ဒီကတိက တစ်ဘဝလုံးစာ
Vol. 1 Ch. 253
"သွားစို့"
ထိုက်ရှစ်ကျန်းနှင့် မိန်းမစိုးဝေ့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မိန်းမစိုးဝေ့သည် ရှားဝူဟွေ့ကို သယ်ကာ အခမ်းအနားမှ ထွက်လာခဲ့ကြသည်။ သူတို့ သခင်မေ့မြောသွားပြီး ဖြစ်ရာ အမိန့်မပါဘဲ အစေခံများက လက်စား ချေပေးရန်မှာလည်း မဖြစ်နိုင်ချေ။ ထို့ပြင် ယနေ့ အခြေအနေသည် ရှုပ်ထွေးလွန်းနေသည်။ ကျန်းရီတွင် မီးဝိညာဉ် ကျောက်တုံးများ ရှိနေသရွေ့ ရှားဝူဟွေ့ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ ထို့ပြင် သူတို့သည် ရှားနိုင်ငံ နန်းတွင်းထဲ၌သာ ရှိသေးသည်။ ထပ်မံ အရှက်ကွဲလည်း မထူးတော့ပြီ ဖြစ်ရာ ရှားဝူဟွေ့ ဘေးကင်းရေးကိုသာ ဦးစားပေး၍ အရင် ထွက်လာခဲ့ကြသည်။
အရေးကြီးဆုံးမှာ ဤနေရာသည် ရှန်ဝူနိုင်ငံမဟုတ်ပေ။ ရှားနိုင်ငံ၏ ဘုရင်သည် သူတို့ဘက်ကို မဆန့်ကျင်နိုင်သလို ကျန်းရီကိုလည်း မသတ်ရဲပေ။ ပြဿနာ ဆက်ဖြစ်နေပါက ရှားဝူဟွေ့သာ ပိုမို အရှက်ပေလိမ့်မည်။
ရှားနိုင်ငံမှ အထက်တန်းလွှာများ၊ ယွင်ဖေးနှင့် အခြားလူများသည် ရှန်ဝူနိုင်ငံအဖွဲ့ အရင် ထွက်ခွာ သွားသည်ကို မြင်သောအခါ ယနေ့ဖြစ်ရပ်များ အလွန်နက်နဲ လှချေသည်ဟု ခံစား လိုက်ကြရသည်။ မနေ့ကမှ ကျန်းရီသည် နိုင်ငံနှစ်ခုမှ အပြစ်သား ဖြစ်နေသေးသည်။ ယနေ့တွင် သူသည် နန်းတော်ထဲသို့ ရဲရဲဝံ့ဝံ့ ဝင်လာရုံတင် မကသေး နန်းတွင်းထဲတွင်ပါ ပြဿနာ ရှာလိုက်သေးသည်။ နောက်ဆုံးတွင် သူသည် ရှန်ဝူနိုင်ငံမှ အိမ်ရှေ့စံအား မေ့မျောသွားကာ အခမ်းအနားမှ ထွက်သွားရအောင် လုပ်ခဲ့သည်။ ပြဇာတ် တစ်ခုကတောင် ဤမျှ ရှုပ်ထွေး၍ ဒရာမာဆန်မည် မဟုတ်ပေ။
ယခုအခါ လူတိုင်းသည် ကျန်းရီကို ကွဲပြားသော အမြင်နှင့် ကြည့်လာကြပြီ ဖြစ်လေသည်။ ကျန်းရီသည် အာဏာသုံး၍ ခြိမ်းခြောက်ခြင်း၊ လိမ်လည်ခြင်း လုပ်သည်ဆိုလျှင်တောင် ကိစ္စမရှိပေ။ အနည်းဆုံးတော့ သူမသေပေ။ သူသည် ကိုယ့်အစွမ်းဖြင့်ကိုယ် ရှားဝူဟွေ့နှင့် သူ့လူများ နောက်ဆုတ် သွားအောင် လုပ်နိုင်ခဲ့သည်။ အခြား သူတစ်ယောက်သာ သူ့နည်းလမ်းအတိုင်း လုပ်ကြည့်ပါက အရိုးတခြား၊ အသားတခြား ဖြစ်နေလောက်ပေပြီ။
