အခန်း (၆၀၅-၆၀၆)
Vol. 39 Ch. 605-606
အခန်း (၆၀၅) အာဏာရှင်၏ ဖိတ်ကြားချက်၊ ကွဲအက်ကြယ်စင်ကွင်း နယ်မြေများ
ဟန်ရှောင်းသည် ပြောစရာစကားမဲ့သွားပြီး ဆက်သွယ်ရေးကိရိယာကို သိမ်းဆည်းကာ တွေးတောလိုက်သည်။
‘အေးမီစ်က ဘာလို့ သွေးစွန်းမြေကို သွားမှာလဲ။ ပြဿနာသွားရှာမလို့လား။’
အေးမီစ်နှင့် သွေးစွန်းမြေကြားတွင် ပြဿနာအချို့ရှိခဲ့ကြောင်း မယ်လီကစ်က ပြောဖူးသည်။ အာဏာရှင် (တိုင်းရန်)က သူမ၏အရာရှိတစ်ဦးကို ခေါ်ဆောင်သွားခဲ့ပြီး သူတို့သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြရာ အေးမီစ်၏ ရှုံးနိမ့်မှုဖြင့် အဆုံးသတ်ခဲ့သည်။ အေးမီစ်သည် ဒီတစ်ခါတွင် ရည်ရွယ်ချက်ကောင်းဖြင့် သွားခြင်းမဟုတ်ကြောင်း ဟန်ရှောင်း ခံစားလိုက်ရသည်။
သူမက ငါ့ကိုခေါ်သွားဖို့ အတင်းအကျပ် ပြောနေတယ်။ ငါ့ကို ကူညီခိုင်းပြီး အာဏာရှင်ရဲ့ အရာရှိတွေကို တားဆီးခိုင်းချင်လို့လား။
ဟန်ရှောင်း၏ နှုတ်ခမ်းများ တွန့်သွားသည်။ ယခုအခါ သူသည် မျောလွင့်နဂါးကျွန်း၏ အသန်မာဆုံး အရာရှိဖြစ်နေပြီ။ ဟိုတုန်းက အေးမီစ်၏လက်အောက်တွင် ခိုင်းစေလို့ရမည့်သူ မရှိခဲ့ပေ။ ယခု သူမတွင် တိုက်ခိုက်နိုင်မည့်သူ ရှိလာသည့်အခါ သူ့ကို အပြည့်အဝ အသုံးချတော့မည်လော။
အာဏာရှင်၏ လက်အောက်တွင် လူစွမ်းကောင်းများစွာ ရှိသည်။ အဆင့် အေ ရှေ့ပြေးအရာရှိ ၈ ဦးဆိုသည်မှာ ရေခဲတောင်၏ ထိပ်ဖျားလေးသာ ရှိသေးသည်။ ရှေ့ပြေးအရာရှိဆိုသည်မှာ သူတို့၏ အဆင့်မြင့်အရာရှိများအတွက် တစ်ခုတည်းသော ရာထူးမဟုတ်ပေ။ အကယ်၍ အေးမီစ်က သူ့ကို သွေးစွန်းကုန်းမြေသို့ ခေါ်သွားလျှင် သူမကတော့ ဘာမှဖြစ်မည်မဟုတ်သော်လည်း သူကတော့ ပြောမရပေ။
‘ငါတို့ အဲဒီကို တိုက်ခိုက်ဖို့ သွားတာမဟုတ်ရင် ကောင်းမယ်...’ ဟန်ရှောင်း ခေါင်းအနည်းငယ် ကိုက်သွားသည်။
ဟီလာu သူတို့၏ ပြောစကားကို အစမှအဆုံးထိ ကြည့်ရှုနေခဲ့သည်။ သူမက နားမလည်စွာဖြင့် မေးသည်။ "သွေးစွန်းကုန်းမြေဆိုတာ ဘယ်လိုနေရာမျိုးလဲ"
"အဲဒါက ကြွက်သားအဖုအထစ်နဲ့ လူကောင်ကြီးတွေ စုဝေးနေတဲ့နေရာပဲ။ အန္တရာယ်များတဲ့ နေရာတစ်ခုပဲ" ဟန်ရှောင်းက မပျော်မရွှင်ဖြင့် ပြန်ဖြေလိုက်သည်။
အေးမီစ်က သူ့ကို မြန်မြန်လုပ်ရန် ပြောထားသဖြင့် ဟန်ရှောင်းလည်း အချိန်ဆွဲမနေတော့ပေ။
သူသည် ရေနိုးကို ရှာဖွေပြီး စခန်းနံပါတ်(၁)တွင် နေခဲ့ရန် ပြောလိုက်သည်။ ထို့နောက် ဆေးလ်ဗီးယားကို ရှာဖွေပြီး အခြားကိစ္စရပ်များကို တာဝန်ယူဖြေရှင်းရန် ပြောလိုက်သည်။ ဒါက ပုံမှန်လုပ်ထုံးလုပ်နည်းသာ ဖြစ်သည်။ စခန်းနံပါတ်(၁)ကို တကယ်တမ်း စီမံခန့်ခွဲနေသူမှာ ဖီးလစ်ဖြစ်ပြီး ဟန်ရှောင်းက အခြေအနေကို အဝေးမှ လှမ်းပြီးစောင့်ကြည့်နိုင်သည်။ ထို့ကြောင့် မှာစရာ သိပ်မရှိပေ။ သူ အခြေစိုက်စခန်းတွင် မရှိသော်လည်း ဘလက်စတားစစ်တပ်၏ လုပ်ငန်းကိစ္စများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်သည်။
ဤကိစ္စများကို ဖြေရှင်းရန် နာရီဝက်သာ ကြာမြင့်သည်။ ဟန်ရှောင်းသည် ဟီလာနှင့် အော်ရိုရာတို့ကို ခေါ်လိုက်ပြီး အော်ရိုရာသည် ယခုအခါ အဝတ်အစားသစ်များ လဲလှယ်ထားပြီဖြစ်သည်။ သူတို့သုံးဦးသည် ယာဉ်ရပ်နားရာနေရာတွင် ရပ်ထားသော မဟူရာအလင်း လျှို့ဝှက်ယာဉ်ပေါ်သို့ တက်လိုက်ကြသည်။
ဝူး ဝူး
ယာဉ်ရပ်နားရာနေရာ၏ ခေါင်မိုးတံခါး ပွင့်သွားပြီး မဟူရာအလင်း လျှို့ဝှက်ယာဉ်အောက်ရှိ ဆွဲငင်အားဆန့်ကျင်ရေး တည်ငြိမ်မှုထိန်းသိမ်းစက် အလုပ်လုပ်သွားကာ အပြာရင့်ရောင် အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။
အာကာသယာဉ်သည် ဒေါင်လိုက် ပျံတက်သွားပြီး တွန်းကန်အားစက်များမှ ခရမ်းရောင်မီးတောက်များ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အာကာသယာဉ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ ပျောက်ကွယ်သွားတော့သည်။
...
မဟူရာအလင်း လျှို့ဝှက်ယာဉ်သည် ဟိုက်ပါဒရိုက်စနစ်မှ ထွက်လာပြီး မျောလွင့်နဂါးကျွန်းကို ဖြည်းညှင်းစွာ မီလာကာ ဆိုက်ကပ်လိုက်သည်။
"ဒါက မျောလွင့်နဂါးကျွန်းလား..."
