← Chapters

ဆင့်ခေါ်ခြင်းများ

Vol. 5 Ch. 57

ဆင့်ခေါ်ခြင်းများ

Vol. 5 Ch. 57

“မကောင်းတော့ဘူးဟေ့... ထွက်ပြေးကြ...”

“သူ့ရဲ့ ပစ်မှတ်က ပို့ဆောင်ရေး ဂိတ် ပဲ...”

ပို့ဆောင်ရေး ဂိတ်တံခါး အတွင်းသို့ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းသာ ရောက်ရှိသေးသည့် အောက်လမ်း မှော်ဆရာများမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။

သို့သော်လည်း ရွှေရောင်မြှားမှာ အသံထက် ပိုမို၍ လျှင်မြန်လှပေသည်။ ၎င်းမှာ မြေပြင်ဆီ ကြွေကျလာသည့် ကြယ်တံခွန် တစ်ခု ကဲ့သို့ပင် ဖြစ်သည်။ ဝင်ရိုးစွန်း သေမင်းရောင်ခြည်က ကောင်းကင်ယံကို ဖြတ်တောက်ခဲ့ သကဲ့သို့ပင် ယခု အခြေအနေမှာ လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

အီသာစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် ပို့ဆောင်ရေး ဂိတ်မှာ အလင်းပြာရောင် အမြှေးပါး တစ်ခုနှင့် တူကာ ၎င်း၏ အစွန်းနှစ်ဖက်မှာ မတူညီသည့် နေရာနှစ်ခု ကို ဆက်သွယ်ထားသည်။

၎င်းကို အောက်လမ်း မှော်ဆရာ ဆယ်ဦးကျော်၏ ပူးပေါင်း အင်အားဖြင့် ဖန်တီးထားခြင်း ဖြစ်ပြီး တစ်ဖွဲ့လုံး၏ ဆုတ်ခွာမှုကို ထောက်ပံ့ရန် လုံလောက်သည်။ ဤဂိတ်မှာ ခိုင်ခံ့မှုနှင့် ကျယ်ပြန့်မှု နှစ်ခုလုံးကို ပိုင်ဆိုင်ထားကာ စကားလက်ဝါဒီဂိုဏ်းမှ အောက်လမ်း မှော်ဆရာများ ဂုဏ်ယူရသည့် ဝိသေသ နှစ်ခုလည်း ဖြစ်သည်။

သို့သော်လည်း.. ထိုပို့ဆောင်ရေးဂိတ်မှာ မည်မျှပင် ခိုင်ခံ့ပါစေ ဖျက်ဆီးခြင်း အဆင့် တိုက်ခိုက်မှုကိုတော့ ယှဉ်ပြိုင်နိုင်စွမ်း မရှိပါချေ။ ဤလမ်းကြောင်းမှာ သူတို့ အတွက် သေမင်းထောင်ချောက် တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အလျှင်အမြန် တုံ့ပြန်နိုင်စွမ်း ရှိသည့် အောက်လမ်း မှော်ဆရာ အချို့မှာ အလင်းပြာရောင် ပို့ဆောင်ရေး ဂိတ် မှ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့သော်လည်း၊ အနည်းငယ် နောက်ကျကျန်ခဲ့သူများလည်း ရှိနေခဲ့သည်။

ကံဆိုးစွာပင်... ဤအနည်းငယ်မျှသော ကွာခြားချက်မှာ သေခြင်းနှင့် ရှင်ခြင်းတို့ကြားမှ ကွာခြားချက်တစ်ခု ဖြစ်လာခဲ့သည်။

ဘုန်း...

မြှားမှာ ပို့ဆောင်ရေး ဂိတ်၏ အစွန်းကို ထိမှန်လိုက်သွားကာ အမြှေးပါးကဲ့သို့သော အပြာရောင် အလင်းသည်လည်း စုတ်ပြဲ သွား၏။ ထို့နောက်... ဂိတ်ပေါက် အတွင်းရှိ အချိန်နှင့် နေရာတို့မှာ မတည်ငြိမ်ဖြစ်လာပြီး စတင် ပျက်ယွင်း လာသည်။

ရွှမ်း...

