အခန်း (၆၀၇-၆၀၈)
Vol. 39 Ch. 607-608
အခန်း (၆၀၇) ရန်စခြင်း
စူးရှသော အစိမ်းရောင်အလင်းတန်းတစ်ခု အေးမီစ်၏ မျက်လုံးများတွင် ဖြတ်သန်းသွားသည်။ သူမသည် မယ်လီကစ်ကို စိုက်ကြည့်ကာ တမင်တကာ ပြောလိုက်သည်၊ “ငါ့လူတွေကို မင်းတို့ကောင်တွေ ဘာလုပ်ဖို့ ကြိုးစားနေကြပြန်တာလဲ”
“လူကြီးမင်း နဂါးဧကရီ၊ သိပ်ပြီး စိတ်မထိခိုက်ပါနဲ့။ ဘလက်စတားနဲ့ ကျွန်တော် မတော်တဆ ဆုံတွေ့ခဲ့ကြရုံပါ။ ဒါပါပဲ။” မယ်လီကစ်က တည်ငြိမ်စွာ ပြန်ဖြေသည်။
အေးမီစ် မျက်လုံးမှေးပြီး ဟန်ရှောင်းကို လှည့်ကြည့်လိုက်သည်။
ဟန်ရှောင်းတွင် ဖုံးကွယ်စရာ ဘာမှမရှိသောကြောင့် ရိုးရိုးသားသား ပြန်ဖြေလိုက်သည်၊ “သူ ကျွန်တော့်ကို ရှာတွေ့ပြီး မျောလွင့်နဂါးကျွန်းကနေ ထွက်ပြီး သွေးစွန်းကုန်းမြေကို ဝင်ဖို့ ဆွဲဆောင်နေတာပါ။ ကျစ် ကျစ်၊ သူ ကျွန်တော့်ကို အခြေအနေကောင်းတစ်ချို့ ကမ်းလှမ်းတယ်”
“ပြီးတော့ရော၊ ရှင် ဘာပြောလိုက်လဲ” အေးမီစ်က ဖျော့တော့သော အပြုံးဖြင့် မေးလိုက်သည်။
“ကျွန်တော် သဘောတူခဲ့ရင်၊ သူ ဒီကိစ္စကို ထပ်ပြောလာမှာ မဟုတ်ဘူးလေ။” ဟန်ရှောင်း ပခုံးတွန့်လိုက်သည်။
အေးမီစ် ပြုံးလိုက်ပြီး မယ်လီကစ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်၊ “ကြားလား။ မင်းရဲ့လှည့်ကွက်တွေကို စွန့်လွှတ်ပြီး လမ်းပြလိုက်တော့”
ရန်စခြင်းက အလုပ်မဖြစ်သည်ကို မြင်လိုက်ရသဖြင့် မယ်လီကစ် စကားထပ်မပြောတော့ဘဲ လမ်းပြလိုက်သည်။
ပါတီပွဲကျင်းပရန် ရက်အနည်းငယ် လိုသေးသော်လည်း လူအများအပြား ရောက်ရှိနေပြီဖြစ်သည်။ သွေးစွန်းကုန်းမြေသည် ဧည့်သည်များ အနားယူရန် အခန်းများစွာ ပြင်ဆင်ထားသည်။
သူတို့လေးယောက် အခန်းများဆီသို့ ဦးတည်သွားကြသည်။ အခြေစိုက်စခန်း အများအပြားကို ဖြတ်သန်းသွားလာရင်း ကင်းလှည့်နေသော စစ်သားများနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များ နေရာတိုင်းတွင် ရှိနေကြသည်။
ဟန်ရှောင်းသည် လမ်းတစ်လျှောက် သွေးစွန်းကုန်းမြေရှိ အဆောက်အဦ အမျိုးအစားအားလုံးကို လေ့လာရန် အချိန်ရခဲ့သည်။ သူမှတ်မိသည့်အတိုင်းပင် ဖြစ်၏။ သူ့အရင်ဘဝတုန်းကလည်း သွေးစွန်းကုန်းမြေက ခေါ်ယူခဲ့သော ကစားသမားများ ရှိခဲ့သောကြောင့် ဟီဘာဂြိုလ်၏ မြေပုံဖွဲ့စည်းပုံကို သူမှတ်မိနေသည်။
ငါ ကောင်းကောင်းမှတ်မိရင်၊ ဟီဘာဂြိုလ်ရဲ့ မျက်နှာပြင်က အစိတ်အပိုင်း အသေးစားလေး တစ်ခုပဲ။ မြေအောက်မှာ ပိုကြီးတဲ့ ခြေကုပ်စခန်းတွေ ရှိတယ်၊ ဟန်ရှောင်း ပြန်အမှတ်ရလိုက်သည်။
ဒီတစ်ခါတော့ သူတို့နောက် မနီးမဝေးဆီက သူစိမ်းတစ်ယောက်ရဲ့ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
“မတွေ့တာ ကြာပြီနော်၊ အေးမီစ်”
ဟန်ရှောင်း၏ ပထမဆုံးပင်ကိုယ်အသိစိတ်မှာ ဤလူ၏လေသံသည် အလွန် လှောင်ပြောင်နေပုံရသည်။
သူတို့ လှည့်ကြည့်လိုက်သည်။ သူတို့အနောက်တွင် အမျိုးသားတစ်ဦးကို ဝိုင်းရံထားသော စစ်သားတစ်ဖွဲ့ ပေါ်လာပြီး၊ ထိုအမျိုးသားမှာ စကားပြောသူဖြစ်သည်။ သူသည် လက်ရာမြောက်သော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ယောက်ျားပီသသော မျက်နှာထက် မိန်းမဆန်သော မျက်နှာထား ပိုရှိကာ အေးမီစ်ကို လှောင်ပြောင်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။
အေးမီစ်၏ မျက်လုံးအကြည့်များသည် ဤလူကို တွေ့လိုက်ရသောအခါ အနည်းငယ် ပြောင်းလဲသွားသည်။ “ကာရိုး”
ကာရိုး၏ အထိန်းအကွပ်မဲ့သော မျက်လုံးများသည် အေးမီစ်၏ လှပသော မျက်နှာ၊ နှင်းကဲ့သို့ ဖြူဖွေးသောလည်ပင်း၊ ပြားချပ်ချပ် ဝမ်းဗိုက်နှင့် သွယ်လျသော ခြေတံရှည်များကို စကင်ဖတ်စစ်ဆေးပြီး သူမကို ကြောက်ရွံ့ခြင်းမရှိဘဲ အကဲခတ်နေသည်။ သူက ရယ်မောပြီး ပြောလိုက်သည်၊ “ငါ မျောလွင့်နဂါးကျွန်းက ထွက်လာတာ ကြာပြီ၊ ဒါပေမယ့် မင်းက အရင်လို လှနေတုန်းပဲ”
အေးမီစ်၏ မျက်နှာသည် အေးစက်နေပြီး ဂရုမစိုက်သလို ဖြစ်နေသည်။
