သူတို့ သေကုန်ကြပြီ
Vol. 3 Ch. 27
"ကျုပ်တို့ ရှေ့ကမိတ်ဆွေတို့ ဘယ်ဂိုဏ်းကလဲ"
အမှောင်မြူထဲတွင် အခြားသော ဂိုဏ်းများ ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်ဘုံဓားဂိုဏ်းမှ လူများသည် သူတို့၏သတိထားစိတ်များမြင့်တက်သွားကြသည်။
သူတို့အားလုံး၏မျက်နှာများတွင် အနည်းငယ် တည်ကြည်လေးနက်သော အမူအရာများရှိနေကြလေသည်။
အကယ်၍ ဤအဖြစ်အပျက်သာ အခြားအချိန်တစ်ခုတွင်ဖြစ်ခြင်းဆိုပါက၊သူတို့သည် သဘာဝအတိုင်းပင် လုံးဝကြောက်ရွံ့နေမည်မဟုတ်ပေ။
သို့သော် ယခုအချိန်မတူညီတော့ပါဘူး။
သူတို့သည် အမှောင်မြူထဲတွင် နတ်ဆိုးတစ်ကောင်၏တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးဖြစ်သည်။
ယခုတွင် အကြီးအကဲသည် ပြင်းထန်စွာ ဒဏ်ရာရထားသည်။
အကယ်၍ တစ်ဖက်လူက ရန်လိုမှုတစ်စုံတစ်ရာ ပြသလာပါက၊ သူတို့၏လက်ရှိအခြေအနေကြောင့် အားနည်းချက်ဖြစ်သွားနိုင်သည်။
အမှောင်မြူထဲတွင် အခြားဂိုဏ်းများနှင့် တွေ့ဆုံရပါက၊ဝေးလံသော အရပ်ဒေသတွင် မိတ်ဆွေဟောင်းတစ်ဦးနှင့် ဆုံတွေ့ရသကဲ့သို့ မခံစားသင့်ပေ။
ထိုအစား သတိဝီရိယ ရှိရမည်။
အရာအားလုံးလိမ်ဖည်ရှုပ်ထွေးနေသော ဤအမှောင်မြူဖုံးလွှမ်းသည့် ခေတ်ကာလတွင်၊ ဖော်ရွေသော အပြုံးတစ်ခု၏အောက်တွင် အေးစက်သော ဓားတစ်လက် ပုန်းအောင်းနေနိုင်သည်။
"ငါတို့က သူရိယဓားဂိုဏ်းပဲ! မင်းတို့ကရော..."
သူတို့သည် ကောင်းကင်ဘုံဓားနယ်မြေအတွင်းသို့ ယခုမှ ခြေချလာပုံရသော ဓားဂိုဏ်းတစ်ခုဖြစ်သည့် သူရိယဓားဂိုဏ်းမှ ဖြစ်နေကြသည်။
ဘက်စုံအင်အားဖြင့်ကြည့်လျှင်၊ သူတို့သည် ကောင်းကင်ဘုံဓားဂိုဏ်း၏ဂိုဏ်းခွဲများနှင့် အဆင့်တူ ရှိနိုင်လေ၏။
"ငါတို့က ကောင်းကင်ဘုံဓားဂိုဏ်းကပါ"
ကောင်းကင်ဘုံဓားဂိုဏ်း ဟုတ်လား
တစ်ဖက်အဖွဲ့၏စိတ်နှလုံးများ လှုပ်ရှားသွားကြသည်။
သူတို့ပဲကိုး
သူတို့သည် အတိတ်က ကောင်းကင်ဘုံဓားဂိုဏ်း အကြောင်း ဒဏ္ဍာရီများကို ကြားဖူးခဲ့ကြသည်။
ပြောရလျှင် ဤနယ်မြေဒေသကိုပင် သူတို့ဂိုဏ်းအမည် ပေးထားခြင်း ဖြစ်သည်။
ထိုအချက်က ယခင်ကာလများ၌ ကောင်းကင်ဘုံဓားဂိုဏ်းမည်မျှ စွမ်းအားကြီးမားခဲ့ကြောင်း ပြသနိုင်သည်။
သို့သော် ထိုအချိန်တွင်၊ သူတို့သည် အတင်းအဖျင်း မပြောဘဲ မနေနိုင်ကြတော့ပေ။
"သူတို့ အကြီးအကဲလို့ ခေါ်တဲ့လူကို ကြည့်လိုက်ပါဦး။သူက လွတ်မြောက်ခြင်းအဆင့် အစောပိုင်း မှာပဲ ရှိသေးတယ်။ ကောင်းကင်ဘုံဓားဂိုဏ်းဘယ်လောက်ပဲ ကျဆင်းသွားပါစေ၊ သူတို့က လွတ်မြောက်ခြင်းအဆင့်ကို အကြီးအကဲအဖြစ် ဘယ်တော့မှ ခန့်အပ်မှာ မဟုတ်ဘူး... ငါ့ထင်မြင်ချက်သာ မှန်မယ်ဆိုရင်၊ ငါတို့ ထိပ်တိုက်တွေ့လိုက်တဲ့ ဒီအဖွဲ့က ဂိုဏ်းခွဲတစ်ခုပဲ ဖြစ်လိမ့်မယ်။"
