ကိုယ့်အရှက်ကိုယ်မခွဲနဲ့
Vol. 1 Ch. 252
စိတ်ဝိညာဉ် အားဖြည့် ဆေးပင်သည် သာမန်ဆေးပင် မဟုတ်ဘဲ အလွန့်အလွန် ဈေးကြီးသော ဆေးပင် ဖြစ်လေသည်။ ၎င်းသည် အလွန် ရှားပါးသည့်အပြင် စိတ်ဝိညာဉ်ကိုလည်း အားဖြည့် ပေးလေသည်။ သို့သော် မည်မျှပင် ဈေးကြီးပါစေ၊ ၎င်းသည် ဝိညာဉ် အဆင့်ဆေးပင်သာ ဖြစ်သည့်အတွက် ကောင်းကင် ကျောက်တုံးတစ်ခု၏ တန်ဖိုးနှင့် နှိုင်းယှဉ်၍မရပေ။
ယနေ့သည် သာမန် အခမ်းအနားတစ်ခုသာ ဆိုလျှင် စုတိဝမ်သည် စိတ်ထဲတွင်မထားဘဲ ဆေးပင်အား ကျန်းရီထံ ချက်ချင်း ပေးလိုက်မည် ဖြစ်လေသည်။
ပြဿနာမှာ ၎င်းသည် ရှန်ဝူနိုင်ငံမှ လက်ဖွဲ့ပစ္စည်း ဖြစ်နေခြင်း ဖြစ်လေသည်။ စိတ်ဝိညာဉ် အားဖြည့်ဆေးပင် အတွက် ကျန်းရီသည် ရှန်ဝူစစ်တပ်မှ စစ်သားများစွာကို သတ်ခဲ့ပြီး ရှားထင်ဝေ့နှင့် ရှားဝူဟွေ့တို့ကို အရှက်ခွဲခဲ့သည်။ စုတိဝမ်သည် စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ချက်ချင်း ထုတ်ပေးလိုက်လျှင် ရှန်ဝူစစ်တပ်မှ စစ်သားများ သေခဲ့ရခြင်းသည် သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။
ရှားဝူဟွေ့သည် တော်တော် ဒေါသထွက်နေပြီ ဖြစ်ရာ ဘာကိုမှ ဂရုမစိုက်ဘဲ မတ်တတ်ရပ်ကာ လှောင်ပြောင် လိုက်သည်။
"ကျန်းရီ... မင်းရဲ့ အလိမ်အညာတွေကို ရပ်လိုက်တော့၊ ကိုယ့်နိုင်ငံကိုယ် သစ္စာဖောက်တာက စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ရဖို့ပဲ မဟုတ်ဘူးလား၊ ဒီအိမ်ရှေ့စံက မင်းအိပ်မက်မက်နေတာ တော်သင့်ပြီလို့ပဲ ပြောလိုက်မယ်... ဒါက လက်ဖွဲ့ပစ္စည်း ဖြစ်ပြီးတော့ ရှားနိုင်ငံနဲ့ ရှန်ဝူနိုင်ငံ ပေါင်းစည်းခြင်း သက်သေလည်း ဖြစ်တယ်... ရှားနိုင်ငံက မင်းကို ပေးလိုက်ဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဲ့အတွေးကို မတွေးတော့တာ အကောင်းဆုံးပဲ"
ရှားဝူဟွေ့သည် ကျန်းရီကို ဒေါသ ထွက်လာအောင် ဖိအား ပေးနေခဲ့သည်။ သူသည် သူ့ရင်ထဲမှ ယုတ်မာသော စိတ်များကို ဖုံးမထားနိုင်တော့ပေ။ ဤသို့နှင့် ကျန်းရီသာ စိတ်ဝိညာဉ် အားဖြည့် ဆေးပင်ကို ရသွားလျှင် သူ့ခေါင်းသူ တို့ဖူးနှင့်ဆောင့်ကာ သေလိုက်တော့မည်။
ထို့ကြောင့် သူသည် တစ်ဖက်လှည့်နှင့် စုတိဝမ်ကို ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။ ကျန်းရီ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို မရရန် အစွမ်းကုန် ကြိုးစားရမည်။ မဟုတ်ပါက ရှားဝူဟွေ့ တကယ် ရူးသွားပေလိမ့်မည်။