ယနေ့တွင် ကျန်းရီ အောင်မြင်သွားရခြင်း၏ အဓိက အကြောင်းအရင်းမှာ ရှားနိုင်ငံ၏ အားနည်းမှုကြောင့် ဖြစ်လေသည်။ သူတို့သည် အားနည်းသောကြောင့် မည်သူ့ကိုမှ ရန်မစရဲပေ။ ထို့ပြင် ရှားနိုင်ငံ၏ဘုရင် စုတိဝမ်သည် ပျော့ညံ့ပြီး ဘုရင်တစ်ယောက် ရှိသင့်ရှိထိုက်သည့် မာန်တို့ ရှိမနေပေ။ သူ့နေရာတွင် အခြားဘုရင်သာ ဆိုပါက ကျန်းရီ အကြိမ် တစ်ထောင်မက သေပြီး နေလောက်သည်။
ထိုအချက်ကြောင့်သာ ကျန်းရီ ဤနေရာသို့ လာရောက်၍ သောင်းကျန်းရဲခြင်း ဖြစ်လေသည်။ သူ့ဦးနှောက်သည် အမြဲလိုလို အကြံဉာဏ်ကောင်းများ ထွက်လာ တတ်သည်။ သူဤနေရာသို့ လာရောက်ခြင်းမှာ ဒုက္ခလာရှာခြင်း မဟုတ်သလို သတို့သမီးအား လာလုခြင်းလည်း မဟုတ်ပေ။ သူ့ပန်းတိုင်မှာ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်သာ ဖြစ်သည်။
ရှားဝူဟွေ့နှင့် သူ့လူများ ထွက်သွားသည်နှင့် ကျန်းရီသည် စုတိဝမ်ကို ကြည့်ကာ ပြုံးလိုက်သည်။
"မင်းကြီးစု... မင်းသမီးလင်းရွှယ်က စိတ်ဝိညာဉ်ကို ကျင့်ကြတယ်ဆိုတာ သိမှာပါ၊ ရှန်ဝူနိုင်ငံဘက်ကို စိုးရိမ်နေဖို့ မလိုပါဘူး... ရှားဝူဟွေ့က ဒီသံတမန်ကို သတ်ပစ်မယ်လို့ ကြေညာသွားခဲ့တယ်၊ ဒီသံတမန်က ဧကရာဇ်ကို လျှောက်တင်လိုက်ရင် တောင်ပိုင်းကို စစ်တပ်စေလွှတ်ပြီး ရှန်ဝူနိုင်ငံကို တိုက်ခိုက်လိမ့်မယ်...ဒါကြောင့် စိတ်ပူနေဖို့ မလိုပါဘူး"
သူ ထပ်လုပ်ပြန်ပြီ...
ယခင်က ကျန်းရီသည် စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ပရိယာယ်ဆင်၍ လုနေခြင်းဆိုလျှင် ယခုမူ ပေါ်တင် ဓားပြတိုက်နေခြင်း ဖြစ်သည်။ သူသည် ရှန်ဝူနိုင်ငံကို ချေမှုန်းမည့် အကြောင်းတောင် ထုတ်ပြော လိုက်သေးသည်။ သူ့စကား၏ ဆိုလိုရင်းကို ဤသို့ တိုက်ရိုက် ပြောနိုင်သည်။ 'စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို မပေးရင် စောင့်ကြည့်နေလိုက်'ဟု ပြောနေခြင်းပင်။
စစ်သေနာပတိချုပ် စုတိကောသည် မျက်နှာပျက်သွားကာ စုတိဝမ်ကို ကြည့်၍ နှုတ်ခမ်း လှုပ်ရုံဖြင့် အသိပေးလိုက်သည်။
'မင်းကြီး... စိတ်ဝိညာဉ် အားဖြည့် ဆေးပင်ကို ကျန်းရီဆီ ပေးလိုက်လို့ မဖြစ်ပါဘူး၊ မဟုတ်ရင် ရှန်ဝူနိုင်ငံ တော်ဝင်မိသားစုနဲ့ ရှားဝူဟွေ့ကို စော်ကားသလို ဖြစ်သွားပါလိမ့်မယ်၊ အဲဒါက ကျွန်တော်တို့ အနစ်နာခံပြီး လက်ထပ်ခြင်းနဲ့ တည်ဆောက်ထားရတဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးကိုပါ သက်ရောက် လာနိုင်တယ်... နှစ်နိုင်ငံ စစ်ပွဲတောင် ပြန်ဖြစ်လာနိုင်ပါတယ်'
