အခန်း (၆၁၁-၆၁၂)
Vol. 39 Ch. 611-612
အခန်း (၆၁၁) တိုက်ပွဲ
အေးမီစ်ပေါ်တွင် မန္တာန်အလွှာများစွာ သက်ရောက်သွားပြီးနောက် သူမ၏ ဒေါသများ ငြိမ်ကျသွားသည်။ သူမက နှာမှုတ်လိုက်ပြီး သူမ၏ အက်စ်ပါစွမ်းရည်ကို ပိတ်လိုက်သည်။
ဟီဘာက ဒါကို စိတ်ထဲမထားပေ။ အေးမီစ်ကို သူ ထိပ်တိုက်ရင်ဆိုင်ဖူးတာ ဒါပထမဆုံးအကြိမ် မဟုတ်ပေ။ သူလှည့်ပြီး ဇိုအယ်ကို ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး။ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို မျှော်လင့်နေပါမယ်" ဇိုအယ်က အမူအရာကို နားလည်ပြီး အေးမီစ်အား ဆက်သွယ်ရန် အချက်အလက်များ ပေးကာ ပြုံးပြီး အခန်းထဲက လှည့်ထွက်သွားတော့သည်။
ကိုယ်စားလှယ်၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ပြီး ဟန်ရှောင်း ရုတ်တရက် တွန့်ဆုတ်နေမိသည်။ ဇိုအယ်ပေါ်မှာ အမှတ်အသား တစ်ခု ထားလိုက်ရင် ကောင်းမလား။ အဲဒါက တော်တော်လေး အကျိုးရှိမယ့်ပုံပဲ။
ပါတီပွဲ တရားဝင်မစခင် ဒါက သီးသန့်တွေ့ဆုံပွဲဆိုတာ သူ မမေ့သေးပေ။ နောက်နေ့ ပါတီပွဲစမှသာ ဟီဘာက ဇိုအယ်ကို ဧည့်သည်တွေအားလုံးနဲ့ မိတ်ဆက်ပေးမှာ ဖြစ်သည်။ ထိုအချိန်ကျလျှင် အရာအားလုံး စတင်ပြောင်းလဲလာတော့မည်။
ကြက်သွေးနီအင်ပါယာသည် နယ်မြေကို သူတို့ကိုယ်တိုင် လုယူမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ ထိုသို့လုပ်လိုက်သည်နှင့် အလင်းအဖွဲ့ချုပ်က လှုပ်ရှားလာမည်ဖြစ်ပြီး ပဋိပက္ခက ပိုမိုကြီးမားသော ပြဿနာတစ်ခုအဖြစ် ကြီးထွားလာနိုင်သောကြောင့် ဖြစ်သည်။ ကြီးမားသော ပဋိပက္ခဖြစ်ပွားရန် အဆင့်မရောက်သေးသဖြင့် ကြက်သွေးနီအင်ပါယာသည် ကွဲအက်ကြယ်စင်ကွင်း၏ အဖွဲ့အစည်းများနှင့် မဟာမိတ်ဖွဲ့ရန် ကြိုးပမ်းနေပြီး စကြဝဠာ စစ်တုရင်ခုံတွင် သူတို့ဘက်ပါမည့် စစ်တုရင်ရုပ်များကို ပိုမိုဆွဲဆောင်နေသည်။
လေ့လာသူ၏ အမှတ်အသားကို ပစ်လွှတ်လိုက်ခြင်းဖြင့် ကြက်သွေးနီအင်ပါယာ နောက်ကွယ်တွင် ဘာလုပ်နေသလဲနှင့် ကြက်သွေးနီအင်ပါယာနှင့် အဖွဲ့အစည်းမည်မျှ ပူးပေါင်းထားသည်ကို သူမြင်တွေ့နိုင်မည်ဖြစ်သည်။ ဤသည်မှာ အလွန်တန်ဖိုးရှိသော ထောက်လှမ်းရေးသတင်း ဖြစ်သည်။
သို့သော်လည်း လေ့လာသူ၏ အမှတ်အသားက ခြေရာလက်ရာ လုံးဝနီးပါး မကျန်ခဲ့သော်လည်း၊ အေးမီစ်တောင် သတိမထားမိနိုင်သော်လည်း၊ အဆင့် အေ အထက်ဆင့် နှစ်ဦး ထပ်မံရှိနေသဖြင့် သူသတိထားမိနိုင်ခြေ ရှိသည်။ ထို့အပြင် ကြက်သွေးနီအင်ပါယာမှ လူများတွင် ထိုကဲ့သို့သော အရာများကို တားဆီးရန် အထူးနည်းပညာများ ရှိကောင်းရှိနိုင်သည်။
‘အင်း... ငါကြိုးစားကြည့်မယ်။ သတိထားမိသွားရင်တောင် သိပ်ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ သူက ငါတို့ကို သူ့ဘက်ပါစေချင်တာလေ၊ ငါတို့က ရန်သူတွေမှ မဟုတ်တာ။’
မီးခိုးရောင် အလင်းတန်းလေးတစ်ခု သူ့မျက်လုံးထဲတွင် လက်သွားပြီး လေ့လာသူ၏ အမှတ်အသားကို ဇိုအယ်ပေါ်တွင် ထည့်သွင်းလိုက်သည်။
အေးမီစ်နှင့် ဟီဘာတို့ လုံးဝသတိမထားမိလိုက်ပေ။
ဇိုအယ်လည်း မသိလိုက်ပေ။ သူ အခန်းထဲက ထွက်သွားပြီး တံခါးက သူ့ပုံရိပ်ကို ကွယ်သွားသည်။
ဒီအချိန်မှာ တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေတာ ဟန်ရှောင်း ရုတ်တရက် သတိထားမိလိုက်သည်။ သူလှည့်ကြည့်လိုက်တော့ အော်စတင်က သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။
သူသတိထားမိသွားတာလား။ ဟန်ရှောင်း ရင်ထိတ်သွားသည်။
လူတိုင်းရဲ့ စွမ်းရည်တွေက မတူညီကြပေ။ အေးမီစ်နှင့် ဟီဘာတို့ သတိမထားမိနိုင်သော်လည်း အော်စတင်က မှော်ဆရာတစ်ဦးဖြစ်သောကြောင့် သူသည် စွမ်းအင်အမျိုးအစားအားလုံးကို အာရုံခံစားနိုင်သည်။ ဟင်းလင်းပြင်စွမ်းအင် လှိုင်းဂယက်လေးများမှာ သေးငယ်သော်လည်း သူ့အာရုံခံစားမှုကို မလွတ်နိုင်ခဲ့ပေ။
သို့သော် အော်စတင်က ဘာမှမပြောပေ။ သူက ဟန်ရှောင်းကို ဖော်ရွေသော အပြုံးတစ်ခု ပြုံးပြပြီး တခြားနေရာကို ကြည့်လိုက်သည်။
ဟန်ရှောင်းက သူဘာကိုဆိုလိုတာလဲဆိုတာ နားမလည်ပေ။ ဘာပဲဖြစ်ဖြစ် ဖော်ထုတ်မခံရတာ ကောင်းသည့်အရာပင်။
"တခြားကိစ္စ မရှိတော့ရင် ငါသွားတော့မယ်" အေးမီစ်သည် ဟီဘာကို မြင်ရသည်မှာ စိတ်ပျက်နေပြီး ထိုနေရာတွင် ဆက်မနေချင်တော့ပေ။
"နေဦး" ဒီတစ်ခါတော့ ဟီဘာ စကားပြောလာသည်။
"ဘာရှိသေးလို့လဲ" အေးမီစ်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်း မကြာသေးခင်က မင်းရဲ့တပ်ဖွဲ့တွေကို တိုးချဲ့နေတယ်လို့ ငါကြားတယ်။ ငါတို့ လက်တွဲလို့ရတယ်" ဟီဘာက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"လက်တွဲမယ်ဟုတ်လား" အေးမီစ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ငါတို့မှာ အရမ်းကောင်းတဲ့ ဆက်ဆံရေး ရှိတယ်လို့ မင်းထင်နေတာလား"