နန်းတော်ထဲရှိ လူများစွာသည် အဘယ့်ကြောင့် ရှားဝူဟွေ့ ဆတ်ဆတ်ထိမခံ ဖြစ်နေရသည်ကို နားမလည်ကြပေ။ သူသည် သူ့သဘောထားကို ကျန်းရီအား တိုက်ရိုက် ဖော်ပြနေလေသည်။ လေထုသည် တစ်ဖန်ပြန်လည် တင်းမာလာခဲ့သည်။
လူတိုင်းသည် ကျန်းရီမည်သို့ တုံ့ပြန်မည်ကို ကြည့်နေကြသည်။
ကျန်းရီသည် ရှားဝူဟွေ့ ပြောလိုက်သည်ကို မကြားသည့်အလား တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့သည်။ သူသည် ဝိုင်တစ်ခွက်ကို အရင်သောက်လိုက်ပြီးမှ ရှားဝူဟွေ့ကို တည်ကြည်စွာ ပြန်ပြောလိုက်သည်။
"မင်း ငါ့ကို ပြောနေတာလား၊ ငါ့ကိုဘယ်လို ခေါ်တာလိုက်တာလဲ...ရှန်ဝူနိုင်ငံရဲ့ အိမ်ရှေ့စံ... မင်းခေါင်းမှာ ပြဿနာ ရှိနေတာလား၊ မင်းငါ့ကို အရှင်ကျန်းလို့ ခေါ်သင့်တာကို မသိတာလား... ဒါမှမဟုတ်... ရှန်ဝူနိုင်ငံမှာ စနစ်တကျ လေ့ကျင့်ထားတဲ့ အင်အားကြီးစစ်တပ် ရှိနေတယ်ဆိုတာနဲ့ မိုးပြာနဂါး အင်ပါယာကို မင်းမျက်လုံးထဲ မထည့်တော့တာလား၊ မင်းက အင်ပါယာရဲ့ နေရာကိုယူပြီး နယ်မြေတစ်ခုလုံးကို အုပ်ချုပ်တော့မှာမလို့လား"
ကျန်းရီသည် တည်ငြိမ်စွာ ပြောဆိုနေခဲ့သည်။ သူ့စကား တစ်ခွန်းစီတိုင်းသည် ထိထိမိမိရှိလှ၍ မိုးပြာနဂါး အင်ပါယာကို ထည့်ပြောကာ ဖိအားပေးနေခဲ့သည်။ ရှန်ဝူနိုင်ငံမှ လူတိုင်းသည် ရှူးရှူးရှဲရှဲ ဖြစ်လာခဲ့ကြသည်။ ထိုက်ရှစ်ကျန်းသည် သတ်ဖြတ်ခြင်း အရှိန်အဝါတို့ကို ထိန်း၍ပင် မထားတော့၊ ထိုအကောင်အား သည်းခံမနေသင့်တော့ပေ။
ရှားဝူဟွေ့သည် အရှက်ကွဲစရာလည်း မကျန်တော့ပြီ ဖြစ်ရာ ဘာကိုမှ ကြောက်မနေတော့ပေ။ သူသည် ကျန်းရီကို ထပ်မံ လှောင်ပြောင် လိုက်သည်။
"ကျန်းရီ... မင်းရော၊ ငါရော မင်းဘယ်လိုလူ ဆိုတာ သေချာသိတယ်၊ မင်းကံကို စမ်းကြည့်မနေနဲ့...မင်းက ကင်းထောက် သံတမန်ဆိုတာနဲ့ ဒီအိမ်ရှေ့စံက မင်းကို မသတ်ရဲဘူး မထင်လိုက်နဲ့၊ မင်းမှာ သတ္တိရှိရင် ရှန်ဝူနိုင်ငံကို လာကြည့်လေ... ဒီအိမ်ရှေ့စံက မင်းကို မသတ်ရင် မင်းရဲ့ မျိုးရိုးနာမည်ကို ယူပစ်လိုက်မယ်"
ရှန်ဝူနိုင်ငံသည် နိုင်ငံခြောက်ခုတွင် အင်အားအကြီးဆုံး နိုင်ငံဖြစ်ပြီး ဗာဂျရာအဆင့် လူနှစ်ယောက် ရှိသည့် တစ်ခုတည်းသော နိုင်ငံလည်းဖြစ်သည်။
ရှားဝူဟွေ့သည် ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ သူ ကျန်းရီကို သတ်လိုက်လျှင်တောင် မိုးပြာနဂါး အင်ပါယာက ရှန်ဝူနိုင်ငံကို တိုက်ခိုက် ရဲပါမည်လော။ ရှားနိုင်ငံက မိုးပြာနဂါးအင်ပါယာကို ကြောက်တိုင်း ရှန်ဝူနိုင်ငံကပါ ကြောက်နေမည်ဟု မဆိုလိုပေ။