ဟန်ရှောင်းသည် အေးမီစ်၏ ပုံမှန်မဟုတ်သော တုံ့ပြန်မှုကို သတိပြုမိလိုက်သည်၊ ကာရိုးဟုခေါ်သော ဤကောင်လေးနှင့် သူမ၏ဆက်ဆံရေးမှာ ပုံမှန်မဟုတ်သည့်ပုံရသည်။ သူ လှည့်ကြည့်လိုက်ပြီး မယ်လီကစ်ကို ကြည့်လိုက်ရာ ဒီကျိုးပဲ့ဦးချို ဒီမွန်၏ မျက်နှာပေါ်ရှိ စပ်စုချင်နေသော အမူအရာကို တွေ့လိုက်ရသည်။
‘ငါသိပြီ၊ ကာရိုးက အေးမီစ်ရဲ့ လက်အောက်ငယ်သားဟောင်းပဲ...’ ဟန်ရှောင်း သဘောပေါက်သွားသည်။
ကာရိုးသာ ပုံမှန်အတိုင်း နှုတ်ထွက်ခဲ့လျှင် အေးမီစ် ဘာမှပြောမည်မဟုတ်ပေ။ ထိုအစား၊ ကာရိုးသည် ပွင့်လင်းမြင်သာစွာ စွန့်ခွာသွားပြီး မြင့်မားသော ကိုယ်ရေးအကျဉ်းဖြင့် သွေးစွန်းကုန်းမြေသို့ ဝင်ရောက်ခဲ့သည်။ သူသည် မျောလွင့်နဂါးကျွန်း၏ နည်းပညာဆိုင်ရာ လျှို့ဝှက်ချက်အချို့နှင့် ၎င်းတို့၏ မြေပုံဖွဲ့စည်းပုံကိုပင် ပေးခဲ့သည်။ ထို့အပြင် ယခုအခါ သူသည် ရာထူးကြီးကြီး ရယူထားသည်။ အေးမီစ်အတွက် ဤသည်မှာ သစ္စာဖောက်ခြင်းပင် ဖြစ်သည်။ သူမသည် သွေးစွန်းကုန်းမြေအပေါ် ရန်လိုသည်ဟု ခံစားရပြီး၊ ကာရိုးအပေါ် ပို၍ပင် ရန်လိုသည်။ ထိုအချိန်က၊ သူမ ဟီဘာဂြိုလ်သို့ တိုက်ပွဲဝင်ခဲ့စဉ်က၊ ကာရိုးကိုသတ်ရန် အခြားရည်မှန်းချက်တစ်ခု ရှိခဲ့ပေလိမ့်မည်။ သို့သော် သူမကို အာဏာရှင်က တားဆီးခဲ့သည်။
အမှန်တရားသည် ဟန်ရှောင်း ခန့်မှန်းထားသကဲ့သို့ပင် ဖြစ်သည်၊ အေးမီစ်နှင့် သူမ၏ လက်အောက်ငယ်သားဟောင်း ကာရိုးတို့သည် လွန်ခဲ့သော ကာလကြာရှည်ကတည်းက ရန်သူများ ဖြစ်လာခဲ့ကြသည်။
“ငါ့ကို လာပြီး ရှာရဲတယ်ဆိုတော့ မင်းအသက်ရှင်ရတာ ငြီးငွေ့နေပြီလား” အေးမီစ်က အေးစက်စွာ ပြောလိုက်သည်။
ကာရိုးတွင် အားကိုးစရာ အာဏာရှင် ရှိနေသဖြင့် သူသည် ယုံကြည်မှုရှိပြီး မကြောက်မရွံ့ ဖြစ်နေသည်။ လှောင်ပြောင်သရော်သောအပြုံးဖြင့် သူက ပြောလိုက်သည်၊ “ဒါက သွေးစွန်းကုန်းမြေရဲ့ ဌာနချုပ်ပဲ။ ဘာလဲ၊ မင်းက အာဏာရှင်ရဲ့ ထောက်ပံ့ပို့ဆောင်ရေး မန်နေဂျာကို ဒီမှာ သတ်ချင်လို့လား။ စကားမစပ်၊ ငါ့ရာထူးကို အစားထိုးဖို့ အင်းဆက်ပိုးမွှားတစ်ကောင်ကို မင်းတွေ့ခဲ့တယ်လို့ ငါကြားတယ်။ ဟီးဟီး၊ မင်းမှာ တော်တော်လေးကို အကောင်းကြိုက်တာပဲ။”
အမူအရာကင်းမဲ့သော မျက်နှာဖြင့်၊ အေးမီစ်သည် တင်းမာလာတော့သည်။
ဟီလာနှင့် အော်ရိုရာတို့သည် လေထုအခြေအနေ မမှန်ကန်ကြောင်း သတိပြုမိပြီး သတိရှိလာကြသည်။
သို့သော်လည်း ကာရိုးက လုံးဝ ချုပ်တည်းမထားပေ။ သူတို့ကို ရန်စဖို့ လာခဲ့တာ ထင်ရှားသည်။ သူက ဟန်ရှောင်းကို လှည့်ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်၊ “ဘလက်စတားလား၊ ဒါဆို မင်းက အေးမီစ်ရဲ့ အရာရှိသစ်ပေါ့။ ငါ့ကို မင်းရဲ့စီနီယာအဖြစ် သတ်မှတ်နိုင်တယ်၊ အကြံဉာဏ်နဲ့ အကြံပြုချက်တချို့ လိုချင်လား”
“အကြံပြုချက်လား” ဟန်ရှောင်း မျက်ခုံးပင့်လိုက်သည်။ သူသည် ဘေးဖယ်၍ ရပ်နေပြီး စကားမပြောခဲ့သော်လည်း မမျှော်လင့်ဘဲ ကာရိုးက သူ့ကို စကားပြောလာသည်။
“မှန်တယ်၊ ငါ သူမကို ကောင်းကောင်းသိတယ်၊ ပြီးတော့ မင်း ငါ့လမ်းညွှန်မှု လိုအပ်နေတယ်လို့ ခံစားရတယ်” ကာရိုး ပခုံးတွန့်ပြီး လှောင်ပြောင်လိုက်သည်၊ “ဘာပဲဖြစ်ဖြစ်၊ မင်းက သူမရဲ့အိမ်မွေးတိရစ္ဆာန် ဖြစ်ရတာ ကြိုက်တယ်ဆိုတော့၊ မင်းသခင် ဘာကြိုက်လဲဆိုတာ သိသင့်တယ် မဟုတ်လား”
“ဝိုး၊ ငါ့ထက်တောင် ပိုမိုက်ရိုင်းတဲ့သူကို တွေ့တာ ဒါပထမဆုံးပဲ” ဟန်ရှောင်း သူ့ရယ်မောခြင်းကို မထိန်းနိုင်တော့ပေ။ “မိတ်ဆွေ၊ မှန်ထဲကြည့်တဲ့အခါ ကိုယ့်မျက်နှာကိုကိုယ် လက်သီးနဲ့ထိုးချင်စိတ် တစ်ခါတလေ ဖြစ်မိလား”
ဟန်ရှောင်းသည် သူ၏ ရန်စသောစကားများကြောင့် ဒေါသထွက်လိမ့်မည်ဟု ကာရိုး တွေးထားခဲ့သော်လည်း လုံးဝမမျှော်လင့်ထားသော ဤတုံ့ပြန်မှုကြောင့် သူဆွံ့အသွားသည်။ သူ ခေတ္တရပ်ပြီးနောက် လှောင်ပြောင်မှုဖြင့် ထပ်ပြောလိုက်သည်။ “ဒေါသမထွက်ပါနဲ့၊ ငါက အမှန်တိုင်း ပြောနေတာပါ။ မင်းက အရင်တုန်းက ငါနဲ့ အတူတူပဲ၊ သူမရဲ့ အိမ်မွေးတိရစ္ဆာန်ပဲ။ ကွာခြားချက်က မင်းက ငါ့နေရာကို အစားထိုးတာပဲ။ မင်းမရှိရင် မင်းနေရာကို အစားထိုးဖို့ ကြယ်နီ သို့မဟုတ် ကြယ်ဖြူ ရှိလိမ့်မယ်။”