'ကျန်းရီက ဘာမှမဟုတ်တဲ့ အတွက် သူ့ကို ကြောက်နေဖို့ မလိုပါဘူး၊ သူက မိုးပြာနဂါး အင်ပါယာကို ကိုယ်စားမပြုနိုင်သလို မင်းသမီးလင်းရွှယ် လွှတ်လိုက်တဲ့ ဓားစာခံ သာသာပဲ ရှိတာပါ... ကျွန်တော်တို့ ဒီတစ်ကြိမ်ပျော့ညံ့မိရင် အင်ပါယာက ပိုလွန်လာလိမ့်မယ်'
စုတိဝမ်သည် တွေဝေသွားခဲ့သည်။ တကယ်တမ်းတွင် ကျန်းရီသည် စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို တကယ် လိုအပ်နေကြောင်း သူသိသည်။ ၎င်းသည် ရှားနိုင်ငံ အပိုင်ဆိုလျှင် နှစ်ခါပင် မစဉ်းစားပဲ သူပေးလိုက်မည် ဖြစ်သည်။
ယခုအခြေအနေတွင် သူသည် တစ်ဖက်ဖက်ကို ရန်စမိသလို ဖြစ်သွားနိုင်သည်။ စုတိကော၏ ရှင်းပြချက်သည် သူ့ကို နားလည် သွားစေသည်။ ကျန်းရီသည် မိုးပြာနဂါးအင်ပါယာကို ကိုယ်စားမပြုနိုင်။
ထို့ကြောင့် နောက်ဆုံးတွင် စုတိဝမ် ဆုံးဖြတ်ချက် ချလိုက်သည်။
"ကင်းထောက် သံတမန်ကျန်း... စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ငါကိုယ်တော် ပေးလိုက်ချင်ပေမယ့် အဲဒါက ငါ့သမီးတော်အတွက် လက်ဖွဲ့ပစ္စည်း ဖြစ်နေတယ်၊ ဒီမင်းကြီးမှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး၊ တော်ဝင်မိသားစုမှာ 'ခရမ်းရောင် ကောင်းကင် အလင်းတန်း'ရဲ့ စွမ်းရည်တစ်ခု ရှိတယ်... ငါ့သမီးတော်က အဲ့ကျင့်စဉ်မှာ နှစ်ပေါင်း တစ်သောင်းအတွင်း အထူးချွန်ဆုံး သူပဲ"
"သူမ ငယ်ငယ်လေးထဲက အဲ့ကျင့်စဉ် တတိယအဆင့်ကို ရောက်နေပြီ၊ အဲ့ဆေးပင်က စိတ်ဝိညာဉ်ကို အားဖြည့် ပေးနိုင်တယ်...ဒီဘုရင်က ပိုင်ရှင်ရဲ့ ဆန္ဒကိုလွန်ပြီး မပေးလိုက်နိုင်ဘူး၊ မင်းသမီးလင်းရွှယ်ကို တောင်းပန်ပေးဖို့ သံတမန်ကျန်းကို ဒုက္ခပေးရမှာပဲ... အနာဂတ်မှာ လက်ဆောင် ကောင်းကောင်းတွေ ပြန်ဆက်ပါ့မယ်လို့လည်း ပြောပေးပါ"
စုတိဝမ်၏ ရှင်းပြချက်သည် ကျိုးကြောင်း ဆီလျော်ပြီး စုလောရွှယ်ကိုပါ အကြောင်းပြချက် အနေနှင့် သုံးသွားခဲ့သည်။ စုလောရွှယ်နှင့် ကျန်းရီအကြားရှိ ဆက်ဆံရေးကို သူတောင် မြင်နိုင်သည်။ ဤသို့ ရှင်းပြချက်ကို ကြားပြီးနောက် ကျန်းရီသည် အရေထူစွာ မတောင်းဆို လောက်တော့ပေ၊ သူ့အနေနှင့် နှစ်ဖက်လုံးအား ဆန့်ကျင်ရာလည်း မကျတော့ပေ။
"အင်း...မင်းကြီးစု ပြောတာက ကျိုးကြောင်း ဆီလျော်တယ်၊ ဒီလိုဆိုမှတော့ ထားလိုက်ကြတာပေါ့"
မမျှော်လင့်ထားစွာ တုံးတိတိ ရှင်းပြချက်ကို ကျန်းရီ တွေဝေခြင်းမရှိ လက်ခံခဲ့သည်။ သူသည် စကားဆုံးသည်နှင့် မတ်တတ်ရပ်ကာ ဝင်ပေါက်ထံ လျှောက်သွား လိုက်သည်။ ထို့နောက် သူသည် လက်နှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက်လိုက်သည်။
