← Chapters

ရောင်းချခြင်း

Vol. 5 Ch. 59

ရောင်းချခြင်း

Vol. 5 Ch. 59

“စောစောက ကျွန်မတို့ ရပ်ထားတဲ့ အကြောင်းအရာကို ဆက်ပြောလို့ ရမလား... သူဌေး...”

ဒိုရစ်က ယဉ်ကျေး သိမ်မွေ့သည့် လေသံဖြင့် မေးလိုက်၏။

လင်ကျဲက ကိုယ်ပိုင် ရေနွေးခွက်ကို မှုတ်ကာ သောက်ရင်း ခေါင်းညိတ်လိုက်သည်။

“ဒါပေါ့... ခင်ဗျားရဲ့ ပြဿနာကို ကျွန်တော် ကူညီနိုင်ပါတယ်... ဒါပေမဲ့ လွယ်မှာတော့ မဟုတ်ဘူး... အသိအမှတ်ပြုမှု ကို တစ်ဖန် ပြန်လည် ရရှိဖို့က ရှည်လျားပြီး ခက်ခဲတဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်လိမ့်မယ်။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်... ဒါပေမဲ့ အရေးကြီးဆုံးကတော့ ခင်ဗျားတို့ အားလုံး ဘယ်လို တုံ့ပြန်ဆောင်ရွက်မယ် ဆိုတာပါပဲ”

ဒိုရစ် စကားကို ခဏမျှ ရပ်လိုက်ရင်း ဒိုရစ်၏ စကားလုံးများကို ပြန်လည် စီစဉ်ကာ ကောက်ချက်ချလိုက်သည်။ သူမမှာ အိုင်းရစ် မျိုးနွယ်စု ဟု ခေါ်သည့် တော်ဝင် မျိုးနွယ်စု တစ်ခုမှ ဖြစ်သည်။ အတိတ်၌ သူတို့မှာ ခမ်းနားလှသည့် ဂုဏ်ကျက်သရေကို ပိုင်ဆိုင်ခဲ့သည်။

သို့သော် ကံမကောင်း အကြောင်းမလှစွာဖြင့် မျိုးနွယ်စု အမှတ်တံဆိပ်၏ အမှန်တကယ် အဓိပ္ပာယ်မှာ ပျောက်ဆုံးသွားခဲ့သည်။ ဖြစ်နိုင်သည်က... ၎င်းမှာ မျိုးနွယ်စု၏ သမိုင်းမှတ်တမ်းများ နှင့်အတူ ပါသွားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ အခြား တော်ဝင် မျိုးနွယ်စုများကပါ သူမတို့ကို အသိအမှတ်ပြုခြင်း တဖြည်းဖြည်း ရပ်တန့်လာကာ ဆုတ်ယုတ်ပြီးရင်း ဆုတ်ယုတ် လာခဲ့သည်။

သမိုင်း ကွာဟချက်များ ကို ပြန်လည် ထူထောင်ခြင်း နှင့် ဖြည့်ဆည်းခြင်းမှာ အတော်လေး ကြီးမားသော လုပ်ငန်း တစ်ခု ဖြစ်သည်။ ဤသခင်မလေးမှာ ကျိကျစ်ရှို့ကို ယုံကြည်သောကြောင့် သူ့ထံ လာရောက် ရှာဖွေခြင်း ဖြစ်ပေလိမ့်သည်။

လင်ကျဲမှာ ပါရမီပါသူ တစ်ယောက် မဟုတ်သော်လည်း မျိုးနွယ်စု တံဆိပ်ပညာကိုတော့ အနည်းငယ်မျှ သိရှိသည်။ ထိုထက် ပို၍ ဆိုရပါက... လင်ကျဲမှာ မိတ်ဆွေတစ်ယောက်၏ အကူအညီဖြင့် ‘အခြေခံ အမှတ်တံဆိပ် အဖွဲ့အစည်း’ ထံမှ ခွင့်ပြုချက် ရရှိအောင် ကြိုးပမ်းခဲ့ပြီး ‘အမှတ်တံဆိပ်နှင့် အမှတ်အသားများ’ ဟု ခေါ်သည့် စာအုပ် တစ်အုပ်ကို ‘အခမ်းအနားများနှင့် ဓလေ့ထုံးတမ်းများ’ ဟုခေါ်သည့် သူ၏ အခြား စာအုပ်တစ်အုပ်နှင့် စီးရီးလိုက် ရောင်းချခဲ့သည်။