ဟန်ရှောင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူ လှောင်ပြောင်မှု မပြန်နိုင်ခင် အေးမီစ်က အရင်ပြောလိုက်သည်။
“ဘလက်စတားက မင်းနဲ့မတူဘူး၊ သူက မင်းထက် ပိုယုံကြည်ရတယ်။”
“အိုး၊ ဒါဆို မင်း ပိုသတိထားရလိမ့်မယ်” ကာရိုးသည် နှာခေါင်းရှုံ့ကာ ဟန်ရှောင်းကို စိုက်ကြည့်လိုက်သည်။ “သူမ မင်းကို ပိုယုံကြည်လေ၊ မင်း သူမကို စွန့်ပစ်ချင်တဲ့အခါ မင်းကိုသတ်ဖို့ ပိုစိတ်ပိုင်းဖြတ်လေ ဖြစ်လိမ့်မယ်... ဟီးဟီး၊ မင်းက အိမ်မွေးတိရစ္ဆာန်ထက် ပိုဆိုးနိုင်တယ်၊ သူမဘေးမှာ ချည်ထားတဲ့ ကျွန်တစ်ယောက်ပဲ။”
‘ဒီကောင်က အမှိုက်စကားတွေ တော်တော်ပြောတာပဲ...’ ဟန်ရှောင်း မျက်လုံးလှိမ့်လိုက်သည်။ စကားအနည်းငယ်က သူ့ကို ဒေါသထွက်စေဖို့ အဝေးကြီး လိုပါသေးသည်။
ထို့နောက်၊ ကာရိုးသည် အေးမီစ်ကို တစ်ဖန်ပြန်ကြည့်လိုက်သည်၊ ဤတစ်ကြိမ်တွင် ပို၍ သိသာထင်ရှားသော တပ်မက်မှုဖြင့် ဖြစ်သည်။ “ဒါကို မင်းသိလား။ ငါ တစ်ချိန်က မင်းရှေ့မှာ ခေါင်းမော့ဖို့ သတ္တိတောင် မရှိခဲ့ဘူး၊ ဒါပေမယ့် အခုတော့...”
“မင်း ဘာတွေးနေလဲဆိုတာ ငါစိတ်မဝင်စားဘူး” အေးမီစ်က ကာရိုးကို စကားပြောတာ ရပ်ခိုင်းလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ရေခဲတမျှအေးစက်သော အကြည့်ဖြင့် သူမလက်ကို မြှောက်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်၊ “မင်း တမင်သက်သက် လှောင်ပြောင်နေတာဆိုတော့၊ အကျိုးဆက်တွေကို ခံနိုင်ရည်ရှိဖို့ ပြင်ဆင်ထားပုံရတယ်။”
ဘုန်း
သူမ၏ဝါကျ ပြီးဆုံးသည်နှင့် တပြိုင်နက် အားကောင်းသော စွမ်းအားနယ်ပယ် ပေါ်လာပြီး၊ အလွန်ကြီးမားသော ဖိအားအောက်တွင် မြေပြင်သည် လက်မအလိုက် ကွဲအက်သွားသည်။ စွမ်းအားနယ်ပယ်သည် ကာရိုးဆီသို့ တည့်တည့် ဦးတည်သွားသည်။
ဤတစ်ကြိမ်တွင် ဟိန်းဟောက်သံ ၃ခု ပတ်ဝန်းကျင်ကနေ ထွက်ပေါ်လာသည်။ အရိပ်သုံးခုသည် ကာရိုးရှေ့တွင် လျင်မြန်စွာ ရွေ့လျားသွားပြီး ထူထဲသော ‘စစ်သည်တော်’ မီးတောက်များ သူတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
သူတို့သုံးယောက်က စွမ်းအားနယ်ပယ်ကို သူတို့ရဲ့ အစွမ်းရှိသမျှနဲ့ ပိတ်ဆို့လိုက်ကြသည်။
သူတို့သုံးယောက်စလုံးသည် အဆင့် အေ သွေးစွန်းကုန်းမြေ ရှေ့ပြေးတပ်ဖွဲ့ အရာရှိများဖြစ်ကြပြီး၊ တစ်ဦးမှာ မယ်လီကစ် ဖြစ်သည်။
တစ်ခဏချင်းတွင် ရိုက်ခတ်မှုလှိုင်း ပေါက်ကွဲသွားပြီး၊ ပတ်ဝန်းကျင်ရှိ သွေးစွန်းကုန်းမြေ စစ်သားများအားလုံး လှိမ့်နေသော ကျောက်တုံးများအဖြစ် ပြောင်းလဲကာ၊ လဲကျပြီး လွင့်ထွက်ကုန်ကြသည်။
ရှေ့ပြေးတပ်ဖွဲ့ အရာရှိသုံးဦးလည်း လွင့်စဉ်သွားကြသည်။ သူတို့သည် အရှိန်ကို ရပ်တန့်ရန် လေထဲတွင် စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်ကာ မြေပြင်ပေါ်သို့ ဆင်းသက်ပြီး သတိထားကာ အေးမီစ်ကို စိုက်ကြည့်နေကြသည်။
အေးမီစ်၏ ရိုးရှင်းသော စွမ်းအားနယ်ပယ် တိုက်ခိုက်မှုတစ်ခုကို ရပ်တန့်ရန် သူတို့သုံးယောက်လုံး လိုအပ်ခဲ့သည်။
“ထင်ထားသလိုပဲ” အေးမီစ်၏ မျက်လုံးအကြည့်များ ပိုမိုနက်မှောင်လာပြီး လေထုက စတင်တုန်ခါလာသည်။
စောစောက တိုက်ခိုက်မှုသည် အေးမီစ်ထံမှ ပေါ့ပေါ့ပါးပါး၊ ရိုးရှင်းသော ထိုးနှက်ချက်တစ်ခုမျှသာဖြစ်ပြီး ယခု သူမ အလေးအနက်ထားတော့မည် ဖြစ်သည်။
အုမ်း
ပိုမိုအားကောင်းသော စွမ်းအားနယ်ပယ်တစ်ခု ဖွဲ့စည်းလာပြီး ပတ်ဝန်းကျင်ရှိ မြေပြင်နှင့် အဆောက်အအုံများ စတင်အက်ကွဲလာသည်။
ဒါကိုမြင်တော့၊ ဟန်ရှောင်းတွင် ရွေးချယ်စရာမရှိဘဲ ခြေလှမ်းအနည်းငယ်တိုးကာ အေးမီစ်ရှေ့တွင် ရပ်လိုက်ရသည်။ ယန္တရားစွမ်းအား တောက်ပမှုနှင့်အတူ၊ စောင့်ကြည့်ရေးကိရိယာသည် သူ့နောက်တွင် စက်ဝိုင်းပုံသဏ္ဍာန် ပျံဝဲနေပြီး၊ သူ့ခေါင်းနောက်ဘက်ရှိ အလင်းစက်ဝိုင်းကဲ့သို့ ဖြစ်နေသည်။