"မင်း ဟီဘာဂြိုလ်ပေါ် တိုက်ခိုက်ပြီး ဝင်လာတုန်းက အဓိပ္ပာယ်မရှိတာတွေကို ငါမေ့ထားပေးလို့ရတယ်" ဟီဘာက ပြောလိုက်သည်။
"ဒါဆို ဆက်မှတ်ထားလိုက်ပါ" အေးမီစ်က ငြင်းခုံဖို့ စိတ်မပါတော့ပေ။ သူမ ထိုင်ခုံမှ ထရပ်ကာ လှည့်ထွက်သွားသည်။
ဟန်ရှောင်းက ဟီလာနှင့် အော်ရိုရာတို့ကို ခေါ်ပြီး သူမနောက်သို့ လိုက်သွားသည်။
အော်စတင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ဟားဟားဟား၊ ဟီဘာ၊ သူ မင်းကို ပိုပိုပြီး မုန်းလာပုံရတယ်"
"ကိစ္စမရှိပါဘူး" ဟီဘာက ဂရုမစိုက်ပေ။
"မင်း လက်ထပ်ခွင့် ထပ်တောင်းမယ်လို့ ငါထင်နေတာ"
"ထားလိုက်ပါတော့၊ ဒီတစ်ခါလည်း သူ သဘောတူမှာ မဟုတ်ပါဘူး" ဟီဘာက ခေါင်းယမ်းလိုက်သည်။
"တကယ်ပါပဲ၊ မင်းတို့နှစ်ယောက်စလုံးမှာ အရမ်းခက်ထန်တဲ့ စရိုက်တွေ ရှိတယ်။ မင်း သူ့ကို ရချင်ရင် လျှော့မှဖြစ်မယ်" အော်စတင်က နောက်ပြောင်ပြီး ပြောလိုက်သည်။ သူ့စရိုက်က အလွန်ပေါ့ပါးပြီး သူတို့နှစ်ဦးစလုံးနှင့် ဆက်ဆံရေး ကောင်းမွန်သည်။ ဟီဘာက အေးမီစ်နောက်ကို လိုက်နေတဲ့ သမိုင်းကြောင်းကို သူသိသည်။
"ငါ ဘယ်မိန်းမအတွက်မှ ပြောင်းလဲမှာ မဟုတ်ဘူး" ဟီဘာက လက်ကိုဝှေ့ယမ်းလိုက်သည်။
သူသည် အေးမီစ်နှင့် ပတ်သက်ပြီး သိပ်ဇွဲမရှိပေ။ ကွဲအက်ကြယ်စင်ကွင်းတစ်ခုလုံးတွင် သူ့ကဲ့သို့ အဆင့် အေ အထက်ဆင့်ဖြစ်သော အေးမီစ်တစ်ယောက်သာ သူ့ကို ယှဉ်နိုင်သည်ဟု ဟီဘာ ထင်မြင်ပြီး၊ သူမတစ်ယောက်သာ သူ့လက်တွဲဖော်ဖြစ်ရန် လုံလောက်သော အင်အားရှိသည်။ အချစ် သို့မဟုတ် စိတ်ခံစားမှု အစိတ်အပိုင်း မပါဝင်ပေ။
အကယ်၍ သူသာ အေးမီစ်ကို ရခဲ့လျှင် သူ့အဖွဲ့အစည်းတွင် အဆင့် အေ အထက်ဆင့် နှစ်ယောက် ရှိလာမည်ဖြစ်ပြီး ၎င်းသည် ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။
ဟီဘာသည် လှည့်စားခြင်းကို မနှစ်သက်ဘဲ အချိန်ဖြုန်းရမည်ကို မလိုလားပေ။ သူသည် အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပြီး အေးမီစ်နောက် လိုက်ရသည့် သူ့အစစ်အမှန်ရည်ရွယ်ချက်ကို ပြောဆိုရန် ရှောင်လွှဲခြင်းမရှိပေ။
အော်စတင်သည် ဟီဘာက အေးမီစ်ကို ပထမဆုံးအကြိမ် လက်ထပ်ခွင့်တောင်းခဲ့စဉ်က အေးမီစ် မည်မျှ ဒေါသထွက်ခဲ့သည်ကို မှတ်မိနေသေးသည်။ သူတွေးမိတိုင်း ရယ်ချင်နေသည်။
...
ဟန်ရှောင်းနှင့် အခြားသူများ နန်းတော်တံခါးဝသို့ ရောက်သောအခါ ကာရိုး ဝင်လာသည်နှင့် ကြုံပြီး ဆုံမိကြသည်။
"မင်းတို့ပါလား"
ကာရိုးသည် ဒီတစ်ခါတော့ လှောင်ပြောင်လိုစိတ် မရှိဘဲ ပြီးခဲ့တဲ့အကြိမ်နှင့်မတူ အေးမီစ်ကို စိုက်မကြည့်ခဲ့ပေ။ သူ့အမူအရာသည် ဟန်ရှောင်းနှင့် အခြားသူများကို လမ်းသွားလမ်းလာများကဲ့သို့ သဘောထားကာ တည်ငြိမ်နေသည်။
အေးမီစ်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူမ မပျော်ရွှင်သော်လည်း အာဏာရှင်၏ နယ်မြေတွင် မည်သို့မျှ မလုပ်နိုင်သဖြင့် ကာရိုးကို လျစ်လျူရှုထားလိုက်သည်။
သူတို့ တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်သွားတော့မည့်အချိန်တွင် ဟန်ရှောင်း ရုတ်တရက် ကာရိုး၏ ပခုံးကို ဖိချလိုက်ပြီး သံလက်သည်းကဲ့သို့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
ကာရိုး စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်ပြီး မေးလိုက်သည်။ "မင်း ဘာလုပ်တာလဲ"
"မင်း အရင်က ပြောခဲ့တာကို ငါမှတ်မိတယ်၊ ငါက မင်းရဲ့ အစားထိုးခံရုံပဲဆို" ဟန်ရှောင်းက မျက်လုံးမှေးလိုက်သည်။ "မင်းက ငါ့ရဲ့ စီနီယာလို့ ကိုယ့်ကိုယ်ကို ခေါ်တဲ့အတွက် ငါ့ကို လမ်းညွှန်မှုတချို့ ပေးပါဦး"
ကာရိုး၏ အမူအရာ ပြောင်းလဲသွားသည်။ ယခင် လှောင်ပြောင်ခဲ့သည့် ကိစ္စရပ် ပြီးဆုံးသွားပြီဟု သူထင်ခဲ့သော်လည်း ရက်အနည်းငယ်အကြာတွင် ဟန်ရှောင်း၏ ရုတ်တရက် လုပ်ဆောင်ချက်က သူ့အတွက် မျှော်လင့်မထားသော အရာဖြစ်ခဲ့သည်။
အေးမီစ် ရပ်တန့်သွားပြီး အံ့သြသွားသည်။
"မင်း ဘာကိုဆိုလိုတာလဲ။ မင်း ဒီမှာ တိုက်ချင်လို့လား။ ဒါ ဟီဘာဂြိုလ်နော်" ကာရိုးက ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါ မင်းနဲ့ လက်ရည်စမ်းချင်ရုံပါ။ သစ္စာဖောက်က ဘယ်လောက်သန်မာလဲဆိုတာ ငါသိချင်လို့ပါ" ဟန်ရှောင်းက ရယ်မောလိုက်သည်။ "အာဏာရှင်ရဲ့ လက်အောက်ငယ်သားက စိန်ခေါ်မှုကို လက်မခံရဲဘဲတော့ မနေပါဘူးနော်"
"ငါ သဘောပေါက်ပြီ။ ဒါ အေးမီစ်ရဲ့ အမိန့်မလား" ကာရိုးက သူမှန်ကန်စွာ ခန့်မှန်းမိသည်ဟု ခံစားရသည်။ အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် ရလဒ်ကို အေးမီစ် မကျေနပ်သောကြောင့် သူမက ဘလက်စတားကို သူ့အား စိန်ခေါ်ခိုင်းခြင်း ဖြစ်ရမည်။ အရာရှိချင်း လက်ရည်စမ်းပွဲဆိုရင် ဟီဘာက ဘာမှပြောမှာ မဟုတ်ပေ။
‘ဟီးဟီး၊ သူက သူ့အရာရှိသစ်အပေါ် ဒီလောက်တောင် ယုံကြည်မှုရှိနေတာလား။’