ယာဉ်ပျံပေါ်မှ ဆင်းလာပြီးနောက် အော်ရိုရာက ဘယ်ညာသို့ စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ ဆိပ်ကမ်းတွင် စုဝေးနေကြသော လူကြမ်းကြီးများကို သူမ ချက်ချင်း တွေ့လိုက်ရ၏။ သူတို့အားလုံးက ကြောက်စရာကောင်းပုံရသည်။ သူတို့က လူကောင်းမဟုတ်မှန်း သိသာနေသည်။
လူကြမ်းကြီးများသည် လှည့်ကြည့်လာကြသည်။
ဟီလာက ဒါကိုမြင်တော့ အော်ရိုရာအနားကို အမြန်သွားလိုက်သည်။ သူမသည် သူမဘေးတွင် ရပ်လိုက်ပြီး ခြင်္သေ့မတစ်ကောင်က သားပေါက်ကို ကာကွယ်သကဲ့သို့ မျက်လုံးထဲတွင် သတိထားမှုများဖြင့် လူကြမ်းကြီးများကို ဝေ့ဝဲကြည့်လိုက်သည်။
"အရမ်း စိတ်မလှုပ်ရှားပါနဲ့။ မျောလွင့်နဂါးကျွန်းက ဂလက်ဆီပင်လယ်ဓါးပြတွေ၊ စကာဗန်ဂျာတွေနဲ့ ဝရမ်းပြေးတွေကို ဒီမှာရပ်နားခွင့် ပြုထားပေမဲ့ တိုက်ခိုက်ခွင့်တော့ မပြုထားပါဘူး... အဲ၊ ပုံမှန်အားဖြင့်တော့ မဟုတ်ဘူးပေါ့လေ။ အဟမ်း၊ ဘာပဲဖြစ်ဖြစ် သူတို့က မကိုက်ပါဘူး။"
ဟန်ရှောင်းက ပြောရင်းဆိုရင်းဖြင့် သူတို့နှစ်ဦးဆီသို့ လျှောက်သွားလိုက်ပြီး ဟီလာ၏ပခုံးကို ဖက်ကာ ဘေးဘီကို ကြည့်လိုက်သည်။ "ဟေး၊ ခင်ဗျားတို့ ဘာကြည့်နေကြတာလဲ။"
ထိုအခါမှ လူကြမ်းကြီးများအားလုံး လှည့်သွားကြပြီး သူတို့အလုပ်သူတို့ ဆက်လုပ်နေကြသည်။ ဟန်ရှောင်း၏ယာဉ်က အလွန်နာမည်ကြီးသည်။ အထူးသဖြင့် မျောလွင့်နဂါးကျွန်းပေါ်တွင် မည်သူမျှ ဘလက်စတားကို ပြဿနာမရှာရဲပေ။
ဟီလာက ဟန်ရှောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမပခုံးပေါ်မှ လက်ကိုကြည့်ကာ နေရခက်စွာဖြင့် ကိုယ်ကို ရွှေ့လိုက်သည်။
"ငါ့သူငယ်ချင်းလေး၊ မင်းပြန်ရောက်လာပြီပဲ။"
ဒီတစ်ခါတွင် ဝီလ်ဆန်ဒါ၏အသံက အနီးနားမှ ထွက်ပေါ်လာသည်။ သူက သတင်းကို စောစီးစွာ ရရှိထားပြီးဖြစ်၍ ဟန်ရှောင်းကို ကြိုဆိုရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ဟန်ရှောင်း မျှော်လင့်မထားသည့်အရာမှာ ဂျန်နီလည်း ထိုနေရာတွင် ရှိနေပြီး ဝီလ်ဆန်ဒါ၏ နောက်တည့်တည့်တွင် ရပ်နေခြင်းပင်။
သူက ဝီလ်ဆန်ဒါကို နှုတ်ဆက်ပြီးနောက် ဂျန်နီကို ကြည့်လိုက်သည်။ သူက ရယ်မောလိုက်ပြီး "မင်းလည်း ဒီမှာရှိနေတာပဲ။ အလုပ်တွေ များနေပုံရတယ်၊ နောက်ဆုံးတွေ့တုန်းကထက် ပိုပိန်သွားသလိုပဲ"
ဂျန်နီက မျက်နှာထားတစ်ချက်မပျက်ဘဲ အစောင့်တစ်ယောက်ဆီက လက်နက်ကို ဆွဲယူကာ ဟန်ရှောင်းကို အရူးတစ်ယောက်လို ပစ်ခတ်တော့သည်။
ဘန်း ဘန်း ဘန်း
ဟန်ရှောင်းက လေဆာတန်းသေးများကို မလှုပ်မယှက်ဘဲ သူ့ခန္ဓာကိုယ်ပေါ် ကျရောက်ခွင့်ပြုလိုက်သည်။ ၎င်းတို့က သူ့ကို လုံးဝ မထိခိုက်စေနိုင်ပေ။
ဘေးတွင်ရှိသော အော်ရိုရာ၏ မျက်စိအိမ်အပြင်ဖက်သို့ မျက်လုံးများ ကျလုနီးပါး ဖြစ်သွားသည်။ ဟီလာက သွားကိုတင်းတင်းစေ့ထားပြီး တားရမလား မတားရမလား စဉ်းစားနေပုံရသည်။ ဝီလ်ဆန်ဒါကတော့ ခေါင်းခါပြီး သက်ပြင်းချနေ၏။
ကလစ် ကလစ် ကလစ်
သေနတ် အပူလွန်ကဲသွားပြီး ဆက်မပစ်နိုင်တော့သည့်အခါမှ ဂျန်နီက သေနတ်ကို လွှင့်ပစ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "အေးမီစ်က နန်းတော်ထဲမှာ မင်းကို စောင့်နေတယ်။"
ထို့နောက် သူမက လှည့်ထွက်သွားတော့သည်။
သူမက ဟန်ရှောင်းကို မထိခိုက်စေနိုင်မှန်း သိသည်။ သူမက ဒေါသကို ဖွင့်ထုတ်ချင်ရုံသာ ဖြစ်သည်။
အိမ်တော်ထိန်းခေါင်းဆောင် ဖြစ်သည့်အားလျော်စွာ ဂျန်နီသည် မကြာသေးမီက ပျားတစ်ကောင်လို အလုပ်ရှုပ်နေခဲ့သည်။ ဟန်ရှောင်းက နားလည်ပေးတတ်သူဖြစ်သည့်အတွက် ဂျန်နီကို ခဏလောက် စိတ်တိုင်းကျ လုပ်ခွင့်ပေးလိုက်ခြင်းကို ဝန်မလေးပေ။
ဘာပဲဖြစ်ဖြစ် ဒါက သူ့ရဲ့လုပ်ဆောင်ချက်တွေကို ထိခိုက်မှာမဟုတ်ပေ။ သူစီစဉ်ထားတဲ့အတိုင်း ချဲ့ထွင်သွားမည်ဖြစ်သည်။ ဂျန်နီ၏ အနားယူချိန်တွေ ကုန်ဆုံးသွားပြီဖြစ်သလို ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်ဘူး၊ သူမရဲ့ ငယ်ဘဝလိုပေါ့။
