ပဋိပက္ခ
Vol. 5 Ch. 61
ဘိုင်ရွန် ရှေ့ကို မျှော်ကြည့်လိုက်၏။ စာအုပ်ဆိုင်လေးမှာ လမ်းဦးထိပ် တည့်တည့်တွင် ရှိနေသည်။ ပြတင်းပေါက်များမှ ထွက်ပေါ်နေသည့် အလင်းရောင် မှိန်ပျပျကို မြူခိုးများကြားမှနေ၍ သူ မှုန်ဝါးစွာ မြင်နေရသည်။
ထူးဆန်းသည့် မှော်ပညာတစ်မျိုးက စာအုပ်ဆိုင်အတွင်းတွင် ရှိနေကာ သူ့ကို သွားရောက် ရှာဖွေဖို့ ဖျားယောင်း ဆွဲဆောင်နေသလိုမျိုး ဘိုင်ရွန် ခံစားလိုက်ရသည်။ လူငယ် ဆက်လက် လျှောက်လာခဲ့ကာ တံခါးဝ အနီးသို့ ရောက်ရှိ လာခဲ့သည်။
ဖတ်...
ရုတ်တရက်... ဘိုင်ရွန်၏ ပခုံးပေါ်သို့ လက်တစ်ဖက် ကျလာ၏။
“ရပ်လိုက်”
ရုတ်တရက်... ကြမ်းတမ်းပြီး အနည်းငယ် ဩသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ဘိုင်ရွန် လှည့်ကြည့်လိုက်ရာ အသက်အရွယ်ရနေပြီဖြစ်သော်လည်း အရပ်ရှည်ပြီး တစ်ကိုယ်လုံး ကြွက်သားများဖြင့် ပြည့်နေသည့် အမျိုးသားတစ်ဦးကို တွေ့ရသည်။
“မစ္စတာ ဂျိုးဇက်... ဘာကိစ္စများ ရှိလို့လဲ”
ဘိုင်ရွန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ ဂျိုးဇက်က မဖြေချေ။ ထို့အစား ဘိုင်ရွန်၏ မေးခွန်းကိုသာ သုံးကာ မေးခွန်းထုတ်လိုက်သည်။
“မင်းကရော ဘာကိစ္စ ရှိလို့လဲ...”
“ဒီမသင်္ကာစရာ ကောင်းတဲ့ စာအုပ်ဆိုင်ကို စုံစမ်းစစ်ဆေးဖို့ပါ”
ဘိုင်ရွန်က မှတ်စုစာအုပ်ကို မြှောက်ပြပြီး ဆက်ပြောလိုက်၏။
“ဒီကိစ္စကို ဖော်ထုတ်ဖို့က ကျွန်တော့် တာဝန်ဖြစ်ပါတယ်... မစ္စတာ ဂျိုးဇက်... ဒီစာအုပ်ဆိုင်က ပါဝင်ပတ်သက်နေတဲ့ ပါတီတွေထဲက တစ်ခုဖြစ်နေတာ ရှင်းပါတယေ... အမှန်တရား အသင်းတော်အတွက် အမှန်တရားကို ရယူဖို့ လိုပါတယ်”
ဂျိုးဇက်က ဂရုမစိုက်ဟန်ဖြင့် ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။
“မသွားနဲ့... မင်းမှာ အသိဉာဏ်နဲ့ ဆင်ခြင်တုံတရား ရှိလိမ့်မယ်လို့ ငါ မျှော်လင့်တယ်”
“ဒါပေါ့... အသိဉာဏ်က ကျွန်တော့်ကို စိတ်အေးအေးထားနိုင်စေပါတယ်... ဆင်ခြင်တုံတရားဆိုတာကလည်း ပညာရှင်တိုင်းမှာ ရှိရမယ့် အရည်အချင်းပါ”
ဘိုင်ရွန်က ပြုံးလိုက်သည်။
“ကျွန်တော်က ဘယ်တော့မှ ယိမ်းယိုင်မယ့် လူမျိုး မဟုတ်ပါဘူး... မစ္စတာ ဂျိုးဇက်... ခင်ဗျား ခုလို လုပ်နေတာက ကျွန်တော့် ဂုဏ်သိက္ခာကို စော်ကားရာ ရောက်ပါတယ်”
“ခင်ဗျားက ဖျက်ဆီးခြင်း အဆင့် သူရဲကောင်းတစ်ဦးနဲ့ အားလုံး လေးစားရတဲ့ အကြီးအကဲ တစ်ဦး ဆိုရင်တောင်မှ ကျွန်တော့်ရဲ့ အသိဉာဏ်နဲ့ ဆင်ခြင်တုံတရားကို လှောင်ပြောင်ဖို့ ခင်ဗျားမှာ အခွင့်အရေး မရှိပါဘူး”
“နောက်ပြီး ဒါက ကျွန်တော့်ရဲ့ တာဝန်ပါ”
“...”
