← Chapters

ဒိုရစ်

Vol. 5 Ch. 62

ဒိုရစ်

Vol. 5 Ch. 62

“သခင် ဟုတ်လား...”

တန်းတန်းမတ်မတ် လျှောက်လာနေသည့် အဲ့လ်ဖ်ကို စိုက်ကြည့်ရင်း ဘိုင်ရွယ် တစ်ယောက် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မိသည်။ သူ သိထားသည့် သမိုင်း အချက်အလက်များ အရ ဆိုလျှင် အဲ့လ်ဖ်များ၏ ပူဇော် ကိုးကွယ်ခြင်းကို ခံယူနိုင်သူများမှာ မူလ စုန်းမကြီး လေးပါးသာ ဖြစ်နိုင်ဖွယ်ရှိသည်။

လမ်းတစ်ဖက်ရှိ စာအုပ်ဆိုင်တွင် မူလ စုန်းမကြီး တစ်ပါး အိပ်မက်ဘုံမှ ဆင်းသက်လာပြီး ရှိနေသည်တော့ မဖြစ်နိုင်ပေ။

“ငါ့အရှင် ကောင်းချီးပေးထားတဲ့ သံတမန်မှာ ငါ့အရှင်ရဲ့ ဆန္ဒကို ကိုယ်စားပြုပိုင်ခွင့်ရှိတယ်”

ဒိုရစ်က ဘိုင်ရွန်ဘက်သို့ လှည့်ကာ တောက်ပစွာ ပြုံးပြလိုက်သည်။ ထို့နောက် တဖြည်းဖြည်းပင် သူမ၏ အပြုံးက အေးခဲ သွားခဲ့သည်။

“အမှန်တရား အသင်းတော်က တစ်နေ့ထက်တစ်နေ့ ဆင်ခြင်တုံတရား နည်းပါးလာပုံရတယ်... နင်က ဘယ်လို သတ္တိမျိုးနဲ့ ငါ့သခင်ကို လာပြီး စူးစမ်းရဲတာလဲ...”

ဘိုင်ရွန်သည် အမှန်တရား အသင်းတော်၏ တံဆိပ် ပါသည့် ပညာရှင် ဝတ်စုံကို ဝတ်ဆင်ထားလေရာ မည်သည့် အဖွဲ့အစည်းမှ ဖြစ်ကြောင်း သံသယ ရှိစရာ မလိုပါချေ။

“...”

ဘိုင်ရွန် တစ်ယောက်ကတော့ ကြောင်နေဆဲ ဖြစ်သည်။ သို့သော်လည်း သူ့စိတ်ကတော့ အလွန် လျှင်မြန်စွာပင် ပြေးလွှား နေခဲ့၏။ ဤအဲ့လ်ဖ်မျိုးနွယ် အသုံးပြုနေသည့် စကားလုံးများနှင့် လေယူလေသိမ်းများကို သူ မစိမ်းပေ။ ၎င်းမှာ ‘သခင်’ ဖြစ်သူ အတွက် အရာရာကို ပေးအပ်ထားသည့် အပြင်းအထန် သက်ဝင် ယုံကြည်သူတစ်ဦး၏ ပုံစံမျိုးဖြစ်သည်။

ထို့အပြင်... ဤ အဲ့လ်ဖ်မျိုးနွယ်မှာ မီးရှူးတိုင် တစ်ခုလိုမျိုး လင်းလက် တောက်ပနေသည့် အီသာစွမ်းအင်များကို ထုတ်ဖော်ထားကာ၊ အန္တရာယ်ရှိသည့် ရောင်ဝါကို လုံးဝ ဖုံးကွယ်မထားပေ။

ဘိုင်ရွန် တစ်ယောက် သူ၏ ကျောပြင်တွင် ချွေးအေးများ စိုရွှဲနေသည်ကို သတိပြုမိသွား၏။ တစ်ချိန်တည်း၌ သူ မည်မျှ မိုက်မဲသည့် အလုပ်ကို လုပ်နေမိခြင်း ဖြစ်ကြောင်း သဘောပေါက် သွားခဲ့သည်။

‘ငါ ဘာတွေ စဉ်းစားနေတာလဲ... ချီးပဲ...’