ဟိုဖက်လည်းမဝင်၊ ဒီဖက်လည်း မလွယ် လမ်းခုလတ်၌ ဖမ်းမိသူများမှာ စက္ကူများကို ကြိတ်ဖြတ်စက် ထဲသို့ ထည့်သွင်းလိုက်သကဲ့သို့ အလယ်မှ ဖြတ်တောက် ခံလိုက်ရ၏။ အသက်ကယ် ပို့ဆောင်ရေးဂိတ်မှာ ယခုအခါတွင်တော့ အီသာ အသားကြိတ်စက် တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

နောက်ဆုံး၌... အသွေးအသား အပိုင်းအစများ မိုးရွာသွန်း သကဲ့သို့ ကျဆင်းလာနေစဉ် ဂိတ်ပေါက်မှာလည်း ပျောက်ကွယ်သွားခဲ့သည်။

ကျန်ရှိနေသေးသည့် အောက်လမ်း မှော်ဆရာ အနည်းငယ်မှာ သူတို့၏ အပေါင်းအဖော်များ အသံတိတ် စုတ်ဖြဲခံနေရသည်ကို ထိတ်လန့်တကြား စိုက်ကြည့်နေမိကြ၏။

မော်ဖီ ၏ မျက်နှာသည်လည်း ရုပ်ဆိုး သွားခဲ့သည်။

လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် နှင့် အမှန်တရား အသင်းတော် မှ စေလွှတ်လိုက်သည့် အဖွဲ့ဝင်များမှာ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။

သို့သော်လည်း ပို့ဆောင်ရေး ဂိတ်ကို ဆုံးရှုံးလိုက်ရခြင်းမှာ သူတို့၏ ထွက်ပြေးရာ လမ်းကြောင်း ကို ဆုံးရှုံးလိုက်ခြင်းပင် ဖြစ်သည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် နှင့် အမှန်တရား အသင်းတော် မှ အဖွဲ့ဝင်များ ရောက်ရှိလာသည်အထိ ထိုအဲ့လ်ဖ်၏ တားဆီးခြင်းကို ခံရပါက လွတ်မြောက်ရန် လုံးဝ လုံးဝ နည်းလမ်း ရှိတော့မည် မဟုတ်ပေ။

“ရွေးချယ်စရာ မရှိတော့ဘူး... နင်တို့ ငါ့ကို ဒီလို လုပ်ခိုင်းတာ...”

မော်ဖီ၏ အကြည့်များက မှောင်မိုက်သွားခဲ့၏။ သူမ၏ နောက်ဘက်ရှိ ထာဝရ အနားယူခြင်း ခေါင်းတလားက ဖြည်းညင်းစွာ ပွင့်လာကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာ ခေါင်းတလား အတွင်းမှ စိမ့်ထွက်လာပုံရသည်။

“ငါ့ရဲ့ အာဟာရ ဖြစ်ကြစေ...”

မော်ဖီက ကောင်းကင်တွင် ရပ်ရင်း စကားလက်ဝါဒီဂိုဏ်း မှ အောက်လမ်း မှော်ဆရာများကို မသွေဖီနိုင်သည့် လေသံဖြင့် အမိန့်ပေးလိုက်၏။

စကားလက် ဂိုဏ်း မှ အောက်လမ်း မှော်ဆရာများမှာ ပထမတွင် တောင့်တင်းသွား သော်လည်း၊ ချက်ချင်း ဆိုသလိုပင် သူတို့၏ မျက်နှာများပေါ်တွင် အစွဲအလမ်းကြီးသည့် အကြည့် တစ်ခု ပေါ်လာခဲ့သည်။

“ကျွန်တော်တို့ မဒမ် မော်ဖီ အတွက် စတေးဖို့ ဆန္ဒရှိပါတယ်”

တစ်ချိန်တည်း၌ သစ်တောဘုံ နယ်နိမိတ် နှင့် ဝင်ရိုးစွန်း သေမင်းရောင်ခြည်တို့ အကြား ထိပ်တိုက်ရင်ဆိုင်မှုမှာ နိဂုံးချုပ်သို့ ရောက်ရှိလာနေခဲ့ပြီ ဖြစ်သည်။

ပြာများ နှင့် ညှိုးနွမ်းခြောက်သွေ့နေသည့် သစ်ပင် အပိုင်းအစများမှာ မိုးရွာသကဲ့သို့ ကျဆင်းလာနေစဉ် သန့်စင်သော အဖြူရောင် အလင်းတန်းမှာလည်း ပိုမို အားနည်း လာနေခဲ့သည်။ ၎င်းတို့က ပျောက်ကွယ်လုမတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

လေထဲရှိ မြူခိုးများနှင့် နှင်းမှုန်များမှာ တစ်ဖန် မိုးရေ အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ စတင် ကျဆင်းလာသည်။

ကျီ...