ဂျိုးဇက်မှာ အမှန်တရား အသင်းတော်မှ သစ်တုံးကြီးများသဖွယ် လူများနှင့် ဆက်ဆံရသည်ကို မကြာခဏ ဆိုသလို စိတ်ပျက်မိသည်။ ဘိုင်ရွန်မှာလည်း ထိုကဲ့သို့ လူမျိုးပင် ဖြစ်သည်။
ထိုသစ်လုံးကြီးများမှာ တစ်စုံတစ်ရာကို မှန်ကန်သည်ဟု ခိုင်မြဲစွာ ယုံကြည်နေသည့်အခါ၊ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် သက်သေ အထောက်အထား မရှိဘဲ သူတို့ကို လှုပ်ခါရန် မဖြစ်နိုင်ကြောင်း ဂျိုးဇက် ကောင်းကောင်းကြီး နားလည်ထားသည်။
သို့သော်လည်း... သူ၏ ရှေ့မှ လူငယ်မှာ ရိုးရှင်းသူတော့ မဟုတ်ပေ။ ဘိုင်ရွန်မှာ ဖျက်ဆီးခြင်း အဆင့် ပစ္စည်းများကို တည်ဆောက်နိုင်ကာ ‘ပညာရှင်’ ဟု ခေါ်ဆိုနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ပင်လျှင် သူတို့ အသုံးပြုသည့် လက်နက် အမြောက်အမြားကို အမှန်တရား အသင်းတော်မှ ဝယ်ယူထားခြင်း ဖြစ်သည်။ ဖြစ်နိုင်သည်မှာ... ဤလက်နက် ကိရိယာများစွာကို ဘိုင်ရွန်မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်လေရာ အခြေအနေကို တင်းမာလို့ မရကြောင်း ဂျိုးဇက် သဘောပေါက် လိုက်သည်။ ထို့ကြောင့်ပင် သူက ချဉ်းကပ်သည့် ဗျူဟာကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်၏။
“လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က ဒီစာအုပ်ဆိုင်ကို S - အဆင့် ဇုန်တစ်ခုလို့ သတ်မှတ်ထားတယ်... ဒီအချက်အလက်ကို အမှန်တရား အသင်းတော်ရဲ့ အချက်အလက် စုဆောင်းမှုထဲကို မပို့ရသေးတာပဲ ရှိသေးတာ”
ဂျိုးဇက်က တည်ငြိမ်သည့် လေသံဖြင့် ဆက်ပြောလိုက်သည်။
“မော်ဖီတို့လို လူတွေ အသတ်ခံလိုက်ရတာကို ကြည့်ရင် စာအုပ်ဆိုင်ပိုင်ရှင်က ဒီတစ်ကြိမ် ငါတို့ကို ကူညီခဲ့တာလို့ ပြောလို့ရတယ်... မင်းတို့ အမှန်တရား အသင်းတော်တောင် မော်ဖီတို့ ဘာလုပ်နေတယ် ဆိုတာ မသိခဲ့ဘူး မလား... မင်းက အကောင်းနဲ့ အဆိုးကို မခွဲခြားတတ်တဲ့သူ ဟုတ်မယ်လို့တော့ ငါ မထင်ဘူး”
ထို့နောက် ဂျိုးဇက်က စာအုပ်ဆိုင်ကို စူးစိုက်ကြည့်ကာ ထပ်မံဖြည့်စွက်လိုက်သည်။
“နောက်ပြီး မင်း သူ့ကို သွားပြီး စစ်ဆေး မေးမြန်းတာကို စာအုပ်ဆိုင် ပိုင်ရှင်က သဘောကျမယ် မထင်ဘူး”
အမှန်တရား အသင်းတော်တွင် ဘိုင်ရွန်၏ အဆင့်အတန်းမှာ လျှို့ဝှက်ဖိုင်များကို ဝင်ရောက်ကြည့်ရှုရန် လုံလောက်ပေသည်။
ဂျိုးဇက်၏ စကားလုံးများကို နားထောင်ရင်း ဘိုင်ရွန်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။
“S - အဆင့် ဇုန် ဟုတ်လား... ဒီနော်ဇင်မှလေ...”