သူ မစ္စတာ ဂျိုးဇက်၏ အကြံဉာဏ်ကို လျစ်လျူရှုကာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှ S အဆင့်ဇုန် အဖြစ် သတ်မှတ်ထားသည့် နေရာထဲသို့ ခေါင်းဝင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သူ့တွင် အသက်များစွာ ရှိနေလျှင်ပင် စူးစမ်းလိုစိတ်ကြောင့် သေဆုံးသွားလောက်ပြီ ဖြစ်သည်။

ဘိုင်ရွန် တစ်ယောက် စိတ်ရှုပ်ထွေးနေသလို ကြောက်ရွံ့မှုကိုလည်း ခံစားနေရသည်။ အမှန်တရား အသင်းတော်မှ စေလွှတ်လိုက်သည့် တာဝန်ခံ ဖြစ်သော်ငြား၊ သူ့ထံတွင် တိုက်ခိုက်ရေး စွမ်းရည် သိပ်မရှိချေ။ ရှင်းရှင်း ပြောရလျှင် သူက မှတ်တမ်းတင်ရန်အတွက်သာ သီးသန့်တာဝန်ရှိသူ ဖြစ်သည်။

တကယ်ဆိုလျှင်... ဖျက်ဆီးခြင်း အဆင့်များအကြား တိုက်ပွဲ အတွက် စုံစမ်းစစ်ဆေးမှုများကို ဦးဆောင်သင့်သူမှာ ဖျက်ဆီးခြင်း အဆင့်သာ ဖြစ်သင့်သည်။ လျှို့ဝှက် ဓမ္မထုံတမ်း မျှော်စင်ကပင် နာမည်ကျော် မဟာ ရောင်စဉ် သူရဲကောင်း ဂျိုးဇက်ကို လွှတ်ခဲ့သည်။

ဘိုင်ရွန် တစ်ယောက် သူ အဘယ်ကြောင့် ကောင်းစွာ မစဉ်းစားနိုင်ခဲ့သည်ကို စဉ်းစား မရတော့ချေ။ သူက ရိုးရှင်းပုံရသည့် စာအုပ်ဆိုင်ငယ်လေးကို တစ်ချက် ကြည့်ကာ ဦးညွှတ်လိုက်သည်။

“မဟုတ်ပါဘူး... မဟုတ်ပါဘူးဗျာ... ကျွန်တော် တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... ကျွန်တော်က အထက်က တာဝန်ပေးမှုကြောင့် ဒီကိစ္စကို အပြည့်အဝ စုံစမ်းစစ်ဆေးဖို့နဲ့ အစီရင်ခံစာတင်ဖို့ ကြိုးစားနေခဲ့တာပါ... ဒီလောက်ပါပဲ... ကျွန်တော့်လို အသိဉာဏ်မဲ့တဲ့ လူတစ်ယောက် လုပ်မိတဲ့ ကိစ္စကို ဗွေမယူဖို့ မျှော်လင့်ပါတယ်”

ဤအဲ့လ်ဖ်မျိုးနွယ် မိန်းကလေးမှာ ထိုတိုက်ပွဲ၌ ပါဝင်ပတ်သက်ခဲ့သူ တစ်ယောက် ဖြစ်ကြောင်းကို သူ နားလည် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ ထိုသို့ ဆိုလျှင် ဖြစ်ရပ်ကို ရိုးရှင်းစွာ နားလည်ထားရုံဖြင့် လုံလောက်ချေပြီ။

စာအုပ်ဆိုင်နှင့် ပတ်သက်၍မူ... ၎င်းက အလွန်အန္တရာယ်များသည်။

ဒိုရစ်က ပြန်ပြုံးလိုက်၏။

“ဒီကိစ္စကို သိချင်တယ် ဆိုရင်တော့ ကျွန်မကပဲ ဖြေပေးလိုက်ပါမယ်... လူရမ်းကား အောက်လမ်း ဆရာ တစ်စုက ရုတ်တရက် ပေါ်လာပြီးတော့ ဖျက်ဆီးခြင်း အဆင့် ဝင်ရိုးစွန်း သေမင်းရောင်ခြည်ကို ဖန်တီးပြီး စာအုပ်ဆိုင်နဲ့ ပတ်ဝန်းကျင်ကို ရုတ်တရက် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတယ်... ကျွန်မက ရှေ့ထွက်ပြီး သူတို့ကို သတ်ပစ်လိုက်တယ်... ဒီလောက်ပါပဲ”

ဂျိုးဇက်က ရှေ့သို့ တစ်လှမ်းတိုးကာ ဘိုင်ရွန်၏ ရှေ့တွင် ရပ်လိုက်သည်။

“သူတို့ လာတိုက်ခိုက်ကြတဲ့ အကြောင်းရင်းက ဘာဖြစ်မယ်လို့ ခင်ဗျား ထင်ပါသလဲ...”