လင်ကျဲ ထိုစာအုပ်ကို နောက်ဖက် စာအုပ်စင်မှ ဆွဲထုတ်ကာ အဲ့လ်ဖ် မိန်းမငယ်လေးထံ ကမ်းပေးလိုက်သည်။

“ဒါကို သေချာလေး ဖတ်ပါ... ကျိန်းသေ အကူအညီဖြစ်ပါလိမ့်မယ်... ဂုဏ်သိက္ခာကို ပြန်ရဖို့ ဆိုတာက လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး”

ဒိုရစ်တစ်ယောက် ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် စာအုပ်ကို လှမ်းယူလိုက်၏။ စာအုပ် မျက်နှာဖုံးပေါ်ရှိ ထူးဆန်းသော သင်္ကေတက ချက်ချင်းပင် သူမ၏ အကြည့်များကို ချက်ချင်း ဆွဲဆောင် သွားခဲ့သည်။

၎င်းက ပုံပျက်နေသည့် ကြယ်ငါးပွင့် ပုံသဏ္ဌာန် ရှိကာ ဗဟိုချက်မှ နေ၍ သူမ၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်နေပုံရသည်။ မြင့်မြတ်သည့် အရှိန်အဝါများမှာ ထိုသင်္ကေတမှ လျှံကျနေ၏။

စာအုပ်၏ ခေါင်းစဉ်က “အကြီးအကဲ သင်္ကေတ” ဟူ၏။

ထူးဆန်းသော်လည်း တစ်မျိုးတစ်မည် လှပနေသည့် သင်္ကေတကို ဒိုရစ် တစ်ယောက် စွဲစွဲလမ်းလမ်း စိုက်ကြည့်နေမိသည်။ ၎င်းတွင် သန့်ရှင်းမြင့်မြတ်ပြီး ဆန်းကြယ်သည့် မှော်အစွမ်းတစ်မျိုး ပိုင်ဆိုင်ထားပုံရ၏။

နတ်ဆရာ တစ်ဦး ဖြစ်သည့်အတွက် ထိုးထွင်းသိမြင်နိုင်စွမ်းနှင့် ကျယ်ပြန့်သည့် အသိပညာများကို အသုံးပြုကာ ဒိုရစ် ထိုသင်္ကေတနှင့် ဆက်စပ်နေသည့် အဓိပ္ပာယ်များကို ပိုင်းခြားသိရှိလိုက်သည်။

‘ချိပ်ပိတ်ခြင်း’

‘ဆန့်ကျင်ခြင်း’

‘အိပ်မက်ဘုံ’

‘ခိုလှုံရာ’’

နောက်ဆုတ်ခြင်း’...

ဤသင်္ကေတက ထင်ရှားစွာပင်... အိပ်မက်ဘုံ သက်ရှိများကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ လင်ကျဲကတော့ သူ၏ ဝန်ဆောင်မှုအသစ်အကြောင်းကို တွေးရင်း နွေးထွေးသည့် အပြုံး တစ်ခု ပြုံးလိုက်မိ၏။

“ဒီစာအုပ်က ကျွန်တော် ဘာလုပ်ဖို့ လိုအပ်တယ် ဆိုတာကို ခင်ဗျားတို့အားလုံး ပိုပြီး နားလည်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်... ခင်ဗျားတို့အားလုံး ဒါကို မှတ်မိနိုင်မယ်ဆိုရင် အရာရာက ပိုပြီး လွယ်ကူသွားမှာပါ... ကျွန်တော်လည်း အားစိုက်ထုတ်စရာ သိပ်မလိုတော့ဘူးပေါ့”