"ဟား..ဟား..ဟား"
ကျန်းရီသည် ကမ္ဘာ့အရယ်ရဆုံး ဟာသကို ကြားလိုက်ရသည့် အလား အကျယ်ကြီး ရယ်ချလိုက်သည်။ သူသည် ရှားဝူဟွေ့ကို ညွှန်ပြကာ လူတိုင်းအား ဝေ့ကြည့် လိုက်သည်။
"အားလုံးပဲ ကြားကြတယ် မဟုတ်လား၊ ရှန်ဝူနိုင်ငံရဲ့ အိမ်ရှေ့စံက ဒီသံတမန်ကို သတ်မယ်လို့ ပွင့်ပွင့်လင်းလင်း ကြေညာနေတယ်၊ လင်းချမ်း... ရှားဝူဟွေ့ပြောတာကို ရေးမှတ်ထားပြီး သူ့ကို ဘယ်လို အပြစ်ပေးသင့်လဲ ဆိုတာ အင်ပါယာကို ဆုံးဖြတ်ခိုင်းလိုက်ချေ"
သူ့စကားဆုံးသည်နှင့် ကျန်းရီသည် စားပွဲရှိရာနေရာမှ ဆင်းကာ ရှားဝူဟွေ့ထံ တည့်တည့်မတ်မတ် လျှောက်သွား လိုက်သည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့မျက်လုံးများ ပိုမိုစူးရဲလာကာ ရှားဝူဟွေ့ကို စိုက်ကြည့်၍ သရော်လိုက်သည်။
"အိမ်ရှေ့စံ...မင်းက ဒီသံတမန်ကို သတ်ချင်တယ်ဆိုရင် ဘာလို့ ရှန်ဝူနိုင်ငံကို သွားနေမှာလဲ၊ ဘာလို့ ဒီမှာမလုပ်တာလဲ...သေခြင်းရှင်ခြင်း အဆုံးအဖြတ် တိုက်ပွဲလေး လုပ်ကြမလား"
စကားဆုံးသည်နှင့် ကျန်းရီ၏ ကိုယ်ပေါ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်လာပြီး သူ့မျက်လုံးများ နီရဲလာခဲ့သည်။ သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါသည် နန်းရင်ပြင် တစ်ခုလုံးသို့ ပျံံ့နှံ့သွားသည်။ သူ့လက်ထဲတွင် မီးနဂါးဓားပါ ပေါ်ထွက်လာခဲ့ပြီး အနီရောင်အလင်းများ တောက်ပ လာလေသည်။ မီးနဂါးနှစ်ကောင်သည် ဓားပတ်လည်တွင် ကူးခတ်နေကြပြီး ရှားဝူဟွေ့ထံ ဖိအားများ ကျဆင်း လာလေသည်။
"ဝှစ်...ဝှစ်...ဝှစ်"
အားနည်းသော စာပေရေးရာ ဝန်ကြီးတို့သည် လဲကျ သွားကြကုန်သည်။ စစ်ဘက်ဆိုင်ရာ အကြီးအကဲတို့ စုတိဝမ်နှင့် စုလောရွှယ်၏ဘေးသို့ ရောက်လာကြကုန်သည်။ ဗာဂျရာအဆင့် အဘိုးကြီးသည်လည်း စုတိဝမ်ဘေးသို့ ချက်ချင်း ရောက်လာသည်။ တစ်ဖက်တွင် စုတိကောနှင့် စစ်သူကြီးများသည်လည်း အတွင်းအားများ ထုတ်ဖော်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
ကျန်းရီ၏ ပစ်မှတ်သည် ရှားဝူဟွေ့သာဖြစ်သည်။ စုတိဝမ်က အမိန့်မပေးရာ သူတို့ ဘာမှ မလုပ်နိုင်ကြချေ။ ဤကိစ္စသည် ရှားဝူဟွေ့နှင့် ကျန်းရီအကြားရှိ ပြဿနာသာ ဖြစ်လေသည်။
ထိုက်ရှစ်ကျန်းနှင့် မိန်းမစိုးဝေ့သည် ရှားဝူဟွေ့ဘေးသို့ ချက်ချင်း ရောက်လာကြပြီး အတွင်းအားများ ထုတ်ဖော် လိုက်ကြသည်။ ရှားဝူဟွေ့နောက်မှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် လေးယောက်သည်လည်း တိုက်ခိုက်ရန် အသင့် ပြင်ထားကြသည်။