ကာရိုး၏ မျက်နှာ အေးစက်သွားပြီး ပြောလိုက်သည်။ "ကောင်းပြီ၊ မင်းရဲ့စိန်ခေါ်မှုကို ငါလက်ခံတယ်။ မင်း မြန်မြန်ဆန်ဆန် မရှုံးပါစေနဲ့လို့ မျှော်လင့်ပါတယ်"
သွေးစွန်းကုန်းမြေသည် သူ့စင်မြင့်ဖြစ်ပြီး မရေမတွက်နိုင်သော စက်ယန္တရားများကို အသုံးပြုနိုင်သည်။ မကြာသေးမီက ဘလက်စတား၏အမည် ကျော်ကြားနေသော်လည်း သူ နောက်မဆုတ်ပေ။
ကာရိုးသည် အေးမီစ်၏ အရာရှိသစ်အကြောင်း ကြားဖူးသည်။ သူလည်း ဟန်ရှောင်း၏ အင်အားအပြည့်အဝကို တိုင်းတာချင်နေသည်။ အေးမီစ်က သူ့ကို အစားထိုးဖို့ ဘယ်လိုလူမျိုးကို ရှာတွေ့ခဲ့လဲဆိုတာ သူသိချင်သည်။
ထို့အပြင် သူ့ရာထူးက အကဲဆတ်သည်။ သူသည် ယခု အာဏာရှင်ကို ကိုယ်စားပြုနေသည်။ အေးမီစ်က ဘလက်စတားကို သူ့အား စိန်ခေါ်ခိုင်းလိုက်သောကြောင့် သူ နောက်ဆုတ်၍မရပေ။ ဟီဘာက သူ့ကို ကာကွယ်ပေးနိုင်သော်လည်း အာဏာရှင်၏ စရိုက်အရ စိန်ခေါ်မှုကို ကြောက်ရွံ့ပါက သူ့အတွက် ကောင်းမည်မဟုတ်ပေ။
သွေးစွန်းကုန်းမြေသည် သူရဲဘောကြောင်သူများကို အမုန်းဆုံးဖြစ်သည်။ တိုက်ပွဲရူးသွပ်သူ မဟုတ်ပါက အာဏာရှင်လက်အောက်တွင် ရာထူးကြီးတစ်ခု ရရှိရန် အခွင့်အရေးမရှိပေ။
ဟန်ရှောင်းက နှုတ်ခမ်းကို တွန့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။ "ငါတို့နှစ်ယောက်စလုံးက ယန္တရားပညာရှင်တွေဆိုတော့ လက်ရည်စမ်းရုံသက်သက်က မပျော်စရာဘူး။ လောင်းကြေးထပ်ရင် ဘယ်လိုလဲ"
"ဘာနဲ့လဲ"
"စက်ယန္တရား ဒီဇိုင်းပုံစံ ၅စုံကြေး လောင်းကြမယ်ဆို ဘယ်လိုလဲ။ ရှုံးတဲ့လူက နိုင်တဲ့လူ တောင်းတဲ့ ဒီဇိုင်းပုံစံကို ပေးရမယ်" ဟန်ရှောင်းက ယုတ်မာစွာ ပြုံးလိုက်သည်။
ဒီဇိုင်းပုံစံတွေ လောင်းကြေးထပ်မယ်... ကာရိုးက ပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်လိုက်သည်။ ဒီဇိုင်းပုံစံများသည် ယန္တရားပညာရှင်တစ်ဦး၏ အသက်သွေးကြောဖြစ်သော်လည်း ယန္တရားပညာရှင်များ ဒီဇိုင်းပုံစံ လောင်းကြေးထပ်ခြင်းမှာ အဆန်းမဟုတ်ပေ။
"ကောင်းပြီ" ကာရိုးက ခေါင်းညိတ်လိုက်သည်။
ဟန်ရှောင်း၏ မျက်လုံးများ အရောင်လက်သွားသည်။
သူ့ကို ကာရိုးအား ရုတ်တရက် စိန်ခေါ်စေခဲ့သည့် အကြောင်းရင်းများစွာ ရှိသည်။
အေးမီစ်က မတိုက်ခိုက်နိုင်သော်လည်း သူလုပ်နိုင်သည်။ အတိုင်းအတာတစ်ခုအထိ မြင့်မားသော ပုံရိပ်ကို ထိန်းသိမ်းထားပြီး သူ့စွမ်းရည်များကို ပြသခြင်းသည် ဤစက်ဝိုင်းအတွင်း သူ့အနေအထားကို တိုးတက်စေရန် အကျိုးရှိသည်။ ထို့အပြင် အေးမီစ်၏ ဒေါသအချို့ကို ဖြေလျှော့ပေးနိုင်သည်။
အကယ်၍ အာဏာရှင်က အရာရှိများအကြား လက်ရည်စမ်းပွဲကို ဝင်ရောက်စွက်ဖက်ပါက လုံးဝ ရှက်စရာကောင်းလိမ့်မည်။
ဒုတိယအချက်မှာ သူသည် လွန်ခဲ့သည့်ရက်အနည်းငယ်က ကာရိုးကို ချောင်းကြည့်နေခဲ့ပြီး သူ့အင်အားကို အကြမ်းဖျင်း သိထားသည်။ ရန်သူကို သိခြင်းက တိုက်ပွဲတွင် သူ့ကို အသာစီးရစေသည်။ ထို့အပြင် ကာရိုးတွင် အတော်လေးကောင်းမွန်သော စက်ယန္တရားအချို့ ရှိနေသည်ကို သူသတိပြုမိသဖြင့် စက်ယန္တရား ဒီဇိုင်းပုံစံအချို့ကို အနိုင်ယူရန် လောင်းကြေးတစ်ခု ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
အကျိုးအမြတ်မရှိဘဲ သူဘယ်တော့မှ တိုက်ပွဲဝင်မည် မဟုတ်ပေ။
တတိယနှင့် အရေးကြီးဆုံး အကြောင်းရင်းမှာ အဖွဲ့အစည်း မစ်ရှင်အသစ်တစ်ခု သူ့အင်တာဖေ့စ်ပေါ်တွင် ပေါ်လာသောကြောင့်ဖြစ်သည်။
[အေးမီစ်၏ ဒေါသ]
မစ်ရှင် မိတ်ဆက် - သစ္စာဖောက်၏ ရန်စမှုနှင့် အာဏာရှင်၏ မလေးမစားပြုမူမှုတို့က အေးမီစ်ကို ဒေါသထွက်စေခဲ့သည်။ မျောလွင့်နဂါး အဖွဲ့ဝင်တစ်ဦးအနေဖြင့် သင် ဘာလုပ်ရမည်ကို သိသည်။
မစ်ရှင် လိုအပ်ချက်များ - ကာရိုးကို လူသိရှင်ကြား အနိုင်ယူပါ။
ဆုလာဘ် - အတွေ့အကြုံအမှတ် ၁၅,၀၀၀,၀၀၀။ မျောလွင့်နဂါး အဖွဲ့အစည်း အလေးပေးမှု +၂၅၀၀၊ အေးမီစ် အလေးပေးမှု +၃၀၊ ဟီဘာ အလေးပေးမှု +၂၊ နာမည်ကျော်ကြားမှု +၁၅။
ကျရှုံးမှု ပြစ်ဒဏ် - အေးမီစ် အလေးပေးမှု -၂၀၊ ဟီဘာ အလေးပေးမှု -၅။
မှတ်ချက် - မတူညီသော မစ်ရှင်ရလဒ်များသည် မတူညီသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေလိမ့်မည်။
စာစဉ် (၃၉)၊ အခန်း (၆၁၁) ပြီး၏။
လင်းဆက်
+++++
အခန်း (၆၁၂) အရင်းအမြစ် တိုက်ပွဲ
“ဒီနေရာဆို ရပြီ။” ကာရိုးက အခြားသူများကို သွေးစွန်းကုန်းမြေ၏ လေဟာပြင် တိုက်ခိုက်ရေး လေ့ကျင့်ရေးကွင်း အမှတ် ၃၀ သို့ ခေါ်ဆောင်သွားပြီး ဘလက်စတား၏ မျက်နှာချင်းဆိုင်တွင် ရပ်လိုက်သည်။ ထို့နောက် သူသည် ဘလက်စတားကို အစက်ကလေးတစ်စက်အဖြစ် မြင်ရသည်အထိ အဝေးသို့ ရွှေ့သွားလိုက်သည်။