လင်ကျဲ၏ အတွေးများက ရိုးရှင်းသည်။ သူက ဦးစွာပထမ သူတို့အတွက် သက်ဆိုင်ရာ အကြောင်းအရာအချို့ကို ပြင်ဆင်ပေးမည်။ ဤစာအုပ်ကို ဖတ်ထားပါက သူ့ အနေဖြင့် အဆင့်တိုင်းကို တစ်ခုချင်းစီကို ရှင်းပြ လမ်းညွှန်ပေးစရာ မလိုတော့သည့်အတွက် အခက်အခဲများစွာကို သက်သာစေလိမ့်မည်။

ဆရာလင်မှာ ဖော်ရွေပြီး စိတ်ရင်းကောင်းသော်လည်း အဓိပ္ပာယ်မဲ့သည့် ကိစ္စများဖြင့် သူ၏အချိန်ကို အလဟဿ မဖြုန်းတီးနိုင်ပေ။ မည်သို့ပင်ဆိုစေ အချိန်သည် ရွှေဖြစ်၏။

အတိတ်တုန်းက အမှတ်တံဆိပ်များနှင့် သက်ဆိုင်သည့် စာအုပ်တစ်အုပ်ကို ထုတ်ဝေထားခဲ့ဖူးခြင်းမှာ ယခုအခါတွင်တော့ အတော်လေး အံဝင်ခွင်ကျ ဖြစ်နေသည်။

ပညာရပ်ဆိုင်ရာ အမှတ် တံဆိပ် သင်္ကေတ ပညာရပ် စာအုပ်များနှင့် နှိုင်းယှဉ်ပါက လင်ကျဲ၏ အမှတ်တံဆိပ်များနှင့် အမှတ်အသားများ စာအုပ်မှာ ရိုးရှင်းပေသည်။ သို့သော်လည်း တူညီမှု မရှိဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော်... ၎င်းမှာ အမှတ်တံဆိပ် ယုံကြည်မှု၊ လူမျိုးစုများနှင့် လျှို့ဝှက်ဆန်းကြယ်သည့် အတတ်ပညာများအထိကိုပါ ထိတွေ့ဖော်ပြထားခြင်းကြောင့် ဖြစ်သည်။

၎င်းမှာ ထိုနယ်ပယ်မှ ကျွမ်းကျင် ပညာရှင်များနှင့်အတူ အတွေ့အကြုံမရှိသေးသည့် လူများအတွက်ပါ သင့်လျော်သည်။ ထို့အတွက်ကြောင့်ပင် ၎င်းမှာ လင်ကျဲ၏ လက်ရာများ အားလုံးထဲတွင် အရောင်းရဆုံး စာအုပ်ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

ဒိုရစ်မှာ လင်ကျဲ ပြောလိုက်သည့် စကားကို ကြားလိုက်ရသည့်အခါမှ လှန့်နိုးလာပုံရပြီး စာအုပ်ကို ကောင်တာပေါ်တွင် တင်လိုက်သည်။ ထို့နောက် သူမက အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ရင်း စာအုပ်ကို ဆုပ်ကိုင်ကာ ခေါင်းညိတ်လိုက်သည်။

“နားလည်ပါပြီ... သူဌေးရဲ့ လက်ရာကို ကျွန်မ သေချာဂရုတစိုက် လေ့လာပါ့မယ်”

သူမ၏ မျက်နှာသည် တည်ငြိမ်နေသော်လည်း နှလုံးသားကတော့ တဒိတ်ဒိတ် ခုန်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... သူမမှာ သူမမှာ ‘ကြိုတင်ခန့်မှန်းနိုင်သည့်’ အခြေအနေထဲသို့ ဝင်လုနီးပါး ဖြစ်ခဲ့ကြောင်းကို သတိပြုမိသည်။

ယင်းအရာမှာ နတ်ဆရာ တစ်ဦးအတွက် ယုတ္တိမတန်သည့်အပြင်... သာမန်အသိဉာဏ်ကိုပါ ဆန့်ကျင်နေသည်။

နတ်ဆရာများတွင် ကြိုတင်သိမြင်သည့် ပုံစံနှစ်မျိုးရှိသည်။ ‘ကြိုတင်ခန့်မှန်းနိုင်ခြင်း’ နှင့် ‘ထိုးထွင်းသိမြင်ခြင်း’ တို့ဖြစ်ပြီး ၎င်းတို့ တစ်ခုချင်းစီမှာ အစွန်းနှစ်ဖက်၌ ရပ်တည်နေသည်။

