← Chapters

အခန်း (၁၈-၂၀)

Vol. 2 Ch. 18-20

အခန်း (၁၈-၂၀)

Vol. 2 Ch. 18-20

အခန်း (၁၈)။

"ညလမ်းလျှောက်ခြင်းနယ်ပယ်ကို ဒီလောက်မြန်မြန် ဝင်ရောက်နိုင်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ တာအိုကျမ်းဂန်တွေမှာ ကျင့်ကြံသူတွေဟာ ညလမ်းလျှောက်ခြင်းနယ်ပယ်ကို ရောက်ဖို့ အနည်းဆုံး တစ်နှစ်လောက် စိတ်ကို တည်ငြိမ်အောင် ပြုစုပျိုးထောင်ဖို့ လိုတယ်လို့ ဆိုထားတယ်။ ငါ ဘယ်လိုလုပ် ဒီလောက် မြန်မြန်ဆန်ဆန် ရောက်နိုင်တာလဲ"

ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်သွားပြီး အပြင်သို့ လွင့်မျောသွားသည်။ သူသည် အရမ်းသက်တောင့်သက်သာ ဖြစ်မူကို ခံစားရပါသည်။

ယင်းက ပူအိုက်သည့်နေ့တွေမှာ ရေကစားနေသည့်အတိုင်း သက်သောင့်သက်သာ ဖြစ်မူကို ခံစားရခြင်း ဖြစ်သည်။

ရှေ့သို့ လွင့်မျောသွားစဉ် သူ၏ခြေထောက်များသည် မြေပြင်မှ တစ်ပေ သို့မဟုတ် နှစ်ပေခန့်သာ ရှိသည်။ သူသည် ကိုယ်အလေးချိန် ဝန်မပိသလို ခံစားခဲ့ရသော်လည်း သူ့ခန္ဓာကိုယ်နှင့် လမ်းလျှောက်ခြင်းအတွက် ခိုင်မာသော ခံစားချက်မျိုး မရှိပေ။

တံခါးများနှင့် နံရံများက သူ့ကို မတားဆီနိုင်။ အတွေးတစ်ချက်ဖြင့် သူ ဖြတ်သန်းခဲ့သည်။

စိတ်ဝိညာဉ်သည် ပုံသဏ္ဍာန်မရှိ၊ မမြင်နိုင်သော အတွေးတစ်ခု ဖြစ်သည်။ တံခါးများနှင့် နံရံများက ၎င်းကို မည်သို့တားဆီးနိုင်မည်နည်း။

“တချို့စာအုပ်တွေက တစ်ညအတွင်းမှာ မိုင်တစ်ထောင် ခရီးထွက်တယ်လို့ ဆိုကြတယ်။ တာအိုကျင့်ကြံသူတစ်ယောက်ဟာ တစ်စုံတစ်ယောက်နဲ့အတူ မျက်နှာချင်းဆိုင် ထိုင်နေ တယ်လို့ဆိုထားတယ်။ တစ်ရက်အကြာမှာ သူနိုးလာခဲ့ပြီး မိုင်ထောင်ချီ အကွာဝေးက အဖြစ်အပျက်ကို သူ ပြောပြခဲ့တယ်။ သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်ကို လွင့်ထုတ်ပြီး နောက် အချိန်တစ်ရက် အသုံးပြုပြီး၊ သူပြန်မလာခင် မိုင်ထောင်ချီ ခရီးနှင်ခဲ့တယ်လို့ သူက ဆိုတယ်။ အဲဒီလူက သူ့ကို မယုံပါဘူး။ ဒါပေမယ့် တစ်လကြာတော့ မိုင်ထောင်ချီဝေးတဲ့ အရပ်မှာ သတင်းတစ်ခု ထွက်လာတယ်။ ထိုသတင်းက ထိုတာအိုကျင့်ကြံသူ ပြောခဲ့တဲ့ သတင်းနဲ့ အတူတူပဲတဲ့။ ငါ ငါ့စိတ်ဝိညာဉ်နဲ့ မိုင်တစ်ထောင်ခရီး သွားနိုင်ပါ့မလားလို့ သိချင်မိသား။ ငါ့စိတ်ဝိညာဉ်ကို ဘယ်လောက်မြန်မြန် လွင့်မျောနိုင်မလဲ ကြည့်ရအောင်။”

ဤအရာက သူ့စိတ်ဝိညာဉ်သည် ညဘက်တွင် ပထမဆုံးအကြိမ် ခရီးနှင်ခြင်း ဖြစ်သည်။ ဟုန်ယွိက အရမ်းဆန်းသစ်သည်ဟု ခံစားရသည်။

အတွေးတစ်ချက်နှင့်အတူ သူ့စိတ်ဝိညာဉ်သည် ရုတ်တရက် လွင့်ပျံသွားကာ လွှင့်မျော သည့် အရှိန်လည်း တိုးလာခဲ့သည်။

"ဘာလို့ ဒီလောက် ခက်နေတာလဲ"

သူ့စိတ်ဝိညာဉ်က ပျံတက်လာပြီး အရှိန်မြှင့်လိုက်သည်နှင့် ဟုန်ယွိသည် အသက်ရှူမဝသ လို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်သည် လေတိုက်၍ လွင့်ပါပြီး၊ အေးစက်သွားသလို ခံစားလိုက်ရသည်။

သူ့အတွေးတွေကို အမြန်ရပ်လိုက်ရပါသည်။

"ငါက လူတစ်ယောက် အမြင့်လောက်ကနေ ပျံသန်းပြီး သာမန်လူတစ်ယောက်လို ပြေးလွှားနေရုံပါ။ ဘာလို့ ဒီလောက် အဆင်မပြေရတာလဲ။ တစ်ရက်မှာ မိုင်ထောင်ချီ ခရီးထွက်လို့ မပြောနဲ့ဦး။ ဒါက လမ်းလျှောက်ထွက်တာနဲ့ ဘာမှသိပ်မကွာခြားသေးဘူး။ သေချာတာက၊ ငါ့စိတ်ဝိညာဉ်က လုံလောက်အောင် မသန်မာသေးဘူး။ ဒါပေမယ့်, အမိတ္တဘကျမ်းစာပါ ကျင့်ကြံခြင်းနည်းလမ်းက တကယ်ကို အန္တရာယ်များတယ်။ ဦးနှောက်ထဲ့ ကြယ်တွေရဲ့စွမ်းအား ဝင်ရောက်နေတဲ့ မြင်ကွင်းကို ပုံဖော်ပြီး၊ ပုံရိပ်ယောင် တွေ ဖန်တီးကာ အဲဒီပုံရိပ်ယောင်တွေထဲ မကျရောက်အောင် ထိန်းချုပ်ထားရတာ။ တကယ်လို့, ငါမထိန်းနိုင်ခဲ့ရင် ငါ့စိတ်ဝိညာဉ်က ပျက်ဆီးသွားလိမ့်မယ်။ ဒါက တကယ်ကို အစစ်မှန်တိုင်းပဲ။ တာအိုကျမ်းဂန်တွေမှာလည်း အရိုးဖြူဘုရားကျောင်း၊ အသုရာဘုရား ကျောင်း၊ ကျောက်စိမ်းပျိုဘုရားကျောင်း၊ တက်လှမ်းခြင်းဘုရားကျောင်း စသည်တို့ကို လည်း မှတ်တမ်းတင်ထားတယ်။ ဒါပေမယ့် ငါ အဲဒါတွေအကုန်လုံးကို တွေ့ကြုံခဲ့ရပုံပဲ။ ဒီအမိတ္တဘသုတ္တန်က ဂိုဏ်းပညာရပ်အားလုံးရဲ့ အရင်းအမြစ် ဖြစ်တယ်ဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး”။

ဟုန်ယွိသည် တာအိုကျမ်းကို ဖတ်ရှုခဲ့ပြီး၊ ၎င်းတို့တွင် မှတ်တမ်းတင်ထားသော စိတ်ဝိညာဉ် ကို အားကောင်းစေရန် စိတ်ကူးပုံဖော်နည်းများစွာ ရှိသည်ကို သူသိထားသည်။

ဥပမာအားဖြင့်၊ အရိုးဖြူစိတ်ကူးပုံဖော်ခြင်း - သင့်ကိုယ်သင် ပုပ်ပွနေပြီး ယင်ကောင်များနှင့် လောက်ကောင်များ ဖုံးလွှမ်းနေသည့်ပုံစံဖြင့် သင့်ကိုယ်သင် ပုံဖော်ကြည့်ပါ။ သင်၏ ကြောက်စိတ်ကို ဖယ်ရှားရန် သင်၏အရိုးဖြူများကို ဖော်ထုတ်လိုက်ပါ။

နောက်ဥပမာတစ်ခုက၊ - ကျောက်စိမ်းပျို စိတ်ကူးပုံဖော်ခြင်း- ကျောက်စိမ်းအပျို အမျိုးသမီးကို ပွေ့ဖက်ထားဟန်ဖြင့် သင့်ကိုယ်သင် မြင်ယောင်ကြည့်ပါ။ ကျောက်စိမ်း အပျိုမလေးသည် ဆွဲဆောင်မှုရှိသော လှုပ်ရှားမှုပုံစံမျိုးစုံကို ပြုလုပ်နေသော်လည်း သင်သည် စိတ်မလှုပ်ရှားပါနှင့်။ ဤအရာက သင်၏စိတ်နှလုံးကို ရေခဲတမျှ အေးစက် အောင် လေ့ကျင့်ပေးနိုင်ပါလိမ့်မည်။

နောက်ထပ်ဥပမာက၊ အသုရာစိတ်ကူးပုံဖော်ခြင်း- ရာနှင့်ချီသော သရဲတစ္ဆေများနှင့် ထောင် သောင်းမကသော နတ်ဆိုးများအလယ်တွင် အနည်းငယ်မျှ အကြောက်တရားမရှိဘဲ သင့်ကိုယ်သင် မြင်ယောင်ကြည့်ပါ။ ထိုမြင်ကွင်းက ကြောက်စရာလည်း ကောင်းပါသည်။

ဥပမာနောက်တစ်မျိုးကား၊ တက်လှမ်းခြင်း စိတ်ကူးပုံဖော်ခြင်း- ကောင်းကင်ယံမှာ စိတ်ဝိညာဉ် တက်လှမ်းနိုင်ရန် လမ်းညွှန်ပေးသည့် ကြီးမားသော စွမ်းအင်တစ်ခု ရှိနေ ကြောင်း မြင်ယောင်ကြည့်ပါ။ တက်လှမ်းမည့် အတွေးအကြံများကို တွန်းလှန်၍ မှားယွင်း သော နားလည်မူများကို ပယ်ရှားပစ်ပါ။

ဟုန်ယွိသည် အမိတ္တဘသုတ္တန်ကို ကျင့်ကြံနေချိန်၌ သူသည် ထိုပုံရိပ်ယောင်များ အားလုံး ကို တွေ့ကြုံခံစားခဲ့ရပုံရသည်။ တစ်နည်းဆိုရသော် အမိတ္တဘသုတ္တန်၏ ကျင့်ကြံမှုသည် စက္ကန့်ပိုင်းအတွင်းမှာပင် များပြားလှသော နည်းစနစ်များကို လွှမ်းခြုံထားပါသည်။