ဘလက်စတားက ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ ဤလေ့ကျင့်ရေးကွင်းသည် ကျယ်လွန်းပြီး အတားအဆီး မရှိပေ။ ၎င်း၏အနားသတ်တစ်လျှောက်တွင် အပြာရောင် အပူချိန်မြင့် လျှပ်စစ်သံလိုက်ဝါယာကြိုးများနှင့် ချိတ်ဆက်ထားသော မြင့်မားသည့် ယန္တရားတာဝါတိုင်များ ရှိသည်။ ၎င်းသည် အနာဂတ်ဆန်သော ဘေ့စ်ဘောကွင်းကြီးတစ်ခုနှင့် တူသော်လည်း အဆပေါင်းများစွာ ပိုကြီးမားသည်။
ကြမ်းပြင်ကို မီးခိုးရောင် သတ္တုပြားများဖြင့် ပြုလုပ်ထားသည်။ ပေါက်ကွဲမှုများနှင့် ဓားခုတ်ရာများကြောင့် ဖြစ်ပေါ်လာသည့် မီးလောင်ရာများကို နေရာအနှံ့အပြားတွင် တွေ့မြင်ရပြီး တွင်းချိုင့်အချို့လည်း ရှိနေသည်။ ဤလေ့ကျင့်ရေးကွင်းကို မကြာခဏ အသုံးပြုလေ့ရှိကြောင်း ထင်ရှားသည်။
“ငါ့နယ်မြေမှာ ငါ့စည်းကမ်းတွေကို လိုက်နာရမယ်။” ကာရိုး၏အသံက အဝေးမှ ထွက်ပေါ်လာသည်။ “ပထမအချက်၊ တိုက်ပွဲဧရိယာကို ဒီလေ့ကျင့်ရေးကွင်းမှာပဲ ကန့်သတ်ထားတယ်။ အကယ်၍ မင်းက ဒီအပြင်ဘက်မှာ ဖျက်ဆီးမှုတွေ လုပ်ခဲ့ရင် အကျိုးဆက်ကို မင်းပဲ ခံစားရလိမ့်မယ်။ ဒုတိယအချက်၊ ပြိုင်ဘက်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခွင့် မရှိဘူး။ ဒါကြောင့် စိတ်မပူနဲ့၊ မင်းအသက်အန္တရာယ် မရှိစေရဘူး။”
ကာရိုး ပြောနေစဉ်မှာပင် လေ့ကျင့်ရေးကွင်းကို အသက်သွင်းလိုက်သည်။ ကြမ်းပြင် တုန်ခါသွားသည်။ သတ္တုကြမ်းပြင်မှ တွင်းများ ပေါ်လာပြီး ယန္တရားစစ်သားများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကာ ကာရိုးကို ဝန်းရံလိုက်သည်။
ဝီ
လေ့ကျင့်ရေးကွင်း၏ အနားသတ်ရှိ ယန္တရားတာဝါတိုင်များ တုန်ခါသွားသည်။ အလင်းတန်းတစ်ခုသည် ၎င်းတို့၏ထိပ်မှ ပစ်ထွက်လာပြီး အပေါ်ဘက်တွင် စုစည်းကာ ၃မိနစ် အချိန်မှတ်နာရီ၏ ပုံရိပ်ယောင် တစ်ခုကို ဖန်တီးလိုက်သည်။
ကာရိုးက ပြုံးစစလုပ်လိုက်ပြီး “ငါမင်းကို အနိုင်ကျင့်တယ်လို့ မပြောနဲ့။ မစခင်မှာ မင်းပြင်ဆင်ဖို့ ၃မိနစ် အချိန်ရှိတယ်။ ၃မိနစ်ပြည့်ပြီးတာနဲ့ ဒီနေရာကို အကာအကွယ်ဒိုင်းတစ်ခုနဲ့ ဖုံးအုပ်လိုက်တော့မှာ။”
ဘလက်စတားက ဧည့်သည်ဖြစ်သည်။ သူက တိုက်ခိုက်ရေးစက်ရုပ် အများအပြားကို ယူဆောင်လာမည် မဟုတ်ဘဲ၊ အများစုကို သူ့ယာဉ်ပျံပေါ်တွင် သိမ်းဆည်းထားမည်ဖြစ်သည်။ စက်ရုပ်များ ရယူရန် သူ့အား ၃မိနစ် အချိန်ပေးပြီးနောက် ဒိုင်းကာက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့်အခါ ဘလက်စတားသည် ပြင်ပအကူအညီ ရယူနိုင်တော့မည် မဟုတ်ဘဲ၊ ကွင်းအတွင်းရှိ စက်ရုပ်များနှင့်သာ တိုက်ခိုက်နိုင်တော့မည်ဖြစ်သည်။
ကာရိုးအတွက်မူ သူ့တွင် စစ်တပ်များ အဆက်မပြတ် ရရှိနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်ရေး လေ့ကျင့်ရေးကွင်း အမှတ် ၃၀ သည် လူများကို လေ့ကျင့်နိုင်စေရန် အောက်ဘက်မှနေ၍ စက်ရုပ်များကို ထုတ်လွှတ်ပေးသော အဆောက်အအုံတစ်ခု ဖြစ်သောကြောင့်ပင်။ ယန္တရားစစ်သားများကို သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် လမ်းကြောင်းများစွာသည် ကြမ်းပြင်ပေါ်ရှိ သတ္တုပြားများအောက်တွင် ဖုံးကွယ်ထားပြီး မြေအောက်ရှိ ထောက်ပံ့ပို့ဆောင်ရေး ဂိုဒေါင်နှင့် ချိတ်ဆက်ထားသည်။ ဆိုလိုသည်မှာ အကာအကွယ်ဒိုင်း ရှိနေသည့်တိုင် ကာရိုးသည် အရန်အင်အားကို အဆက်မပြတ် ရယူနိုင်မည်ဖြစ်သည်။
ယန္တရားပညာရှင် နှစ်ယောက်ကြားက တိုက်ပွဲသည် အရင်းအမြစ် တိုက်ပွဲတစ်ခု ဖြစ်လာနိုင်ခြေ အများဆုံးဖြစ်ကြောင်း ကာရိုးသိထားသည်။ ဘလက်စတားတွင် အရင်းအမြစ် အကန့်အသတ်သာ ရှိသော်လည်း သူ့တွင် အကန့်အသတ်မရှိ ရှိနေသဖြင့် သူသည် ရှုံးနိမ့်နိုင်ခြေ မရှိပေ။
အကာအကွယ်ဒိုင်းက ကြည်လင်နေသည်။ ဒါက ဘလက်စတားကို လူသိရှင်ကြား အရှက်ခွဲဖို့ သူ့အတွက် အကောင်းဆုံး အခွင့်အရေးပင်။
တိုက်ပွဲ၏ အဆုံးသတ်ကို သူကြိုမြင်နေရသည်၊ ဘလက်စတား ၏ စက်ရုပ်များ ကုန်သွားမည်၊ အပျက်အစီးများ နေရာအနှံ့ ရှိနေမည်၊ ဘလက်စတား ကိုယ်တိုင်လည်း သူ့စစ်တပ်၏ ဝိုင်းရံခြင်းကို ခံရမည်ဖြစ်ပြီး၊ သူက မြင့်မားသောနေရာမှနေ၍ ဘလက်စတားကို ပေါ့ပေါ့ပါးပါး ငုံ့ကြည့်ကာ အရှုံးပေးကြောင်း ဝန်ခံခိုင်းမည်ဖြစ်သည်။
အေးမီစ်က သူမ၏ လက်အောက်ငယ်သားကို ဒေါသဖြေခိုင်းစေလိုသဖြင့် သူမ၏ လက်အောက်ငယ်သားကို ရှုံးနိမ့်စေခြင်းက သူမကို ပို၍ အရှက်ရစေမည်ဖြစ်သည်။
ထို့ပြင် သူသည် သူ၏ ပင်မအိမ်ကွင်း အားသာချက်ကိုလည်း ဖုံးကွယ်မထားပေ။ အကယ်၍ ဘလက်စတားက ဒါကိုကြောက်ရွံ့ပြီး စိန်ခေါ်မှုကို ပယ်ဖျက်လိုက်လျှင်၊ သူ့ရှုံးနိမ့်မှုဖြင့် အဆုံးသတ်မည်ကို သိနေသည့်အတွက် အေးမီစ်လည်း မျက်နှာပျက်ရမည်ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ အကျိုးရှိမှာပင်။
ကာရိုးက ယုံကြည်မှုရှိစွာဖြင့် ပြုံးလိုက်သည်။
အခြားတစ်ဖက်တွင်မူ ကာရိုး၏ ပင်မအိမ်ကွင်း အားသာချက်ကြောင့် ဟန်ရှောင်း လုံးဝ အံ့သြမသွားပေ။ သူက ရစ်ဒါကို ဆက်သွယ်ပြီး သူ့စစ်တပ်သေတ္တာကို လေကြောင်းမှ ချပေးရန်အတွက် မဟူရာအလင်း လျှို့ဝှက်ယာဉ်ကို ယူဆောင်လာခိုင်းလိုက်သည်။