"မင်းကြီးရဲ့ ဧည့်ဝတ်ကျေမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒီသံတမန် လုပ်စရာလေးတွေရှိလို့ သွားပါတော့မယ်"
စုတိကော၏ ရှင်းပြချက်ကို ကျန်းရီ မလွန်ဆန်နိုင်ပေ။ ကျန်းရီသည် ကမ္ဘာပေါ်မှ မည်သူ့ကိုမဆို ကျောခိုင်းနိုင်သော်လည်း သူ့အချစ်များ ဖြစ်တည်ရာ မိန်းကလေး၊ သူ့အား ကြင်နာမှုများစွာ ပေးအပ်ခဲ့သော စုလောရွှယ်အား ကျောမခိုင်းနိုင်ပေ။ စုလောရွှယ် ထိုအရာကို လိုအပ်လျှင် သူမလိုချင်တော့ပေ။
"နေဦး"
ကျန်းရီ ထွက်သွားတော့မည့် ဆဲဆဲတွင် စုလောရွှယ်သည် ရုတ်တရက် ခေါင်းမော့ကာ စကားစလာခဲ့သည်။ ကျန်းရီသည် ဆတ်ခနဲ ဖြစ်သွားသော်လည်း လှည့်မကြည့်ဘဲ တည်ငြိမ်စွာ မေးလိုက်သည်။
"မင်းသမီးလောရွှယ်... ဘာများ ပြောစရာ ရှိလို့လဲ"
စုလောရွှယ်သည် ရွှေသားအတိပြီးသော စားပွဲပေါ်ရှိ ရှားဝူဟွေ့ ပေးခဲ့သော လက်ဖွဲ့များထဲမှ ကျောက်စိမ်း သေတ္တာတစ်လုံးကို ကောက်ယူ လိုက်သည်။ ထို့နောက် သူမသည် စုတိဝမ်ဘက် လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ခမည်းတော်... ဒီဆေးပင်က သမီးတော် အပိုင်ဆိုမှတော့ သမီးတော် ဆုံးဖြတ်နိုင်ပါတယ်၊ သမီးတော်ရဲ့ ခရမ်းရောင် ကောင်းကင် အလင်းတန်းက အခုအချိန်မှာ အဆင့်တက်ဖို့ လိုသေးတဲ့အတွက် စိတ်ဝိညာဉ်ကို အားဖြည့်စရာ မလိုသေးပါဘူး၊ ဘာလို့ သံတမန်ကျန်းကို မင်းသမီးလင်းရွှယ်ဆီ မပေးခိုင်းရမှာလဲ"
"ဒါက..."
စုတိဝမ် ဆွံ့အသွားခဲ့ပြီး မည်သို့ စကားဆက်ရမည်ကို မသိတော့ပေ။ စိတ်ဝိညာဉ် အားဖြည့် ဆေးပင်သည် စုလောရွှယ်အပိုင်ဟု သူပြောခဲ့သည်။ ထွေးပြီးသား တံတွေးအား ပြန်မျို၍ မရပေ။
"ဝှစ်"
စုလောရွှယ်သည် ကျောက်စိမ်း သေတ္တာအား ကျန်းရီထံ ပစ်ပေးလိုက်သည်။ ကျန်းရီသည် အံ့အားသင့်သည့် အမူအရာနှင့် သေတ္တာအား ဖမ်းလိုက်သည်ကို သူမမြင်သောအခါ ခပ်ရေးရေး ပြုံးလိုက်သည်။ သူမမျက်ဝန်းများတွင် မျက်ရည်များ ရစ်သိုင်းလာသည်။ သူမသည် နှုတ်ခမ်းကို ကိုက်၍ စကား ဆက်ပြောလာခဲ့သည်။
"သံတမန်ကျန်း...မင်းသမီးလင်းရွှယ်ကို နှုတ်ခွန်း ဆက်ပါကြောင်း ပြောပေးပါ...ပြီးတော့ တစ်စုံတစ်ယောက်ကို စကားတစ်ခွန်း ပြောပေးစေချင်တယ်__တောင်းပန်ပါတယ်၊ လောရွှယ် သူ့ကို စိတ်ပျက်စေခဲ့မိတယ်၊ နောက်ဘဝဆိုတာ ရှိခဲ့ရင် လောရွှယ် သူ့ကျေးကျွန်အဖြစ်နဲ့ တစ်ဘဝလုံး အဖော်ပြု အမှုထမ်းပေးပါ့မယ်လို့"