‘ထိုးထွင်းသိမြင်ခြင်း’ ဆိုသည်မှာ လာမည့် နာရီအနည်းငယ် သို့မဟုတ် စက္ကန့်အနည်းငယ် အတွင်း ဖြစ်ပေါ်လာမည့် အရာကို လျင်မြန်စွာ ခန့်မှန်းဖော်ပြနိုင်သည့် ရေတို ထိုးထွင်းသိမြင်မှု စွမ်းအားတစ်မျိုးဖြစ်သည်။

အခြားတစ်ဖက်တွင်မူ... ‘ကြိုတင်ခန့်မှန်းနိုင်ခြင်း’ ဆိုသည်မှာ ပိုမို ရှည်ကြာသည့် အနာဂတ် ကာလတစ်ခုကို ခန့်မှန်းခြင်းဖြစ်သည်။ အခြေအနေအများစုတွင်... ‘ကြိုတင်ခန့်မှန်းနိုင်ရန်’ အတွက် နတ်ဆရာ တစ်ဦးမှာ ကာလရှည်ကြာ ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်သည်။ အချိန်ကာလ ပိုမိုကြာမြင့်လေလေ၊ ကြိုတင်ခန့်မှန်းရန် ပိုမိုခက်ခဲလေလေ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ... ကြိုတင်သိမြင်မှု ပုံစံအားလုံးသည် အလွန်ခက်ခဲ၏။

လောက၌ နတ်ဆရာ အရေအတွက် နည်းပါးရသည့် အခြား အကြောင်းရင်း တစ်ရပ်မှာ မွေးရာပါ ပါရမီ လိုအပ်ချက် အလွန် မြင့်မားသောကြောင့် ဖြစ်သည်။ ပါရမီ မပါပဲ ကြိုးစားအားထုတ်မှုအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုမည် ဆိုပါက အဲ့လ်ဖ်များလို သက်တမ်းရှည် သတ္တဝါများသာ တစ်ခုတည်းသော ချွင်းချက် ဖြစ်ပေသည်။

ယခင်က... လေဒီဆစ်ဗာ၏ သဲလွန်စများကို ရရှိရန်အတွက် ဒိုရစ်မှာ နာရီပေါင်း ဒါဇင်ချီ အချိန်ပေးခဲ့ရသည်။ သို့တိုင်အောင် သူ ရရှိခဲ့သည့် ကြိုတင် သိမြင်မှု အားလုံးက ရိုးရှင်းပြီး မရေမရာသည့် ဟောကိန်းများသာ ဖြစ်သည်။

အနာဂတ်ကို ကြိုတင်ခန့်မှန်းရန် နတ်ဆရာ တစ်ဦး အတွက် မည်မျှခက်ခဲသည်ကို သံသယဖြစ်စရာမလိုပေ။ သို့သော်လည်း... ယခုအခါတွင်မူ မည်သည့်ပြင်ဆင်မှုမျှ မရှိပါဘဲ အချိန်တိုလေးအတွင်း၌ပင် ဒိုရစ် တစ်ယောက် ‘ကြိုတင်ခန့်မှန်းနိုင်သည့်’ အခြေအနေထဲသို့ ဝင်လုနီးပါး ဖြစ်ခဲ့ရသည်။

ယင်းအရာသည် သူမ၏ရှေ့တွင် ချထားသည့် ဤစာအုပ်ကြောင့် ဖြစ်ကြောင်း ဒိုရစ် အတော်ပင် သေချာနေသည်။ စာအုပ်၏ အဆင့်က သူ ကိုယ်တိုင်ထက် အဆပေါင်း များစွာ သာလွန်နေကြောင်း ထင်ရှားလှသည်။

မျက်နှာဖုံးထက်ရှိ သေးငယ်သော သင်္ကေတအတွင်း ပါဝင်နေသည့် စွမ်းအားသည်ပင်လျှင် အလွန် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။ စာအုပ်အတွင်းရှိ အကြောင်းအရာများဆိုလျှင် မည်မျှ အထိ ကြီးကျယ် ခမ်းနားမည်ကို ဒိုရစ် တစ်ယောက် သိချင် နေမိ၏။