"သူတို့က ဂိုဏ်းခွဲတစ်ခုပဲ ဆိုရင်တော့... သူတို့ သိပ်ပြီး စွမ်းအားကြီးမှာ မဟုတ်လောက်ဘူး၊ ငါတို့သာ ဒီလူတွေကို ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းလိုက်ရင်... သူတို့ရဲ့ဓားနည်းစနစ်တချို့ကို ထုတ်ပြောလာလိမ့်မယ်လို့ ငါ ထင်တယ်..."
"ဂိုဏ်းချုပ်က အခြားဂိုဏ်းတွေကို သိမ်းပိုက်ဖို့ စဉ်းစားနေတာ တော်တော်ကြာပြီလို့ ငါထင်တယ်၊ ငါပြောတာ မှန်တယ်မလား၊သူတို့ရဲ့ ဂိုဏ်းခွဲဆီကနေ ကောင်းကင်ဘုံဓားကျမ်းထဲက မပြည့်စုံတဲ့ ကျမ်းလိပ်တချို့ကိုတော့ ငါတို့ ရနိုင်လောက်တယ်မလား"
ထိုအချိန်တွင်၊သူရိယဓားဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များပင်လျှင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏စိတ်နှလုံးထဲတွင် ယုတ်မာသောရည်ရွယ်ချက်များ ပေါ်ပေါက်လာကြသည်။
နှစ်ဖက်စလုံးက သူတို့၏နောက်ခံကို ထုတ်ဖော်ပြီးနောက်၊ တိတ်ဆိတ်သွားကြသည်။
ကြိုတင်တိုင်ပင်ထားခြင်း မရှိဘဲ တစ်ဖက်နှင့်တစ်ဖက် စူးစမ်းကြည့်ရှုနေကြသကဲ့သို့ ဖြစ်နေသည်။
အချိန်တော်ကြာကုန်လွန်ပြီးနောက် ကောင်းကင်ဘုံဓားဂိုဏ်းမှ အကြီးအကဲက ရုတ်တရက် ရယ်မောလိုက်သည်။
သူသည် အခြေအနေကို သတိဝင်လာစေသည်။
အမှန်စင်စစ် သူသည် လက်ရှိတွင်ပြင်းထန်စွာ ဒဏ်ရာရထားပြီး လွန်စွာအားနည်းလွန်းနေသည်။
အကယ်၍ တင်းမာနေမှုပိုကြာသွားပါက၊ သူ့အခြေအနေမှန်ထွက်ပေါ်သွားမည်ကို စိုးရိမ်နေသည်။
"မင်းတို့ ငါတို့ကို ဒီမှာ မကြိုဆိုမှတော့၊ ငါတို့ သွားတော့မယ်။ အမှောင်မြူထဲမှာ ရှင်သန်ဖို့အတွက် ငါတို့ရဲ့ကိုယ်ပိုင်စွမ်းအားတွေကိုပဲ အားကိုးရမှာ။ နောင်အနာဂတ်မှာ ပြန်ဆုံတဲ့ချိန်၊ အခြေအနေက ဒီလိုမျိုး တင်းမာမနေဖို့ ကျုပ်မျှော်လင့်ပါတယ်။"
ကောင်းကင်ဘုံဓားဂိုဏ်းမှ အကြီးအကဲသည် ဟန်ဆောင်ရာတွင် တကယ်တော်သည်။
သူသည် သူ၏လက်မောင်းများကို ဝှေ့ယမ်းလိုက်ပြီး ကျန်ရှိနေသော သူ့စွမ်းအင်များကို ဟန့်တားမှုစွမ်းအား လှိုင်းတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲလိုက်သည်။
ဒါသည် တစ်ဖက်လူအတွက် သတိပေးချက်တစ်ခု ဖြစ်သည်။
"ဆရာ..." သူ့အနောက်မှ လူမှာ သူ့တပည့်ဖြစ်သည်။