စကားဆုံးသော် စုလောရွှယ်သည် မျက်ရည်များကို မထိန်းချုပ် နိုင်တော့ပေ။ မျက်ရည်များသည် သူမပါးပြင်ထက်မှ တလိမ့်လိမ့် စီးကျလာသည်။ သူမသည် ကျန်းရီ၏ ပုံရိပ်ကို စိတ်ဝိညာဉ်ထဲတွင် စွဲထင်နေအောင် မှတ်နေသည့်အလား ကျန်းရီကို နစ်နစ်နဲနဲ ငေးကြည့်နေခဲ့ပြီး မျက်လုံးများကို မှိတ်ချကာ နာကျင်နေသော အမူအရာနှင့် အတွင်း နန်းဆောင်ဘက် လှည့်ထွက် သွားခဲ့သည်။
ကျန်းရီသည် ထွက်ခွာသွားသော စုလောရွှယ်အား ငေးကြည့်နေခဲ့ပြီး မည်သည့် စကားမှမဆိုပဲ တည်ငြိမ်စွာ မျက်လုံးများ မှိတ်ချလိုက်သည်။ သူသည် လမင်းကို ငေးကြည့်၍ လွမ်းချင်းချနေသော သင်းကွဲဝံပုလွေ တစ်ကောင် အလားပင်.... လူတိုင်းသည် သူ့ရင်ထဲမှ နာကျင် ကြေကွဲမှုများကို ခံစားမိကြသည်။
သူသည် ထိုနေရာတွင် အကြာကြီး ရပ်မနေဘဲ တိတ်ဆိတ်စွာ လှည့်ထွက်လာခဲ့သည်။ သူသည် နန်းရင်ပြင်အလွန်သို့ ရောက်သော် ရူးသွပ်သွားသည့် အလား မီးနဂါးဓားကို ဆွဲထုတ်ကာ ရှေ့ရှိ မြေကွက်လပ်သို့ ခုတ်ချလိုက်သည်။
"ဗုန်း"
မီးနဂါးနှစ်ကောင်သည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီး ပစ်နိုင်လောက်သည့် အရှိန်အဝါနှင့် ပြေးထွက် သွားခဲ့သည်။ နန်းရင်ပြင် အပြင်ဘက်တွင် သုံးမီတာအကျယ်၊ မီတာပေါင်းများစွာ နက်သည့် ချိုင့်ကြီးနှစ်ခု ဖြစ်တည်သွားခဲ့သည်။
"ဝှစ်"
ကျန်းရီ၏ လက်ထဲမှ ဝိညာဉ်သားရဲအဆောင် လင်းလက်သွားခဲ့ပြီး နဂါးလင်းယုန်ကြီး ထွက်ပေါ်လာခဲ့သည်။ သူခုန်တက်လိုက်သော် နဂါးလင်းယုန်ကြီးသည် တောင်ပံများကို ဖြန့်၍ ကောင်းကင်ဆီ ပျံတက်သွားခဲ့သည်။
နဂါးလင်းယုန်ကြီး၏ ကျောထက်တွင် ရပ်ရင်း ကျန်းရီသည် သေး၍သေး၍ ကျန်ခဲ့သော နန်းတော်ကြီးကို ကြည့်နေခဲ့မိသည်။ ရုတ်တရက် သူသည် အတွင်းအားသုံး၍ ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။
"စုလောရွှယ်...ငါဒါကို အရင်ကလည်း ပြောခဲ့တယ်'အနာဂတ်မှာ တစ်စုံတစ်ယောက်က မင်းကို ရန်ပြုရဲရင် အဲ့လူကို ငါအရှင်လတ်လတ် အရေခွံ ဆုတ်ပစ်မယ်... ဂိုဏ်းတစ်ဂိုဏ်းက မင်းကို ရန်ပြုရင် အဲဂိုဏ်းတစ်ခုလုံးကို ငါသတ်ပစ်မယ်... နိုင်ငံတစ်ခုက မင်းကိုရန်ပြုရင် အဲ့နိုင်ငံ တစ်ခုလုံးကို ငါဖျက်ဆီး ပစ်မယ်' ဒါက ငါမင်းကိုပေးတဲ့ ကတိပဲ... ဒီကတိက တစ်ဘဝလုံးစာ အတွက်ပါ"
*****