ဟန်ရှောင်းက ဂရုမစိုက်ဘဲ သူ့အင်္ကျီကို ပုတ်လိုက်သည်။ သူက ဟီလာဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "သွားကြစို့။ အေးမီစ်ဆီကို ငါခေါ်သွားပေးမယ်။ လမ်းတွေကို မှတ်ထားနော်။"
ပြောစရာစကားမဲ့နေသော သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကြသည်။
ဝီလ်ဆန်ဒါကို နှုတ်ဆက်ပြီးနောက် သူတို့သည် ကျွန်းလယ်ခေါင်ရှိ နန်းတော်သို့ တောက်လျှောက် သွားလိုက်ကြသည်။
နဂါးအရိုးပလ္လင်သည် နန်းတော်ထဲတွင် လေပေါ်၌ ပေါလောပေါ်နေသည်။ အေးမီစ်က ပလ္လင်ပေါ်တွင်ထိုင်ကာ လက်ကို ခေါင်းအုံးလျက် သူတို့သုံးယောက် ဝင်လာသည်ကို ကြည့်နေသည်။ သူမက သက်ပြင်းချလိုက်ပြီး "ဘလက်စတား၊ မင်းက အရမ်းနှေးတာပဲ၊ လအတော်ကြာမှ သူတို့ကို ခေါ်လာတော့တယ်"
ဟန်ရှောင်းက ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း မပြုပေ။ ဟီလာနှင့် အော်ရိုရာတို့က အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။
အေးမီစ်က သူမ၏ စွမ်းအားနယ်ပယ်ကို ထိန်းချုပ်ပြီး ပလ္လင်၏အမြင့်ကို လျှော့ချကာ သူတို့သုံးယောက်ရှေ့သို့ ဆင်းသက်လိုက်သည်။ သူမက ပြုံးပြီး ပြောလိုက်သည်။ "ကောင်းပြီ၊ အခုကစပြီး မင်းတို့က ငါ့ကျောင်းသားတွေ ဖြစ်သွားပြီ။ ငါ့ကို ဆရာလို့ ခေါ်နိုင်တယ်။"
"ဆရာ၊" သူတို့နှစ်ဦးက ပြန်ဖြေလိုက်သည်။
အေးမီစ်က ထိုအရာကို အလွန်သဘောကျသွားသည်။ သူမ၏အပြုံးက ပို၍နူးညံ့လာသည်။ ဒါက သူမတစ်ချိန်က အီဆော့ကို ခေါ်ခဲ့ဖူးသည့် ပုံစံပင်။ ယခု သူမတွင် ကိုယ်ပိုင်ကျောင်းသားများ ရှိလာပြီဖြစ်၍ အလွန်ထူးခြားသည်ဟု ခံစားရသည်။
"ငါတို့ရဲ့ အက်စ်ပါ စွမ်းရည်တွေ မတူကြပေမဲ့၊ ငါ့အတွေ့အကြုံကို သုံးပြီး မင်းတို့ရဲ့စွမ်းရည် တိုးတက်လာအောင် လုပ်ဆောင်မယ့်နည်းလမ်းတွေကို ငါသင်ပေးနိုင်တယ်၊ မင်းတို့ရဲ့ အလားအလာကို အသုံးချနိုင်အောင် ကူညီပေးမယ်" အေးမီစ်က ညင်သာစွာ ပြောလိုက်သည်။
ဟီလာက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့၊ ဘယ်တော့ စမလဲ။"
သူမက လေ့ကျင့်ရေးရူးသွပ်သူဖြစ်ပြီး ထိုကဲ့သို့ အားကောင်းသော ဆရာတစ်ဦးနှင့်တွေ့ရာ လေ့ကျင့်မှုကို စတင်ရန် မစောင့်နိုင်တော့ပေ။
သို့သော် အေးမီစ်က ခေါင်းခါပြီး ပြောလိုက်သည်။ "အခု မဟုတ်သေးဘူး။ မင်းတို့ကို ငါနဲ့အတူ တစ်နေရာ လိုက်စေချင်တယ်။"
ဟန်ရှောင်း၏ မျက်ခုံးများ တွန့်သွားသည်။ "သွေးစွန်းကုန်းမြေလား။"
"ဟုတ်တယ်၊ မင်းတို့သုံးယောက်စလုံး လိုက်ခဲ့ရမယ်။"
သူမက ဟီလာနဲ့ အော်ရိုရာကိုပါ ခေါ်သွားမလို့လား။ ဒါဆို ငါတို့အဲဒီကို တိုက်ခိုက်ဖို့ သွားတာမဟုတ်ဘူးပေါ့... ဟန်ရှောင်း စိတ်သက်သာရာ ရသွားသည်။
ဒါက သတင်းကောင်းပဲ။ သူက နောက်ထပ် အဆင့် အေ အထက်ဆင့်တစ်ယောက်ရဲ့ အင်အားစုနဲ့ အကြောင်းမဲ့သက်သက် ပြဿနာမဖြစ်ချင်ပေ။
သို့သော် အေးမီစ်၏ ရည်ရွယ်ချက်ကို အတည်ပြုရန် ဟန်ရှောင်းက မေးလိုက်သည်။ "အဲဒါ ဟီဘာရဲ့ နယ်မြေလေ။ မင်းနဲ့ သူနဲ့ကြားမှာ ပြဿနာတွေရှိတယ်လို့ ကျွန်တော် ကြားထားတယ်။ ဘာလို့ သွားမှာလဲ။"
အေးမီစ်၏အပြုံးက မှေးမှိန်သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ "အာဏာရှင်က ရည်မှန်းချက်ကြီးတဲ့ကောင်ပဲ။ ငါတို့က အဆင်မပြေကြဘူး။ သူက ငါ့ဆီက အရည်အချင်းရှိတဲ့သူကိုတောင် ခိုးဖူးတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ငါတို့က ပြဿနာသွားရှာမှာ မဟုတ်ဘူး။"
"အချိန်အတိုင်းအတာတစ်ခုရောက်တိုင်း အာဏာရှင်က ပါတီပွဲကြီးတစ်ခု ကျင်းပလေ့ရှိတယ်။ ကွဲအက်ကြယ်စင်ကွင်းက အရေးကြီးပုဂ္ဂိုလ်တွေကို ဖိတ်စာတွေ ပို့တယ်။ အားလုံးနီးပါးက သူ့ကို လေးစားမှုပြတဲ့အနေနဲ့ တက်ရောက်ကြတယ်။ ကြယ်စုတန်း လူမှုအဖွဲ့အစည်းတွေရဲ့ အဆင့်မြင့်အစိုးရအရာရှိတွေ၊ အဖွဲ့အစည်းကြီးတွေက ကိုယ်စားလှယ်တွေ၊ တစ်ခါတစ်ရံမှာ စကြဝဠာ လူမှုအဖွဲ့အစည်းများက သံတမန်တွေတောင် ပါသေးတယ်။ ကွဲအက်ကြယ်စင်ကွင်းရဲ့ အဆင့် အေ အထက်ဆင့်တွေကိုလည်း ဖိတ်တယ်၊ ငါအပါအဝင်ပေါ့... ဟွန့်၊ အဲဒီကောင်က စိတ်ရှုပ်စရာကောင်းပေမဲ့ သူက ခန့်မှန်းရခက်တဲ့လူပဲ။ ဟိုတုန်းက ငါ သူ့အခြေစိုက်စခန်းမှာ ဝင်တိုက်ခိုက်ခဲ့ပေမဲ့ နောက်တစ်ခါ ပါတီပွဲကျတော့ အာဏာရှင်က ငါ့ကို ဖိတ်တုန်းပဲ။"