ဆရာဖြစ်သူ၏လက်ရှိအခြေအနေကို နက်နက်ရှိုင်းရှိုင်း သိရှိထားသောကြောင့်၊ သူသည် တိတ်တဆိတ်လျင်မြန်စွာဖြင့် သူ့ဆရာ၏ နောက်ကျောဘက်မှ လက်ကိုကိုင်ကာ ဆရာဖြစ်သူ ချက်ချင်း သွေးမအန်စေရန် သူ၏ဝိညာဉ်စွမ်းအင်များကို ဆရာ့ခန္ဓာကိုယ်ထဲသို့ လောင်းထည့်ပေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော်၊ယခုအချိန်တွင် လျှို့ဝှက်ချက်ပေါက်ကြားသွားပြီး ဟန့်တားထားရန်ပြသထားသည့် သူတို့၏တစ်ခုတည်းသော တိုက်ခိုက်ရေးစွမ်းအား ပျောက်ကွယ်သွားပါက၊ သူတို့အားလုံး ရန်သူ၏လက်ခုပ်ထဲသို့ ကျရောက်သွားမည်ကို သိထားကြသောကြောင့် ဖြစ်သည်။
သူတို့ လှည့်ထွက်ပြီး သွားရန် ပြင်လိုက်ကြသည်။
"နေဦး။"
သို့သော်၊ ထိုအချိန်တွင် မနှစ်မြို့ဖွယ်ရာ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ကောင်းကင်ဘုံဓားဂိုဏ်း အဖွဲ့မှ လူတိုင်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး မကောင်းသော ခံစားချက်တစ်ခု သူတို့၏ စိတ်နှလုံးတွင် ပေါ်ပေါက်လာသည်။
သူရိယဓားဂိုဏ်း အဖွဲ့ထဲမှ ပုံရိပ်တစ်ခု လျှောက်လှမ်းထွက်လာပြီး၊ ထိုအချိန်တွင် သူ့မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေသည်။
"မင်းတို့အားလုံးက ဟန်ဆောင်တာ တကယ်တော်တယ်လို့ ငါ ပြောရမယ်။ စောစောက အကြပ်အတည်းတွေဖြစ်နေတဲ့အချိန်မှာ၊ မင်းတို့ဘက်က အရှိန်အဝါနဲ့ တိတ်တဆိတ် ထိပ်တိုက်တွေ့တုန်းက ငါတို့ထက် လုံးဝ နိမ့်ကျမနေခဲ့ဘူး။ဒါပေမဲ့ ငါ့မျက်လုံးတွေသာ မမှားဘူးဆိုရင်၊ မင်းတို့ရဲ့ အဲဒီအကြီးအကဲက လွတ်မြောက်ခြင်းအဆင့် စွမ်းအားတွေကို ထုတ်မသုံးနိုင်တော့ဘူး"
ထိုလူသည် ယုတ်မာသော မျက်နှာထားကို ထုတ်ဖော်လိုက်သည်။
သူ့တွင် ကြီးမားသော မျက်လုံးများနှင့် ပြားချပ်သော နှာခေါင်း ရှိသည်။
သူ့အကြောင်း ပြောစရာရှိသည့် တစ်ခုတည်းသော အရာမှာ သူ့မျက်လုံးများ အလွန် တောက်ပနေခြင်းပင် ဖြစ်သည်။
"ငါက မွေးရာပါ မျက်လုံးအမြင်စူးရှတယ်။ မင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူးဆိုတာ ငါ ပြောနိုင်တယ်။ ဒါကြောင့်၊ မင်းတို့က ဘယ်ကို ပြေးချင်နေကြတာလဲ"။
ဤလူသည် လွတ်မြောက်ခြင်းအဆင့် တွင်ရှိသော သူရိယဓားဂိုဏ်း၏အကြီးအကဲ ဖြစ်သည်။
ထိုအချိန်တွင် သူသည် မဲ့ပြုံးပြုံးပြီး ကောင်းကင်ဘုံဓားဂိုဏ်းမှ အကြီးအကဲကျန်း ကို ကြည့်လိုက်ရာ သူ့မျက်လုံးများ အလွန်တောက်ပနေလေ၏။
အကြီးအကဲကျန်း ၏ မျက်နှာမှာ အလွန် ကြည့်ရဆိုးသွားသည်။
သူ အလွန် မှိုင်တွေသွားသည်။
ချက်ချင်းပင် နောက်အခိုက်အတန့်တော့
သူတို့သည် ချက်ချင်း ဝိုင်းရံခံလိုက်ရပြီး၊ ထို့နောက် သူတို့အားလုံး ဖမ်းဆီးခံလိုက်ရသည်။