ထူးဆန်းသော အော်ဟစ်သံနှင့်အတူ ဧရာမ အရိပ် တစ်ခုမှာ ပွင့်ဟလာသည့် ခေါင်းတလား အတွင်းမှ ထွက်ပေါ်လာခဲ့၏။ ထိုဧရာမ အရိပ်ကြီးမှာ လေထဲသို့ မြင့်တက်လာကာ အရှည် မီတာ ၆၀ မျှရှိသော တောင်ပံများကို ဖြန့်ကားလိုက်လေသည်။

၎င်းမှာ မီတာ ၂၀ ကျော် မြင့်မားသည့် ကြောက်မက်ဖွယ် ငှက် သတ္တဝါကြီး တစ်ကောင် ဖြစ်ပြီး တစ်ဝက်တစ်ပျက် ပုပ်ဆွေးနေသော ခန္ဓာကိုယ်ကို အကြေးခွံများ အလွှာလိုက် ဖုံးအုပ်ထားသည်။ ၎င်း၏ ဦးခေါင်းမှာ သွားချွန်ကြီးများ ထိုးထိုးထောင်ထောင် ထွက်နေသည့် ဦးခေါင်းခွံသက်သက်မျှသာ ဖြစ်သည်။ ငှက်ကြီးက လည်ပင်းကို မြှင့်တင်ရင်း ကောင်းကင်ယံသို့ ဦးတည်ကာ အော်ဟစ်လိုက်၏။

၎င်း၏ ခန္ဓာကိုယ်မှ သေခြင်းတရား၏ အနံ့အသက်များ ထွက်ပေါ်နေပြီး လှုပ်ရှားလိုက်တိုင်း ပုပ်သိုးနေသော အသားစများမှာ ကြွေကျနေခ့သည်။ နံစော်သော ပြည်များသည် ၎င်း၏ ခန္ဓာကိုယ်မှ ယိုစီးကျနေကာ ၎င်းမှာ ကျရောက်လာနေသည့်အရာ မှန်သမျှကို စားပစ် နေလေ၏။

ထိုသတ္တဝါကြီးမှာ သေဆုံးသွားခဲ့သော်လည်း ထာဝရ အနားယူခြင်း ခေါင်းတလားထဲတွင် ရှင်သန် ထမြောက်ခွင့် ရရှိခဲ့သည့် ဖျက်ဆီးခြင်း အဆင့် အိပ်မက်သားရဲ ထရာဗယ်လာပင် ဖြစ်သည်။

အိပ်မက်သားရဲ တစ်ကောင်ကို မွေးမြူခြင်း....

ဤသည်မှာ မော်ဖီ ထာဝရ အနားယူခြင်း ခေါင်းတလားကို အမှန်တကယ် အသုံးပြုသည့်ပုံပင် ဖြစ်သည်။ သူမက သတ်ဖြတ်ပြီးသည့် အိပ်မက်သားရဲကို ခေါင်းတလား အတွင်း ထိန်းသိမ်းထားပြီး ၎င်းကို ပြန်လည် ရှင်ပြန်ထမြောက်စေရန် နှင့် ကိုယ်ပိုင် အိပ်မက်သားရဲ တစ်ကောင်ကို ဖန်တီးဖို့ ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဤလုပ်ရပ်က အမှန်တရား အသင်းတော် ၏ စည်းမျဉ်းများကို ချိုးဖောက်နေသည့်အပြင် ထူးခြားသော သက်ရှိများ သဘောတူညီချက်ကိုလည်း ဖောက်ဖျက်ထားသည့် တားမြစ်ချက် တစ်ခု ဖြစ်သည်။

ကျီ...

ထရာဗယ်လာက ပြင်းထန်သည့် အော်မြည်သံ တစ်ခုကို ထုတ်လွှတ်လိုက်ပြီး ၎င်း၏ အတောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်ယံသို့ စတင် ပျံတက်လိုက်၏။ ၎င်း၏ ကျောထက်တွင်တော့ မော်ဖီမှာ သူမ၏ လက်များကို ဆန့်တန်းရင်း ရူးသွပ်သော ပီတိ အကြည့်ဖြင့် သူမ၏ ကိုယ်ပိုင် လက်ရာမြောက်သော ဖန်တီးမှု ကို လေးစားနေခဲ့သည်။

‘တကယ့်ကို ခမ်းနားပြီး ပြီးပြည့်စုံတဲ့ သတ္တဝါပဲ... ဟိုအဲ့လ်ဖ်ကို သတ်ပြီးရင် ထရာဗယ်လာက အိမ်ဘက်ဘုံကို ကျော်လွန်ပြီး ငါ့ရဲ့ ပန်းတိုင်ကို ပို့ဆောင်ပေးလိမ့်မယ်...’

မော်ဖီ ကျေနပ်စွာ ပြုံးလိုက်မိ၏။ သို့သော်လည်း ဤဖြစ်ရပ်အပြီးတွင် ထရာဗယ်လာ အနေဖြင့် မူလ အခြေအနေကို ပြန်လည် ရောက်ရှိဖို့ လအနည်းငယ်လောက် အချိန်ယူရမှာကတော့ နာကျင်ဖွယ် ကောင်းလှသည်။

မော်ဖီ အောက်ဖက် မြေပြင်သို့ ငုံ့ကြည့်လိုက်သော အခိုက်၌ အဲ့လ်ဖ်မှာ နူးညံ့စွာ ပြုံးနေကာ လက်ထဲမှ လှံတံအား မြောက်လိုက်သည်ကို သတိပြုလိုက်မိသည်။

“ညစောင့်မိစ္ဆာ ဆင့်ခေါ်...”