အေးမီစ်က သူ့ဘေးတွင် ရပ်နေဆဲဖြစ်သည်။ "ဘလက်စတား၊ မင်း ယုံကြည်မှု ရှိရဲ့လား။"
"နည်းနည်းပါ၊" ဟန်ရှောင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ဒါဆိုရင် ငါမင်းကို ယုံလိုက်မယ်။"
အေးမီစ် ၏လေသံက လေပြေညင်းလေးလို နူးညံ့နေသည်။ ဟန်ရှောင်းက ကာရိုးကို တိုက်ပွဲခေါ်လိုက်ခြင်းက သူမကို အံ့အားသင့်စေသော်လည်း ဟန်ရှောင်းက သူမအတွက် လုပ်ပေးနေကြောင်း ထင်ရှားသည်။ အကြောင်းပြချက်အချို့ကြောင့် သူမ ပျော်ရွှင်နေသည်။
သူမသည် ဟန်ရှောင်းအပေါ် အမြဲတမ်း ယုံကြည်မှုများစွာ ထားရှိခဲ့ပြီး ဤအရာကလည်း ခြွင်းချက်မဟုတ်ပေ။ သူမက ဟန်ရှောင်း၏ပခုံးကို ပုတ်လိုက်ပြီး ဟီလာနှင့် အော်ရိုရာတို့ကို ထိုနေရာမှ ခေါ်ထုတ်သွားလိုက်သည်။ သူတို့သည် လေ့ကျင့်ရေးကွင်းဘေးရှိ မြင့်မားသော အဆောက်အဦးပေါ်သို့ တက်သွားပြီး အပေါ်မှနေ၍ တိုက်ပွဲကို စောင့်ကြည့်နေကြသည်။
လေ့ကျင့်ရေးကွင်း တစ်ဝိုက်တွင် တိုက်ပွဲကို ကြည့်ရှုရန် အဆောက်အဦးများပေါ်သို့ တက်လာသူများ မိနစ်တိုင်း ရှိနေသည်။ ရာနှင့်ချီသော လူများရှိပြီး အားလုံးမှာ သွေးစွန်းကုန်းမြေ အရာရှိများ သို့မဟုတ် လက်ရွေးစင် စစ်သားများ ဖြစ်ကြသည်။ မယ်လီကစ်နှင့် အခြားသော ရှေ့ပြေးအရာရှိ အနည်းငယ်လည်း သူတို့ကြားတွင် ပါဝင်သည်။ သူတို့သည် အုပ်စုငယ်များဖွဲ့ပြီး စကားစမြည် ပြောနေကြသည်။
ကာရိုးနှင့် ဘလက်စတားတို့ကြား တိုက်ပွဲကို လျှို့ဝှက်ထားခြင်းမရှိပေ။ သတင်းစကားက အရာရှိများထံ အလွန်လျင်မြန်စွာ ရောက်ရှိသွားသည်။ သူတို့အားလုံး တိုက်ပွဲကို ကြည့်ရှုရန် အခင်းဖြစ်ပွားရာနေရာသို့ ရောက်လာကြသည်။
"ဘလက်စတားက ငါတို့နယ်မြေထဲမှာ ငါတို့အရာရှိကို စိန်ခေါ်ရဲလောက်အောင် တော်တော် သတ္တိရှိတာပဲ၊" ကွင်းထဲရှိ လူနှစ်ဦးကို ကြည့်ရင်း ရှေ့ပြေးအရာရှိ တစ်ဦးက ပြောလိုက်သည်။
"ကာရိုးက မျောလွင့်နဂါးကျွန်းရဲ့ သစ္စာဖောက်မို့လို့ သူ့ကို စိန်ခေါ်တာလား။"
"ဖြစ်နိုင်တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အေးမီစ်ကို အာဏာရှင်က အတင်းအကျပ် တားဆီးခဲ့တယ်။ သူမက မကျေမနပ် ဖြစ်နေလောက်တယ်၊ ဒါကြောင့် သူမအတွက် ဘလက်စတားကို တိုက်ခိုင်းတာနေမှာ။ ဟဲဟဲ၊ ရှုံးသွားရင်တော့ ရှက်စရာကြီးပဲ။" တစ်စုံတစ်ယောက်က အဝေးမှ ကြည့်နေသော အေးမီစ်ကို ကြည့်ပြီး ခန့်မှန်းလိုက်သည်။ "အေးမီစ် ရဲ့ လက်အောက်ငယ်သား အန္တရာယ်ကြုံလာရင် သူမက တိုက်ပွဲကို ရပ်တန့်လိုက်မလားမသိဘူး။"
"ကာရိုးရဲ့ အင်အားက၊ ကျစ်..." မယ်လီကစ်က ခေါင်းအနည်းငယ် ခါလိုက်သည်။
ကာရိုးအပေါ် ရှေ့ပြေးအရာရှိများ၏ အမြင်မှာ အလွန်ရှုပ်ထွေးသည်။ တစ်ဖက်တွင် သူက သစ္စာဖောက်တစ်ဦးဖြစ်သည်။ အာဏာရှင်က သူ့ကို အသုံးပြုရန် ယုံကြည်မှုရှိသော်လည်း သစ္စာဖောက်တစ်ဦး ဖြစ်နေခြင်းက အခြားသူများကို သူ့အနား မကပ်ချင်အောင် ဖြစ်စေသည်။
အခြားတစ်ဖက်တွင်မူ ကာရိုးသည် ထောက်ပံ့ပို့ဆောင်ရေးကို တာဝန်ယူထားပြီး တိုက်ခိုက်ရန် အခွင့်အရေး လုံးဝမရှိသလောက်ပင်။ သွေးစွန်းကုန်းမြေ၏ အမှတ်တံဆိပ်များဖြစ်ပြီး အားလုံးက လူသိများကြသော ရှေ့ပြေးအရာရှိများ နှင့် မတူဘဲ၊ မယ်လီကစ်နှင့် အခြားသူများသည် ကာရိုး၏ အင်အားကို ရှင်းရှင်းလင်းလင်း မသိကြပေ။ သူတို့သိသမျှမှာ သူလည်း အဆင့် အေ တစ်ယောက် ဖြစ်သည်ဆိုရုံသာ။
"သူက ဘာပဲဖြစ်ဖြစ် နေရာအားသာချက် ရထားတာဆိုတော့၊ အခြေခံအားဖြင့်တော့ သူရှုံးမှာမဟုတ်ဘူး။"
...
နန်းတော်ထဲတွင် ဟီဘာသည် အော်စတင်နှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေဆဲဖြစ်သည်။
ထိုအချိန် အော်စတင်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။ "အာဏာရှင်၊ ခင်ဗျားရဲ့ နယ်မြေမှာ ပြဿနာတစ်ခု ဖြစ်နေပုံရတယ်။"
ဟီဘာ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဆက်သွယ်ရေးကိရိယာကို ထုတ်ကာ ခလုတ်အနည်းငယ် နှိပ်လိုက်ပြီး သူ့လက်အောက်ငယ်သားများထံမှ အစီရင်ခံစာကို ရယူလိုက်သည်။
"ဘလက်စတားက ကာရိုးကို စိန်ခေါ်လိုက်တာလား"
အော်စတင်က မန္တာန်တစ်ခု ရွတ်ဆိုလိုက်ရာ လေဟာပြင် ဂယက်ထသွားသည်။ မှန်ကြီးတစ်ချပ် ပေါ်လာပြီး လေ့ကျင့်ရေးကွင်း၏ မြင်ကွင်းကို ပြသနေသည်။
"သူတို့က တိုက်ခိုက်တော့မယ့်ပုံပဲ။ ခင်ဗျား သူတို့ကို မတားတော့ဘူးလား၊" ဟု အော်စတင်က မေးလိုက်သည်။
ဟီဘာက မှန်ကိုကြည့်ပြီး ခဏမျှ စဉ်းစားကာ ခေါင်းခါလိုက်သည်။ "အေးမီစ် မပါဝင်သရွေ့၊ သာမန်တိုက်ပွဲလေးတစ်ခုကို တားဆီးဖို့ ငါ့မှာ အကြောင်းပြချက် မရှိပါဘူး။"
"ခင်ဗျားလူ ရှုံးသွားရင်ရော။"
"ငါ့သွေးစွန်းကုန်းမြေက ဘယ်တော့မှ အရှုံးမပေးတတ်တဲ့အထဲမှာ မပါဘူး။" ဟီဘာက မှန်ကို ညွှန်ပြလိုက်သည်။ "ဆက်ကြည့်လိုက်။"
...