“အစ်ကို၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဟုန်ယွိကို သူ့အဖေက ရုတ်တရက် ဆင့်ခေါ်ခဲ့တယ် လို့ ငါ ကြားလိုက်ရတယ်။ သူ နွေဦးပေါက်ရာသီမှာ အင်ပါယာစာမေးပွဲအတွက် ပြင်ဆင်နိုင် ဖို့ သူ့ကို စာရင်းကိုင်ကို ငွေစတစ်ရာ ပေးခိုင်းသေးတယ်။ ဒီနောက်ကွယ်မှာ ဖုံးကွယ်ထား တဲ့ အခြားအဓိပ္ပါယ်တွေများ ရှိနေမလား။ အဖေက ဟုန်ယွိကို တန်ဖိုးထားလာပြီလား။ အဖေက သူ့ကို ဘယ်တော့မှ ဂရုစိုက်ခဲ့တာမဟုတ်ဘူး။”

ဟုန်ယွိသည် အိမ်ထောင့်မှ လွင့်မျောကာ တောင်ဘက်သို့ လှည့်ထွက်သွားသည်။

အချိန်က ညနက်နေပြီ။ မီးပုံးများဖြင့် လှည့်ပတ်ကြည့်ရှုနေကြသော အစေခံများမှလွဲ၍ စံအိမ်ကြီးတွင်းရှိ အခြားသူများ အိပ်ပျော်နေကြသည်။

သို့သော် ဟုန်ယွိသည် ရုတ်တရက် စကားပြောသံကို ကြားလိုက်ရသည်။

အသံက အနီရောင် တံတိုင်းကြီးများအတွင်းရှိ ခြံဝင်းကျယ်ကြီးမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ခြံဝင်းထဲမှ လက်သီးထိုးသံနှင့် ခြေကန်သံများအပြင် စကားစမြည်ပြောသံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

စကားဝိုင်းတစ်ခုဟု သူ အမှန်ပင် ပြောနိုင်ပါသည်။

စံအိမ်ကြီး၏တောင်ဘက်ရှိ ခြံဝင်းကို လန်ထျန်းခြံဝန်းဟု ခေါ်သည်။ တတိယဇနီး မဒမ်ရုန်၏ နေအိမ်ဖြစ်သည်။

စံအိမ်ကြီးထဲမှာ ဇနီးသုံးယောက် ရှိပါသည်။ ပထမဇနီး မဒမ်ကျောက်သည် စံအိမ်ကြီး၏ အလယ်တွင် နေထိုင်သည်။ ပထမဇနီးတွင် သားနှစ်ယောက် ရှိသည်။

ဒုတိယဇနီး မဒမ်ဖန်းသည် အိမ်တော်အရှေ့ဘက်ခြမ်း လန်ထျန်းခြံဝန်းတွင် နေထိုင်ပါသည်။ သူမတွင် သမီးလေး ဟုန်ရွှေ့ကျောင်း တစ်ယောက်သာ ရှိသည်။

တတိယဇနီး မဒမ်ရုန်သည် တောင်ဘက်ခြမ်း လန်ထျန်းခြံဝန်းတွင် နေထိုင်ခဲ့သည်။ သူမမှာ သားတစ်ယောက် ရှိသည်။

ကျန်ကိုယ်လုပ်တော်များသည် အနောက်ဘက်၌ နေထိုင်ကြ၏။ သူမတို့သည် ဇနီးသုံးယောက်ကဲ့သို့ သီးခြားနယ်မြေများကို မသိမ်းပိုက်နိုင်ကြ ချေ။ အစေခံများ၊ အစောင့်များ၊ အိမ်စောင့်များ၊ စာရင်းကိုင်များ၊ အိမ်အကူများအားလုံး မြောက်ဘက်ထောင့်တွင် စုဝေးနေထိုင်ကြသည်။

ဟုန်ယွိသည် နံရံကို ဖြတ်ကျော်သွားပြီး၊ သူသည် လက်သီးနှင့် ခြေထောက်များကို အသုံးပြုကာ လက်ရည်စမ်းနေသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ယောက်က သစ်မာမျက်ခုံးတုတ်ကို ဝှေ့ယမ်းပြီး၊ ကျန်တစ်ယောက်က လက်သီးနှင့် ခြေထောက်တွေကို အသုံးပြုကာ လေ့ကျင့်နေပုံရသည်။ နှစ်ယောက်စလုံးသည် ပိုးထည်နှင့် ဖဲဝတ်စုံကို ဝတ်ဆင်ထားပြီး၊ သူတို့ပုံစံက အားမာန်အပြည့်နှင့်ပင်။

သူတို့ နှစ်ယောက် အပြန်အလှန် တိုက်ခိုက်ကြပြီး၊ အနည်းငယ် ဖလှယ်ပြီးနောက် ရပ်တန့် ကာ စကားစပြောကြသည်။

ဟုန်ယွိက ထိုလူနှစ်ယောက်ကို မှတ်မိပါသည်။ တုတ်ကိုင်ထားသူမှာ တတိယဇနီး မဒမ်ရုန်၏သား ဟုန်ဂီဖြစ်ပြီး၊ တုတ်ကို လက်ဗလာဖြင့် ပိတ်ဆို့ထားသူမှာ မဒမ်ရုန်၏ ဆွေမျိုး ရုန်ဖန်း ဖြစ်သည်။

ဟုန်မိသားစု၏ မျိုးနွယ်စုကျောင်းတွင် အတူတူကျောင်းတက်နေစဉ် ဤလူနှစ်ယောက်ကို မြင်ဖူးသည်။

"သခင်လေးဂီ၊ မင်း ဒီလိုလူမျိုးကို ဒေါသထွက်နေဖို့ မလိုပါဘူး။”

ရုန်ဖန်းသည် နှစ်ယောက်သား စကားစမြည်ပြောရင်း တိုးတိုးလေး ပြောသည်။

"ဟမ့်၊ ဒီသခင်လေးက အဖေနဲ့တွေ့ဖို့ မလွယ်ဘူး။ မလွယ်တဲ့အပြင်၊ ငါက မိသားစုရဲ့ အပြစ်ပေးခံရပြီး နှစ်ဝက်လောက် အိပ်ရာထဲမှာ အိပ်နေခဲ့ရတယ်" ဟုန်ဂီ၏ မျက်လုံးများ တွင် နာကြည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ “ဒီဟုန်ယွိဟာ ဖခင်နဲ့တစ်ကြိမ်တွေ့ပြီး ဆုကြေးငွေ ချီးမြှင့်ခံခဲ့ရတယ်။ စာရင်းကိုင်ဆီကနေ ငွေစတစ်ရာတောင် ပေးခဲ့တယ်။ သူက မိသားစုရဲ့ နိမ့်ပါးတဲ့ သားတစ်ယောက်သာသာပဲလေ။ သူ့မှာ ခရိုင်အရာရှိတစ်ယောက် ဖြစ်လာဖို့ ဘာအခွင့်အရေးရှိလဲ။ ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူး” ဟုန်ဂီက မုန်းတီးစွာ ပြောသည်။

ရုန်ဖန်းက ရယ်မောလိုက်သည်။ "သခင်လေးဂီ မင်း ဒေါသထွက်နေဖို့ မလိုပါဘူး။ မြို့စားက သူ့ကို ကိုယ်ခံပညာ လေ့ကျင့်ဖို့ ခွင့်မပြုဘူးလို့ ငါကြားတယ်။ တော်ဝင်ချန်မင်းဆက်မှာ ပညာရှင်တွေက အရာရှိတွေပဲ ဖြစ်လာနိုင်တယ်။ နောင်မှာ၊ သခင်လေးဂီက ကိုယ်ခံပညာ လေ့ကျင့်တဲ့အခါ, သခင်လေးအနေနဲ့ ပိုပြီးလေ့လာနိုင်ဖို့ စစ်တပ်ရဲ့ ကိုယ်ခံပညာ ဟောပြောပွဲခန်းမကို သွားနိုင်တယ်။ စစ်တပ်မှာ မြို့စားရဲ့ ကျော်ကြားမူ, အဆက်သွယ်နဲ့ဆို အနည်းဆုံးတော့ သခင်လေးက တပ်မှူးဖြစ်လာနိုင်ပါတယ်လေ။ တိုက်ပွဲအနည်းငယ် တိုက်ခိုက်အနိုင်ယူပြီးနောက်, သခင်လေးက မြို့စားတစ်ဦး ဖြစ်လာနိုင်မယ်မဟုတ်လား။ ဒါဆို ဒီဟုန်ယွိ စာမေးပွဲတွေအောင်ပြီး အရာရှိတစ်ဦး ဖြစ်လာရင်ကော ဘာဖြစ်လဲ။ ဘယ်သူသိမှာလဲ, တကယ်လို့, သူသာ ဧကရာဇ်မင်းကို စိတ်မချမ်းမသာဖြစ်စေပါက, ကွပ်မျက်ခံရနိုင်သလို, ပြည်နှင်ဒဏ်လည်း ပေးခံရနိုင်လေ။ တော်ဝင်ချန်မင်းဆက်က ပညာရှင်တွေအပေါ်, နာမည်ခံ လေးစားပေမယ့်၊ လူတွေကို သတ်ဖြတ်ပြီး နေအိမ်တွေ သိမ်းဆည်းတာနဲ့ ပတ်သက်လာချိန်မှာ ကျွန်တော်တို့က သက်ညှာမှာ မဟုတ်ဘူးလေ”။

“မင်း ဒီလိုပြောပေမယ့် ငါ့စိတ်ထဲမှာ ဒေါသတွေကို မျိုသိပ်ထားရတုန်းပဲ" ဟုန်ဂီက တုတ်ကို မြေပြင်သို့ ထိုးစိုက်လိုက်သည်။

“ဝမ်းကွဲအစ်ကို မင်းက ဘာကိုကြောက်တာလဲ။ သူက သေသွားတဲ့ ကိုယ်လုပ်တော် တစ်ဦးရဲ့ သားပဲလေ။ အရင်က ကျွန်တော် သူ့ကို အကယ်ဒမီမှာ မြင်ဖူးပါတယ်။ တကယ်လို့, အစ်ကိုဝမ်းကွဲက သူ့ကို သဘောမကျရင် အကယ်ဒမီပြန်ဖွင့်တဲ့အခါ သူ့ကို ရိုက်ဖို့ အခွင့်အရေးရှာမယ်လေ။”

“တကယ်ကို နတ်ဘုရားတွေက စောင့်ကြည့်နေတာပဲ။ သတိလက်လွတ် လျှို့ဝှက် အကြံစည်ကို နတ်ဘုရားတွေက သေချာပေါက် သိလိမ့်မယ်။ ဟမ့်..”