"ဘာပဲဖြစ်ဖြစ် အာဏာရှင်ရဲ့ ပါတီပွဲတွေက နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒါက အဖွဲ့အစည်းကြီးတွေကြားက မပြောဘဲသိတဲ့ ဓလေ့တစ်ခု ဖြစ်လာတယ်။ ဒါက အရေးကြီးပုဂ္ဂိုလ်များစွာအတွက် အချိတ်အဆက်တွေ လုပ်ဖို့ အခွင့်အရေးတစ်ခုပဲ။ အာဏာရှင်က အိမ်ရှင်လုပ်နိုင်တဲ့ အရည်အချင်း ရှိတယ်။ ပါတီပွဲမှာ အရေးကြီးပုဂ္ဂိုလ်တွေ အများကြီးက ဆက်သွယ်ပြောဆိုကြပြီး ခေါင်းစဉ်အမျိုးမျိုးကို ဆွေးနွေးကြတယ်။ ပါတီပွဲတိုင်းမှာ သတင်းအချက်အလက် အများအပြား ပေါက်ကြားလာလေ့ရှိတယ်။ ပါတီပွဲအတွင်း ဒီလူတွေရဲ့ ဆွေးနွေးမှုတွေက ကွဲအက်ကြယ်စင်ကွင်းရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုတွေကို အတိုင်းအတာတစ်ခုထိ ဆုံးဖြတ်ပေးနိုင်တယ်။"
‘ဒါကြောင့်မို့လို့ကိုး...’ ဟန်ရှောင်း သဘောပေါက်သွားသည်။
လွယ်လွယ်ပြောရရင် အာဏာရှင်က ကွဲအက်ကြယ်စင်ကွင်း ပါတီပွဲ ကျင်းပသည်၊ လူတွေက မိတ်ဆွေဖွဲ့ဖို့၊ စကားစမြည်ပြောဖို့၊ အတင်းပြောဖို့နဲ့ အခြားအရာတွေအတွက် တက်ရောက်ကြသည်။ ကွာခြားချက်မှာ တက်ရောက်သူအားလုံးသည် အလွန်အရေးကြီးသည့် ရာထူးနေရာများတွင် ရှိနေကြပြီး၊ အားလုံးပေါင်းလိုက်လျှင် ကွဲအက်ကြယ်စင်ကွင်း၏ အနာဂတ်ကိုပင် ဆုံးဖြတ်ပေးနိုင်သည်။
ဒီလိုမျိုး စုဝေးပွဲကို ကျင်းပပြီး အထက်တန်းလွှာ အဖွဲ့အစည်းတွေအတွက် ဓလေ့တစ်ခု ဖြစ်လာအောင် လုပ်တာ... အာဏာရှင်က တကယ်ကို ရည်မှန်းချက်ကြီးတာပဲ။ သူ့ရည်မှန်းချက်က ကြီးမားတယ်။
"ဒါဆို ခင်ဗျားက အာဏာရှင်ရဲ့ ပါတီကို တက်ရောက်မှာလား။"
ဟန်ရှောင်း အံ့သြသွားသည်။ မျောလွင့်နဂါးကျွန်းက အမြဲတမ်း ကြားနေနေခဲ့တာဖြစ်သည်။ ပြီးတော့ အေးမီစ်၏ စရိုက်အရဆိုလျှင် သူမက ဒီလိုကိစ္စမျိုးကို ဂရုစိုက်ပုံမရပေ။
"ဒါပေါ့ သွားမှာ" အေးမီစ်၏အသံက ပိုလေးနက်သွားသည်။ "ငါက သဘောထားသေးသိမ်တဲ့သူ မဖြစ်ချင်ပါဘူး။"
‘ဘာလဲဟ။ သဘောထားသေးသိမ်တာနဲ့ ဘာဆိုင်လို့လဲ။’ ဟန်ရှောင်း နားမလည်နိုင်ဖြစ်သွားသည်။
ထို့နောက် သူက အေးမီစ်၏ရှုထောင့်မှ တွေးကြည့်လိုက်ရာ နောက်ဆုံးတွင် အေးမီစ်ဆိုလိုသည်ကို သဘောပေါက်သွားသည်။
‘ငါ သူ့ကို မုန်းတယ်။ သူက ငါ့ကို ပါတီလာတက်ဖို့ ဖိတ်ရဲတယ်ပေါ့! သူက သဘောထားကြီးကြောင်း ပြချင်လို့လား။ သောက်ကျိုးနည်း၊ ငါမလာဘူးလို့ထင်ပြီး ဖိတ်တာလား။ ငါမသွားရင် ငါက သဘောထားသေးသိမ်ရာ မကျဘူးလား။ သွားမယ်၊ ငါသွားရမယ်။ ငါက သဘောထားကြီးပြီး သောက်ရမ်းမိုက်တာလေ၊ ငါက ဘာကိုကြောက်လို့ မသွားရမှာလဲ။’
ဟန်ရှောင်းအဖို့တော့ ဒီခန့်မှန်းချက်က ကိုးဆယ်ရာခိုင်နှုန်းလောက် မှန်မည်ဟု ထင်သည်။ ဒါက အေးမီစ်တွေးမည့်အရာမျိုး ဖြစ်ပုံရသည်။
‘ဒါဆို ငါ့ကို ဘာလို့ခေါ်တာလဲ။ ဪ အာဏာရှင်ရဲ့ လက်အောက်မှာ လူစွမ်းကောင်းတွေ အများကြီးရှိလို့၊ အေးမီစ်က အဲဒီအပိုင်းမှာ အရှုံးမခံချင်လို့ပဲ။ ဒါကြောင့် ငါ့ကို ခေါ်သွားတာကိုး။’
‘အနည်းဆုံးတော့ ငါတို့အဲဒီကို ပြဿနာသွားရှာမှာ မဟုတ်ဘူး...’ ဟန်ရှောင်း အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး သူ့ကိုယ်သူ ဒီလိုပဲ နှစ်သိမ့်လိုက်ရသည်။ "ပါတီပွဲက ဘယ်တော့ စမှာလဲ။"
"အချိန်လိုသေးတယ်။ ငါတို့ မနက်ဖြန် ထွက်မယ်၊ သွေးစွန်းကုန်းမြေရဲ့ အခြေစိုက်စခန်းဆီ တန်းသွားမှာ။"