လင်ကျဲ၏ နောက်ဖက်၌ ရှိသည့် စာအုပ်များဖြင့် ပြည့်နေသော စင်ကို ဒိုရစ် ခိုးကြောင်ခိုးဝှက် ကြည့်လိုက်မိသည်။

စာအုပ်ဆိုင်ပိုင်ရှင်က သူမ လက်ထဲမှ စာအုပ်ကို ထိုနေရာမှ ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်ခြင်း ဖြစ်သည်။ ပထမ၌ သိပ်အလေးမထားခဲ့မိသော်လည်း ယခုအခါတွင်တော့ ဒိုရစ်မှာ ၎င်းတို့ကို နက်နဲပြီး အစွမ်းထက်သည့် စာအုပ်များအဖြစ် ရှုမြင်လာခဲ့ပြီ ဖြစ်သည်။ ဤစာအုပ်ဆိုင်ရှိ စာအုပ်များအားလုံးမှာ အပြင်ပန်း မြင်ရသလောက် ရိုးရှင်းနေပုံ မပေါ်ချေ။

“အဟမ်း...”

လင်ကျဲ လည်ချောင်းရှင်းလိုက်သည့်အခါတွင်မှ အလွဲလွဲအချော်ချော် ဖြစ်နေသည့် ဒိုရစ် တစ်ယောက် သတိပြန်ဝင်လာပြီး လှမ်းကြည့်လိုက်သည်။

လင်ကျဲက လေးနက်သည့် အမူအရာဖြင့် စတင်ကာ ပြောကြားလိုက်၏။

“ဒါက ခင်ဗျားတို့ရဲ့ မျိုးနွယ်စုတစ်ခုလုံးနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်တဲ့အတွက် ခင်ဗျားတို့အားလုံးကို အန္တရာယ်ကနေ ကယ်တင်တဲ့အခါ ကျွန်တော် အားစိုက်ထုတ်စရာ သိပ်မလိုရအောင် ဒီအကြောင်းအရာတွေကို အိုင်းရစ် မျိုးနွယ်စုဝင်တွေ အားလုံး ဖတ်ရှုလေ့လာထားဖို့ ကျွန်တော် အကြံပေးချင်ပါတယ်... အခုတစ်လော ကျွန်တော့်ဆီကနေ အကူအညီတောင်းတဲ့လူတွေ ပိုများလာတဲ့ အတွက် ကျွန်တော့မှာ အားလပ်ချိန် သိပ်မရှိဘူး ဆိုတာလေးတော့ အသိပေးထားချင်ပါတယ်”

ဆုတ်ယုတ်နေသည့် တော်ဝင် မျိုးနွယ်စု တစ်ခုအား ၎င်းတို့၏ ဂုဏ်သိက္ခာမှ ပြန်လည် ကယ်တင်ခြင်းမှာ အလွန် လွယ်ကူသည့် အလုပ် မဟုတ်ပါချေ။ ထို့ကြောင့်ပင် စာရေးဆရာ တစ်ဦးပီပီ လင်ကျဲက သူတို့ကို အန္တရာယ်မှ ကယ်တင်နေသည်ဟု တင်စား ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့အပြင်... အခက်အခဲများကို ထပ်ပေါင်းထည့်ခြင်းဖြင့် ဖောက်သည်ထံမှ အလောကြီးမှုကိုလည်း ရယူလိုက်သည်။ ဤအရာမှာ လက်လီဆိုင်များတွင် မကြာခဏ တွေ့ရလေ့ရှိသည့် ‘ရာသီပြောင်း အထူးလျှော့ဈေး’၊ ‘လူဦးရေ အကန့်အသတ် ရှိသည့် ပရိုမိုးရှင်း’၊ ‘နောက်ဆုံးတစ်စုံပဲ ကျန်တော့တယ်’ စသည့် ကြေညာချက်များနှင့် ဆင်တူသည်။

ရောင်းချသူတိုင်းမှာ အနည်းဆုံး ပုံပြင်တစ်ပုဒ်၏ ဖန်တီးပုံကို သင်ယူထားသင့်ပေသည်။

***

All Chapters