ဟုန်ယွိသည် ထိုစကားကိုကြားသောအခါ သူ့နှလုံးသားထဲတွင် အေးစက်စွာ ရယ်မောလိုက် သည်။ မြို့စားဝူဝမ်နှင့် တွေ့ဆုံပြီးနောက် သူ့ကို တိတ်တဆိတ် မနာလိုသူ ရှိလာလိမ့်မည် ဟု သူ မထင်ထားခဲ့မိပါဘူး။

သို့သော် ဤဟုန်ဂီသည် တစ်ချိန်က အရက်မူးပြီး မြို့စားဝူဝမ်မှ ရုတ်တရက် ခေါ်ဝေါ်ခြင်း ခံရကြောင်း ဟုန်ယွိ နားလည်ခဲ့သည်။ ထို့ကြောင့် မိသားစုစည်းမျဉ်းဖြင့် ရိုက်နှက်ခြင်း ခံခဲ့ရသည်။

ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေကြောင်း ကြားသောအခါ ဟုန်ယွိသည် လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူ့စိတ်ဝိညာဉ်က တဖန် လွင့်ပျံလာခဲ့သည်။

သူ့စိတ်ဝိညာဉ်သည် အရှေ့ဘက် ရင်ပြင်ဆီသို့ လွင့်မျောသွားသည်။

အရှေ့ရင်ပြင်၏ "ယွန်းတင်အိမ်" သို့ သူရောက်ရှိစဉ်တွင် ဟုန်ယွိသည် ပြင်းထန်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ တစ်ယောက်ယောက် ပေါက်ကွဲပြီး ကြွေပန်းအိုးကို ရိုက်ခွဲလိုက်သလိုပင်။ ထိုနောက်မှာတော့ ပေါက်ကွဲအက်သံတွေ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာသံကို ကြားလိုက်ရပါသည်။ အထဲမှာ ဘာတွေဖြစ်နေမှန်း မည်သူမှ မသိနိုင်ပေ။

ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်ကို တဖန် လွင့်မျောစေခဲ့ပြီးနောက်၊ ခြံဝင်းအလယ်တွင် ကိုယ်ခံပညာ လေ့ကျင့်နေသည့် ဟုန်ရွှေ့ကျောင်းကို တွေ့လိုက်ရပါသည်။

ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး တောက်ပသော ကြယ်ရောင်များသာ ထွန်းလင်းနေသည်။

ဟုန်ရွှေ့ကျောင်း၏ ရုပ်ပုံသည် ဘယ်ညာ လှည့်ပတ်နေသည်။ လက်သီးထိုးချက်တိုင်းနှင့် လှုပ်ရှားမှုတိုင်းက ထိုကဲ့သို့ အသံများ ထွက်ပေါ်လာစေပါသည်။ ထိုအသံများသည် လက်သီးထိုးချက်မှ လေလှိုင်းများ ပေါက်ကွဲသွားသည့်အတိုင်း၊ သူမ၏ခန္ဓာကိုယ်ရှိ အရိုး များ လှုပ်ခါသွားသည့်အတိုင်းပင်။

မြေပြင်မှာ စာအုပ်တစ်အုပ် ရှိနေသည်။ ၎င်းစာအုပ်တွင် လူရုပ်များ၏ လှုပ်ရှားမှုများနှင့် စကားလုံးများ၊ မှတ်ချက်များ အများအပြား ပါရှိသည်။

ဟုန်ယွိသည် စူးစမ်းချင်စိတ် ပြင်းပြပြီး အဖုံးကို ဖွင့်ကြည့်ချင်မိသည်။ သို့သော် သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားသောကြောင့် စာအုပ်ကို မဖွင့်နိုင်ပေ။

ဤအခိုက်တွင်၊ ဟုန်ရွှေ့ကျောင်း၏ ခန္ဓာကိုယ်သည် လေပြင်းများနှင့်အတူ ဖြတ်ကျော် သွားခဲ့သည်။ စာအုပ်လှန်သွားချိန် ဟုန်ယွိသည် "ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီး" ဆိုသည့် စကားလုံးကို မြင်လိုက်ရပါသည်။

အခန်း (၁၉)။

“ကျားနတ်ဆိုးအရိုးပုံသွင်းခြင်း လက်သီးလား။ ဒါက ဒိုင်ဇင်ဘုရားကျောင်းက အရိုးပုံသွင်း ခြင်းရဲ့ အဆုံးစွန်သော ပညာတစ်ခုမဟုတ်လား။ ဇိယွဲ့တောင် ရယူနိုင်ခြင်းမရှိဘဲ ပျံသန်းနေ သော စိတ်ဝိညာဉ် အရိုးပုံသွင်းခြင်းပညာရပ်ကို လေ့ကျင့်ခဲ့ရတယ်။ သူက သူ့အရိုးတွေကို သံမဏိလို မာကျောတဲ့နယ်ပယ်ကို ရောက်ရှိအောင် အချိန်သုံးနှစ်ကြာ အသုံးပြုခဲ့ရတယ်။ ဘာကြောင့် ဒီမှာရှိနေတာလဲ”။

မြေပြင်ပေါ်မှ "ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးပညာရပ်"ကို မြင်လိုက်ရတော့ ဟုန်ယွိသည် အနည်းငယ် အံ့ဩသွားသည်။ သူသည် ထိုစာအုပ်ကို ဟာကူဇိယွဲ့ထံမှ ယခင် က ကြားဖူးခဲ့ပြီး၊ ၎င်း၏ဇစ်မြစ်နှင့် တိကျသော အကျိုးသက်ရောက်မှုများကိုလည်း သိရှိထားခဲ့သည်။ သို့သော် သူသည် သိုင်းကျမ်းများထဲမှ "အမိတ္တဘသုတ္တန်”ကို ရရှိပြီးကတည်းက လျှို့ဝှက်ကျမ်းစာများအပေါ် တုန်လှုပ်ချောက်ချားမှုက လျော့ကျသွားခဲ့ပါပြီ။

ကျမ်းစာတွေက မည်မျှပင် လျှို့ဝှက်နက်ရှိုင်းပါစေ ကျင့်ကြံမှုကို အဆင့်ဆင့် လုပ်ဆောင်ရ ပါမည်။ တစ်ကြိမ်တည်းဖြင့် ပြီးမြောက်နိုင်သည့်အရာ မဟုတ်ပါဘူး။

"ဇိယွဲ့က ငါ့ကို နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်ကို သင်ကြားပေးခဲ့တယ်။ အဲဒါက ကြွက်သား၊ အရွတ်တွေနဲ့ အရေပြားတွေကို လေ့ကျင့်ပေးတဲ့ ပညာရပ်တစ်ခုပဲ။ ဒါ့အပြင်၊ အဲဒီပညာရပ်က ငါ့ကို အများဆုံး သိုင်းစစ်သည်တော်နယ်ပယ်အထိပဲ ရောက်ရှိစေနိုင် တယ်။ တကယ်လို့, ငါသာ နောက်ထပ် ခြေတစ်လှမ်းထပ်လှမ်းပြီး သိုင်းသခင်တစ်ယောက် ဖြစ်လာချင်ရင်၊ အရိုးပုံသွင်းခြင်းရဲ့လျှို့ဝှက်ချက်ကို လေ့လာရမယ်။ ဒါပေမယ့် ဒီ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်း လက်သီးစာအုပ်ကို ဖွင့်ကြည့်လို့လည်း မရဘူး။"

သေချာပါသည်၊ "ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီး"ပညာရပ်က အရေးကြီးကြောင်း ဟုန်ယွိ သိပါသည်။ ဤစာအုပ်သည် သိုင်းစစ်သည်တော်နှင့် သိုင်းသခင်နယ်ပယ်အထိ သိုင်းပညာရှင်များအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

"ဝှီး….”

ဟုန်ယွိသည် လက်သီးချက်စာအုပ်ဆီသို့ ချဉ်းကပ်နေစဉ်မှာ ဟုန်ရွှေ့ကျောင်းက ရုတ်တရက် လက်သီးတစ်ချက် ထိုးလိုက်ပါသည်။ သူမလက်သီးချက်က လေထဲကို အပြင်းထန် ထိုးနှက်သွားခဲ့ပြီး၊ လေထုကို ပေါက်ကွဲစေခဲ့သည်။

"မကောင်းတော့ဘူး။"

ဟုန်ယွိ၏ ထိတ်လန့်မှုက အသေးဖွဲ့ကိစ္စ မဟုတ်ပေ။ သူသည် သူ့မျက်နှာကို စူးစူးဝါးဝါး ရိုက်ခတ်လာသော လေလှိုင်းတစ်ခုကို ခံစားလိုက်ရပါသည်။ သူ့တစ်ကိုယ်လုံး မီးဖိုနှင့် နီးကပ်နေသလို သို့မဟုတ် ဆေးထိုးအပ်တစ်သောင်းဖြင့် ထိုးခံရသကဲ့သို့ ခံစားရပါသည်။ သူ့တစ်ကိုယ်လုံး စိတ်မသက်မသာခံစားရပြီး သူ့စိတ်ဝိညာဉ်က ပြန့်ကျဲလုမတတ်ပင်။

ပြင်းထန်သော စိတ်မသက်မသာ ဖြစ်မှုများကြားတွင် ဟုန်ယွိသည် အတွေးတစ်ခု ဝင်လာ ပြီး၊ သူ့စိတ်ဝိညာဉ်သည် နောက်ဆုံးတွင် လွှင့်မျောသွားခဲ့သည်။

"ယန်ချီ လွှမ်းမိုးကြီးစိုးခြင်း, စိတ်ခွန်အားပြည့်ဝခြင်းက သရဲတစ္ဆေတွေ မချဉ်းကပ်နိုင်ဘူး ဆိုတာ နောက်ဆုံးတော့ ငါ သိသွားခဲ့ပြီ။"

ဆုတ်ခွာပြီးနောက်၊ ဟုန်ရွှေ့ကျောင်းသည် သူ့ကို ရှာမတွေ့ကြောင်း သူ သိလိုက်သည်။ ယင်းအစား၊ သူမသည် အစောပိုင်းက လေ့ကျင့်နေစဉ်မှာ သူ၏စိတ်ဝိညာဉ်နှင့် နီးကပ်နေခဲ့ သည်။ ပြင်းထန်သော ယန်ချီက သူ့အတွက် အသက်ရှူရခက်စေခဲ့သည်။

အကယ်၍, တစ္ဆေသရဲများနှင့် ဝိညာဉ်များ ဒုက္ခပေးချင်သည်ဆိုလျှင်ပင်, သူတို့ ဘာမှ မလုပ်နိုင်သည့်လူ နှစ်မျိုးသာရှိပါသည်။ ပထမတစ်မျိုးမှာ တစ္ဆေသရဲနှင့် ဝိညာဉ်တို့၏ အခြေခံ သဘောတရားများကို နားလည်သဘောပေါက်ပြီး၊ ဖြောင့်မတ်သော စိတ်နှလုံး ရှိသူများ ဖြစ်သည်။ ဒုတိယတစ်မျိုးကတော့ ကြံ့ခိုင်သန်စွမ်းသော ရုပ်ခန္ဓာကိုယ်နှင့် စိတ်ခွန်အားပြည့်ဝကြည့်လူများ ဖြစ်ပါသည်။