ရန်သူများကို ပစ်မှတ်ထားပြီး ပျံဝဲလွန်းပြန်ဒိုင်း ၏ ပြောင်းတံထဲတွင် မှောင်မိုက်သော အလင်းရောင်တစ်ခု ပေါ်လာသည်။ ဟန်ရှောင်း ပြုံးလိုက်ပြီး ပြောလိုက်သည်၊ “ကဲ၊ မင်းတို့ကောင်တွေ တစ်ဦးချင်း တိုက်ခိုက်ချင်တာလား ဒါမှမဟုတ် ငါ့ကို အတူတူတိုက်ခိုက်ချင်တာလား။ ငါက ဘာဖြစ်ဖြစ် အဆင်ပြေတယ်”
မယ်လီကစ် အပါအဝင် ရှေ့ပြေးတပ်ဖွဲ့ အရာရှိ သုံးဦး၏ မျက်လုံးများ အားလုံး မျှော်လင့်ချက်ဖြင့် တောက်ပနေသည်။
ထိုသို့ပြောသော်လည်း၊ တိုက်ပွဲဖြစ်လာမည် မဟုတ်ကြောင်း ဟန်ရှောင်းသိသည်။ ဤသည်မှာ သွေးစွန်းကုန်းမြေ၏ အင်အားပြသမှုဖြစ်သည်။ အာဏာရှင်က သေချာပေါက် ဝင်ရောက်စွက်ဖက်လိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူတို့က ဧည့်သည်တွေဖြစ်သည်။ ထို့ပြင် ဟီဘာက အေးမီစ်ကို သူ့ပါတီပွဲ ဖျက်ဆီးခွင့်ပြုမည် မဟုတ်ပေ။
သို့ရာတွင်၊ သူသည် သူ့ရပ်တည်ချက်ကို ဖော်ပြနေရဦးမည်။ သူသည် ဘေးဖယ်ရပ်ပြီး အေးမီစ်ကို ရန်သူများနှင့် တစ်ယောက်တည်း ရင်ဆိုင်ခွင့် မပေးနိုင်ပေ။
အရာအားလုံး ပေါက်ကွဲတော့မည့်အချိန်တွင်၊ စွမ်းအင်အသစ်တစ်ခု အဝေးမှ ထွက်ပေါ်လာပြီး ကောင်းကင်သို့ တည့်တည့်ထိုးတက်သွားကာ သွေးစွန်းကုန်းမြေ တစ်ခုလုံးကို လွှမ်းမိုးသွားသကဲ့သို့ ဖြစ်နေသည်။ ကောင်းကင်ပေါ်ရှိ ကြယ်ရောင်များပင် အရောင်ပျောက်ပြီး မှိန်သွားပုံရသည်။
ဘုန်း
ဝေးကွာသော နေရာတစ်ခုမှ လူတစ်ဦး၏ အသံက မိုးခြိမ်းသံကဲ့သို့ နက်ရှိုင်းကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“အေးမီစ်၊ ငါ့နယ်မြေထဲမှာ တိုက်ခိုက်နေတာ၊ ငါရှိနေတာကို လျစ်လျူရှုနေတာလား”
ဤအသံကို ကြားလိုက်သည်နှင့် တပြိုင်နက်၊ ဟန်ရှောင်းသည် ခြိမ်းခြောက်သော လေသံကို ချက်ချင်း ခံစားလိုက်ရသည်။
မသိစိတ်အရ၊ ဤအရာက သူ၏ယခင်ဘဝတွင် တိရစ္ဆာန်ရုံသို့သွား၍ ကျားဟိန်းသံနှင့် ရင်ဆိုင်ခဲ့ရစဉ်က ခံစားခဲ့ရသည်ကို ပြန်လည်အမှတ်ရစေသည်။
အာဏာရှင်၊ ဟီဘာ
စာစဉ် (၃၉)၊ အခန်း (၆၀၇) ပြီး၏။
လင်းဆက်
+++++
အခန်း (၆၀၈) စမ်းသပ်ခြင်း
လူတိုင်းက အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။ အသံသည် သွေးစွန်းကုန်းမြေ၏ အလယ်ပိုင်းခရိုင်နှင့် ဟီဘာ၏ နန်းတော်ရှိရာနေရာမှ လာခြင်းဖြစ်သည်။
အေးမီစ်၏ မျက်လုံးများသည် အေးစက်စွာ တောက်ပနေပြီး ဟီလာနှင့် အော်ရိုရာတို့ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူမ၏ လက်ဖဝါးကို ချလိုက်ပြီး အင်္ကျီလက်ထဲတွင် ဝှက်ထားလိုက်၏။ သူမ လှုပ်ရှားရန် အစီအစဉ် မရှိတော့ဘဲ စုစည်းထားသော တွန်းအားနယ်မြေမှာလည်း ပျောက်ကွယ်သွားသည်။
တင်းမာနေတဲ့ အခြေအနေက ချက်ချင်းဆိုသလို ပြေလျော့သွား၏။
ထို့နောက် သူမ၏တိုက်ခိုက်မှုကို ဟန့်တားခဲ့သော ကာရိုးနှင့် မယ်လီကစ်တို့ကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။ "ဒီတိုင်းရပ်မနေနဲ့၊ လမ်းပြ"
အာဏာရှင်၏ ဖိတ်ကြားချက်ကို လက်ခံရန် ဆုံးဖြတ်လိုက်သောအခါတွင် ဤကဲ့သို့ဖြစ်လာမည်ဟု အေးမီစ်က ကြိုတွေးထားပြီးသားဖြစ်သည်။ သူမ၏ ယခင်တိုက်ခိုက်မှုသည် သူမ၏သဘောထားကို ပြသပြီးဖြစ်သည်။ သို့သော်လည်း အာဏာရှင်သည် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စွက်ဖက်ပြီး သူမသည် သူ၏ပိုင်နက်တွင် ရှိနေသောကြောင့် ပဋိပက္ခကြီးကြီးမားမား ဖြစ်ပွားမည်ကို သူမမလိုလားပေ။ နောက်ဆုံးတော့ သူမ ဒီကို ပြဿနာ လာရှာတာ မဟုတ်ဘူးလေ။
မယ်လီကစ်က ခေါင်းညိတ်ပြီး လမ်းပြသည်။
ထို့နောက် ဟန်ရှောင်းက လှည့်ကာ ကာရိုးကို ကြည့်လိုက်သည်။
ကာရိုးသည် အေးမီစ်ထွက်ခွာသွားသည်ကို တွေ့လိုက်ရသောအခါ စကားတစ်ခွန်းမှ မပြောတော့ပေ။ ထို့နောက် သူက အပြုံးကို ပြန်ရုပ်သိမ်းလိုက်ပြီး ကျန် ရှေ့ပြေးအရာရှိနှစ်ဦးကို ခေါင်းခါပြလိုက်သည်။ "သတိပေးပေမယ့်လည်း သူဆက်တိုက်ခိုက်မယ်လို့ ငါထင်ခဲ့တာ။ ငါ သိပ်အလွန်အကျွံ မလုပ်မိအောင် သေချာဂရုစိုက်ခဲ့ပေမယ့် အေးမီစ်ကို ငါနားလည်သလောက်ဆိုရင် ဒီလောက် ရန်စမှုအဆင့်က သူ့ကို ဒေါသထွက်စေဖို့ လုံလောက်သင့်တယ်။"