ဘိုင်ရွန် မယုံကြည်နိုင်ဖြစ်နေသည်မှာ သဘာဝကျ၏။ နော်ဇင်တွင် အမှန်တရား အသင်းတော်၏ သြဇာအာဏာမှာ အခြေခံအားဖြင့် နေရာအနှံ့ ပျံ့နှံ့နေသည်။ ထိုသို့ဆိုလျှင် သူတို့၏ မျက်စိအောက်တွင်ပင် S - အဆင့် ဇုန် တစ်ခု မည်သို့ ပေါ်ပေါက်လာနိုင်မည်နည်း။
S - အဆင့် သတ္တဝါများမှာ အစွမ်းထက်သော်လည်း အမှန်တရား အသင်းတော်၏ အီသာစွမ်းအင် စောင့်ကြည့်ရေး ကွန်ရက်ကို တည်ထောင်ခဲ့သူမှာလည်း အင်အားကြီးမားသည့် အခရာ အဆင့် တစ်ဦး ဖြစ်သည်။ သီအိုရီအရ ပြောရလျှင်... မည်သည့်အရာမျှ ဤကွန်ယက်ထဲမှ ချော်ထွက်သွားနိုင်စရာ မရှိပေ။
“ဘာလဲ... မင်းက မဟုတ်ဘူးလို့ ထင်နေတာလား”
ဂျိုးဇက်၏ နှုတ်ခမ်းများမှာ အနည်းငယ် တင်းသွား၏။
“ခုလေးတင် ဖျက်ဆီးခြင်း အဆင့် အောက်လမ်း ဆရာ တစ်ဦးက ဖျက်ဆီးခြင်း အဆင့် ကျိန်စာ အစီအရင်ကို ထုတ်ဖော်ခဲ့ပေမယ့် မင်းတို့ အမှန်တရား အသင်းတော်ရဲ့ ဘာကွန်ရက်ကမှ မတုန့်ပြန်ခဲ့ဘူးလေ... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်လည်း အချိန်မီ မတုန့်ပြန်နိုင်ခဲ့ဘူး... နောက်ဆုံး ရပ်တန့်ခဲ့ရတာက စာအုပ်ဆိုင် ပိုင်ရှင်ပဲ မဟုတ်ဘူးလား”
“ဒါ... ဒါက...”
ဘိုင်ရွန်မှာ ဘာပြန် ပြောရမှန်း မသိဘဲ စကားထစ်နေ၏။ ဂျိုးဇက်က နှာခေါင်းရှုံ့လိုက်သည်။
“မင်းတို့ အားလုံး ကိုယ့်အဖွဲ့ကို အရင်ဆုံး သေသေချာချာ စုံစမ်းသင့်တယ်”
ထိုအချိန်တွင်ပင် စာအုပ်ဆိုင်၏ သစ်သားတံခါး ပွင့်သွားကာ ခေါင်းလောင်းသံ တချွင်ချွင် မြည်လာခဲ့သည်။ သူတို့ နှစ်ယောက် ချက်ချင်း လှမ်းကြည့်လိုက်ရာ စာအုပ်ဆိုင်ထဲမှ အဖြူရောင် ဝတ်စုံဝတ်ထားသည့် လှပသော အဲ့လ်ဖ် မိန်းကလေးတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။
“...”