ဟုန်ရွှေ့ကျောင်းသည် ဒုတိယအမျိုးအစား ဖြစ်သည်။

ဟုန်ယွိသည် ယခုအချိန်တွင် တစ္ဆေသရဲမဟုတ်သော်လည်း၊ သူသည် အနည်းနှင့်အများ တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပါသည်။

ထိုအကြောင်းကို သတိရပြီးနောက် ဟုန်ယွိသည် ဟုန်ရွှေ့ကျောင်းအနီးသို့ မချဉ်းကပ်တော့ ပါဘူး။ ယင်းအစား သူသည် ခြံဝင်းဘက်သို့ လျှောက်သွားကာ ဟုန်ရွှေ့ကျောင်း၏ လက်သီးချက်များနှင့် ကိုယ်ဟန်အနေအထားအားလုံးကို မှတ်သားခဲ့သည်။

သူသည် ပျံ့လွင့်နေသော ဝိညာဉ်တစ်ဦးဖြစ်သောကြောင့် စာအုပ်များကို လှန်မကြည့်နိုင် ပေ။ သို့သော် ဟုန်ယွိသည် ဟုန်ရွှေ့ကျောင်း လေ့ကျင့်မှုကို ကြည့်ရှုနိုင်သည်။ အကျိုးသက်ရောက်မှုက စာအုပ်ဖတ်ခြင်းထက်ပင် ပိုကောင်းနေပါသည်။ ၎င်းသည် သူ့အား လက်သီးပညာ ရပ်များ သင်ကြားပေးနေသည့် သက်ရှိသိုင်းဆရာတစ်ဦးနှင့် တူနေပါ သည်။

သို့သော် အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် ဟုန်ရွှေ့ကျောင်းသည် သူမ၏ စာအုပ်ကို သိမ်းဆည်းကာ အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ မကြာခင်မှာပင် ဟုန်ရွှေ့ကျောင်းသည် အိမ်အကူကို သူမရေချိုးရန်အတွက် ရေပူယူလာပေးရန် ညွှန်ကြားနေသည့်အသံကို ဟုန်ယွိ ကြားလိုက်ရပါသည်။

“မှန်တယ်။ ငါ့အဖေ ပြန်လာပြီ။ သူက ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်တယ်။ ဒါကြောင့် သူရော နေ့တိုင်း ကိုယ်ခံပညာကို လေ့ကျင့်နေမလားဆိုတာ ငါ သိချင်မိတယ်" ဟုန်ယွိသည် ထိုအကြောင်းကို တွေးမိပြီး၊ သူ့စိတ်ဝိညာဉ်သည် မြို့စားစံအိမ်၏ အလယ်ဗဟိုသို့ လွင့်ပျံသွားခဲ့သည်။

"ဒါ...၊ ဒါက.. ပြင်းထန်တဲ့ ယန်သွေးချီမလား...

သူသည် နံရံကိုဖြတ်၍ မြို့စားစံအိမ်၏ အဓိကအဝင်ပေါက်သို့ ရောက်ရှိစဉ် ဟုန်ယွိသည် မြို့စားစံအိမ်အတွင်းမှာ မီးလောင်ကျွမ်းနေသည့်အလား မြို့စားစံအိမ်၏ အိမ်ခေါင်မိုးပေါ်မှ အနီရောင် ဖျော့ဖျော့ မီးလျှံတစ်ခုကို မြင်လိုက်ရသည်။ သူသည် ပင်မဝင်ပေါက်အနီးတွင် သွေးနံ့ကို ခံစားရလေသည်။

"သိုင်းသူတော်စင်တစ်ယောက်ရဲ့ သွေးချီက အရမ်းကို အစွမ်းထက်တယ်။"

ဟုန်ယွိသည် အိမ်ခေါင်မိုးပေါ်ရှိ အနီရောင် မီးလျှံကို ကြည့်လိုက်သည်။ ၎င်းသည် တကယ့် မီးလျှံမဟုတ်ကြောင်း သူသိသည်။ ၎င်းသည် သူ့စိတ်ဝိညာဉ်က အာရုံခံစားမိသော ပြင်းထန်သည့် ယန်သွေးစွမ်းအင်တစ်ခု ဖြစ်သည်။

ယန်ချီသည် ကောင်းကင်ယံကို ဖြိုခွင်းပြီး မြေကြီးကို ဖုံးအုပ်ထားနိုင်လောက်အောင် ပြင်းထန်သည်။ ဟုန်ယွိ၏ လွင့်မျောနေသော စိတ်ဝိညာဉ်သည် တံခါးဝသို့ပင် မဝင်နိုင်ချေ။

တစ်ဖန် သူ့အဖေ မြို့စားဝူဝမ်မည်မျှ ကြောက်စရာကောင်းသည်ကို သူ ခံစားမိပြန်သည်။ ထိုခံစားချက်က သူ့ခြေထောက်တွေ ဂျယ်လီကဲ့သို့ ပျော့ပျောင်းသွားသည့် ထိုနေ့က ခန်းမထဲမှ အဖြစ်ပျက်ထက် ပိုလေးနက်ပါသည်။

"ငါက ညလမ်းလျှောက်ခြင်းအဆင့်ကို ရောက်ရုံပဲရှိသေးတယ်။ ဒီလောက် အစွမ်းထက်တဲ့ သွေးချီနဲ့ အနီးကပ်သွားဖို့ နည်းလမ်း မရှိဘူး။ ငါ ပြန်သွားတာ ကောင်းပါတယ်။"

ဟုန်ယွိ၏စိတ်ဝိညာဉ်သည် နောက်သို့ပြန်လှည့်၍ လွင့်မျောနေချိန်တွင် သူ့တစ်ကိုယ်လုံး ရုတ်တရက် အေးစိမ့်သွားပါသည်။ သူ့ကို စိုက်ကြည့်နေသကဲ့သို့ အေးစက်သည့် ခံစားချက် မျိုး ရှိနေခဲ့သည်။

"ဘယ်စိတ်ဝိညာဉ်က ငါ့ကို စူးစမ်းနေတာလဲ"

ဤအခိုက်အတန့်တွင် အတွင်းမှ ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီး၊ ထိုအသံက ဟုန်ယွိ၏ စိတ်ထဲသို့ ရောက်ရှိလာသည်။

ဟုန်ယွိက ဤအသံသည် သူ့အဖေ ဟုန်ရွှန်ကျိ၏အသံဖြစ်သည်ဟု ပြောနိုင်ပါသည်။

သူ့ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ။

"မြို့စားဝူဝမ်ဟာ တကယ်ကို ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက်ပဲ။ သူက သိုင်းသူတော်စင်ကို ဖန်တီးနိုင်တဲ့ လူတစ်ယောက်ဖြစ်တယ်။ သူက ငါတို့ လျှို့ဝှက် စောင့်ကြည့်နေတာကို အမှန်တကယ် ခံစားသိရှိနိုင်တယ်.."။

ဟုန်ယွိသည် အမှောင်ထောင့်ထဲသို့ လွင့်မျောသွားသည်နှင့် အနက်ရောင်ဝတ်ထားသော အမျိုးသားနှစ်ယောက်သည် အခန်း၏တစ်ဖက်ခြမ်းမှာ ရုတ်တရက် ပေါ်လာသည်။

အနက်ရောင်ဝတ်စုံဝတ် နှစ်ယောက်သည် ခန္ဓာကိုယ် အလယ်အလတ်ရှိသူများ ဖြစ်သည်။ သူတို့၏ဆံပင်များကို အလယ်တွင် အဖိုးတန်ကျောက်မျက်ဆံညှပ်ဖြင့် ချည်နှောင်ထားကာ ၎င်းတို့သည် တာအိုဘုန်းတော်ကြီးများဖြစ်ကြောင်း ညွှန်ပြနေသည်။

“ဟမ့်၊ မင်းတို့က ဘယ်တာအိုဂိုဏ်းကလဲ။ ညနက်သန်းခေါင်ချိန် ငါ့အိမ်ထဲ ခိုးဝင်ပြီး ငါ့အခန်းထဲ ဝင်လာဖို့ ဝိညာဉ်ပုံသွင်းနည်းကိုတောင် အသုံးပြုခဲ့တယ်။ မင်းတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ မင်းတို့ကို ငါ့အခန်းထဲ အလွယ်တကူ ဝင်ခွင့်ပြုလိုက်ရင် ငါ့ကို သိုင်းသူတော်စင်လို့ခေါ်ဖို့ မထိုက်တန်တော့ဘူး။”

ဟုန်ရွှန်ကျိ၏ မကျေမနပ်အသံ ထွက်ပေါ်လာသည်။

"အသက်မဲ့တာအို ရွမ်ယီ"

"လေဟာနယ်တာအို ရွှမ်ကျန်း"

အနက်ရောင်ဝတ် တာအိုဘုန်းကြီးနှစ်ပါးက သူတို့၏နာမည်တွေနှင့် ဂိုဏ်းခွဲတွေကို အသီးသီး တင်ပြပြီးနောက် ပြောသည် "မင်းကိုသတ်ဖို့ ငါတို့ ရောက်လာတာ"။

"အသက်မဲ့တာအိုဂိုဏ်းလား၊ လေဟာနယ်တာအိုဂိုဏ်းလား။ ဒီမကောင်းဆိုးဝါးဂိုဏ်းတွေက ဘယ်က ရောက်လာတာလဲ။ ငါတို့ တော်ဝင်ချန် မင်းဆက်မှာ၊ အင်ပါယာတရားရုံးကနေ တရားဝင် အပ်နှင်းထားတဲ့ ရှေးရိုးစွဲတာအိုဂိုဏ်းတွေက တိုင်ရှန်ဂိုဏ်းတာအိုဂိုဏ်း၊ အမှန်တရား တာအိုဂိုဏ်းနဲ့ ဖန်ရှင်းတာအိုဂိုဏ်းတို့ပဲရှိတယ်။ အသက်မဲ့တာအိုဂိုဏ်း ဒါမှမဟုတ် လေဟာနယ်တာအိုဂိုဏ်းဆိုတာ မရှိဘူး။ ဒီလူပြက်ဂိုဏ်းဆိုး တွေက လူတို့တွေရဲ့စိတ်နှလုံးကို မငြိမ်မသက်ဖြစ်စေပြီး၊ အင်ပါယာတရားရုံးက အရာရှိတွေကို လုပ်ကြံသတ်ဖြတ်ကာ၊ အင်ပါယာတရားရုံးကို ပရမ်းပတာ ဖြစ်စေချင်တာလား။ ဟုန်ရွှန်ကျိ၏အသံက ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် စံအိမ်၏ ပင်မတံခါးက ပွင့်လာပြီး၊ ပိုးထည်ဝတ်ရုံနှင့် ခရမ်းရောင်ရွှေ သရဖူကို ဝတ်ဆင်ထားသည့် အမျိုးသား တစ်ဦးသည် တံခါးဝတွင် ပေါ်လာပါသည်။ သူ့နောက်ကျောက ဖြောင့်စင်းနေပြီး၊ သူ့ပုံစံက နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ခံ့ညားလှသည်။