နောက်ထပ် ရှေ့ပြေးအရာရှိတစ်ဦးက သက်ပြင်းချရင်း ပြောသည်။ "နဂါးဧကရီ ပြောင်းလဲသွားပြီ။ ကောလာဟလတွေက အမှန်ပဲ။ သူ တကယ်ပဲ နယ်မြေချဲ့ထွင်ချင်နေတာ။"
ဘလက်စတား ကြေးစားတပ်ဖွဲ့သည် မျောလွင့်နဂါးကျွန်း၏ တိုးချဲ့မှုကို ကိုယ်စားပြုသည်။ အဖွဲ့အစည်းများစွာသည် ဤအခြေအနေကို သတိပြုမိကြပြီး သွေးစွန်းကုန်းမြေသည်လည်း ချွင်းချက်မဟုတ်ပေ။
ကာရိုး၏ မစ်ရှင်သည် အေးမီစ်၏ သဘောထားကို စူးစမ်းရန်ဖြစ်သည်။ သူ၏ စကားလုံးအများစုသည် ဘလက်စတားကို ပစ်မှတ်ထားပြီး အေးမီစ်ကို တိုက်ရိုက် အရှက်မခွဲခဲ့ပေ။ အေးမီစ်၏ တုံ့ပြန်မှုမှတစ်ဆင့် သူတို့သည် သတင်းအချက်အလက်များစွာကို ရရှိနိုင်သည်။ အကယ်၍ သူမသည် အမှန်တကယ် နယ်မြေချဲ့ထွင်လိုပါက၊ ပဋိပက္ခကြီးကြီးမားမား ဖြစ်ပေါ်စေရန် ရန်စလိမ့်မည် မဟုတ်ပေ။
…
တချိန်တည်းမှာပင်၊ ဟီဘာ၏ နန်းတော်တွင် ဟီဘာနှင့် ကလင့်ကိုယ်စားလှယ်တို့သာ ရှိနေသည်။ အေးမီစ်နှင့် သူမ၏ အဖွဲ့သားများ၏ ဗီဒီယိုဖိုင်ကို ဖန်သားပြင်ပေါ်တွင် ပြသထားသည်။
ကလင့်နိုင်ငံသည် အာဏာရှင်၏ စုဝေးပွဲကို အလွန်အရေးထားပြီး အရေးကြီးသော သံတမန်ရေးရာ မစ်ရှင်အဖြစ် သတ်မှတ်ခဲ့သည်။ အာဏာရှင်နှင့် ကလင့်နိုင်ငံအကြား ရင်းနှီးသော ဆက်ဆံရေးကို ပြသရန် ကိုယ်စားလှယ်သည် ကလင့်နိုင်ငံ၏ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ပြီး စုဝေးပွဲကို ကိုယ်တိုင်တက်ရောက်လာသည်။
ကလင့်လူမျိုးများသည် ပိန်သွယ်သော ခန္ဓာကိုယ်များ ရှိလေ့ရှိပြီး ခုနစ်မီတာမြင့်သော ဟီဘာ၏ဘေးတွင် ရပ်နေသောအခါ ကိုယ်စားလှယ်သည် အလွန်သေးငယ်နေပုံရသည်။
"လူကြီးမင်း အာဏာရှင်၊ ခင်ဗျားက အရင်လိုပဲ အင်အားကြီးမားတုန်းပဲ။ ခင်ဗျား လူလုံးပြစရာတောင် မလိုဘဲ ဟိန်းဟောက်သံ တစ်ချက်တည်းနဲ့ နဂါးဧကရီကို ဆုတ်ခွာသွားစေနိုင်တယ်။ လူကြီးမင်း လှုပ်ရှားတာကို မြင်တွေ့ရမယ်လို့ ကျွန်တော် ထင်နေတုန်းပဲ" ကလင့်ကိုယ်စားလှယ်က လေးစားသော လေသံဖြင့် ပြောကြားခဲ့သည်။
"ဟင်း။" ဟီဘာသည် စကားတစ်ခွန်းမှ မပြောဘဲ လက်ထဲရှိ အထူးပြုလုပ်ထားသော ဝိုင်ခွက်ကြီးကို လှုပ်ခါလိုက်သည်။
"နှမြောစရာပဲ။ တကယ်လို့များ သူသာ လှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့ရင်။" ကလင့်ကိုယ်စားလှယ်က ခေါင်းခါပြီး ပြုံးလိုက်သည်။
"ဒီတစ်ခေါက် စုဝေးပွဲက ပွဲကြီးပွဲကောင်း တစ်ခုပဲ။ သူသာ ပြဿနာရှာရင် လူကြီးလူကောင်းတွေ အများကြီးကို စော်ကားမိလိမ့်မယ်။ သူက နယ်မြေချဲ့ထွင်ချင်နေတာဆိုတော့ လှုပ်ရှားမှာ မဟုတ်ဘူး" ဟီဘာက အေးဆေးစွာ ပြောသည်။
"စုဝေးပွဲပြီးရင် သူလက်စားချေမှာကို မကြောက်ဘူးလား။" ကလင့်ကိုယ်စားလှယ်က တခစ်ခစ်ရယ်လိုက်သည်။ "သူက အဲဒီလို လုပ်မယ့်သူမျိုးပဲ။"
"အဲဒါ မင်းတို့ကောင်တွေ အမြင်ချင်ဆုံးအရာ မဟုတ်ဘူးလား။" ဟီဘာက အေးဆေးစွာ မေးလိုက်သည်။
"ဟားဟား၊ ခင်ဗျားပြောတာ မှန်ပါတယ်။ အဲဒါက မျောလွင့်နဂါးကျွန်းကို ဖိနှိပ်ဖို့ ခင်ဗျားအတွက် အကြောင်းပြချက် တစ်ခု ရလိမ့်မယ်။" ကလင့်ကိုယ်စားလှယ်က ရယ်မောလိုက်သည်။ သူသည် အေးမီစ်အား ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အစွမ်းကုန် လုပ်ဆောင်သည်ကို အမြင်ချင်ဆုံးသူဖြစ်သည်။ "ခရမ်းရောင် သလင်းကျောက် လူမှုအဖွဲ့အစည်းတောင် ဒီအကြောင်းပြချက်နဲ့ ခင်ဗျား ကောလ်တန်ထဲ ဝင်တာကို တားဆီးမှာ မဟုတ်ဘူး။"
ဟီဘာက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောဖို့ စိတ်မပါတော့ပေ။ ပါတီနှစ်ခုစလုံးသည် မဟာမိတ်ဖွဲ့ထားသော်လည်း ၎င်းတို့၏ ရည်ရွယ်ချက်မှာ ကွဲပြားသည်။
ကလင့်ကိုယ်စားလှယ်သည် ဖန်သားပြင်ပေါ်ရှိ အေးမီစ်၏ ပုံရိပ်ကို ကြည့်ပြီး သူ့ဘာသာသူ ရေရွတ်လိုက်သည်။ "အေးမီစ်... ကျွတ် ကျွတ်။ အဆင့် အေ အထက်ဆင့် စူပါရဲ့ ရောင်ဝါရှိတဲ့ ဒီလိုမိန်းမမျိုးကို ငါပိုင်ဆိုင်နိုင်ရင် တခြားမိန်းမတွေအားလုံး သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။"
