွမ်းအား များ ပါဝင်နေပြီး ဖျက်ဆီးခြင်း စွမ်းအားများပြည့်နှက်နေသည်။
ချက်ချင်းဆိုသလိုပင် နတ်တံတားအဆင့်တွင် ရှိနေသော လင်းကျန်းဟုန်၏နှလုံးသား ကျုံ့ဝင်သွားသည်။
ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါတစ်ခုက သူ့ကိုကြီးမားသော အန္တရာယ်တစ်ခု ကျရောက်တော့မည့်အလား ခံစားလိုက်ရစေသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ထိုအချိန်တွင် ရက်အနည်းငယ်မှာပင် ရှန်းချန်ကော၏ကျင့်ကြံခြင်းအခြေခံသည် လွတ်မြောက်ခြင်းအဆင့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရသည်။
ထို့အပြင် သူထုတ်လွှတ်လိုက်သော အရှိန်အဝါနှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားရည်ရွယ်ချက် တို့က သူ့ကိုကြီးမားသောဖိအားများ ခံစားရစေသည်။
သူ၏ကျင့်ကြံခြင်းအမြန်နှုန်းက ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ။
ထိုအချိန်၌ပုန်းအောင်းနေသော ကျန်းကျန့်သည် နဂါးချုပ်နှောင်အစီအရင်ကို အသက်သွင်းလိုက်ပြီဖြစ်သည်။
အနားသတ်များရှိ ထူထပ်သော မျဉ်းကြောင်းများမှ အလင်းရောင်များ ချက်ချင်း ထွက်ပေါ်လာသည်။
အဆက်မပြတ် ထွက်ပေါ်လာသော အလင်းရောင်များသည် ကြီးမားသော ဝိညာဉ်စွမ်းအင်ကွန်ရက်တစ်ခုအဖြစ် ယှက်နွယ်သွားပြီး ကောင်းကင်မှ ချက်ချင်း ဆင်းသက်လာကာ ရှန်းချန်ကောနှင့် လင်းကျန်းဟုန်တို့ကို လွှမ်းခြုံလိုက်သည်။
သို့သော် ထိုအချိန်၌ လင်းကျန်းဟုန်၏ မျက်နှာထားကြည့်မကောင်းဖြစ်နေသော်လည်း ရှန်းချန်ကော၏မျက်နှာထားမှာ ပုံမန်အတိုင်းသာ ဖြစ်နေသည်။
သူထွက်ခွာသွားရန် လုံးဝ ကြိုးစားခြင်း မရှိပေ။
"ကျွန်တော့်ကို ဖမ်းချုပ်ထားစရာ မလိုပါဘူး။ ကျွန်တော် ထွက်မပြေးပါဘူး" ရှန်းချန်ကော ပြောလိုက်သည်။
ရှန်းချန်ကော၏ကျောဘက်ရှိ စီးနင်းခြင်းဓား၊သဏ္ဍာန်ဖော်ခြင်းဓား နှင့် တိုက်ခိုက်ခြင်းဓား
တို့သည် ဖြည်းညှင်းစွာ ဓားအိမ်မှ ထွက်လာကြသည်။
ရိုးရိုးသားသားပြောရလျှင် ဓားတစ်ချောင်းလုံးကို အိမ်မှ ချက်ချင်း ဆွဲထုတ်ခြင်းသည် အလွယ်ကူဆုံးဖြစ်ပြီး၊ဓားသွားကို ထိန်းချုပ်ကာ လူတစ်ယောက် လက်ဖြင့်ဆွဲထုတ်သကဲ့သို့ တစ်စစီဖြည်းဖြည်းချင်း ချောမွေ့စွာ ထွက်လာအောင် ပြုလုပ်ခြင်းသည် အခက်ခဲဆုံးဖြစ်သည်။
ဒါက ထိုင်ထမြန်မြန်လုပ်သလိုပါပဲ။
မြန်မြန်လုပ်ရင် သိပ်မပင်ပန်းဘူး။
ဒါပေမယ့် ထိန်းပြီး ဖြည်းဖြည်းချင်း အဆင်းအတက် လုပ်မယ်ဆိုရင်တော့ သေချာပေါက် ပင်ပန်းလိမ့်မယ်။