“မြို့စားဝူဝမ် ဟုန်ရွှန်ကျိ”

ဟုန်ရွှန်ကျိ တံခါးဝမှာ ပေါ်လာသည့်အခိုက်မှာ....။

ဝှီး..၊ ဝှီး...။

ခြေလှမ်းတစ်ရာအကွာမှ ဓားအလင်းတန်းနှစ်ခု လင်းလက်သွားသည်။ ၎င်းတို့သည် တာအို ဘုန်းကြီးနှစ်ပါး၏ နောက်ကျောတွင် အဖိုးတန်ဓားနှစ်လက် ဖြစ်သည်။ သူတို့သည် မည်သည့် လှုပ်ရှားမူမှ ရှိပုံမပေါ်ဘဲ အဖိုးတန်ဓားတွေက ရုတ်တရက် ဓားအိမ်ထဲမှ ထွက်ပြီး အပေါ်ကို ပျံထွက်သွားပါသည်။ ဓားများသည် မြန်လွန်းသဖြင့် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ဓားအလင်းတန်းများ ပျံဝဲလာသည်နှင့်အမျှ ဓားကိုယ်ထည်ပေါ်ရှိ ဂန္ဓမာပန်းကဲ့သို့ တိမ်တိုက်ပုံစံ မှော်သင်္ကေတများကိုပင် မြင်နိုင်ပါသည်။ ဓား၏ချွန်ထက်သော အစွန်းသည် လည်ချောင်းကို လှီးဖြတ်သွားသကဲ့သို့ အသက်ရှူကျပ်သည့်ခံစားချက်ကို ပေးစွမ်းသည်။

သို့သော် ဟုန်ရွှန်ကျိသည် ဤဓားအလင်းနှစ်ချောင်းကို ရင်ဆိုင်ရချိန်မှာ, သူသည် သူ့ညာဘက်လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်သည်။ ကြည်လင်ပြတ်သားပြီး အစက်အပြောက်ကင်းသည့် သူ့လက်က ဓားအလင်းနှစ်ခုစလုံးကို ဖမ်းဆုပ်မိသွားသည်။ သူသည် သူ၏လက်မ၊ လက်ညိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့ကို အသုံးပြုကာ ပျံသန်းနေသော ဓားရှည်နှစ်ချောင်းကို အတင်းအကျပ် ညှပ်ထားခဲ့သည်။

ဤသည်မှာ ကိုယ်ခံပညာ၊ ခွန်အားနှင့် တိကျမှုသက်သက်သာ ဖြစ်သည်။

သူ့လက်ကောက်ဝတ်ကို လှည့်လိုက်သည်နှင့် ဓားနှစ်ချောင်းက သူ့လက်ချောင်းများကြား မှာ လည်သွားပါသည်။ ဟုန်ရွှန်ကျိက သူ့လက်ကို ခါလိုက်သည်နှင့် ဓားနှစ်ချောင်းထံမှ လေတိုးသံကို ထွက်ပေါ်လာပြီး သူ့လက်ထဲမှ လွင့်ထွက်သွားသည်။ ၎င်းတို့၏ အရှိန်သည် အမှန်တကယ် ပျံသန်းနေချိန်ထက် နှစ်ဆ ပိုမြန်ပြီး ပိုပြင်းထန်သည်။

ဘန်း..။ ဘန်း..။

ထိုနှစ်ယောက်ထံမှ သွေးမိုးများ ရွားသွန်းသွားသည်။ ဓားနှစ်ချောင်းက အနက်ရောင်ဝတ် တာအိုဘုန်းကြီးနှစ်ပါး၏ ရင်ဘတ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားပြီး၊ ၎င်းတို့ နောက်ကျောမှ ဖောက်ဝင်သွားကာ၊ တာအိုဘုန်းကြီးနှစ်ယောက်စလုံးကို မြေပြင်ပေါ်သို့ သံမိုသဖွယ် ရိုက်နှက်သွားခဲ့သည်။

"ဟမ့်၊ လူတွေကိုလုပ်ကြံသတ်ဖြတ်ဖို့ ပျံသန်းနိုင်တဲ့ ဓားရှည်တွေကို အသုံးပြုတာက သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေရဲ့ လမ်းစဉ်လေး တစ်ခု ပါပဲ။ ခြေလှမ်းတစ်ရာ အကွာဝေးကနေ လူတွေကို သတ်နိုင်ပေမယ့် လေးလောက် မပြင်းထန်သလို ဒူးလေးလောက်လည်း မမြန်ပါဘူး။ မင်းတို့ကများ ငါ့ကိုလုပ်ကြံရဲတယ်။ ကောင်းကင်နဲ့မြေကြီး အတိုင်းတာ ပမာဏကို မင်းတို့ မသိကြဘူးပဲ။”

ဟုန်ရွှန်ကျိသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် တာအိုဘုန်းကြီးနှစ်ပါး ရှေ့သို့ ရောက်ရှိလာသည်။ တာအိုဘုန်းကြီး၏ ရင်ဘတ်တွေအရ အသက်ရှင်နေသေးသည် ကို မြင်သောအခါ သူက လှောင်ပြောင်ကာ မေးသည်။ "အသက်မဲ့တာအိုဂိုဏ်းနဲ့ လေဟာနယ်တာအို ဂိုဏ်းဆိုတာ ဘာလဲ၊ မင်းတို့ ငါ့ကိုလုပ်ကြံဖို့ ဘာလို့ လာကြတာလဲ။"

"ဟီး.. ဟီး..၊ ဟုန်ရွှန်ကျိ, ကိုယ့်ကိုယ်ကို ကျေနပ်မနေနဲ့။ ယွန်တူး ဘိုင်ကလန်ရဲ့ ဟာကူဇိယွဲ့က ကျောက်စိမ်းမြို့တော်ကို ရောက်ရှိနေပြီလို့ ငါ ကြားထားတယ်။ သူက မင်းနဲ့ တိုက်ခိုက်ချင်နေတာ။ မင်းသူနဲ့ တိုက်ခိုက်ပြီး အားအင်ကုန်ခမ်းနေချိန်မှာ၊ ငါတို့ အသက်မဲ့ တာအိုဂိုဏ်းနဲ့ လေဟာနယ်တာအိုဂိုဏ်းတို့ဆီက အဆုံးမဲ့ လုပ်ကြံသတ်ဖြတ်မူတွေ ရောက်ရှိလာမှာကို စောင့်နေလိုက်ပါ။"

တာအိုဘုန်းကြီးနှစ်ပါးက ခက်ခက်ခဲခဲ စကားပြောသည်။

"ဟာကူဇိယွဲ့လား၊ ယွန်တူးက ဘိုင်ကလန်ရဲ့ အသက် ဆယ့်ငါးနှစ်အရွယ် ကိုယ်ခံပညာ ပါရမီရှင်လား။ သူက ငါရဲ့ ပြိုင်ဘက်ဖြစ်ဖို့ ငယ်ပါသေးတယ်” ဟု ဟုန်ရွှန်ကျိက ဂုဏ်ယူစွာ ပြောသည်။

"ဟား..၊ ဟား..... ဟုန်ရွှန်ကျိ မင်းတကယ် ခေါင်းရှုပ်နေတာလား ဒါမှမဟုတ် မင်းက ခေါင်းရှုပ်ချင် ဟန်ဆောင်နေတာလား။ ဟာကူဇိယွဲ့ဟာ မဟာနတ်ဆိုး အင်မော်တယ် ရှစ်ယောက်ထဲက တစ်ယောက် ဖြစ်ခဲ့ဖူးတယ်... သက်မဲ့မိဘတွေ၊ လေဟာနယ် မွေးရပ် မြေ..."

တာအိုဘုန်းကြီးနှစ်ယောက်သည် ဆက်မထိန်းနိုင်တော့ပါဘူး။ နောက်ဆုံးအခိုက်အတန့် တွင် သူတို့သည် ဤထူးဆန်းသော စကားရှစ်ခွန်းကို ရေရွတ်ကာ သေဆုံးသွားကြသည်။

သူတို့၏ရုပ်အလောင်းများ သေဆုံးသွားသည်နှင့်တပြိုင်နက်၊ ပုံသဏ္ဍာန်မရှိသော ယင်ဝိညာဉ်နှစ်ခုသည် ၎င်းတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ဟုန်ရွှန်ကျိ၏ မျက်လုံးများက ဖျတ်ခနဲလင်းလက်သွားပြီး၊ သူသည် ဤပုံစံမဲ့ ယင်ဝိညာဉ် များကို မြင်နိုင်ပုံရသည်။ သူသည် ယင်ဝိညာဉ်နှစ်ခုကို ရုတ်တရက် ထိုးနှက်လိုက်သည်။

ဘုန်း..။ ဤယင်ဝိညာဉ်နှစ်ခုသည် အစွမ်းထက်သော ယန်သွေးချီကို ခံနိုင်ရည်မရှိတော့ဘဲ ၎င်းတို့၏ဝိညာဉ်များသည် ဤကမ္ဘာမှ ပျောက်ကွယ်သွားကာ ချက်ချင်းပင် ပျက်စီးသွားကြ သည်။

“အင်မော်တယ် မဟာနတ်ဆိုး ရှစ်ပါးထဲမှ တစ်ပါး...

ဟုန်ရွှန်ကျိသည် မျက်လုံးများကို မှိတ်ထားပြီး သူ့အမူအရာမှာ အလွန်လေးနက်နေပါ သည်။

ဟမ်?

ခဏလောက် စဉ်းစားပြီးမှ သူ့မျက်လုံးတွေက ဘေးနားက အမှောင်ထောင့်ကို ကြည့်လိုက် သော်လည်း ဘာမှမတွေ့ရပါဘူး။

"ငါ အခုနက အာရုံပျံ့လွင့်နေပြီး လွင့်မျောနေတဲ့ ဝိညာဉ်တစ်ခုကို လွှတ်ထားလိုက်မိပုံ ရတယ်။"

"အသက်မဲ့ မိဘတွေ … လေဟာနယ် ဇာတိမြို့.. "

ဟုန်ရွှန်ကျိသည် ဤစာကြောင်းနှစ်ကြောင်းကို ရေရွတ်လိုက်ပြီး နောက်တစ်ကြိမ် လေးလေးနက်နက် စဉ်းစားမိပြန်သည်။

"အသက်မဲ့တာအိုဂိုဏ်း၊ လေဟာနယ်တာအိုဂိုဏ်း. ယွန်တူး. ဘိုင်ကလန် ဟာကူဇိယွဲ့ မဟာနတ်ဆိုးကြီး ရှစ်ယောက်၊ နန်းတော်ထဲက မြေခွေးဖြူ... တစ်ခုခုတော့ မူမမှန်ဘူး..."