သူ၏ အဆင့်အတန်းနှင့် အာဏာပိုင်စိုးမှုဖြင့် သူ့တွင် မရေမတွက်နိုင်သော လက်တွဲဖော်များ ရှိခဲ့ပြီး ရုပ်ရည်အသွင်အပြင်သည် သူ အဂရုစိုက်ဆုံးအရာ မဟုတ်တော့ပေ။ အဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာသည် အမျိုးသမီးတစ်ဦးကို သူ့မျက်လုံးထဲတွင် ပိုမိုဆွဲဆောင်မှု ရှိစေသည့်အရာဖြစ်သည်။ ကွဲအက်ကြယ်စင်ကွင်းရှိ အဆင့် အေ အထက်ဆင့် စူပါလေးဦးအနက် တစ်ဦးတည်းသော အမျိုးသမီးအဖြစ်၊ အေးမီစ်သည် ယဉ်ပါးအောင် ပြုလုပ်ရန် အခက်ခဲဆုံး အမျိုးသမီး ဖြစ်သည်။
ကြယ်စနစ် အဆင့် လူမှုအဖွဲ့အစည်းတစ်ခုသည် အဆင့် အေ အထက်ဆင့် စူပါတစ်ဦးကို မရန်စရဲသော်လည်း၊ ကြယ်စုတန်း အဆင့် လူမှုအဖွဲ့အစည်းတစ်ခုအတွက်မူ၊ အဆင့် အေ အထက်ဆင့် စူပါတစ်ဦးသည် စွမ်းအားကြီးမားသော်လည်း၊ သူတို့သည် ထိုသူကို သိပ်ပြီး သတိထားနေလိမ့်မည် မဟုတ်ပေ။
အာဏာရှင်၏ အဖွဲ့အစည်းကဲ့သို့သော ဧရာမအဖွဲ့အစည်းတစ်ခုသာလျှင် ကြယ်စုတန်း အဆင့် လူမှုအဖွဲ့အစည်းတစ်ခုအတွက် အရေးပါလိမ့်မည်။
ထို့ကြောင့် ကလင့်ကိုယ်စားလှယ်သည် အေးမီစ်အပေါ် သူ၏ ဆန္ဒကို ပြသရန် ဝန်မလေးခဲ့ပေ။ မည်သို့ပင်ဖြစ်စေ၊ ၎င်းသည် အတွေးတစ်ခုမျှသာ ဖြစ်သည်။
"ငါ ခေါင်းမာတဲ့ မိန်းမတွေကို မုန်းတယ်။" ဟီဘာက ဖြည်းညှင်းစွာ ပြောလိုက်သည်။ "သူ့စရိုက်ကို ပိုပြီး ပြုပြင်ဖို့ လိုတယ်။"
ထိုစကားကို ကြားသောအခါ ကလင့်ကိုယ်စားလှယ်က ခေါင်းခါလိုက်သည်။ အေးမီစ်သည် သူ့အတွက် အတွေးတစ်ခုမျှသာ ဖြစ်သော်လည်း၊ ဟီဘာသည် တကယ်လုပ်နိုင်စွမ်း ရှိသူဖြစ်သည်။
…
ဟန်ရှောင်းနှင့် အခြားသူများသည် ဧည့်ခန်းသို့ သွားရာလမ်းတွင် ရှိနေကြသည်။
ယခင် ပဋိပက္ခပြီးနောက်၊ အဖွဲ့၏ စိတ်ခံစားချက်သည် အနည်းငယ် ကျဆင်းနေသည်။
"ဘလက်စတား သိပ်မတွေးနဲ့" အေးမီစ်က ရုတ်တရက် ပြောလိုက်သည်။ "ကာရိုးက တမင်သက်သက် ပြောတာ။"
"ကျွန်တော် သိပါတယ်။" ဟန်ရှောင်းက ပခုံးတွန့်ပြလိုက်သည်။
"သူတို့က ဟီဘာရဲ့ ညွှန်ကြားချက်တွေကို လိုက်နာနေတာ ဖြစ်ရမယ်" အေးမီစ်က ရှင်းပြသည်။ "သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါသိချင်တယ်။ အီဆော့က ဒီစုဝေးပွဲက ကွဲပြားမယ်လို့ ဟောကိန်းထုတ်ပြီး ငါ့ကို စိတ်လိုက်မာန်ပါ မလုပ်ဖို့ ပြောခဲ့တယ်။"
အေးမီစ်သည် အီဆော့အား ဟောကိန်းထုတ်ခိုင်းပြီးသား ဖြစ်နေသည်။ ဤစုဝေးပွဲသို့ သူမတက်ရောက်ရန် အီဆော့က အကြံပြုခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
"ကာရိုးက မျောလွင့်နဂါးကျွန်းရဲ့ အစောဆုံး အဖွဲ့ဝင်တွေထဲက တစ်ယောက်ပါ။ ဒါပေမယ့် သူက အာဏာရှင်အတွက် ငါ့ကို သစ္စာဖောက်ပြီး သွေးစွန်းကုန်းမြေမှာ မြင့်မားတဲ့ အဆင့်အတန်းကို ရရှိခဲ့တယ်။"
ဟန်ရှောင်းက မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ "သစ္စာဖောက်တစ်ယောက်ကို အရေးကြီးတဲ့ ရာထူးတစ်ခု ယူခွင့်ပေးတာ၊ အာဏာရှင်က တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ။"
သင်သံသယရှိသူကို အသုံးမပြုပါနှင့်၊ သင်အသုံးပြုသူကို သံသယမဝင်ပါနှင့်။ လူများကို ဆွဲဆောင်ရန်အတွက် ဟီဘာသည် အလွန်များပြားသော အခြေအနေများကို ကမ်းလှမ်းရန် သေချာပေါက် လိုအပ်သည်။ မယ်လီကစ်က သူ့ကို ဆွဲဆောင်ရန် ကြိုးစားသောအခါတွင်၊ မယ်လီကစ်သည် သူ့ကို ရှေ့ပြေးအရာရှိ ရာထူးကိုလည်း ကမ်းလှမ်းခဲ့သည်။
"သူက အာဏာရှင်လေ၊ ဒါကြောင့် သူက သစ္စာဖောက်တွေကို မကြောက်ဘူး။"
"ဘာလို့လဲ။"
"ကာရိုး ငါ့ကို သစ္စာဖောက်တုန်းက အာဏာရှင်က သူ့ကို ကာကွယ်ပေးနိုင်ခဲ့တယ်၊ ဒါပေမယ့် သူသာ အာဏာရှင်ကို သစ္စာဖောက်ရင် ကွဲအက်ကြယ်စင်ကွင်းထဲမှာ ဘယ်သူမှ သူ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။" အေးမီစ်က သက်ပြင်းချလိုက်သည်။ "ဒါ့အပြင်၊ အာဏာရှင်က ငါ့ထက် အများကြီး ပိုပြီး ဆွဲဆောင်မှုရှိတဲ့ ခေါင်းဆောင်တစ်ယောက်ဆိုတာ ငါဝန်ခံရမယ်။"