ဒါက ကြောက်ခမန်းလိမ့် ထိန်းချုပ်နိုင်စွမ်းကို ဖော်ပြနေတာပဲ။
သူ ဘယ်လိုကြောက်စရာကောင်းတဲ့ ဓားစီးနင်းခြင်းကျမ်းကို ကျင့်ကြံထားတာလဲ။
လင်းကျန်းဟုန်၏မျက်ခွံများ တရစပ် လှုပ်ခတ်နေသည်။
သူ့ကျောဘက်ရှိ တိုက်ခိုက်ခြင်းဓား မြည်ဟည်းလာသည်။
သူ ဆက်စောင့်မနေနိုင်တော့
သူ၏တိုက်ခိုက်ခြင်းဓားကို အတင်းဆွဲကိုင်လိုက်သည်။
ရုတ်တရက် သူ့ဓား၏ချီစွမ်းအင်များ ပူနွေးလာပြီး နတ်တံတားအဆင့်ရှိ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
သူ့ခေါင်းပေါ်တွင် နတ်တံတားတစ်ခု တည်ဆောက်လိုက်သကဲ့သို့ သူ့နှလုံးသားနှင့် ကောင်းကင်ထက်ကို ချိတ်ဆက်ပေးလိုက်သည်။
"နေမင်းကြွေကျခြင်း"
အချိန်မဆွဲဘဲ သူ၏အမြင့်ဆုံးစွမ်းအားကို ထုတ်သုံးလိုက်သည်။
တိုက်ခိုက်မှု၏စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းပြီး တောက်လောင်နေသည်။
ချက်ချင်းပင် အရာအားလုံး ပြိုလဲပျက်စီးသွားသလို ခံစားလိုက်ရသည်။
ကြောက်မက်ဖွယ် ဓားအလင်းတန်းသည် ကောင်းကင်တွင် ထိတ်လန့်ဖွယ် နေမင်းတစ်စင်းကို ပုံဖော်လိုက်ပြီး အလင်းတန်းတိုင်းသည် နတ်ဓားများအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး ထိုးစိုက်လိုက်သည်။
လင်းကျန်းဟုန်က ရှန်းချန်ကောကို အထင်သေးစွာ ကြည့်လိုက်သော်လည်း ရှန်းချန်ကော၏မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု သို့မဟုတ် ကြောက်ရွံ့မှု လုံးဝမရှိသည်ကို တွေ့လိုက်ရသည်။
ထိုအစား တဖြည်းဖြည်း တောက်လောင်လာပြီး စိတ်အားထက်သန်မှုများ ပေါ်ထွက်လာသည်။
တစ်စုံတစ်ရာကို စမ်းသပ်ချင်နေသကဲ့သို့ပင်။
ရှန်းချန်ကော၏ကျောဘက်ရှိ တိုက်ခိုက်ခြင်းဓား လေထဲသို့ ထိုးတက်သွားသည်။
မီးတောက်များဖြင့် ပြည့်နှက်နေပြီးမီးလှိုင်းများ တလိပ်လိပ် တက်လာသည်။
ရှန်းချန်ကောသည် ပုံရိပ်ယောင်ရွေ့လျားခြင်းနည်းစနစ်ကို အသုံးပြုပြီး လင်းကျန်းဟုန်၏ ခေါင်းပေါ်သို့ ချက်ချင်း ရောက်ရှိသွားကာ လင်းကျန်းဟုန် ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုအတိုင်း အတိအကျ လိုက်လုပ်ရင်း အေးစက်သော လေသံဖြင့် ပြောလိုက်သည်၊ "တိုက်ခိုက်ခြင်း နည်းစနစ် - နေမင်းကြွေကျခြင်း"
ဝုန်း
ပိုမိုတောက်ပသော နေမင်းတစ်စင်း ကောင်းကင်သို့ ထိုးတက်သွားလေ၏။
မရေမတွက်နိုင်သောအလင်းတန်းများသည် နတ်ဓားပေါင်းသန်းတစ်ထောင်အလား ဆင်းသက်လာကြသည်။
"ဒါ မဖြစ်နိုင်ဘူး"