ဤအခိုက်အတန့်တွင် အသံဗလံများ ထွက်ပေါ်လာပြီး မြို့စားစံအိမ်၏ နေအိမ်တစ်ခုလုံး သည် မီးရှူးမီးများ ထွန်းတောက်ကာ အစောင့်အကြပ်များစွာ ပြေးလာကြသည်။ ၎င်းတို့ အထဲတွင် သံမဏိချပ်ဝတ်တန်ဆာ၊ သံမဏိခမောက်များနှင့် သံမဏိဓားရှည်များကို ကိုင်ဆောင်ထားသည့် ထိပ်တန်း ကိုယ်ခံပညာရှင်များ ပါရှိနေပါသည်။

အပိုင်း (၂၀)။

"လုပ်ကြံသတ်ဖြတ်သူတွေကို ဒီမြို့စားက သတ်ပြီးသွားပြီ။ မိသားစုကို အနှောင့်ယှက် မဖြစ်စေဖို့အတွက် သိပ်ပြီး ဆူဆူညံညံ မဖြစ်စေနဲ့။ အလောင်းတွေကို သင်္ဂြိုဟ်လိုက်ပါ။ ဒူးလေးအစောင့်တပ်ဖွဲ့နဲ့ မိုဆေဘာအစောင့်တပ်ဖွဲ့ ပြန်ဆုတ်ခွာပါ။”

မီးရှူးမီးတိုင်များမှ အလင်းရောင်သည် မြို့စားဝူဝမ်၏ ကျောက်စိမ်းသဖွယ် မျက်နှာပြင်ကို ရောင်ပြန်ဟပ်နေသည်။

မြေကြီးပေါ်တွင် ရင်ဘတ်တွေမှာ ဓားရှည်များစိုက်ဝင်နေသော တာအိုဘုန်းကြီးနှစ်ပါး ရှိသည်။

ဟုန်ရွှန်ကျိ၏နောက်တွင် ဆေဘာကိုင်စစ်သည်တော်တစ်တန်းက မတ်တပ်ရပ်နေပါ သည်။ သူတို့သည် လေးလံသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော်လည်း သားမွှေးအင်္ကျီကဲ့များသို့ လွယ်ကူစွာ အသက်ရှုနိုင်ကြသည်။ သူတို့ခန္ဓာကိုယ်မှ အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်နေသည်။

၎င်းတို့သည် မြို့စားစံအိမ်ကြီး၏ ထိပ်တန်းအစောင့်များ ဖြစ်သည့် "မိုဆေဘာ အစောင့် တပ်ဖွဲ့” ဖြစ်သည်။

လက်ထဲတွင်ရှိသော ဆေဘာများသည် လက်လေးလုံး ဗျက်ကျယ်ပြီး လူတစ်ဦးနီးပါး ရှည်သည်။ သူတို့သည် လူတစ်ယောက်နှင့် မြင်းတစ်ကောင်ကို တစ်ခြမ်းခွဲနိုင်ဟန်ဖြင့် ထိုနေရာတွင် ခက်ထန်စွာ ရပ်နေကြပါသည်။

၎င်းတို့သည် အထူး "မိုဆေဘာအစောင့်တပ်ဖွဲ့" များ ဖြစ်သည်။ ဟုန်ရွှန်ကျိ ငယ်စဉ်အခါက သူသည် "မိုဆေဘာအစောင့်တပ်ဖွဲ့" ခြေလျင်တပ်သားရှစ်ရာကို ဦးဆောင်ခဲ့ပြီး ယွန်မင် အင်ပါယာ၏ အနက်ရောင်သံချပ်ကာဝတ် တပ်သားတစ်ထောင်ကို အနိုင်ယူကာ ဒဏ္ဍာရီ တစ်ခုကို ဖန်တီးခဲ့သည်။

ယခုဆိုလျှင် စံအိမ်ကြီးထဲတွင် "မိုဆေဘာအစောင့်တပ်ဖွဲ့" အယောက်သုံးဆယ်သာ ရှိသော်လည်း ၎င်းတို့အားလုံးသည် တစ်ချိန်က "မိုဆေဘာအစောင့်တပ်ဖွဲ့”၏ လက်ရွေး စင်များဖြစ်ကာ ဟုန်ရွှန်ကျိ၏ ကိုယ်ရံတော်များ ဖြစ်ကြသည်။

" မိုဆေဘာအစောင့်တပ်ဖွဲ့ " ထဲက တစ်ယောက်ယောက်က စစ်သားဒါဇင်ပေါင်းများစွာကို လက်ဗလာဖြင့် တိုက်နိုင်သည့် ကိုယ်ခံပညာ ကျွမ်းကျင်ပညာရှင်များ ဖြစ်သည်။

သံချပ်ကာအပြည့်နှင့် သွေးသောက်ဆေဘာကို ကိုင်ဆောင်ထားချိန်မှာဆို ပြောစရာပင် မလိုတော့ချေ။

လူသေကောင်များနှင့် သွေးပင်လယ်များကြားမှ ပေါ်ထွက်လာသော ဤကိုယ်ခံပညာရှင် များသည် တပ်သားတစ်ထောင်ကို အလွယ်တကူ တွန်းလှန်နိုင်ကြသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ မြှားတွေကိုဆွဲကိုင်ပြီး အစောင့်အကြပ် သုံးဆယ်ကနေ လေးဆယ်လောက်က ပတ်ဝန်းကျင်မှာ ပြန့်ကျဲပြီး နေရာယူထားခြင်း ဖြစ်သည်။ ၎င်းတို့သည် အချိန်မရွေး ပစ်ခတ်နိုင်ရန် အသင့်ဖြစ်နေပြီး နေရာတိုင်းကို စူးစူးစိုက်စိုက် ချိန်ရွယ်ထားကြသည်။

၎င်းတို့သည် မြို့စားစံအိမ်၏ “ဒူးလေးအစောင့်တပ်ဖွဲ့" ဖြစ်သည်။

သူတို့လက်ထဲတွင်ရှိသော လေးထောင့်များသည် အနီရောင်နက်နက်ရှိပြီး ချိန်ရွယ်ရန် အမှတ်အသားများ ပါရှိသည်။ တင်းမာသော လေးကြိုးများက စွမ်းအားအပြည့် ရှိနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် မြှားက လူ့ခန္ဓာကိုယ်ကို ထိုးဖောက်နေပြီဟု ခံစားရလိမ့်မည်။

ဤသည်မှာ တော်ဝင်ချန်မင်းဆက်မှ အထူးပြုလုပ်ထားသော "နတ်ဘုရားဒူးလေး" ဖြစ်သည်။ ၎င်းသည် ကျောက်သုံးလုံး (ပေါင်သုံးရာ) ရှိသည်။ သိုင်းပညာရှင်တစ်ဦးပင်လျှင် လေးညှို့ကိုဖွင့်ရန် ၎င်းတို့၏ခြေထောက်များကို အားကန်ကာ အသုံးပြုရမည် ဖြစ်သော် လည်း ဤဒူးလေးကိုင်စစ်သည်တော်များသည် သူတို့လက်ဖြင့် အလွယ်တကူ ဆွဲဖွင့်နိုင်ကြ သည်။

"နတ်ဘုရားဒူးလေး"သည် ခြေလှမ်းငါးဆယ်အတွင်း သံချပ်ကာဝတ်စုံကို ထိုးဖောက် ဝင်ရောက်နိုင်သည်။

မြှားတံသုံးဆယ်မှ လေးဆယ်ထိ တပြိုင်နက် ပစ်ခတ်နိုင်သည်။ အစွမ်းထက်ဆုံး သိုင်းကျွမ်းကျင်ပညာရှင်များပင်လျှင် ပွဲချင်းပြီး သေဆုံးသွားပေလိမ့်မည်။

မိုဆေဘာအစောင့်တပ်ဖွဲ့သည် ၎င်းတို့၏ဆေဘာများကို ဆွဲထုတ်ကာ အရပ်လေးမျက်နှာ ကို စောင့်ကြပ်နေသည်။ ဒူးလေးအစောင့်တပ်ဖွဲ့သည် ၎င်းတို့၏ သံမဏိမြှားများကို ပစ်ခတ်ရန်အသင့် နေရာအနှံ့ ပြန့်ကျဲနေရာယူထားသည်။ ဟုန်ရွှန်ကျိသည် ထိုနေရာတွင် ရပ်နေသည်။ မီးအလင်းရောင်တွင် သူသည် ပိုးထည်ဝတ်ထားပြီး ခရမ်းရောင်ရွှေသရဖူကို ဝတ်ဆင်ထားသည်။ သူသည် ဘယ်တော့မှ ပြိုလဲခြင်းမရှိသည့် ကိုယ်ခံပညာတစ်ဦးနှင့် တူနေပါသည်။

"မီးတိုင်တွေကို ငြှိမ်းသတ်လိုက်။ မိသားစုကို အနှောင့်ယှက် မဖြစ်စေပါနဲ့။ အလောင်းတွေ ကို ယူသွားပါ။ ဟုန်ရွှန်ကျိ၏စကားကို ကြားပြီးနောက် မိုဆေဘာအစောင့်တပ်ဖွဲ့ ခေါင်းဆောင်က သူ့လက်ကို မြှောက်လိုက်သည်။

ချွပ်…။

ဆေဘာသုံးဆယ်ကို ဓားအိမ်ထဲ ထည့်လိုက်ချိန်မှာ အသံတစ်သံသာ ထွက်ပေါ်လာခဲ့ပြီး ကြောက်စရာကောင်းလောက်အောင် သပ်ရပ်နေပါသည်။

တစ်ချိန်တည်းမှာပင် မီးရှူးမီးများ ငြိမ်းသွားကာ ကြယ်ရောင်များသာ ကျန်တော့သည်။

"မြို့စား, ကျွန်တော် နောက်ကျသွားတယ်။ ကျွန်တော်ကို အပြစ်ပေးပါ မြို့စား"

မိုဆေဘာအစောင့်တပ်ဖွဲ့ ခေါင်းဆောင်သည် ရှေ့သို့ တိုးလာပြီး ဟုန်ရွှန်ကျိရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် ဒူးတစ်ဖက်မြေပေါ်ထိုင်ကာ ဒူးထောက်လိုက်သည်။

သူသည် အပြည့်အဝ ဒူးမထောက်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့ကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာက လေးလံသောကြောင့် အပြည့်အဝ ဦးညွတ်နိုင်စွမ်း မရှိခဲ့ပေ။ တော်ဝင် ချန်မင်းဆက်၏ "အေးခဲသံမဏိ လေးလံချပ်ဝတ်တန်ဆာ"ကို သံမဏိအေးဖြင့် ထုလုပ်ပါ သည်။ အပြည့်အစုံ တပ်ဆင်ပြီးချိန်မှာ အလေးချိန် ၁၂၀ ကီလိုဂရမ် ရှိသည်။ ကိုယ်ခံပညာ ကျွမ်းကျင်သော စစ်ဗိုလ်ချုပ်များသာ ဝတ်ဆင်နိုင်ပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်သေးသည်။

"ငါ လုပ်ကြံသူတွေနဲ့ စကားအနည်းငယ် ပြောခဲ့တယ်။ ပြီးတော့ မင်းက လက်ထဲမှာ ချပ်ဝတ်တန်ဆာတွေ၊ လက်နက်တွေကိုင်ပြီး ထွက်လာပြီ။ ဒီလိုလှုပ်ရှားမှုမျိုးက မင်း တပ်မှာတုန်းကထက် သုံးဆလောက် ပိုမြန်နေပါပြီ။ ငါ မင်းကို ဘယ်လို အပြစ်ပေးနိုင်မှာ လဲ"

မြို့စားဝူဝမ်ဟုန်ရွှန်ကျိက စကားပြောနေရင်း သူ့လက်ကို ယမ်းပြလိုက်သည်။ "မင်းရဲ့ ချပ်ဝတ်တန်ဆာကို ချွတ်ပြီး ပြန်အိပ်လိုက်ပါ။"

"ဒါပေမယ့် မြို့စား၊ မြို့စားရဲ့လုံခြုံရေး.."