လူတိုင်းသည် ကျန်းရီကို သတ်လိုက်ရန် ရှားဝူဟွေ့ အမိန့်ပေးမည်အား စောင့်ဆိုင်း နေကြသည်။
ရှားဝူဟွေ့သည် သူတို့၏ သခင်ဖြစ်ရာ သူမှားနေလျှင်တောင် ကိစ္စမရှိပေ။ သူ ကျန်းရီနှင့် ပြဿနာဖြစ်သည်ဆိုလျှင် သူတို့ကလည်း သူ့အားအစွမ်းကုန် ကာကွယ်ရမည်သာ ဖြစ်သည်။ ကျန်းရီ ရှားဝူဟွေ့ကို သတ်လိုက်လျှင် သူတို့ကလည်း ကျန်းရီအား အလွတ်ပေးမည် မဟုတ်ချေ။
ရှားဝူဟွေ့သည် အမိန့်ပေးချင်နေခဲ့သော်လည်း လှုပ်တောင်မလှုပ်နိုင်ချေ။ သတ်ဖြတ်ခြင်း အရှိန်အဝါနှင့် မီးနဂါးဓား၏ ဖိအား နှစ်ခုအောက်တွင် သူမည်သို့ စကားပြောရမည်နည်း။
"မင်းတို့တွေ ကိုယ့်နေရာကိုယ်နေကြ၊ မနေရင် ရှားဝူဟွေ့ အသက်ကို ငါအာမမခံဘူး"
ကျန်းရီ၏ မျက်လုံးများသည် အေးစက်နေခဲ့ပြီး ခန့်ညားလှသည့် အရာရှိဝတ်စုံနှင့် ပေါင်းစပ် လိုက်သောအခါ သူတို့ရင်ထဲမှ အကြောက်တရားများ ပေါက်ဖွား လာလေသည်။ သူ့မီးဝိညာဉ်ပုလဲ တောက်ပလာခဲ့ပြီး ထိုက်ရှစ်ကျန်းနှင့် မိန်းမစိုးဝေ့ကို ကြည့်ကာ အော်ပြောလိုက်သည်။
"မင်းတို့ ငါ့ကိုသတ်ဖို့ကျန်နေရင် ငါကလည်း ရှားဝူဟွေ့ ချက်ချင်းသေအောင် လုပ်လို့ရတယ်၊ မယုံရင် စမ်းကြည့်လိုက်"
မိန်းမစိုးဝေ့နှင့် ထိုက်ရှစ်ကျန်းတို့ အေးခဲ သွားခဲ့သည်။ ကျန်းရီတွင် မီးတောက်များ ထုတ်နိုင်သည့် ကြောက်စရာ ကျောက်တုံးလေးများ ရှိကြောင်း သူတို့သိသည်။ ထိုကျောက်တုံး ထွက်လာလျှင် ရှားဝူဟွေ့ ပြာတောင် ကျန်မည်မဟုတ်ပေ။
နှစ်ယောက်သားသည် မလှုပ်ရှားရဲတော့ပေ။ သူတို့သည် ဘာလုပ်ရမည်မှန်း ရှားဝူဟွေ့ကို မေးချင်နေသည်။ ရှားဝူဟွေ့၏ ကိုယ်သည် တဆတ်ဆတ် တုန်နေ၍ မျက်နှာမှာ သွေးရိပ်ပင် မကျန်အောင် ဖြူဖျော့လာခဲ့သည်။ သူဤမျှ တောင့်ခံနိုင်ခြင်းကပင် ချီးကျူး သင့်နေလေပြီ။
"သံတမန်ကျန်း... အလောတကြီး မလုပ်ပါနဲ့၊ အားလုံးက ညှိနှိုင်းလို့ ရပါတယ်"
စုတိဝမ်သည် အတော်လေး အားကောင်းသည်။ ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့် သူမောဟိုက် နေသော်လည်း အပြုံးနှင့် စကားပြောနိုင်သေးသည်။
"အခြေအနေကို မဖျက်ဆီး ရအောင်လား၊ တစ်ယောက်ယောက် ထိခိုက်ဒဏ်ရာ ရသွားရင် ကောင်းတာ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူးလေ"
ကျန်းရီသည် တိတ်ဆိတ်လျက်ဖြင့်သာ ထိုက်ရှစ်ကျန်းနှင့် မိန်းမစိုးဝေ့ကို ကြည့်လိုက်သည်။ ရှားဝူဟွေ့ကိုမူ ဖိအားပေးထားဆဲ ဖြစ်သည်။
"မင်းကြီး..."