"မင်း သူ့ကို အရမ်းသတိထားနေတာလား။" ဟန်ရှောင်းက မျက်ခုံးပင့်ရင်း ပြောလိုက်သည်။ "မင်းက ဘာကိုမှ မကြောက်ဘူးလို့ ကျွန်တော် ထင်နေတုန်းပဲ။"
"ဒါပေါ့၊ ငါသူ့ကို မကြောက်ပါဘူး၊ ဒါပေမယ့် ငါသူ့ကို ဘယ်လောက်ပဲ မုန်းမုန်း၊ သူက အရမ်းအစွမ်းထက်တယ် ဆိုတဲ့အချက်ကို ငါမပြောင်းလဲနိုင်ဘူး။" အေးမီစ်က ခေါင်းခါပြီး ဆက်မပြောမီ ခေတ္တရပ်လိုက်သည်။ "ဒါကြောင့် အာဏာရှင်ရဲ့ နယ်မြေမှာ ပုံမှန်အတိုင်းပဲ နေဖို့ ကြိုးစားပါ။ ကာရိုးကြောင့် ဒေါသထွက်စရာ မလိုပါဘူး။ သူက တမင်သက်သက် ပြောတာ။"
အေးမီစ်က ဟန်ရှောင်းကို ကြည့်ပြီး ရှင်းပြချက်ပေးရန် အစပျိုးလုပ်ဆောင်ခဲ့သည်။ ဟန်ရှောင်းက ထိုစကားများကို နှလုံးသွင်းထားမည်ကို သူမ စိုးရိမ်နေသည်။
ဟန်ရှောင်း ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ ကာရိုးပြောသည်ကို သူဂရုမစိုက်သော်လည်း အေးမီစ်က သူ့ခံစားချက်ကို ဂရုစိုက်လိမ့်မည်ဟု မထင်ခဲ့ပေ။
အေးမီစ်ကို သူနားလည်သလောက်ဆိုလျှင် သူမသည် သူတစ်ပါးကို ဂရုစိုက်မည့်သူမျိုး မဟုတ်ပေ။
"မင်း ပြောင်းလဲသွားပြီလို့ ကျွန်တော် ခံစားရတယ်။"
"ငါ ဘယ်လို ပြောင်းလဲသွားတာလဲ။" အေးမီစ်က ပြုံးလိုက်သည်။
"အရင်ကထက် ပိုပြီး သည်းခံတတ်လာတယ်။"
အေးမီစ်က ပြုံးပြီး ပြန်မပြောပေ။ ထို့နောက် သူမသည် ဟီလာနှင့် အော်ရိုရာကို ကြည့်ရန် လှည့်လိုက်သည်။
"အီဆော့က ကလေးလေးတစ်ယောက်ပဲ ဒီလောက် စိတ်လိုက်မာန်ပါ ပြုမူလိမ့်မယ်လို့ ပြောတယ်။ ငါ့ကို ပြောင်းလဲဖို့ သူပြောတယ်။ မဟုတ်ရင် တစ်နေ့ကျရင် ငါဆုံးရှုံးမှုနဲ့ ကြုံရလိမ့်မယ်တဲ့။"
ဟန်ရှောင်းက မျက်လုံးလှန်ကြည့်ပြီး ပြန်ပြောလိုက်သည်။ "အဲဒီ အဘိုးကြီး အီဆော့က အခုထိ အရှက်မရှိတုန်းပဲ။ သူက အဲဒီလိုစကားမျိုး ပြောဖို့ ဘယ်လိုလုပ် အခွင့်အရေး ရှိတာလဲ။"
"ငါလည်း အဲဒီလိုပဲ ထင်တယ်။" အေးမီစ်က တောက်ပစွာ ပြုံးလိုက်ပြီး တခစ်ခစ်ရယ်လိုက်သည်။
…
ဧည့်သည်များအတွက် ပေးထားသော အခန်းသည် ဟီဘာ၏ နန်းတော်ဘေးရှိ အဆောက်အဦတစ်ခုတွင် တည်ရှိသည်။ ၎င်းသည် ဧည့်ခန်းသက်သက်ဖြင့် ဖွဲ့စည်းထားသော ဧရာမရဲတိုက်ကြီးတစ်ခုဖြစ်သည်။ လက်ရှိတွင် ဧည့်ခန်းများတွင် တည်းခိုနေသော ဧည့်သည်အချို့ ရှိနှင့်ပြီးဖြစ်သည်။
စုဝေးပွဲ တရားဝင်မစတင်မီ ရက်အနည်းငယ်လိုသေးပြီး အဖွဲ့အစည်းများစွာ စောစီးစွာ ရောက်ရှိလာကြမည်ဖြစ်သည်။ အခမ်းအနား တရားဝင်မစတင်မီ ရက်အနည်းငယ်သည် ကွန်ရက်ချိတ်ဆက်ရန်နှင့် လူမှုအသိုင်းအဝိုင်းကို ချဲ့ထွင်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ နောက်ဆုံးတော့၊ အဖွဲ့အစည်းအသီးသီးမှ အကြီးအကဲများ အတူတကွ စုဝေးကြခြင်းသည် ရှားပါးသော အခွင့်အရေးဖြစ်သည်။
မယ်လီကစ်က ရဲတိုက်ထဲသို့ လမ်းပြသည်။
လောလောဆယ်တွင် ပင်မခန်းမ၌ ဧည့်သည်များ အစုအဖွဲ့ငယ်များဖြင့် ပြည့်နေသည်။ ဧည့်သည်များအားလုံးသည် လူမျိုးမတူကြဘဲ ကွဲအက်ကြယ်စင်ကွင်း၏ မတူညီသော အဖွဲ့အစည်းများမှ လာကြသည်။
တစ်စုံတစ်ယောက် ဝင်လာသည်ကို ကြားသောအခါ ဧည့်သည်များအားလုံး လှည့်ကြည့်ကြသည်။ ဝင်လာသော ဧည့်သည်မှာ အေးမီစ်ဖြစ်ကြောင်း အသိအမှတ်ပြုပြီးနောက် သူတို့အားလုံး၏ မျက်နှာများတွင် ထူးဆန်းသော အမူအရာများ ရှိနေကြသည်။ သူတို့သည် နှုတ်ဆက်ရန် လာချင်သော်လည်း တစ်စုံတစ်ခုကို သတိထားနေပုံရပြီး မလှုပ်မယှက်ဘဲ နေရာတွင်ပင် ဆက်နေကြသည်။
သူတို့အားလုံး အာဏာရှင်၏ ကျယ်လောင်သော ဟိန်းဟောက်သံကို ကြားခဲ့ကြရသည်။ အေးမီစ်နှင့် ဟီဘာတို့ ထိပ်တိုက်တွေ့ပြီးပြီဖြစ်သောကြောင့် အာဏာရှင်ကို ဖားတာ ပိုကောင်းမယ်လို့ သူတို့အားလုံး ခံစားမိကြသည်။ ထို့ကြောင့် သူမနှင့် စကားစမြည်ပြောဆိုရန် မည်သူမျှ ရှေ့တိုးမလာကြပေ။
အေးမီစ်က ဂရုမစိုက်ဘဲ သူတို့အဖွဲ့သည် ပင်မခန်းမမှ ထွက်ခွာပြီး အခန်းများဆီသို့ သွားကြသည်။