"ငါတို့ ဒီလူတွေကို အခုချက်ချင်း သတ်လို့မရသေးဘူး။ သူတို့ သိထားသမျှ နည်းလမ်းတွေအကုန်လုံးကို ပြန်အန်ထွက်လာအောင် လုပ်ရမယ်၊ ပြီးတော့ ကောင်းကင်ဘုံဓားဂိုဏ်း ဂိုဏ်းခွဲရဲ့ လက်ရှိ တည်နေရာနဲ့ သူတို့ရဲ့ တိကျတဲ့ အခြေအနေကို စစ်မေးရမယ်။"
သူရိယဓားဂိုဏ်း အကြီးအကဲသည် ရက်စက်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
အမှောင်မြူထဲတွင်၊ လူတိုင်း၌ ကိုယ်ပိုင် စိုးရိမ်ပူပန်မှုများ ရှိကြသည်။
ဆိုလိုသည်မှာ အခြေခံအားဖြင့် ကိုယ်လွတ်ရုန်းကြရမည်၊ သို့မဟုတ် ဂိုဏ်းအလိုက် ကိုယ်လွတ်ရုန်းကြရမည် ဖြစ်ပြီး၊ ဂိုဏ်းတစ်ခုက အခြားတစ်ခုကို မြင့်တက်လာအောင် ကူညီပေးသည့် ကိစ္စမျိုးသည် နောက်ထပ် ဖြစ်လာတော့မည် မဟုတ်ပေ။
ထို့ကြောင့်၊ မိမိတို့ထက် များစွာ သာလွန်သော ဂိုဏ်းတစ်ခုမှ တပည့်များနှင့် ကြုံတွေ့ရလျှင်ပင်၊ သူတို့ကို ဖမ်းဆီးထားသင့်သည်။
မည်သို့ပင်ဆိုစေကာမူ၊ သူတို့၏ဂိုဏ်းသည် သူတို့နှင့် အဆက်အသွယ်ရရန် နည်းလမ်း ရှိမည်မဟုတ်ပေ။
အမှောင်မြူအောက်တွင်၊ သတင်းအချက်အလက် စီးဆင်းမှုသည် များစွာပိတ်ဆို့နေသည်။
ထိုအချိန်တွင်၊ သူတို့သည် သူရိယဓားဂိုဏ်းသို့ ပြန်လာခဲ့ကြသည်။
လမ်းတစ်လျှောက်တွင်၊ ကောင်းကင်ဘုံဓားဂိုဏ်း မှ အကြီးအကဲများနှင့် တပည့်များအားလုံး၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့နေသော အမူအရာများ ရှိနေသည်။
သူရိယဓားဂိုဏ်းသို့ ရောက်ပြီးနောက်၊ သူတို့တွေဟာ မည်ကဲ့သို့သော နှိပ်စက်ညှဉ်းပန်းမှုကို ခံစားရမည်ကို ကြိုတင်ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။
"သူတို့ကို သေချာစောင့်ကြည့်ထား။ ကိုယ့်ကိုယ်ကိုယ် သတ်သေခွင့် မပေးနဲ့"
သူရိယဓားဂိုဏ်းမှ လူများသည် စိတ်ဓာတ်အလွန် တက်ကြွနေကြသည်။
ကောင်းကင်ဘုံဓားဂိုဏ်း ဂိုဏ်းခွဲမှ လူများကို ဖမ်းမိထားသဖြင့်၊ ဂိုဏ်းမှ သူတို့ကို ဆုလာဘ်များစွာ ပေးလိမ့်မည်ဟု မျှော်လင့်သည်။
"ဆရာ၊ ငါတို့ ပြန်ရောက်တဲ့အခါ သူ့ခွန်အားတွေ ပြန်ကောင်းလာရင် ဘယ်လိုလုပ်မလဲ"
"သူရိယဓားဂိုဏ်းကို ပြန်ရောက်ရင်၊ ငါတို့နယ်မြေကို စောင့်ကြပ်နေတဲ့ လွတ်မြောက်ခြင်းအဆင့် အကြီးအကဲ ခုနစ်ယောက် ရှိတယ်။ ဂိုဏ်းချုပ်ကိုယ်တိုင်က နတ်တံတားအဆင့် ကိုတောင် ရောက်နေပြီ။ သူတို့ လွတ်မြောက်ဖို့ ဖြစ်နိုင်မယ်လို့ မင်း ငါ့ကို ပြောချင်တာလား"
မကြာခင်မှာတော့ဘသူတို့ အောင်ပွဲခံလိုက်ကြလေသည်။