သွေးစွန်းကုန်းမြေသည် ဆိုးလ် ကြယ်စုတန်းတွင် တည်ရှိသည်။ အကယ်၍ ကွဲအက်ကြယ်စင်ကွင်းကို နှစ်ဖက်မြင် မြေပုံပြားတစ်ခုအဖြစ် ပုံဖော်ကြည့်မည်ဆိုလျှင် အလယ်ဗဟိုသည် အန္တရာယ်အများဆုံး၊ မတည်ငြိမ်ဆုံး အစုအဝေးဖြစ်ပြီး စကြာဝဠာရှိ နေရာအားလုံးနှင့် ချိတ်ဆက်ထားသော အာကာသတံခါးပေါက်များမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။
မြေပုံပေါ်တွင် တစ်ဖက်သည် စကြာဝဠာအစွန်းဖြစ်ပြီး ၎င်း၏ဟိုဘက်တွင် ရှာဖွေတွေ့ရှိခြင်း မရှိသေးသော စကြာဝဠာ၏ အစိတ်အပိုင်းများ ရှိသည်။
အခြားတစ်ဖက်သည် လူသူကင်းမဲ့သော စကြာဝဠာ၏ အလွန်တရာ ဝေးကွာသော အကွာအဝေးများကို ဖြတ်သန်းသွားသည့် အခြားကြယ်ကွင်းပြင်များဆီသို့သွားသော လမ်းကြောင်းများဖြစ်သည်။ ရစ်ဒါ ရောက်လာခဲ့သည့် နည်းလမ်းမှာ ထိုအတိုင်းဖြစ်ပြီး အခြားကြယ်ကွင်းပြင်တစ်ခုမှ ကြယ်ကွင်းပြင်များကို ဖြတ်သန်းကာ အချိန်အကြာကြီး ခရီးနှင်ခဲ့ခြင်းဖြစ်သည်။
အာကာသတံခါးပေါက်အစုအဝေးကို ဝန်းရံထားသည်မှာ ကြယ်စုတန်းဆယ်ခုခန့်ရှိပြီး ၎င်းတို့ကို ကွဲအက်ကြယ်စင်ကွင်း၏ ကြယ်စုတန်း လူမှုအဖွဲ့အစည်းများ ၇ ခုက ခွဲဝေထိန်းချုပ်ထားသည်။
တာရာလမ် ကြယ်စုတန်းသည် အာကာသတံခါးပေါက်အစုအဝေးနှင့် အနီးဆုံးဖြစ်သည်။ ၎င်းတွင် စကာဗန်ဂျာများဖြင့် ပြည့်နှက်နေသည်။ ဟန်ရှောင်း ချန်ရှင်း၏မစ်ရှင်များ လုပ်ဆောင်နေစဉ်က ထိုနေရာသို့ တစ်ခေါက် ရောက်ဖူးသည်။
ကောလ်တန် ကြယ်စုတန်းနှင့် ဆိုးလ် ကြယ်စုတန်းကြားတွင် လူသူကင်းမဲ့သော ဧရိယာတစ်ခု ရှိသည်။ ၎င်းကို သူတို့၏နယ်စပ်အဖြစ် သတ်မှတ်နိုင်သည်။
ဆိုးလ် ကြယ်စုတန်း၏ အခြားတစ်ဖက်တွင် အကြီးဆုံး ကြယ်စုတန်း ဖြစ်သည့် ဆယ်တင် ကြယ်စုတန်း ရှိသည်။ ဆိုးလ်သည် ဆယ်တင်နှင့် ကော်လ်တန်၏ အလယ်တွင်ရှိသည်။ ၎င်းသည် ကွဲအက်ကြယ်စင်ကွင်းတွင် ဒုတိယအသေးဆုံး ကြယ်စုတန်း ဖြစ်သည်။
အုပ်ချုပ်ရေးအရကြည့်လျှင် ဆိုးလ်ကို အုပ်ချုပ်သော ကြယ်စုတန်း လူမှုအဖွဲ့အစည်းမှာ ကလင့်နိုင်ငံဖြစ်ပြီး၊ ကော်လ်တန်ကို အုပ်ချုပ်သည်မှာ ခရမ်းရောင် သလင်းကျောက် လူမှုအဖွဲ့အစည်း ဖြစ်သည်။ ဤလူမှုအဖွဲ့အစည်းများသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြသည်။ သူတို့သည် တစ်ဖက်နှင့်တစ်ဖက် နယ်မြေများတွင် ကြီးမားသော ကြယ်တာရာတံခါးများစွာ တည်ဆောက်ထားကြသည်။ ဂိုဒိုရာ၏ ကြယ်တာရာတံခါးကို ခရမ်းရောင် သလင်းကျောက် လူမှုအဖွဲ့အစည်းက တည်ဆောက်ပေးထားခြင်း ဖြစ်သည်။
အာဏာရှင်၏ သွေးစွန်းကုန်းမြေသည် ကလင့်နိုင်ငံ၏ ဗီအိုင်ပီ ဖြစ်သည်။ သူတို့နောက်တွင် ကြယ်စုတန်း လူမှုအဖွဲ့အစည်းတစ်ခုရှိနေသဖြင့် အာဏာရှင်၏ ပါတီပွဲသည် အဆင့် အေ အထက်ဆင့်တစ်ယောက်၏ ဩဇာအာဏာနှင့် ကြယ်စုတန်း လူမှုအဖွဲ့အစည်းတစ်ခု၏ ရပ်တည်ချက် နှစ်ခုစလုံးကို ကိုယ်စားပြုသည်။ ထို့ကြောင့် လူများစွာ တက်ရောက်ကြခြင်း ဖြစ်သည်။
"ဒါဆို ငါတို့က ဆိုးလ် ကြယ်စုတန်းကို သွားမှာပေါ့လေ။" ဟန်ရှောင်းက သက်ပြင်းချလိုက်သည်။ "ကျွန်တော့်ယာဉ်ပျံနဲ့ပဲ သွားကြတာပေါ့။"
အေးမီစ်က ပြုံးပြီး ပြောလိုက်သည်။ "ငါလည်း အဲဒီလိုပဲ တွေးထားတာ။"
စာစဉ် (၃၉)၊ အခန်း (၆၀၅) ပြီး၏။
လင်းဆက်
+++++
အခန်း (၆၀၆) သွေးစွန်းကုန်းမြေ
ဆိုးလ်ကြယ်စုတန်း၏ အလယ်ဗဟိုတွင် ကြယ်များ တောက်ပစွာ လင်းလက်နေသည်။ အလင်းတန်းတစ်ခုသည် စကြဝဠာကို ဖြတ်ကျော်ကာ အမှောင်ထုထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ၎င်းသည် ဟိုက်ပါဒရိုက်ဖြင့် မောင်းနှင်နေသော မဟူရာအလင်း လျှို့ဝှက်ယာဉ်ဖြစ်သည်။ သင်္ဘောပေါ်တွင် ဟန်ရှောင်း၊ အေးမီစ်၊ ဟီလာနှင့် အော်ရိုရာတို့သာ ရှိကြသည်။
ရက်အနည်းငယ်ကြာပြီးနောက် သူတို့လေးဦးသည် ကြယ်တာရာတံခါးများနှင့် ကြယ်စနစ်များစွာကို ဖြတ်သန်းကာ ကောလ်တန်မှ ဆိုးလ်သို့ နောက်ဆုံးတွင် ရောက်ရှိလာကြသည်။ ကောလ်တန်မှ ဆိုးလ်သို့ ဝင်ရောက်သည့် ကြယ်တာရာတံခါးကို ဖြတ်သန်းစဉ်တွင် ကြယ်တာရာတံခါးစခန်းမှ ရှာဖွေစစ်ဆေးခြင်းကိုပင် ခံခဲ့ရသည်။