ဗာဂျရာအဆင့် အဘိုးအိုသည် စုတိဝမ်ကို ခေါ်ကာ မျက်ရိပ်ပြလိုက်သည်။ စုတိဝမ် ခေါင်းညိတ်သည်နှင့် သူကျန်းရီကို ချက်ချင်း သတ်လိုက်မည် ဖြစ်သည်။ ယနေ့တွင် ကျန်းရီသည် မောက်မာလွန်းနေရာ သူသည်းမခံနိုင်တော့ပေ။
စုတိဝမ်သည် မျက်လုံးများမှေးကာ စဉ်းစားလိုက်ရင်း ခေါင်းယမ်း လိုက်သည်။ သူအားနည်းသောကြောင့် သူ့ဂုဏ်သိက္ခာများ ဆုံးရှုံးခဲ့ရသည်။ သူအုပ်ချုပ် နေချိန်အတွင်း ရှားနိုင်ငံအား အပျက်စီး မခံနိုင်ပေ။ သူမစွန့်စားရဲပေ။
အခြေအနေသည် ယခင်အတိုင်းသာ၊ ကျန်းရီသည် မလှုပ်မရှားရှိနေပြီး ကျန်သူများကလည်း မလှုပ်ရှားရဲကြပေ။ မိန်းမစိုးဝေ့နှင့် ထိုက်ရှစ်ကျန်းသည် ထိတ်လန့်နေကြပြီး စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်လေးယောက်မှာ ချွေးများ ရွှဲနေလေပြီ။
"ခလွမ်"
နောက်ဆုံးတွင် ရှားဝူဟွေ့ တောင့်မခံနိုင်တော့ပေ။ သူသည် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်၌သာ ရှိသေးသည်။ သတ်ဖြတ်ခြင်းအရှိန်အဝါသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အနိမ့်ပိုင်း အဆင့်များကိုပင် ဖိနှိပ်နိုင်ရာ သူဆိုလျှင် ပြောနေရန်ပင် မလိုချေ။ သူသည် ပြင်ပမှ ဖိအားကို ခံစားရသည်ထက် ရင်ထဲမှ ဒေါသများက ပိုဆိုးလေသည်။ ရှားဝူဟွေ့သည် မျက်ဖြူလန်၍ မေ့မျောသွားခဲ့သည်။
ထိုအချိန်တွင် ကျန်းရီ၏ မျက်လုံးထဲမှ အနီရောင်အလင်း ကွယ်ပျောက် သွားခဲ့ပြီး သတ်ဖြတ်ခြင်း အရှိန်အဝါလည်း ပျောက်ကွယ် သွားခဲ့သည်။ သူသည် မီးနဂါးဓားကို ပြန်သိမ်းလိုက်ပြီး ရွှေသားစားပွဲဆီ အသာလျှောက်သွားကာ အပြုံးနှင့်ဆိုလိုက်သည်။
"မင်းကြီးစုက ပြောလာမှတော့ ဒီသံတမန်က အလေးထားရမှာပေါ့၊ ဒီတစ်ခေါက် ကျွန်တော်သူနဲ့ တွယ်ကပ် မနေတော့ပါဘူး၊ မင်းတို့ အိမ်ရှေ့စံကို ပြန်သယ်သွား... ဒီမှာလာပြီး ကိုယ့်အရှက်ကိုယ် မခွဲနဲ့လို့လည်း ပြောလိုက် "
"ဟမ်..."
လူတိုင်းသည် သဘောပေါက် သွားကြသည်။ အများစုသည် စိတ်ထဲမှ လက်မ ထောင်နေကြသည်။ ကျန်းရီတွင် ရှားဝူဟွေ့ကို သတ်ရန် ရည်ရွယ်ချက် မရှိပေ။ ကျန်းရီသည် ရှားဝူဟွေ့ ပါးစပ် ပိတ်သွားစေရန် သတ်ဖြတ်ခြင်း အရှိန်အဝါကို သုံး၍ မေ့မျောသွားအောင် လုပ်လိုက်ခြင်းသာ။
သူ့ရည်ရွယ်ချက်မှာ စိတ်ဝိညာဉ် အားဖြည့်ဆေးပင် တစ်ခုတည်းသာ။
***