အပြင်ဘက်တွင် ရပ်နေသော လင်းကျန်းဟုန်နှင့် ကျန်းကျန့် နှစ်ဦးစလုံး၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားသည်။
မျက်လုံးများ ပြူးကျယ်လျက် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူက နေမင်းကြွေကျခြင်း ကို ဘယ်လိုလုပ် သိတာလဲ။
ဒါက သူရိယဓားဂိုဏ်းရဲ့နေမင်းဓားကျမ်းမှာ မှတ်တမ်းတင်ထားတဲ့ အသန်မာဆုံး တိုက်ခိုက်ခြင်း အတတ်ပညာလေ။
အစစ်မှန်သို့ပြန်လည်ခြင်းအဆင့် တိုက်ခိုက်ခြင်း နည်းစနစ်။
အပြင်းထန်ဆုံး သတ်ဖြတ်ခြင်း နည်းလမ်း။
ဒီနည်းစနစ်နဲ့ပတ်သက်ရင် ဓားတစ်ချက်တည်းနဲ့ နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်ဆိုတာ လုံးဝ ပုံကြီးချဲ့ပြောတာ မဟုတ်ဘူး။
ဒါပေမယ့် အခုတော့နောက်ခံဘယ်ကမှန်းမသိတဲ့ လူငယ်တစ်ယောက်က ဒီနည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်ကြောင်း ပြသနေတယ်။
ပြီးတော့ သူ့လက်ထဲက နည်းစနစ်သဏ္ဍာန်က လင်းကျန်းဟုန်ရဲ့ နည်းစနစ်ထက်တောင် ပိုပြီး စစ်မှန်ပြီး အားကောင်းနေသေးတယ်။
ဒါက...
အလင်းတန်းသန်းတစ်ထောင်ကဲ့သို့ ဆင်းသက်လာသော ရွှေရောင်နတ်ဓားပေါင်းများစွာကို ကြည့်ရင်း လင်းကျန်းဟုန် မူးဝေလာလေ၏။
သူ့မျက်လုံးများ ထိတ်လန့်မှုဖြင့် ပြည့်နှက်နေလေသည်။
သူ့ကိုယ်ပိုင် နေမင်းပြိုလဲပျက်စီးပြီး ချက်ချင်း ငြိမ်းသတ်ခံလိုက်ရသည်။
သူ့ဓားအလင်းတန်းအားလုံး ပျက်စီးကုန်သည်။
ကောင်းကင်မြေပြင်ကြားတွင် ထိုပုံရိပ်သည် မြင့်မြတ်ပြီးသန့်ရှင်းစင်ကြယ်နေပုံရလေသည်။
ရှေးဟောင်းပညာရှင်တစ်ပါးကဲ့သို့ ဓားတစ်ချက်တည်းဖြင့် ကောင်းကင်ဘုံမှနတ်ဓားများကို အောက်သို့ထိုးဆင်းစေပြီး ကောင်းကင်အမိုးခုံးနှင့် ရိုက်ခတ်စေလိုက်သည်။
ဝုန်း
"မင်းက ထိန်းချုပ်သူပဲ" လင်းကျန်းဟုန်က တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိလိုက်သကဲ့သို့ ကြောက်ရွံ့ထိတ်လန့်သော မျက်နှာထားဖြင့် အော်ပြောလိုက်သည်။
လင်းကျန်းဟုန် သေဆုံးသွားပြီ။
ရှန်းချန်ကော ကောင်းကင်ထက်တွင် ထူးဆန်းသော အကြည့်ဖြင့် ရပ်နေသည်။
ထိန်းချုပ်သူ ဟုတ်လား
အဲဒါ ဘာကြီးလဲ။
သူ့မျက်နှာအမူအရာကို ခန့်မှန်းရခက်နေလေသည်။
သို့သော် အချိန်အကြာကြီးနေပြီးနောက် သူ သက်ပြင်းချလိုက်ပြီး လေထဲတွင် လက်သီးဆုပ်လိုက်သည်။
ထို့နောက် ရုတ်တရက် အေးစက်သော ဓားချီစွမ်းအင်များ ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခု လေဟာနယ်ထဲမှ ပြုတ်ကျလာကာ မြေကြီးပေါ်သို့ အလွန်အမင်း အရှက်ရဖွယ်အနေအထားဖြင့်ကျသွားသည်။