ဂျိုးဇက်နှင့် ဘိုင်ရွန်တို့ နှစ်ယောက်စလုံး ခဏလောက် စကားမပြောနိုင်အောင် ဆွံ့အသွားကြ၏။ ဘိုင်ရွန် ဆွံ့အရသည့် အကြောင်းရင်းမှာ စာအုပ်ဆိုင်ထဲမှ အဲ့လ်ဖ် တစ်ယောက် ထွက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့သောကြောင့် ဖြစ်သည်။
ဆန့်ကျင်ဘက်ပင်... ဂျိုးဇက်ကတော့ သူ ထင်ထားသည့် အတိုင်း ဖြစ်လာခဲ့သောကြောင့် ဆွံ့အ သွားခဲ့ခြင်း ဖြစ်သည်။ အမှောင်ထု၏ မျိုးစေ့ စာအုပ်ကို ငှားရမ်းခဲ့စဉ်က စာအုပ်ဆိုင်ပိုင်ရှင်မှာ သက်တမ်းရှည်လျားသည့် သတ္တဝါတစ်ဦး ဖြစ်နိုင်ပြီး၊ အဲ့လ်ဖ်တစ်ဦး ဖြစ်ရန် အခွင့်အရေး အလွန်များသည်ဟု ဂျိုးဇက် ထင်ခဲ့ဖူးသည်။ ယခုအခါတွင် ထိုမှန်းဆချက်က မှန်ကန်ခဲ့ပုံရသည်။
အဲ့လ်ဖ်များမှာ အလွန်မာနကြီးပြီး လူမျိုးခြားကို မုန်းတီးသည့် မျိုးနွယ်စုဖြစ်သည်။ သူတို့ကို လူသားများနှင့် အတူတကွ ယှဉ်တွဲ၍ တွေ့မြင်ရရန် လုံးဝနီးပါး မဖြစ်နိုင်ပေ။
သူတို့ကို မွေးရာပါ လူမျိုးရေးခွဲခြားသူများဟုပင် ဆိုနိုင်ပေသည်။ လူသားနှင့် အဲ့လ်ဖ်တို့အကြား ချစ်ခြင်းမေတ္တာ ဇာတ်လမ်းများမှာ ပုံပြင်များသာ ဖြစ်ကြသည်။
ထို့အပြင်... အဆိုပါ အဲ့လ်ဖ်မျိုးနွယ်မှာ တံခါးမှ ထွက်လာပြီးနောက်တွင် လေး စားမှု အပြည့်ဖြင့် စာအုပ်ဆိုင်ကို လှမ်းကြည့်လိုက်သေးသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဂျိုးဇက် တစ်ယောက် သူ၏ နှလုံးသားထဲတွင် ရှိနေခဲ့သည့် နောက်ဆုံး သံသယများအတွက် အဖြေကို ရရှိခဲ့ပြီ ဖြစ်သည်။ သူ စာအုပ်ပြန်အပ်ရမည့်အချိန် ရောက်ခဲ့လေပြီ။ နောက်ဆုံး၌ နတ်ဆိုးဓား ကန်ဒယ်လာမှာ ပိုင်ရှင် အသစ်ကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်တွင်ပင် အဲ့လ်ဖ်မှာ သူတို့ဘက်သို့ လှည့်ကြည့်လာကာ ပြုံးပြလိုက်၏။
“လူသားလေးတွေ... ငါ့သခင်ရဲ့ တံခါးရှေ့မှာ ဘာလာလုပ်နေကြတာလဲ”
***