တစ်ချိန်တည်းမှာပင် ပါတီပွဲဧည့်သည် သုံးဦးသည် သွေးစွန်းကုန်းမြေ စစ်သားတစ်ဦးနောက်သို့ လိုက်ပါကာ ထိုနေရာကို လှည့်လည်ကြည့်ရှုနေကြသည်။
ခရမ်းရောင် သလင်းကျောက် လူမှုအဖွဲ့အစည်း၏ ကိုယ်စားလှယ် ရပ်ဖ်သည် ကလင့် အဆင့်မြင့်အရာရှိတစ်ဦးနှင့် ယှဉ်တွဲလျှောက်လှမ်းရင်း စကားကောင်းနေကြသည်။ ခရမ်းရောင် သလင်းကျောက်နှင့် ကလင့်တို့၏ ဆက်ဆံရေးသည် အမြဲတမ်း ကောင်းမွန်ခဲ့သည်။
သူတို့နောက်တွင် ငွေကြေးအဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင် လိုက်ပါလာသည်။ သူ့နာမည်က ရိုဆိုဇီဖြစ်သည်။ သူ့စီးပွားရေးက ကြီးမားပြီး ကြယ်စုတန်း နှစ်ခုစလုံးတွင် ရင်းနှီးမြှုပ်နှံထားသည်။ သူ့ကို ရပ်ဖ်နှင့် ကလင့် အဆင့်မြင့်အရာရှိတို့၏ မိတ်ဆွေအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်သည်။
သူတို့သုံးဦး စီးပွားရေးကိစ္စများကို ဆွေးနွေးနေစဉ် ရုတ်တရက် လူတစ်စုက သူတို့အပေါ်မှ ပျံသန်းသွားကြသဖြင့် သူတို့အာရုံကို ဖမ်းစားသွားသည်။
"အဲဒီလူတွေ ဘယ်သွားနေကြတာလဲ၊" ရပ်ဖ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
စစ်သားက ခေါင်းခါပြီး ပြောလိုက်သည်။ "ကျွန်တော် မသိဘူး။ သူတို့က တိုက်ခိုက်ရေး လေ့ကျင့်ရေးကွင်း အမှတ် ၃၀ ဘက်ကို ဦးတည်သွားနေပုံပဲ။"
သူပြောလို့ပြီးသွားသည်နှင့် နောက်ထပ် လူတစ်စုက သူတို့အပေါ်မှ ဖြတ်ကျော်သွားပြီး အမည်းရောင် အာကာသယာဉ်တစ်စင်း လျင်မြန်စွာ ပျံသန်းသွားသည်။
သူတို့သုံးဦးစလုံးက ဗဟုသုတကြွယ်ဝသူများ ဖြစ်ကြသည်။ ထိုအာကာသယာဉ်သည် အလင်းအဖွဲ့ချုပ်၏ ကိုယ်ပျောက်အဆင့် အာကာသယာဉ် ဖြစ်ကြောင်း သူတို့ မှတ်မိလိုက်သည်။ ဧည့်သည်အားလုံးထဲတွင် မဟူရာအလင်း လျှို့ဝှက်ယာဉ် ပိုင်ဆိုင်ထားသူမှာ တစ်ယောက်တည်းသာ ရှိပုံရသည်။
မျောလွင့်နဂါးကျွန်း၏ ဘလက်စတား
ကလင့် အဆင့်မြင့်အရာရှိသည် ချက်ချင်း စိတ်ဝင်စားသွားသည်။ "တစ်ခုခု ဖြစ်နေတဲ့ပုံပဲ။ သွားကြည့်ရအောင်။"
ရပ်ဖ်က ပခုံးတွန့်လိုက်ပြီး ဂရုမစိုက်သလို၊ ရိုဆိုဇီလည်း ဂရုမစိုက်ပေ။
...
ရေတွက်မှုက တစ်မိနစ်ခွဲခန့် ကျန်နေချိန်တွင် မဟူရာအလင်း လျှို့ဝှက်ယာဉ်သည် ကွင်းအထက်သို့ ရောက်ရှိလာသည်။ စစ်တပ်သေတ္တာ ၆လုံးသည် မီးတောက်အမြီးတန်းရှည်ကြီးဖြင့် ဥက္ကာပျံများကဲ့သို့ အပေါ်မှ ဆင်းသက်လာသည်။
ဟန်ရှောင်းက ကောင်းကင်သို့ လက်မြှောက်လိုက်ရာ သစ်ပင်ပုံသဏ္ဍာန် လျှပ်စီးတန်းတစ်ခုသည် မြေပြင်မှ ကောင်းကင်ယံသို့ ပစ်ထွက်သွားပြီး စစ်တပ်သေတ္တာ ၆လုံးကို ထိမှန်သွားသည်။ ၎င်းတို့သည် လေထဲတွင် ပွင့်သွားပြီး ဖိသိပ်ထားသော ဘောလုံးများသည် မိုးရွာသကဲ့သို့ ကြမ်းပြင်ပေါ်သို့ ကျလာသည်။
ကလန်
၎င်းတို့ မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် ဖိသိပ်ထားသော ဘောလုံးများ ပွင့်ထွက်သွားပြီး ယန္တရားစစ်တပ် ၆ခုအဖြစ် ပြောင်းလဲသွားသည်။
ယန္တရားသားရဲ အစောင့်တပ်ဖွဲ့၊ တိုက်ခိုက်ရေးအမြောက်တပ်မဟာ၊ G-1 သံမဏိစစ်တပ်၊ G-2 အကြီးစားချပ်ဝတ်စီးနင်းသူများ နှင့် အသေးစား ကျူပ်တပ်ဖွဲ့များ သည် ကွင်းကို နေရာယူလိုက်ပြီး ဟန်ရှောင်းကို ဝန်းရံလိုက်ကြသည်။ ဟန်ရှောင်းသည် စက်ယန္တရား ပင်လယ်ကြီးထဲတွင် ရောက်ရှိနေသည်။
လက်ရွေးစင် သစ္စာစောင့်သိသူ ၁၂ ဦးက ဟန်ရှောင်းကို ကာကွယ်ထားသည်။ သူတို့၏ ပြင်ပချပ်ဝတ်တန်ဆာများသည် ရွေ့လျားနေသော အကြေးခွံများကဲ့သို့ ခေါင်းမှခြေဖျားအထိ လှုပ်ခတ်သွားပြီး ကိုယ်တိုင်စစ်ဆေးမှု ပြုလုပ်နေသည်။
အမြောက်အမျိုးအစား ပေါင်းစုံသည် သူ့နောက်တွင် ဆင်းသက်လာသည် သို့မဟုတ် လေထဲတွင် ပျံဝဲနေသည်။ ပုံမှန် လျှပ်စစ်သံလိုက်အမြောက်များနှင့် လေဆာအမြောက်များအပြင် အသစ်ဖြစ်သော ချော်ရည်အမြောက်များနှင့် အပူလှိုင်းအမြောက်များလည်း ပါရှိသည်။
တပ်ဖွဲ့အရေအတွက်က နည်းနည်းတော့ များနေတယ်။
ကာရိုး အံ့သြသွားသည်။
သို့သော်လည်း သူက လုံးဝ ယုံကြည်မှု ရှိနေဆဲပင်။
ဘလက်စတား၏ ယန္တရားစစ်တပ်သည် လေ့ကျင့်ရေးကွင်း၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ နေရာယူထားသော်လည်း၊ သူ့ ယန္တရားစစ်တပ်မှာ အရေအတွက် ပိုမိုများပြားပြီး နေရာတစ်ဝက်နီးပါးကို နေရာယူထားသည်။
ထို့ပြင် အရေအတွက်က တိုးနေဆဲဖြစ်သည်။
လေ့ကျင့်ရေးကွင်း၏ အနားသတ်တွင် စက်ယန္တရား သယ်ယူပို့ဆောင်ရေး ဂိတ်များ တစ်ဝိုက်ရှိသည်။ ပုံမှန် ယန္တရားစစ်သားများ တစ်ယောက်ပြီးတစ်ယောက် တွားသွားထွက်လာပြီး ဘလက်စတား၏ စစ်တပ်ကို ဝန်းရံလိုက်သည်။
အဆုံးမရှိသော အရန်အင်အား၊ ဒါက ကာရိုး၏ ယုံကြည်မှု ရင်းမြစ်ပင်။
‘စက်တွေ အများကြီးပဲ။ ဘလက်စတားက အချိန်နဲ့ ငွေ အများကြီး သုံးထားတာ သေချာတယ်။’