ကလင့်နိုင်ငံ၏ ဆိုးလ်ကြယ်စုတန်း စီမံခန့်ခွဲမှုသည် အတော်လေး တင်းကျပ်သည်။ အခြားကြယ်စုတန်းများမှ ဝင်ရောက်လာသော ကြယ်တာရာတံခါးများတဝိုက်တွင် စစ်ဆေးရေးဂိတ်များ ချထားသည်။
ဝင်ပေါက် ကြယ်တာရာတံခါးသည် ကြယ်စုတန်းနှစ်ခုကြားရှိ လူသူကင်းမဲ့သော ဧရိယာကိုဖြတ်ကျော်ကာ တယ်လီပို့လုပ်နိုင်စေသဖြင့် အချိန်များစွာ သက်သာစေသည်။ နောက်ကြောင်းရှင်းသော ဂလက်ဆီခရီးသွားများအားလုံး ကြယ်တာရာတံခါးကို အသုံးပြုကြမည်ဖြစ်ပြီး လူသူကင်းမဲ့သောဒေသမှတဆင့် သွားလာသူများမှာ အများအားဖြင့် ဝရမ်းပြေးရာဇဝတ်ကောင်များနှင့် လျှို့ဝှက်အဖွဲ့အစည်းများ ဖြစ်ကြသည်။
သွေးစွန်းကုန်းမြေ၏ ဌာနချုပ်သည် ဆိုးလ်ကြယ်စုတန်း၏ အလယ်ဗဟိုရှိ အဓိကကြယ်စနစ်ဖြစ်သော ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားသည့် ကြယ်စနစ်တွင် ရှိသည်။
သင်္ဘော၏ ခန်းမဆောင်တွင် ဟန်ရှောင်းသည် ကြယ်မြေပုံပေါ်တွင် မှတ်သားထားသော တည်နေရာကို ကြည့်ကာ နှုတ်ခမ်းကို တွန့်လိုက်သည်။
"ဟီဘာဂြိုလ်။ ကျွတ် ကျွတ်... ဌာနချုပ်အတွက် သူ့နာမည်ကို သုံးထားတယ်၊ တကယ့်..." ဟန်ရှောင်း မှတ်ချက်ပေးတော့မည့်ဆဲဆဲတွင် သူလည်း ထိုနည်းတူ လုပ်ခဲ့ဖူးသည်ကို ရုတ်တရက် သတိရလိုက်သဖြင့် သူ့စကားကို ချက်ချင်း ပြောင်းလိုက်သည်။ "တကယ့် ပညာရှိတဲ့ ရွေးချယ်မှုပဲ"
"ရောက်ခါနီးပြီလား" အော်ရိုရာက ကြယ်မြေပုံကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ပြီး သူမ နားမလည်နိုင်မှန်း သဘောပေါက်သွားသည်။
"ဟိုက်ပါဒရိုက်က ၁၀မိနစ်နဲ့ ၂၇စက္ကန့်လောက်အတွင်း ပြီးဆုံးလိမ့်မယ်" ဟန်ရှောင်းက ရစ်ဒါ ပြသထားသည့် ထိန်းချုပ်မှုဘောင်ကို ကြည့်လိုက်သည်။ သင်္ဘောသည် လောလောဆယ်တွင် အလိုအလျောက်မောင်းနှင်စနစ်ဖြင့် သွားနေပြီး သူတို့လေးဦးစလုံး ခန်းမဆောင်တွင် ရှိနေကြသည်။
အော်ရိုရာက လှည့်ကြည့်ပြီး "ဆရာ၊ ဟီဘာဂြိုလ်က မျောလွင့်နဂါးကျွန်းနဲ့ တူလား" ဟု မေးလိုက်သည်။
အေးမီစ်သည် ဆိုဖာပေါ်တွင် ဘေးတစောင်း လှဲလျောင်းနေပြီး ကျက်သရေရှိကာ ပေါ့ပေါ့ပါးပါး ရှိနေသည်။ သူမက ပြုံးပြီး ပြောလိုက်သည်။ "မတူဘူး၊ ဟီဘာဂြိုလ်ရဲ့ ကုန်ကျစရိတ်တွေက ပိုမြင့်တယ်။ အဲဒါက ကြယ်စုတန်းအဆင့် နည်းပညာနဲ့ ကလင့်နိုင်ငံက တည်ဆောက်ထားတဲ့ ပြုပြင်မွမ်းမံထားတဲ့ ဂြိုလ်တစ်ခုပဲ။ သယ်ဆောင်ရလွယ်ကူတဲ့ ခံတပ်တစ်ခုနဲ့ ပိုတူတယ်။ အဲဒါက ဟီဘာရဲ့ ဒုတိယအသန်မာဆုံး လက်နက်ပဲ"
ကြယ်စုတန်းအဆင့် လူမှုအဖွဲ့အစည်းများ၏ စွမ်းရည်သည် ကြယ်စနစ်အဆင့် လူမှုအဖွဲ့အစည်းများထက် များစွာ ကျော်လွန်နေပြီး ၎င်းတို့သည် လုံးဝ ကွဲပြားခြားနားသော အဆင့်များတွင် ရှိနေသည်။ သိသာထင်ရှားဆုံး ကွာခြားချက်မှာ ရွေ့လျားနိုင်စွမ်းဖြစ်ပြီး ကြယ်စုတန်းအဆင့် လူမှုအဖွဲ့အစည်းများသည် ကြယ်တာရာတံခါးများကို တည်ဆောက်နိုင်သဖြင့် ၎င်းတို့၏ သယ်ယူပို့ဆောင်ရေး အမြန်နှုန်းသည် ကြယ်စနစ်အဆင့် လူမှုအဖွဲ့အစည်းများထက် မရေမတွက်နိုင်အောင် ပိုမိုမြန်ဆန်သည်။
ထို့အပြင်၊ ကြယ်စုတန်းအဆင့် လူမှုအဖွဲ့အစည်းများတွင် ဂြိုလ်အဆင့် စစ်သင်္ဘောများကို တည်ဆောက်ရန် နည်းပညာရှိပြီး အသုံးအများဆုံးမှာ ဂြိုလ်တူးဖော်ရေး မိခင်သင်္ဘောဖြစ်သည်။ ၎င်းသည် ဂြိုလ်တစ်ခုလုံးကို 'ဝါးမျိုး' နိုင်ပြီး အတွင်းပိုင်းကို ဖြိုခွဲကာ အရင်းအမြစ်အမျိုးမျိုးအဖြစ် ပြောင်းလဲနိုင်သည်။
ဥပမာအားဖြင့်၊ ဟီဘာဂြိုလ်သည် ကလင့်နိုင်ငံမှ တည်ဆောက်ထားသော ဂြိုလ်အဆင့် အာကာသခံတပ်တစ်ခု ဖြစ်သည်။
"ဒုတိယအသန်မာဆုံးလား။ ဒါဆို အာဏာရှင်ရဲ့ အသန်မာဆုံးလက်နက်က ဘာလဲ" ဟီလာက လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။ သူမသည် ကွဲအက်ကြယ်စင်ကွင်းရှိ အသန်မာဆုံးလူများ၏ စွမ်းရည်များကို ပိုစိတ်ဝင်စားသည်။