သူမ၏ ရှေ့တွင် အိပ်မက်ဘုံ အက်ကွဲကြောင်း တစ်ခု စတင် ပွင့်လာသည်။ မူလစုန်းမကြီး လေဒီဆစ်ဗာ၏ ကောင်းချီးခံရသည့် မျိုးနွယ်စု တစ်ခု အနေဖြင့် အိုင်းရစ်များမှာ အိပ်မက်ဘုံ ကို ရှာဖွေပြီး ဖွင့်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။

အိပ်မက်ဘုံ၏ နယ်နိမိတ်များကို မူလစုန်းမများက တည်ထောင်ခဲ့ခြင်းဖြစ်လေရာ အိုင်းရစ် မျိုးနွယ်စုထံတွင် ထိုကဲ့သို့သော စွမ်းရည်များ ရှိနေခြင်းက အံ့သြစရာတော့ မဟုတ်ပေ။ သူတို့က အိပ်မက်ဘုံများမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိကြသောကြောင့်သာ အခြေအနေ အများစုတွင် ထိုစွမ်းရည်များကို အလွန်အကျွံ အသုံးမပြုကြခြင်းသာ ဖြစ်သည်။

ပို့ဆောင်ရေးဂိတ် ပျက်စီး၍ ကစဉ့်ကလျား ဖြစ်နေစဉ် အချိန်အတွင်းတွင် ဒိုရစ်မှာ ထိုအခွင့်အရေးကို ရယူကာ နိမတ်ဖတ်ခြင်းကို ပြုလုပ်ခဲ့သည်။

နတ်ဆရာ တစ်ဦးအနေဖြင့် သူမထံတွင် ပုံမှန်အားဖြင့် ကြိုတင်သိမြင်မှု ပုံစံနှစ်မျိုး ရှိသည်။ ပထမတစ်ခုမှာ ‘ဟောကိန်းထုတ်ခြင်း’ ဖြစ်ပြီး အနာဂတ်၏ အရေးကြီးသော ကာလများကို ကြိုတင်ခန့်မှန်းခြင်း ဖြစ်သည်။

ဒုတိယပုံစံမှာ ‘အာရုံခံခြင်း’ ဖြစ်ပြီး ကာလတို ခန့်မှန်းချက် ဖြစ်သည်။ ဤခန့်မှန်းချက်မျိုးမှာ တိကျမှု အဆင့် မြင့်မား သော်လည်း အကျိုးသက်ရောက်မှု ကာလ သည် အလွန် တိုတောင်းလေရာ တိုက်ခိုက်ရေးတွင် အသုံးပြုရန် အသင့်တော်ဆုံး ဖြစ်သည်။

သို့သော်လည်း... နတ်ဆရာ တစ်ဦးထံတွင် သာမန်ထက် ထူးခြားသည့် တုံ့ပြန်နိုင်စွမ်း ရှိရန်လည်း လိုအပ်သည်။ မဟုတ်ပါက... ‘အာရုံခံ’ နိမိတ်များကို မြင်တွေ့ရလျှင် ရချင်းပင် ချက်ချင်း သတ်ဖြတ်ခံရနိုင်သည်။

ဒိုရစ်မှာ မော်ဖီက ထရာဗယ်လာကို ဆင့်ခေါ်လိမ့်မည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပင် ကြိုတင် သိမြင်ခဲ့သည်။

မူလစုန်းမကြီး လေဒီဆစ်ဗာ၏ အကာအကွယ်အောက်တွင် ရှိခဲ့ဖူးသည့် အိုင်းရစ်မျိုးနွယ်စုဝင် တစ်ယောက် အနေဖြင့် သာမန် အောက်လမ်း မှော်ဆရာ တစ်ဦး ဖြစ်သည့် မော်ဖီထက် ပိုမို မြင့်မားသည့် အသိပညာ အဆင့် ရှိနေခြင်းက သဘာဝကျပေသည်။

ထို့အပြင်... အရာအားလုံးကို လုပ်ဆောင်နိုင်ပုံရသည့် ထရာဗယ်လာတွင် အလွန် ကြောက်ရွံ့သည့် ရန်သူ တစ်ဦး ရှိကြောင်းကိုလည်း ဒိုရစ် သိထားသည်။

၎င်းက ညစောင့်မိစ္ဆာပင်...။

***

All Chapters