မကောင်းသော ရည်ရွယ်ချက်များ ကာရိုး၏ မျက်လုံးများထဲတွင် ဖြတ်သန်းသွားသည်။
‘ငါသာ သူ့စက်တွေအားလုံးကို ဖျက်ဆီးလိုက်ရင် ဘလက်စတား ရဲ့ အင်အားက အများကြီး လျော့ကျသွားလိမ့်မယ်။ သူ့သိုလှောင်ထားတာတွေ အကုန်ကုန်သွားလိမ့်မယ်။’
ပုံစံချထားမှု ပြီးမြောက်သွားပြီ။ ခဏကြာရင် အကာအကွယ်ဒိုင်း ရှိလာတော့မည်ဖြစ်၍ ဟန်ရှောင်းက ဘုရားသခင်၏မျက်လုံးကို မသုံးတော့ပေ။ သူက စက်များကို စစ်ဆေးလိုက်သည်။ အချိန်မှတ်နာရီပေါ်တွင် ၁၀စက္ကန့်ခန့် ကျန်နေသေးသည်။
ဘုန်း
အနားသတ်ရှိ ယန္တရားတာဝါတိုင်များ အသက်ဝင်လာသည်။ အပြာရောင်ဖျော့ဖျော့ ဒိုင်းတစ်ခု ဖြည်းညှင်းစွာ မြင့်တက်လာပြီး ကွင်းကို ဖုံးလွှမ်းသွားသည်။ ကြည့်ရှုသူအားလုံးကို အပြင်ဘက်တွင် ပိတ်ထားလိုက်သည်။
မျက်နှာကြက်သည် မီတာရာနှင့်ချီ မြင့်မားသည်။ ဒိုင်းကာ လုံးဝ ပိတ်သွားသည့်အခါ ရေတွက်မှု ပြီးဆုံးသွားမည်ဖြစ်သည်။
ကာရိုး ထိန်းချုပ်ထားသော စက်များ၏ ပုံစံ၊ နည်းပညာနှင့် မော်ဒယ်များသည် ဟန်ရှောင်းနှင့် သိသိသာသာ ကွာခြားနေသည်။ ၎င်းတို့အများစုမှာ ပုံမှန် တစ်ခါသုံး စက်များသာ ဖြစ်သည်။
ဝီ
သူတို့နှစ်ဦးစလုံးသည် တပြိုင်နက်တည်း ယန္တရားစွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။ မိုးကြိုးနှင့် လျှပ်စီးများ ဟိန်းထွက်လာသည်။ ကပ်ဘေးအဆင့် ယန္တရားပညာရှင်များတွင် [ယန္တရားစွမ်းအား နယ်ပယ်] စွမ်းရည်ရှိပြီး၊ ၎င်းက ယန္တရားစွမ်းအား မြှင့်တင်မှုများကို ဧရိယာတစ်ခုလုံး လွှမ်းခြုံစေနိုင်သည်။ နေရာတစ်ခုလုံး ဖုံးလွှမ်းသွားသည်။
‘ဒီလောက်ကြာမှပဲ၊ ငါနဲ့အဆင့်တူ ယန္တရားပညာရှင် တစ်ယောက်နဲ့ နောက်ဆုံးတော့ တွေ့ပြီပေါ့။’ ဟန်ရှောင်း မျက်လုံးမှေးလိုက်သည်။ ဒါက သူ့အဆင့်တူ ယန္တရားပညာရှင် တစ်ယောက်နှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းဖြစ်သည်။
ဘာစာကာ လူဝံက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ပြီး၊ ပုံရိပ်ယောင်ကျူးကျော်မှု ပုံရိပ်ကို ဖော်ပြနေသည့် မျက်နှာပြင် တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။
ကာရိုးက ပုံရိပ်ယောင် ယန္တရားပညာရှင် မဟုတ်ပေ။ သူက ဝတ်စုံပြည့် ယန္တရားချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သံချပ်ကာ အစိတ်အပိုင်းများသည် သူ့ချပ်ဝတ်မှ ထွက်ပေါ်လာပြီး မီတာ ၃၀ ကျော် မြင့်မားသော အကြီးစား ခံတပ်ကြီးတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားကာ ကာရိုးကို ထောင့်ပေါင်းစုံမှ ကာကွယ်ထားလိုက်သည်။ ထူထဲလေးလံသော သံချပ်ကာတွင် အထင်ကြီးလောက်စရာ ခံစစ်စွမ်းရည်များ ရှိကြောင်း ထင်ရှားသည်။
ခံတပ်ကြားရှိ ကွက်လပ်မှနေ၍ ကြီးမားသော စွမ်းအားပြင်း အမြောက်များစွာ ထွက်ပေါ်လာသည်။
ကာရိုးက အကြီးစား စက်ယန္တရားပုံစံကို အသုံးပြုထားသည်။ အရွယ်အစားကြီးမားခြင်း၊ လေးလံထူထဲသော သံချပ်ကာ၊ ပြင်းထန်သော ပစ်ခတ်အား... ဒါတွေက ထင်ရှားသော အထူးပြုချက်များပင်။ ဒါက လေးလံသော ခံစစ်သယ်ဆောင်သူဖြစ်သည်။ ကာရိုးက အရင်းအမြစ် တိုက်ပွဲတွင် သူ့အားသာချက်ကို အသုံးပြုချင်သောကြောင့် သူ့ကိုယ်သူ မာကျောထူထဲသော လိပ်ခွံတစ်ခု ပေးလိုက်ခြင်းဖြစ်သည်။
သူက ဟန်ရှောင်း မဟုတ်ပေ။ သူ့မှာ မာကျောသည့် ခန္ဓာကိုယ် မရှိသလို ရန်သူများ အနီးကပ် ဝင်ရောက်လာမှာကို အကြောက်ဆုံးဖြစ်သည်။ ထို့ကြောင့် သူက ခံစစ်ဗျူဟာကို အသုံးပြုပြီး ဟန်ရှောင်းကို သူ့အား ထိခွင့်မပေးရန် စီစဉ်ထားသည်။
"မှန်ကန်တဲ့ နည်းလမ်းပဲ။" မယ်လီကစ်နှင့် အခြားကြည့်ရှုသူများ ခေါင်းညိတ်လိုက်ကြသည်။ ကာရိုးက သူရဲဘောကြောင်သူဟု သူတို့ မထင်ကြပေ—ဒါက အခြေအနေအရ သင့်လျော်သော ဗျူဟာတစ်ခုပင်။
ကာရိုး၏ ခံတပ် အပြည့်အဝ ဖြန့်ကျက်လိုက်သည်နှင့် ဒိုင်းကာ လုံးဝပိတ်သွားပြီး ရေတွက်မှု ပြီးဆုံးသွားသည်။
ဘုန်း
နောက်တစ်ခဏတွင် လေဆာများ လက်ခနဲဖြစ်သွားပြီး အမြောက်သံများ မြည်ဟိန်းလာသည်။
တိုက်ပွဲ စပြီ။
ဟန်ရှောင်း၏ ယန္တရားစစ်တပ်သည် ကာရိုး၏ စစ်တပ်နှင့် ထိပ်တိုက်တွေ့သွားသည်။
ဘုန်း ဘုန်း ဘုန်း
စစ်တပ်များသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြရာ မြင်ကွင်းက ရှုပ်ထွေးသွားသည်။
စက်များက စကားမပြောနိုင်သောကြောင့် တိတ်တဆိတ် တိုက်ခိုက်ကြသည်။ သတ္တုချင်း ရိုက်ခတ်မိရာမှ တောက်ပသော မီးပွားများ ထွက်ပေါ်လာသည်။
ဘုန်း
ကာရိုး၏ အကြီးစားခံတပ်ပေါ်ရှိ စွမ်းအားပြင်း အမြောက်ကြီးများသည် ဟန်ရှောင်းကို ချိန်ရွယ်ပြီး ပစ်ခတ်လိုက်သည်။ ပစ်ခတ်မှုတိုင်းက ပြောင်းများကို ချက်ချင်း နောက်သို့ကန်သွားစေသည်။ ပစ်ခတ်သံသည် သတ္တုပေါ်သို့ တူဖြင့်ထုလိုက်သကဲ့သို့ပင်။
ဟူး