ငါတို့ ပြန်ရောက်ပြီ
သူတို့ ပြုံးလိုက်ကြသည်။
အဝေးမှ သူရိယရုပ်တုကို သူတို့ မြင်နေရသည်။
သို့သော် ရုတ်တရက်၊ မူလက ကြီးမားသော နေပုံသဏ္ဍာန် ဖြစ်သည့် သူရိယရုပ်တု တွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်နေပြီး၊ ဓားတစ်လက် ထိုးစိုက်ထားသည်ကို သူတို့ တွေ့လိုက်ရသည်။
၎င်းအပေါ်တွင် သွေးဟုထင်ရသည့် အရာများပင် မှေးမှိန်စွာ ရှိနေသည်။
ဟမ်
သူရိယရုပ်တု သည် သူရိယဓားဂိုဏ်း၏မျက်နှာစာဖြစ်ပြီး၊ယခုတော့ ထိုအရာက အက်ကွဲနေပြီလော။
သူတို့၏စိတ်နှလုံးထဲတွင် မကောင်းသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့ ဂိုဏ်းထဲသို့ အလျင်အမြန် ဝင်သွားလိုက်ရာ တပည့်များက ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းများ ပြည့်နှက်နေသော မျက်နှာများဖြင့် သွားလာလှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်သွားတာလဲ" ဟု အကြီးအကဲက မေးလိုက်သည်။
အာရုံကြောများ အလွန် တင်းမာနေပုံရသော တပည့်တစ်ဦးကို သူ အလျင်အမြန် တားလိုက်သည်။
"သေကုန်ပြီ။ သူတို့အားလုံး သေကုန်ကြပြီ..." ဟု တပည့်က ပြန်ဖြေသည်။
"ရှင်းရှင်းလင်းလင်း ပြောစမ်း" အကြီးအကဲသည် စိတ်မရှည်တော့ပေ။
ထိုအချိန်တွင်၊ သူ့နှလုံးသားရင်ဘတ်အောက်ခြေထိ နစ်မြုပ်သွားသကဲ့သို့ ခံစားရပြီး သူ့တောက်ပသော မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။
ဘယ်သူတွေ သေသွားတာလဲ
သူတို့အားလုံး သေကုန်ကြပြီလား
ဂိုဏ်းထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ
"ဂိုဏ်းချုပ် သေသွားပြီ... အကြီးအကဲ ခုနစ်ယောက်လုံးလည်း သေကုန်ပြီ... အဲဒီလူ... သူ့ကျောဘက်မှာ ဓားသုံးလက် ရှိပြီး အဖြူရောင် ဝတ်ဆင်ထားတယ်... သူ့ရဲ့ဓားသုံးလက်က ဂိုဏ်းအထက်မှာ ပေါက်ကွဲသွားပြီး လူတိုင်းကို သတ်ပစ်လိုက်တယ်... သူက တိုက်ခိုက်ခြင်းနည်းစနစ်- နေမင်းကြွေကျခြင်း ကို သိထားပြီး မိုင်တစ်ထောင်အကွာကနေ သူ့ဓားတွေကို ထိန်းချုပ်နိုင်တယ်... သူတို့ သေကုန်ပြီ... သူတို့အားလုံး သေကုန်ကြပြီ..."
ဂိုဏ်းချုပ် သေဆုံးသွားပြီ။
အကြီးအကဲ ခုနစ်ယောက်လည်း သေဆုံးသွားပြီ...
ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့၊ ဤသတင်းသည် သူရိယဓားဂိုဏ်းမှ တပည့်များနှင့် ယခုလေးတင် ပြန်ရောက်လာသော အကြီးအကဲ၏ မျက်နှာများကို ချက်ချင်း ဖြူဖပ်ဖြူရော ဖြစ်သွားစေသည်...
"အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဘယ်သူလဲ"