"ဒီကမ္ဘာမှာ, ယန်စိတ်ဝိညာဉ် ကျင့်ကြံထားတဲ့ အင်မော်တယ်တွေအပြင်၊ ကိုယ်ခံပညာ အထွတ်အထိပ်အထိ ရောက်ရှိခဲ့ကြတဲ့ လူသားအင်မော်တယ်တွေလည်း ရှိသေးတယ်။ ဒီကမ္ဘာမှာ ဒီလိုလူနှစ်မျိုး ထွက်ပေါ်မလာသေးတာ နှမြောစရာပဲ…"

ဟုန်ရွှန်ကျိက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ "ဟာကူဇိယွဲ့၊ မင်းက ငါ့ကို တိုက်ချင် တာဆိုတော့ ငါ့ကို စိတ်မပျက်စေနဲ့"။

သူ့လက်အောက်ငယ်သားများ ဆုတ်ခွာသွားသည်ကို မြင်လျှင်, ဟုန်ရွှန်ကျိသည် အစောပိုင်းက သူခံစားမိခဲ့သော လှည့်လည်နေသော ဝိညာဉ်အကြောင်းကို တွေးတော လိုက်သည်။ "အဲ့ဒီလှည့်လည်နေတဲ့ ဝိညာဉ်က ငါ့ကြောင့် ဒဏ်ရာရနေပြီ။ သူ လွတ်သွား ရင်တောင် ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ သူ့မြင့်မြတ်ဝိညာဉ်က အရမ်းတုန်လှုပ်ပြီး ပြန်ကုစားနိုင်မှာ မဟုတ်ဘူး။ ဆယ်ရက်, ဆယ်ရက်ကျော်လောက်ဆို မီးစာကုန် ဆီခမ်း သွားလိမ့်မယ်”။

ဟုန်ယွိ၏ လွင့်မျောနေသော စိတ်ဝိညာဉ်သည် တုန်လှုပ်ချောက်ချားနေသော ဝံပုလွေ တစ်ကောင်ကဲ့သို့ ပြင်းထန်စွာ ပြေးထွက်လာခဲ့သည်။

ကံကောင်းထောက်မစွာ၊ သူသည် မမြင်နိုင်, ရစ်ပတ်ဖမ်းဆီး၍မရသည့် စိတ်ဝိညာဉ် ဖြစ်ပြီး၊ နံရံများနှင့် အရာဝတ္ထုများကို အတားဆီးမရှိ ဖြတ်သန်းသွားနိုင်ခဲ့သည်။ မဟုတ်ရင် သူ့ခေါင်းကွဲပြီး သွေးထွက်လိမ့်မည်။

သူသည် မြို့စာစံအိမ်ကြီး၏ အနောက်မြောက်ထောင့်သို့ အပြေးအလွှားသွားပြီး သူနေထိုင် ရာ ခြံဝင်းကျဉ်းလေးတွင် ဆင်းသက်သောအခါ၊ သူ၏ မြင့်မြတ်သော စိတ်ဝိညာဉ်သည် သူ၏အခွံဆီသို့ ပြန်သွားခဲ့သည်။ ဟုန်ယွိကတော့ ထိတ်လန့်တုန်လှုပ်နေဆဲ အခြေအနေမှာ ရှိနေဆဲပင်။ သူ့တစ်ကိုယ်လုံး နှလုံးခုန်နေသကဲ့သို့ ခံစားလိုက်ရပြီး၊ သူ့ဦးခေါင်းက သွေးများဖြင့် ပြည့်နေကာ မူးဝေနေသည်။

ဤအရာက ကပ်ဘေးမှာ ရှင်သန်ရသည့် ခံစားချက် ဖြစ်ပါသည်။

“ပညာရှင်တွေက အေးဆေးတည်ငြိမ်ပြီး အလောတကြီး မလုပ်မိဖို့ အထူး အာရုံစိုက်ကြ တယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဓားတွေ,ပုဆိန်တွေ ရှိနေရင်တောင် နှလုံးခုန်မှာ မဟုတ်ဘူး၊ မျက်ခုံးတစ်ချက် တွန့်မသွားရဘူး။ ငါ ဒီလိုကျင့်ကြံမှုအဆင့်ကို ရောက်ဖို့ အဝေးကြီး လိုနေပုံရတယ်။"

အချိန်အတော်ကြာပြီးနောက်၊ ဟုန်ယွိသည် မတည်နိုင်သေးပေ။ သူသည် အလွန် ပင်ပန်းသော်လည်း အိပ်မပျော်နိုင်။

သူ့ခေါင်းက ရောင်ရမ်းပြီး နာကျင်နေသလို ခံစားရသည်။

“ဒါက ငါ့စိတ်ဝိညာဉ် ဒဏ်ရာပဲ..."

ဟုန်ယွိသည် သူနေထိုင်ရာ ပင်မနေရာကို လှည့်သွားစဉ်, သူသည် အလွန်တုန်လှုပ်သွားပြီး၊ အရူးအမူး ပြေးလွှားခဲ့ရသည့် ဝိညာဉ်အပြင် သူ၏ မြင့်မြတ်သော စိတ်ဝိညာဉ်လည်း ဒဏ်ရာရနေပြီဟု ဟုန်ယွိ သိလိုက်သည်။

အပျော်လွန်ခြင်းက မြင့်မြတ်သော စိတ်ဝိညာဉ်ကို နာကျင်စေ၏၊ ပြင်းပြင်းထန်ထန် နာကျင်ခံစားရခြင်းကလည်း မြင့်မြတ်သော စိတ်ဝိညာဉ်ကို နာကျင်စေ၏၊ ကြီးမားသော အကြောက်ရား, တုန်လှုပ်ခြင်း, အစိုးရိမ်ကြီးခြင်း, ဤအရာအားလုံးတို့သည် မြင့်မြတ်သော စိတ်ဝိညာဉ်ကို လွန်စွာ ထိခိုက်စေ၏။ ဤအရာက ကျင့်ကြံသူတွေသာမက ပညာရှင်များ ပင် သိထားကြသည့်အရာ ဖြစ်ပါသည်။

ပညာရှင်အချို့သည် မိန်းမလှတစ်ဦးကို ရံဖန်ရန်ခါ မြင်တွေ့ရပြီး အိမ်ပြန် ရောက်သောအခါ မစားမသောက်နိုင်ဖြစ်ကာ တစ်နေကုန် တွေးတောနေတတ်သည်။ တစ်လခွဲအတွင်းမှာ သူတို့ ကိုယ်အလေးချိန်သည် ကျသွားခဲ့ပြီး နောက်ဆုံးမှာတော့ ပြင်းထန်သည့် ရောဂါ တစ်ခုနှင့် သေဆုံးသွားပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ စိတ်ဝိညာဉ်သည် ဒဏ်ရာရသွားသောကြောင့် ဖြစ်ပါသည်။

စိတ်ဝိညာဉ် ဒဏ်ရာရပြီးနောက် လူတို့သည် အလွန်ပင်ပန်းကြသော်လည်း ငြိမ်သက်ခြင်း သို့မဟုတ် ကောင်းစွာ အနားယူခြင်း မပြုနိုင်ကြပေ။ နေ့ရောညပါ အိပ်မပျော်၊ မေ့မေ့ ပျောက်ပျောက်နှင့် စိတ်တွေ ရှုပ်ပွနေတတ်သည်။

ဟုန်ယွိသည် သူ့စိတ်ကို ရေမျက်နှာပြင်ကဲ့သို့ ငြိမ်သက်နေသည်အထိ ပြန်လည် ကောင်းမွန်လာစေရန် မဆိုထားနှင့်၊ သူသည် သူ့စိတ်ကို အာရုံမစိုက်နိုင်သလို, တည်ငြိမ် အောင်လည်း မထားနိုင်ခဲ့ပေ။

စိတ်တည်ငြိမ်စေရန် စန္ဒကူးနံ့သာတိုင်ကို မီးထွန်းပြီးနောက် ဟုန်ယွိသည် သူ့လက်ကို တစ်ဖန် ဆေးကြောပြီးနောက် မှင်ကိုကြိတ်ကာ "ငြိမ်" ဟူသော စကားလုံးကို ရေးသားခဲ့ သည်။

သို့သော် အခုအချိန်မှာ ထိုနည်းလမ်းက တကယ်ကို အလုပ်မဖြစ်တော့ပါဘူး။

သူ့စိတ်နှလုံးက မတည်ငြိမ်ပေ။ ယင်းက စာရေးခြင်းအပေါ် သက်ရောက်မူရှိနေပါသည်။ စာလုံးများသည် ကောက်ကွေးနေပြီး အနားစွန်းများက ကြမ်းတမ်းကာ လက်ရေးလှ ရေးပုံက စံမမှီတော့ပေ။

"ငါ့နှလုံးသားက မတည်ငြိမ်တော့ သဘာဝအတိုင်း “ငြိမ်"ဆိုတဲ့ စာလုံးကို ကောင်းကောင်း မရေးနိုင်တော့ဘူး။ ဒီလိုစာမျိုးက ငါ့နှလုံးသားထဲမှာ စိတ်မရှည်တာကို ပြသနေတယ်... အဖေက ငါ့ကို ရှာတွေ့ခဲ့တာလား ဒါမှမဟုတ် သဲလွန်စတွေများ တွေ့သွားမလား မသိဘူး။” ဟုန်ယွိက စားပွဲပေါ်က စိတ်မရှည်စွာ ရေးထားသည့် စာရွက်ကို ကြည့်ပြီး လုံးချေလိုက် ပါသည်။

"ငါ အိပ်မပျော်ဘူး၊ ငါ့စိတ်က မတည်ငြိမ်ဘူး။ ငါ့စိတ်က ဒီတိုင်းနာကျင်နေရင် ငါ့စိတ် ဝိညာဉ် ဆုံးရှုံးသွားလိမ့်မယ်။ ဆယ်ရက်လောက်ကြာရင် ငါ ပင်ပန်းပြီး သေသွားမှာတောင် စိုးရတယ်။" ဟုန်ယွိက ရှိုက်ကြီးတငင် ပြုံးလိုက်သည်။

“ဟင်...၊ အမိတ္တဘသုတ္တန်ကို ကြည့်ကြရအောင်။"

ဟုန်ယွိသည် သူ့ခန္ဓာကိုယ်မှ "အမိတ္တဘသုတ္တန်" ကို ထုတ်၍ အိပ်ယာပေါ်ဖြန့်ကာ အပြင်ဘက် ကြယ်ရောင်အောက်တွင် ရူစားလိုက်ပါသည်။