ကြီးမားသော အလင်းလုံးကြီးများသည် ဟန်ရှောင်းထံသို့ တည့်တည့်တိုးဝင်သွားပြီး မြင့်မားသော အပူချိန်က ပတ်ဝန်းကျင်ရှိ လေထုကို ကွေးညွတ်သွားစေသည်။
၎င်းတို့ ဟန်ရှောင်းကို ထိမှန်ခါနီးတွင်၊ လေ့လာသူ ကိရိယာသည် ဥဒေါင်းတစ်ကောင် အမွှေးအတောင်ဖြန့်သကဲ့သို့ ပွင့်သွားသည်။ ၎င်းသည် ဟန်ရှောင်း၏ နောက်ကျောတွင် ပေါ်လာပြီး သူ့ရှေ့သို့ ပျံသန်းသွားကာ တွန်းအားနယ်မြေ ကွေးညွတ်ဒိုင်းများအဖြစ် ပြောင်းလဲသွားသည်။ တိုက်ခိုက်မှုများသည် ဒိုင်းကို ထိမှန်သောအခါ ပေါက်ကွဲမသွားဘဲ အခြားလမ်းကြောင်းများသို့ လမ်းကြောင်းလွှဲသွားသည်။
ဘန်း ဘန်း ဘန်း
အမြောက်ဒဏ်များအားလုံး လမ်းကြောင်းလွှဲသွားသည်။ အချို့သော ပစ်ချက်များသည် အဝေးသို့ လွင့်စင်သွားပြီး အကာအကွယ်ဒိုင်းကို ထိမှန်ကာ ပေါက်ကွဲသွားသည်၊ အချို့မှာ မြေကြီးပေါ်သို့ ကျရောက်ပြီး ပြင်းထန်သော လေပြင်းကို ဖြစ်ပေါ်စေကာ ထိုဧရိယာရှိ နှစ်ဖက်စလုံးမှ ယန္တရားစစ်သားများ ကို ဆွဲဖြိုပစ်လိုက်သည်။
ဟန်ရှောင်းက ဘေးဘီကို ဝေ့ဝဲကြည့်လိုက်သည်။ သူ လက်သီးဆုပ်လိုက်သည်။ ယန္တရားစွမ်းအား လျှပ်စီးများသည် မြေပြင်ပေါ်ရှိ အစိတ်အပိုင်းများပေါ်သို့ ကျရောက်သွားသည်။ [စွန့်ပစ်ပစ္စည်း ပြုပြင်မွမ်းမံခြင်း] က သူ့ယန္တရားစစ်သားများကို ပြန်လည်အသက်သွင်းလိုက်ပြီး တိုက်ပွဲကို ဆက်လက်ဆင်နွှဲခွင့် ပေးလိုက်သည်။
ဒါကိုမြင်တော့ ကာရိုးက ဟန်ရှောင်းကို တိုက်ခိုက်ခြင်းမှ ရပ်လိုက်သည်။ သူ့အကြီးစားခံတပ်သည် ဟန်ရှောင်း၏ ယန္တရားစစ်တပ်ကို စတင်ပစ်မှတ်ထားပြီး ဘလက်စတား၏ စစ်တပ်ကို အမြန်ဆုံး ဖယ်ရှားပစ်ချင်နေသည်။
"အဲဒီလောက် မလွယ်ဘူးလေ" ဟန်ရှောင်း နှာခေါင်းရှုံ့လိုက်သည်။
ဝီ
သူ လက်ကို မြှောက်လိုက်သည်။ သူ့လက်မောင်းပေါ်ရှိ ပိုက်မှ ဖိသိပ်ထားသော ဘောလုံးတစ်တန်းကို ပစ်လွှတ်လိုက်သည်။ ၎င်းတို့သည် လေထဲတွင် ကျယ်ပြန့်သွားပြီး ကြီးမားသော ယန္တရားလက်တံ ဆယ်ခုကျော်အဖြစ် ပြောင်းလဲသွားသည်။ နောက်တစ်စက္ကန့်တွင် ဤယန္တရားလက်တံများ သည် နာနိုပုံသဏ္ဍာန်ပြောင်းလဲကာ ပေါင်းစည်းသွားပြီး မီတာတစ်ရာကျယ်သော လက်ဖဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်၊ ကာရိုး၏ အကြီးစားခံတပ်ထက် သုံးဆ ပိုကြီးမားသည်။
ဟန်ရှောင်းက လက်ဝှေ့ယမ်းလိုက်သည်။ ဧရာမ လက်ဖဝါးကြီးသည် ပင်ပေါင်ဘောလုံးကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သကဲ့သို့ အကြီးစားခံတပ်၏ ထိပ်တည့်တည့်သို့ ရိုက်ချလိုက်သည်။
ဘုန်း
လေပြင်းက ပတ်ဝန်းကျင်ရှိ ယန္တရားစစ်သားများ ကို လွင့်စင်သွားစေသည်။ အကာအကွယ်ဒိုင်း ရှိနေသည့်တိုင် အပြင်ဘက်ရှိ မယ်လီကစ်နှင့် အခြားသူများ ခံစားနိုင်သည်။
သတ္တုကြမ်းပြင်သည် ပြင်းထန်သော ဖိအားကြောင့် အက်ကွဲသွားသော်လည်း၊ အကြီးစားခံတပ်သည် ဒိုင်းကာဖြင့် ဖုံးလွှမ်းထားပြီး ထိခိုက်မှု မရှိသလောက်ပင်။
အကြီးစားခံတပ်ထဲတွင် ကာရိုးက လှောင်ပြောင်လိုက်သည်။ ဤခံတပ်သည် သာမန်အရာမဟုတ်ဘဲ သူပြုလုပ်ထားသော အရေးကြီးသည့် ကိရိယာတစ်ခုဖြစ်သည်၊ ၎င်းက ကပ်ဘေး အဆင့် တိုက်ခိုက်မှုများကို တားဆီးနိုင်သည်။
ဤတစ်ကြိမ်တွင် ခံတပ်ကြီး ရုတ်တရက် တုန်ခါလာသည်ကို ကာရိုး ခံစားလိုက်ရသည်။
ဧရာမ လက်ဖဝါးကြီး၏ လက်ချောင်းများ ကွေးညွတ်သွားပြီး အကြီးစားခံတပ်ကို မြေကြီးထဲမှ ဆွဲထုတ်လိုက်သည်။ ဘေ့စ်ဘောဘောလုံးကို ပစ်လိုက်သကဲ့သို့၊ ၎င်းကို လွှဲပြီး အကြီးစားခံတပ်ကို အဝေးသို့ လွင့်စင်သွားစေကာ အကာအကွယ်ဒိုင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်စေပြီး လျှပ်စစ်မီးပွားများ ဆက်တိုက် ဖြစ်ပေါ်စေသည်။
ဘုန်း
အကာအကွယ်ဒိုင်း၏ ထိုဘက်ခြမ်းရှိ သွေးစွန်းကုန်းမြေ လက်ရွေးစင်များသည် ကြီးမားသော သတ္တုပုံကြီး သူတို့ဆီသို့ ပျံသန်းလာသည်ကို မြင်လိုက်ရသဖြင့် လဲကျလုနီးပါး ဖြစ်သွားကြသည်။
အကြီးစားခံတပ်ကြီး လိမ့်သွားပြီး မြေပြင်ပေါ်သို့ ကျရောက်ကာ ကြမ်းပြင်ကို တုန်ခါသွားစေသည်။ သို့သော် ဒိုင်းကာက ခံတပ်ကို ကာကွယ်ပေးထားဆဲပင်။ ၎င်း၏ ထိခိုက်ပျက်စီးမှုမှာ မပြောပလောက်ပေ၊ ထူးခြားသော ခံစစ်ပင်။ အတွင်းဘက်ရှိ ကာရိုးတစ်ယောက်သာ ရုတ်တရက် ပြုတ်ကျမှုကြောင့် ဒုက္ခရောက်သွားသည်။
မယ်လီကစ် ဒါကိုမြင်တော့ ခွဲခြမ်းစိတ်ဖြာလိုက်သည်၊ "ကာရိုးရဲ့ ခံစစ်က အရမ်းအားကောင်းတယ်။ ဘလက်စတားက ကာရိုးရဲ့ သံချပ်ကာကို ဖောက်ထွင်းနိုင်ပုံ မရဘူး။ ဒီတိုက်ပွဲက ကာရိုးရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီး ပြီးပြည့်စုံတဲ့ အရင်းအမြစ် တိုက်ပွဲတစ်ခု ဖြစ်သွားမယ့်ပုံပဲ။ အဲဒါက ဘလက်စတားရဲ့ သေစေနိုင်တဲ့ အားနည်းချက်ပဲ။"
စာစဉ် (၃၉)၊ အခန်း (၆၁၂) ပြီး၏။
လင်းဆက်
+++++