"သူ့ရဲ့ အသန်မာဆုံးလက်နက်တွေကတော့ သေချာပေါက် သူ့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ပဲ" အေးမီစ်က ခေါင်းယမ်းလိုက်သည်။ "သူက ဂြိုလ်တစ်ခုလုံးကို တည့်တည့်ထိုးဖောက်ဖို့ သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သုံးနိုင်တယ်"
"မဖြစ်နိုင်ဘူး" အော်ရိုရာ၏ အာမေဋိတ်သံ ထွက်လာသည်။
ဟန်ရှောင်းသည် ဟီဘာ၏ သမိုင်းကြောင်းကို ဖီးလစ်အား ရှာဖွေခိုင်းလိုက်သည်။ သူ ဂြိုလ်တစ်ခုကို ဖြတ်သန်းတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတစ်ခုမက ရှိပုံရသည်။ အဲဒါက ဟီဘာ၏ ပုံမှန်လုပ်ဆောင်မှုတစ်ခုနှင့် ပိုတူနေသည်။
"ဟီဘာရဲ့ ခန္ဓာကိုယ်က အလွန်သန်မာတယ်။ ရွှံ့နဲ့ ကျောက်တုံးတွေက သူ့ကို မတားဆီးနိုင်ဘူး။ မျက်နှာပြင်အောက် နက်ရှိုင်းတဲ့ သိပ်သည်းဆမြင့် ကျောက်သားအလွှာက သူ့အတွက် စက္ကူလိုပဲ ကျိုးပဲ့လွယ်ပြီး ချော်ရည်တွေက သူ့ရဲ့ ရေချိုးရေပါပဲ။ ဂြိုလ်တစ်ခုရဲ့ အူတိုင်ကတောင် သူ့ကို လောင်ကျွမ်းစေဖို့ အပူချိန်မလုံလောက်ဘူး။ ကြယ်သေတစ်လုံးက သူ့ကို ထိခိုက်စေနိုင်ပေမယ့် ဂြိုလ်တစ်ခုကတော့ မရဘူး၊ ဒါကြောင့် ဂြိုလ်တစ်ခုကို ဖြတ်သန်းတိုက်ခိုက်တာက သူ့အတွက် ဘာမှမဟုတ်ဘူး" အေးမီစ်က သက်ပြင်းချလိုက်သည်။
ဟီဘာသည် သူမ၏ အဓိကပြိုင်ဘက်နီးပါး ဖြစ်သော်လည်း အမြင့်မားဆုံး အင်အားရှိသော တွန်းအားနယ်မြေကပင် ဟီဘာကို ဆုတ်ဖြဲမပစ်နိုင်ပေ။ ဟီဘာသည် ဖိအားအောက်တွင်ပင် လွတ်လပ်စွာ လှုပ်ရှားနိုင်သည်။ အကယ်၍ သူမက ဟီဘာကို တိုက်ခိုက်ဖို့ မျောလွင့်နဂါးကို အသုံးပြုခဲ့မယ်ဆိုရင် အဲဒါက ဟီဘာကြောင့် ကွဲကြေသွားလိမ့်မယ်။ တွန်းအားနယ်မြေအမျိုးအစား အက်စ်ပါများ၏ ပြိုင်ဘက်သည် အမှန်တကယ်ပင် ဤကဲ့သို့ ဖျက်ဆီး၍မရသော ရန်သူမျိုးဖြစ်သည်။ နောက်ဆုံးတော့၊ တွန်းအားနယ်မြေ အက်စ်ပါစွမ်းရည်တွေက ဘက်စုံကောင်းမွန်သော်လည်း ထိန်းချုပ်မှုဘက်ကို ပိုရောက်နေပြီး ထိခိုက်ပျက်စီးစေမှုက အားသာချက် မဟုတ်ပေ။
အေးမီစ်သည် ပေါ့ပေါ့ပါးပါး နေတတ်သော်လည်း သူမက မသိနားမလည်သူ မဟုတ်ပေ။ သူမသည် ကိုယ့်အားနည်းချက်ကို သိသည်။
ဟီလာက မျက်မှောင်ကြုတ်ပြီး နှုတ်ဆိတ်နေသည်။ ဟီဘာ၏ အင်အားသည် လက်ရှိတွင် သူမ၏ အသိပညာနယ်ပယ်ထက် ကျော်လွန်နေသဖြင့် ဘာပြောရမှန်း မသိတော့ပေ။
"ဟီဘာက ဂြိုလ်တစ်ခုကို ထိုးဖောက်တာက စနိုက်ပါကျည်ဆန်တစ်တောင့်က ပျဉ်ပြားအများအပြားကို ထိုးဖောက်တာနဲ့ တူတယ်" ဟန်ရှောင်းက ခေါင်းယမ်းလိုက်သည်။ အဆင့် အေ အထက်ဆင့် တိုက်ခိုက်သူတစ်ဦးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်၏။
ခဏလောက် စကားစမြည်ပြောပြီးနောက် မဟူရာအလင်း လျှို့ဝှက်ယာဉ်သည် ဟိုက်ပါဒရိုက်အခြေအနေမှ နောက်ဆုံးတွင် ထွက်လာသည်။ ပြတင်းပေါက်အပြင်ဘက်ရှိ အလင်းဥမင်လိုဏ်ခေါင်း ပျောက်ကွယ်သွားပြီး စကြဝဠာ ပြန်လည်ပေါ်လာ၏။
အာကာသယာဉ်အောက်တည့်တည့်တွင် သေးငယ်သော သတ္တုဂြိုလ်တစ်ခု သူတို့မြင်ကွင်းထဲ ဝင်လာသည်။ ယင်း၏အရောင်သည် ခမ်းနားပြီး လေးနက်ပုံရသည်။
ဟီဘာဂြိုလ်။
ဟန်ရှောင်းသည် ဟီဘာဂြိုလ်မှ ဆက်သွယ်ရေး တောင်းဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။ သူတို့ကိုယ်သူတို့ မိတ်ဆက်ခြင်းမရှိဘဲ ဟီဘာဂြိုလ်တဝိုက်တွင် ဆက်လက်လှည့်လည်နေပါက ရန်သူအဖြစ် သတ်မှတ်ခံရလိမ့်မည်။
အေးမီစ်တွင် ဖိတ်ကြားစာ ရှိသောကြောင့် သူတို့၏အထောက်အထားကို အတည်ပြုပြီးနောက် ဟီဘာဂြိုလ်မှ ရပ်နားရမည့် ကိုဩဒီနိတ်များကို ပေးပို့လိုက်သည်။ ဟန်ရှောင်းက ရစ်ဒါကို အာကာသယာဉ်အား ထိန်းချုပ်ပြီး သတ်မှတ်ထားသောနေရာတွင် ဆင်းသက်ရန် ပြောလိုက်သည်။
ဟီဘာဂြိုလ်သည် မျောလွင့်နဂါးကဲ့သို့ ရွေ့လျားနေသော ခံတပ်တစ်ခုဖြစ်သောကြောင့် သဘာဝနေရောင်ခြည် မရှိပေ။ စကြဝဠာမှ ဓာတ်ရောင်ခြည်များကို တားဆီးရန် ယင်း၏ထိပ်ပိုင်းကို ထူထဲပြီး မည်းမှောင်သော လူလုပ်တိမ်တိုက်များဖြင့် ဖုံးအုပ်ထားသည်။