ထိုသူမှာ မှော်အစီအရင်ကို တည်ဆောက်ခဲ့သော လူပင်။
ရှန်းချန်ကော အစီအရင်ထဲ ဝင်လိုက်ကတည်းက သူ့ကို တွေ့ရှိခဲ့ပြီးသားဖြစ်သည်။
ထို့နောက် သူတို့ အစီအရင် တစ်ခုလုံး တည်ဆောက်ခဲ့သည့် မြင်ကွင်းကို ပြန်လည်မြင်တွေ့နိုင်ရန် ပြန်လည်မွေးဖွားခြင်း နည်းစနစ်ကို အသုံးပြုခဲ့သည်။
လက်ရှိတွင် ရှန်းချန်ကောသည် ပြန်လည်မွေးဖွားခြင်းနည်းစနစ်ကို အလွန်ကျွမ်းကျင်နေပြီး ၎င်း၏ ပိုမိုထူးခြားသော နည်းလမ်းအချို့ကိုလည်း တတ်မြောက်ထားပြီးဖြစ်သည်။
ထိုအချိန်တွင် သူ ကျန်းကျန့်ကို စိုက်ကြည့်နေသည်။
ကျန်းကျန့် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေသည်။
"ထိန်းချုပ်သူဆိုတာ ဘာလဲ" ရှန်းချန်ကော မေးလိုက်သည်။
"အာ... ထိန်းချုပ်သူ ဟုတ်လား။ ကျုပ်... ကျုပ်လည်း အများကြီးမသိဘူး... ကျုပ်... ကျုပ် သိတာကတော့ သူတို့ဟာ အမှောင်မြူခိုးတွေကြား လှည့်လည်သွားလာနေပြီး အမှောင်မြူခိုးရဲ့ လွှမ်းမိုးမှုကို မခံရတဲ့ အကြောက်စရာအကောင်းဆုံး ကျွမ်းကျင်ပညာရှင်တွေ ဆိုတာလောက်ပါပဲ..."
ထိန်းချုပ်သူ... ဟုတ်လား။
ရှန်းချန်ကော ရုတ်တရက် ခံစားလိုက်ရသည်မှာ အမှောင်မြူခိုးများတွင် လျှို့ဝှက်ဆန်းကြယ်မှုများနှင့် လျှို့ဝှက်ချက်များစွာ ပါဝင်နေပုံရသည်။
၎င်း၏ပေါ်ပေါက်လာပုံက မြန်ဆန်ပြီး ရှင်းပြ၍ မရနိုင်ပေ။
အရိုးသားဆုံး ပြောရရင်တော့ အရမ်း ရှုပ်ထွေးလွန်းတယ်... အမှောင်မြူခိုးတွေက ဘယ်လို လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားလဲဆိုတာ ဘယ်သူမှ မသိကြဘူး။
ပြီးတော့ အဲဒီအထဲမှာ ပိုများပြားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေပုံရတယ်။
"မင်း သေလို့ရပြီ"
ရှန်းချန်ကော ခေါင်းအသာညိတ်လိုက်သည်။
ထို့နောက် သူ ကျန်းကျန့်ကို ဓားဖြင့် ထိုးဖောက်လိုက်သည်။
မလွတ်မြောက်နိုင်တော့မှန်း သိနေသကဲ့သို့ ကျန်းကျန့်သည် မျှော်လင့်ချက်မဲ့သော အပြုံးတစ်ခု ပြုံးလိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
ထိုအချိန်၌ မှော်အစီအရင်၏ အပြင်ဘက်တွင်။
"ကြည့်စမ်း အဲဒါ နေမင်းကြွေကျခြင်း နည်းစနစ်ပဲ သူရိယဓားဂိုဏ်းရဲ့နေမင်းကြွေကျခြင်း နည်းစနစ် တကယ့် ထိတ်လန့်စရာကောင်းလိုက်တဲ့ တိုက်ခိုက်ခြင်း နည်းစနစ်ပဲ"
လူအများအပြား အလွန်အမင်းဂုဏ်ယူဝင့်ကြွားနေကြသည်။