သွေးစွန်းကုန်းမြေသည် သူတို့အတွက် အခန်းများကို ပြင်ဆင်ထားသည်။ အေးမီစ်တွင် ကိုယ်ပိုင်အခန်း၊ ဟန်ရှောင်းတွင် ကိုယ်ပိုင်အခန်းရှိပြီး ဟီလာနှင့် အော်ရိုရာတို့က အခန်းတစ်ခန်းတွင် အတူနေကြသည်။
သူတို့ အခန်းများဆီသို့ ပြန်ရောက်သောအခါ ဟန်ရှောင်း တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
ထို့နောက် သူသည် ဖိသိပ်ထားသော ဘောလုံးတစ်လုံးကို အသက်သွင်းလိုက်ရာ ရှာဖွေရေးကိရိယာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အခန်းကို စကင်ဖတ်ပြီးနောက် နားထောင်ရေးကိရိယာများ မရှိကြောင်း အတည်ပြုခဲ့သည်။
ဟန်ရှောင်းက ခေါင်းညိတ်ပြီး အခြားစက်တစ်ခုကို ထုတ်လိုက်သည်။
ဘတ်ဇ်
တောက်ပသော အလင်းတန်းတစ်ခု လက်သွားပြီး ပုံရိပ်ယောင်ပုံရိပ်တစ်ခုသည် အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ မှော်စောင့်ကြည့်ရေး ကိရိယာတစ်ခု ရှိလျှင်ပင်၊ ပုံရိပ်ယောင်ပုံရိပ်ကိုသာ ဖမ်းယူနိုင်မည်ဖြစ်ပြီး သူဘာလုပ်နေသည်ကို ပြောပြနိုင်မည် မဟုတ်ပေ။
ရဲတိုက်ထဲတွင် နေထိုင်သော လူကြီးလူကောင်းများစွာ ရှိပြီး နားထောင်ရေးကိရိယာများ မရှိသင့်သော်လည်း ဟန်ရှောင်းသည် သတိထားလေ့ရှိသည်။
"ကာရိုး..."
ဟန်ရှောင်း၏ မျက်လုံးများ လက်သွားပြီး သူ၏ ဖရိုဖရဲကိုယ်ခန္ဓာ အဖြစ် ပြောင်းလဲသွားသည်။ ဟင်းလင်းပြင် အမြင် ကို အသက်သွင်းလိုက်ရာ သူ့အမြင်အာရုံသည် ရုပ်ပိုင်းဆိုင်ရာ အကွာအဝေးအားလုံးကို လျစ်လျူရှုပြီး ကာရိုး၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်နိုင်သည်။
အေးမီစ် နောက်ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည့် ခဏ၌ ဟန်ရှောင်းသည် ကာရိုးအပေါ် လေ့လာသူ၏ အမှတ်အသားကို ထည့်သွင်းခဲ့ပြီး အာကာသဓါးပြ၏ တည်နေရာကို ဖယ်ရှားလိုက်သည်။
လေ့လာသူ၏ အမှတ်အသားသည် ကြိုတင်ကာကွယ်မှု အစီအမံတစ်ခုအဖြစ်သာ ရှိနေသည်။ အရေးပေါ်အချိန်များတွင်၊ ဤ လေ့လာသူ၏ အမှတ်အသားသည် အသုံးဝင်လာနိုင်သည်။
ထို့အပြင်၊ ကာရိုးသည် သွေးစွန်းကုန်းမြေ၏ ထောက်ပံ့ပို့ဆောင်ရေးမန်နေဂျာဖြစ်ပြီး အရေးကြီးသော စက်ကိရိယာများနှင့် ဒီဇိုင်းပုံစံများကို မကြာခဏ ထိတွေ့နိုင်သည်။ သူ့ထံမှ ရရှိနိုင်မည့်အရာများစွာ ရှိမည်ဟု ဟန်ရှောင်း ခံစားမိသည်။
‘စုဝေးပွဲအတွင်းမှာ သတင်းအချက်အလက် စုဆောင်းဖို့ လေ့လာသူ၏ အမှတ်အသားကို အသုံးပြုနိုင်တယ်။’ ဟန်ရှောင်း သူ့ဘာသာ တွေးလိုက်သည်။
သူ့ယခင်ဘဝတွင်၊ ကစားသမားများ မည်သူမျှ အာဏာရှင်၏ စုဝေးပွဲကို မတွေ့ရှိခဲ့ကြပေ၊ အကြောင်းမှာ သူတို့သည် ထိုအဆင့်သို့ မရောက်ရှိနိုင်သောကြောင့်ဖြစ်သည်။ ဤသည်မှာ စုဝေးပွဲအကြောင်း သူပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
လမ်းတစ်လျှောက်တွင် ပဋိပက္ခတစ်ခု ရှိခဲ့သော်လည်း ဤစုဝေးပွဲသည် အတော်လေး ဘေးကင်းသင့်သည်။
အေးမီစ်သည် သူမ၏ ရောက်ရှိနေမှုကို ပြသရန် ရောက်ရှိနေခြင်း ဖြစ်နိုင်သော်လည်း၊ ဤသည်မှာ ဟန်ရှောင်းအတွက် သတင်းအချက်အလက် စုဆောင်းရန် အလွန်ကောင်းမွန်သော အခွင့်အရေးဖြစ်သည်။ ဟန်ရှောင်းသည် ၎င်းကို ကောင်းစွာ အသုံးချရန် ဆုံးဖြတ်လိုက်သည်။ စုဝေးပွဲတွင် ပါဝင်သူအားလုံးသည် တကယ့်အကောင်ကြီးများ ဖြစ်ကြသဖြင့် အရေးကြီးသော သတင်းအချက်အလက် အချို့ကို ထုတ်ဖော်နိုင်ပေမည်။ ဇာတ်ကြောင်းအမျိုးမျိုးကို သိထားသော သူ့မှတ်ဉာဏ်ဖြင့်၊ သဲလွန်စအသေးစားလေးတစ်ခုက သူ့ကို အရာများစွာ တွေးတောစေနိုင်သည်။
ဗားရှင်း အဆင့်မြှင့်တင်မှုသည် ဟန်ရှောင်းအတွက် အမြဲတမ်း အရေးပါသော အရာတစ်ခု ဖြစ်ခဲ့သည်။ နောက်ဆုံးတော့၊ သူ့ယခင်ဘဝက ကစားသမားများသည် အဆင့်မြှင့်တင်မှု၏ တိကျသော အချိန်ကိုက်မှုနှင့် ပတ်သက်၍ အလွန်မရေရာသော အသေးစိတ်အချက်အလက်များကိုသာ ရရှိခဲ့ကြသည်။ ဟန်ရှောင်းသည် ပိုမိုကြီးမားသော အသေးစိတ်အချက်အလက်များကို လိုအပ်ပြီး ဤစုဝေးပွဲမှ ထိုးထွင်းသိမြင်မှုအချို့ ရရှိရန် မျှော်လင့်နေသည်။
စာစဉ် (၃၉)၊ အခန်း (၆၀၈) ပြီး၏။
လင်းဆက်
+++++