အာကာသယာဉ်သည် ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ မည်းမှောင်သော တိမ်တိုက်များကို ဖြတ်သန်းပြီးနောက် ဟီဘာဂြိုလ်၏ မျက်နှာပြင်သည် သူတို့မျက်စိရှေ့တွင် ပေါ်လာသည်။
ဟီဘာဂြိုလ်သည် အဓိကအားဖြင့် အေးစက်ပြီး မည်းမှောင်သော အရောင်များဖြင့် ဖွဲ့စည်းထားပြီး သိသိသာသာ ထူးခြားမှု မရှိသလောက်ပင်။
ရဲတိုက်ကဲ့သို့သော အဆောက်အအုံများသည် မြင့်မားစွာ တည်ရှိနေပြီး အခြေစိုက်စခန်းမြောက်မြားစွာသည် တောင်တန်းများကဲ့သို့ ဖြစ်နေသည်။ ဤအဆောက်အအုံများသည် အပြာရင့်ရောင် အလင်းတန်းများကို ထုတ်လွှတ်နေသည်။ အနာဂတ်ဆန်ပြီး ဆန်းကြယ်နေပုံရသည်။ အဆင့်မြင့်နည်းပညာသည် ဂြိုလ်တစ်ခုလုံး၏ အပြင်အဆင်ဖြစ်ပုံရသည်။ အခြေစိုက်စခန်းများစွာကြားတွင် အလယ်၌ အခေါင်းပေါက်ပါသော နှစ်ကီလိုမီတာအထိ မြင့်သည့် ဧရာမစက်ဝိုင်းပုံ ကိရိယာကြီးများ ရှိနေသည်။ ၎င်း၏ အခေါင်းပေါက် အစိတ်အပိုင်းတွင် ခရမ်းရောင်အလင်းတန်းတစ်ခု လှိုင်းထနေပြီး တစ်စုံတစ်ခုအဖြစ် လည်ပတ်နေသကဲ့သို့ ဖြစ်နေသည်။
အခြေစိုက်စခန်းများအထက်တွင် စစ်သင်္ဘောအုပ်စုများ ကင်းလှည့်နေကြသည်။
ဒါက ဂြိုလ်အဆင့် သံချပ်ကာခံတပ်ကြီးပဲ။
ဟီလာနှင့် အော်ရိုရာတို့ အံ့အားသင့်သွားကြသည်။
မဟူရာအလင်း လျှို့ဝှက်ယာဉ်သည် အခြေစိုက်စခန်းများကြားရှိ ဆိပ်ခံတစ်ခုတွင် ဆင်းသက်လိုက်သည်။ အာကာသယာဉ်ထဲမှ ထွက်လာသောအခါ လူတစ်စုက ထိုနေရာတွင် စောင့်ဆိုင်းနေပြီးဖြစ်သည်။ သူတို့အားလုံးသည် ရှေ့ပြေးအရာရှိ မယ်လီကစ် ဦးဆောင်သော သွေးစွန်းကုန်းမြေ စစ်သားများ ဖြစ်ကြသည်။
"အရှင်မ နဂါးဧကရီ၊ ဖိတ်ကြားချက်ကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သွေးစွန်းကုန်းမြေကနေ ကြိုဆိုပါတယ်"
မယ်လီကစ်က သာမန်အတိုင်း ဦးညွှတ်လိုက်သည်။ သူသည် အေးမီစ်၏ ဖိတ်ကြားစာကို ကိုယ်တိုင် ပေးပို့ခဲ့သူဖြစ်သည်။
အေးမီစ်က ပြန်မဖြေပေ။ သူမက ပတ်ဝန်းကျင်ကို ကြည့်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ငါ နောက်ဆုံးလာခဲ့ပြီးတာ အချိန်တစ်ခု ကြာသွားပြီ။ ဒီနေရာက အမြဲတမ်း ပျင်းစရာကောင်းနေတုန်းပဲ။ ဟီဘာက တကယ်ကို ဘာအရသာမှ မခံတတ်ဘူး"
"စစ်သင်္ဘောတွေနဲ့ ခံတပ်တွေက အကောင်းဆုံး အလှဆင်မှုတွေပါ" မယ်လီကစ်က ပြန်ဖြေသည်။ အေးမီစ် ဘေးတွင် ဟန်ရှောင်းကို မြင်လိုက်သောအခါ သူ့မျက်လုံးများ အရောင်လက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ "ဘလက်စတား၊ ငါတို့ မကြာခင် ပြန်တွေ့ကြမယ်လို့ ငါပြောသားပဲ"
ဟန်ရှောင်းက မျက်ခုံးပင့်ကာ မသိချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။ "ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျားကို အရင်က မတွေ့ဖူးပါဘူး"
"..."
တခြားသူတွေက လှည့်ကြည့်ပြီး သူ့ကို စိုက်ကြည့်နေကြသည်။
"ဟုတ်ပါပြီ၊ ငါနောက်လိုက်တာပါ" ဟန်ရှောင်းက နှုတ်ခမ်းကို တွန့်လိုက်သည်။
သွေးစွန်းကုန်းမြေမှ လူများသည် တကယ်ကို စိတ်ဝင်စားစရာကောင်းပြီး တွေ့တွေ့ချင်း သူတို့ကို ခွဲထုတ်ရန် ကြိုးစားနေကြသည်။ မယ်လီကစ်သည် ဘလက်စတားနှင့် ယခင်က သီးသန့်တွေ့ဆုံဖူးကြောင်း အရိပ်အမြွက်ပြရန် ထိုသို့သော မရေရာသည့်လေသံကို တမင်သက်သက် အသုံးပြုခဲ့ခြင်းဖြစ်သည်။
ဟန်ရှောင်းက သူ မယ်လီကစ်နှင့် အရင်က တွေ့ဖူးကြောင်း အေးမီစ်ကို မပြောပြခဲ့ပေ၊ အေးမီစ်ကလည်း သူမဘက်မှ တစ်စုံတစ်ယောက် အခိုးခံရဖူးသည်။ ယခင် ဖြစ်ရပ်ကြောင့် သူမသည် ဤကိစ္စနှင့် ပတ်သက်၍ အလွန် အကဲဆတ်နေသင့်သည်။ သူမ ယုံကြည်ရသော အရာရှိက သွေးစွန်းကုန်းမြေနှင့် နောက်တစ်ကြိမ် သီးသန့်တွေ့ဆုံခဲ့ကြောင်း သူမသိပါက သူမသည် သူ့ကို သဘောကျမည် မဟုတ်ပေ။
‘မယ်လီကစ်က ဦးနှောက်သေးသေးလေးနဲ့ လူရိုင်းလို ပုံစံပေမယ့် တကယ်တော့ သူက တော်တော်ယုတ်မာတာပဲ မဟုတ်လား။’
‘ကောင်းပြီလေ၊ ငါဒါကို မှတ်ထားမယ်။’
စာစဉ် (၃၉)၊ အခန်း (၆၀၆) ပြီး၏။
လင်းဆက်
+++++