ဤတစ်ကြိမ်တွင် သူသည် သုတ္တန်၏ အကြောင်းအရာများကို မဖတ်တော့ဘဲ လက်ရေးလှ နှင့် ပန်းချီကို လေးမြတ်သည့် ရှုထောင့်မှနေ၍ အလယ်ရှိ စကားလုံးများနှင့် ပန်းချီကို သီးသန့် ရူစားပါသည်။

“ခေတ်ပြိုင်လက်ရေးလှရေးဆရာ ဝန်ခိုင်ဇီတောင် ဒီစာလုံးတွေကို ရေးနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ငါသာ ဒီလိုလက်ရေးလှစာလုံးမျိုး ရေးတတ်ပါက၊ အင်ပါယာ စာမေးပွဲ ကာလအတွင်း သုတ္တန်ရဲ့အဓိပ္ပာယ်ကို ရေးဖို့မလိုအပ်ဘူး။ ဒီအမိတ္တဘ မြတ်စွာဘုရားရဲ့ ကျက်သရေတော်က လောကမှာ တုနှိုင်းမဲ့ကင်းတယ်။ ဘာသာရေး ရုပ်ပုံတွေကို ပန်းချီဆွဲတတ်သူ ချန်ဒေါင်ဇီတောင် သေချာပေါက် ရေးဆွဲနိုင်မှာ မဟုတ်ဘူး။"

ပန်းချီဆရာကြီး ချန်ဒေါင်ဇီသည် တော်ဝင်ချန်မင်းဆက်တွင် အအောင်မြင်ဆုံး ပန်းချီဆရာ ဖြစ်သည်။ သူသည် ဘာသာရေးရုပ်ပုံများကို ပန်းချီဆွဲရာတွင် အတော်ဆုံး ဖြစ်သည်။ မရေမတွက်နိုင်သော တာအိုဝါဒီများနှင့် ဗုဒ္ဓဘာသာဘုရားကျောင်းများက သူ့ကို အင်မော်တယ်ပန်းချီကားချပ်များ ရေးဆွဲရန် ဖိတ်ကြားခဲ့ကြသည်။ ပန်းချီကားတစ်ချပ်၏ ဈေးနှုန်းသည် ရွှေစသောင်းချီတန်သည်။

“အမိတ္တဘသုတ္တန်သည် မြင့်မြတ်သော သုတ္တန်ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ၎င်း၏ ဂါထာသည် လေးနက်သောကြောင့်လည်း မဟုတ်ပါဘူး။ ကျင့်ကြံမူလမ်းကြောင်း၌ ဖြတ်လမ်းမရှိပေ။ ဂါထာများသည် မည်မျှပင် နက်ရှိုင်းနေပါစေ၊ တစ်ချက်တည်းဖြင့် ယန်စိတ်ဝိညာဉ် နတ်ဘုရားတစ်ပါး ဖြစ်လာရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ဤသုတ္တန်၏ မွန်မြတ်သော အစိတ်အပိုင်းသည် လက်ရေးလှရေးခြင်းနှင့် ပန်းချီ၏ ကျက်သရေ ဖြစ်သည်။ စကားလုံးများနှင့် ပန်းချီတွင် ဗုဒ္ဓဘာသာ၏ အသန့်ရှင်းဆုံး အနှစ်သာရ ပါရှိသည်။ ငါက ဗုဒ္ဓဘာသာကို မကိုးကွယ်ပေမယ့် ဒီလို ပန်းချီစွမ်းရည်နဲ့ ကျက်သရေရှိမှု ကိုတော့ မလေးစားဘဲမနေနိုင်ဘူး...”။

ရုတ်တရက် ဟုန်ယွိသည် နားလည်သွားဖြင့် ဉာဏ်အလင်း တောက်ပလာသည်။

ဖြူစင်သော မျက်လုံးဖြင့် လက်ရေးလှနှင့် ပန်းချီဆွဲခြင်းကို သူသဘောကျသည်။

ဤဉာဏ်အလင်းတန်းများ ပေါ်လာသည်နှင့် တပြိုင်နက် အမိတ္တဘမြတ်စွာဘုရားသည် သူ့စိတ်ထဲတွင် လေးလေးနက်နက် ရေးထွင်းထားသည်။

ဘုန်း…။

ဟုန်ယွိ၏ နက်ရှိုင်းသော စိတ်ဝိညာဉ်ထဲတွင်၊ ရုတ်ချည်းဆိုသလို လေဟာနယ်ထဲမှာ နောက်ထပ် ဗုဒ္ဓတစ်ပါး ရှိလာသကဲ့သို့ပင်။

သူ၏ယခင်ဘဝနှင့်တူသော ဤအတိတ်ဘုရားကို မြင်ယောင်ရင်း ဟုန်ယွိ၏စိတ်သည် ရုတ်တရက် တုနှိုင်းမရလောက်အောင် အေးချမ်းလာ သည်။ သူသည် အဆုံးမဲ့ လေဟာနယ် ထဲ ကျနေရာက်နေသလို ခံစားလိုက်ရပါ။ ကောင်းကင်ကြီးက ကျယ်ပြန့်ပြီး၊ မြေကြီးက လည်း ကျယ်ပြောသဖြင့် လွတ်လပ်စွာ သွားလာနိုင်သည်

ဟုန်ယွိ၏စိတ်သည် အနှိုင်းမဲ့ တည်ငြိမ်သွားပြီး၊ ဝမ်းနည်းမှုကိုလည်း မခံစားရတော့ပေ။ ယင်းအစား၊ သူသည် ပူနွေးသော စမ်းရေတွင်း၌ ရေချိုးနေသကဲ့သို့ သူ၏ စိတ်ဝိညာဉ်သည် နွေးထွေးမှုကို ခံစားရသည်။

သူသည် ချက်ချင်း အိပ်ပျော်သွားပါသည်။ ထိုညတွင် သူသည် အိပ်မက်ခြင်း မရှိပေ။

သူနိုးလာတော့ အပြင်မှာ အလင်းရောင်က တောက်ပနေပါပြီ။

“ငါ ကောင်းကောင်း အိပ်ပျော်သွားတယ်။ အိပ်ပျော်သွားတာနဲ့ ကောင်းကင်ကြီးက တောက်ပနေပုံရတယ်။"

ဟုန်ယွိသည် မနက်ခင်း အိပ်ရာမှ နိုးလာပြီး ကျောကို ဆန့်တန်းလိုက်ပါသည်။ သူ အသက်ရှုလိုက်တိုင်း လန်းဆန်းသွားသလို ခံစားရပါသည်။ ပါးစပ်ကိုဖွင့်ပြီး ရှူသွင်းလိုက် အချိန်မှာ အနံ့အသက်ဆိုးများ မရှိခဲ့ပေ။

မနေ့ညက ဝမ်းနည်းမှု၊ ထိတ်လန့်မှု၊ ပင်ပန်းနွမ်းနယ်မှု၊ အိပ်မပျော်နိုင်မှုတွေက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ယင်းအစား၊ ၎င်းနေရာကို အဆုံးမဲ့ ယုံကြည်မှုနှင့်အတူ စိတ်ကျေနပ်မှုများဖြင့် အစားထိုးသွားခဲ့ပါပြီ။

ဟုန်ယွိသည် ပျက်စီးသွားသော သူ၏စိတ်ဝိညာဉ်က လုံးဝ ပျောက်ကင်းသွားကြောင်း သိလိုက်ရသည်။

အမိတ္တဘသုတ္တန်၏ ကျင့်ကြံမှုသည် ဂါထာများ မည်မျှလေးနက်သည် အပေါ်တွင် မမူတည် ပါ။ အကြီးမားဆုံး အကျိုးသက်ရောက်မှုက သုတ္တန်အတွင်း၌ ပုံတူပန်းချီ ဖြစ်သည်။ ပန်းချီ၏ကျက်သရေကို နားလည်ပြီးနောက်၊ စိတ်ထဲတွင် ဗုဒ္ဓမြတ်စွာကို မြင်ယောင်ခြင်း သည် ထိတ်လန့်ခြင်း အားလုံးကို နှိမ်နင်းနိုင်ပြီး၊ ပျော်ရွှင်မှုကို ဖယ်ရှားကာ၊ ပျက်စီးနေသော စိတ်ဝိညာဉ်ကိုပင် လျှင်မြန်စွာ ပြန်လည်ပြုပြင်နိုင်ခဲ့သည်။

ကျင့်ကြံသူ၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်သွားသောအခါ အမျိုးမျိုးသော ပျက်စီးမှုများ ဖြစ်ပေါ်လာမည်မှာ မလွဲမသွေ ဖြစ်သည်။ သို့သော် အမိတ္တဘသုတ္တန်၏ ပုံတူပန်းချီကို မြင်ယောင်ခြင်းဖြင့် စိတ်ဝိညာဉ်ကို အလျင်မြန်ဆုံး ပြုပြင်နိုင်သည်။

ယင်းက ကိုယ်ခံပညာလေ့ကျင့်သူ တစ်ယောက်လိုပင်။ လေ့ကျင့်ချိန်မှာ အရွတ်နှင့် အရိုးများ ထိခိုက်ဒဏ်ရာရရှိမည်မှာ မလွဲမသွေပင်။ ဒဏ်ရာကနေ ပြန်ကောင်းလာရန် ရက်တစ်ရာခန့် အချိန်ယူရနိုင်သည်။ သို့သော်, အကယ်၍, အံ့ဖွယ်ဆေးတစ်ခုခုရှိခဲ့လျှင်, ပထမနေ့မှာ ဒဏ်ရာရခဲ့သော အရွတ်များသည် ဒုတိယနေ့တွင် အသုံးပြုနိုင်သည်။ သို့တိုင်, ထိုသိုင်းပညာလေ့ကျင့်သူသည် မည်မျှမြန်မြန် တိုးတက်လာမည်နည်း။ သူ မည်မျှ သန်မာလာမည်နည်း။

အမိတ္တဘသုတ္တန်တွင် ဗုဒ္ဓပန်းချီသည် အထွတ်အထိပ် ဖြစ်သည်။ ၎င်းပန်းချီကို လူတစ်ယောက်၏ စိတ်ဝိညာဉ်၌ ပုံဖော်ခြင်းသည် အံ့ဖွယ်ဆေးတစ်မျိုးနှင့် တူညီသော အကျိုးသက်ရောက်မှု ရှိလိမ့်မည်။ ၎င်းသည် စိတ်ကို အေးချမ်းစေရာ၌ အကြီးမားဆုံးသော အကျိုးသက်ရောက်မှု ရှိသည်။

တစ်ညအတွင်းမှာ၊ ဟုန်ယွိ၏ ပျက်စီးနေသော စိတ်ဝိညာဉ်သည် လုံးဝ ပျောက်ကင်းသွားခဲ့ သည်။

ဟုန်ရွှန်ကျိပင်လျှင် ထိုသို့သော အခြေအနေမျိုးကို မျှော်လင့်မထားလောက်ပေ။

All Chapters