တစ်ချိန်တည်း၌ သူက စိတ်ထဲတွင် စာအုပ်ဆိုင်ပိုင်ရှင်အကြောင်း သူသိထားသည့် အချက်အလက်များကို ထပ်ပေါင်းထည့်နေခဲ့သည်။

ဤအတိုင်းသာ ဆိုပါက စကားလက် ဝါဒီဂိုဏ်းမှ အောက်လမ်း ဆရာများမှာ သူတို့ အတွက် အတားအဆီး ဖြစ်လာနိုင်သည့် သတ္တဝါများကို ပစ်မှတ်ထားကာ တိုက်ခိုက်မှု သုံးခုကို တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို သူတို့၏ မဟာ တန်ပြန်တိုက်ခိုက်မှုအဖြစ်လည်း ယူဆနိုင်သည်။ ဤတိုက်ပွဲမှာ ထိုသုံးခုထဲမှ တစ်ခုဖြစ်သည်။

လွန်ခဲ့သည့် တစ်လအတွင်း၌... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်နှင့် အမှန်တရား အသင်းတော်တို့ ပူးပေါင်း စစ်ဆင်ရေး တစ်ရပ် ဆင်နွှဲခဲ့ကာ စကားလက် ဝါဒီဂိုဏ်းနှင့် ဝံပုလွေဖြူ အဖွဲ့၏ လျှို့ဝှက် နေရာများစွာကို ဖော်ထုတ် ဖျက်ဆီးနိုင်ခဲ့သည်။

သူတို့ ပုန်းအောင်းရာနေရာများမှာ တဖြည်းဖြည်း လျော့နည်းလာနေသော်လည်း လန်စီ မှော်ကြေးမုံအား ဖုံးကွယ်ထားသည့် နေရာကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ထိုအဖွဲ့များမှာလည်း သတိကြီးလှသည်။ သူတို့ မစ်ရှင် တစ်ခုကို အောင်မြင်သည့်အခါတိုင်း ဆက်သွယ်ရေး ဂိတ်ပေါက်များမှ တစ်ဆင့် ချက်ချင်း ပြန်လည် ဆုတ်ခွာသွားလေ့ ရှိကြသည်။ အဖွဲ့ဝင် တစ်ဦးဦး အဖမ်းခံရလျှင်ပင် သူတို့က နေရာတွင်ပင် ကိုယ့်ကိုယ်ကိုယ် ချက်ချင်း သတ်သေလေ့ရှိသည်။

စကားလက် ဝါဒီဂိုဏ်းမှာ အမှန်တကယ် ဂိုဏ်းတစ်ခု မဟုတ်သော်လည်း... သူတို့ လုပ်ဆောင်သည့် ပုံစံများကတော့ အရူးအမူး အစွဲအလမ်းကြီးသူများကဲ့သို့ပင် ဖြစ်သည်။

ဦးနှောက်ရှိသည့် မည်သူမဆို... ဤအရူးအမူး ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပေါ်လာနေရခြင်း၏ အဓိက အကြောင်းရင်းက လန်စီ မှော်ကြေးမုံ သန္ဓေတည်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသောကြောင့် ဖြစ်ကြောင်း လွယ်လွယ်ကူကူ ခန့်မှန်းနိုင်သည်။

သို့သော်လည်း... တိုက်ပွဲ အတွင်း ထိပ်တန်း ခေါင်းဆောင် တစ်ယောက် ဖြစ်သည့် မော်ဖီ အသတ်ခံလိုက်ရခြင်းကတော့ မည်သူမှ မျှော်လင့် မထားသည့် ကိစ္စ ဖြစ်ပေသည်။

မော်ဖီကိုယ်တိုင် လာရောက် တိုက်ခိုက်ခဲ့ခြင်းကို ကြည့်လျှင် စာအုပ်ဆိုင် ပိုင်ရှင်မှာ စကားလက် ဝါဒီဂိုဏ်း၏ အဖျက်အမှောက် လုပ်ရပ်များ အပေါ် အဟန့်အတား ဖြစ်စေနိုင်သည့် ကိစ္စတစ်ခုအား လုပ်ဆောင်ခဲ့ပေလိမ့်မည်။ မော်ဖီက ထိုကိစ္စကို လက်တုံ့ပြန်ရန် ဝင်ရိုးစွန်း သေမင်းရောင်ခြည်လို ကျိန်စာ အစီအရင်များကိုပင် သုံးခဲ့သည်။ သို့သော်လည်း... နောက်ဆုံးတွင်တော့ မော်ဖီမှာ စာအုပ်ဆိုင် ပိုင်ရှင်၏ အစေခံ တစ်ဦး လက်ထဲတွင်ပင် အသက် ဆုံးရှုံးခဲ့ရသည်။

‘ကြည့်ရတာ ဆရာလင်က ငါတို့ဘက်မှာ ရပ်တည်ဖို့ ရွေးချယ်လိုက်တာနဲ့ တူတယ်...’

ဂျိုးဇက် တစ်ယောက် စိတ်ထဲမှ တွေးလိုက်မိ၏။ ဒိုရစ်ကတော့ အပြုံးမပျက်ပါချေ။ ဂျိုးဇက်မှာ သူ့နောက်ရှိ လူငယ်ကို ကာကွယ်ဖို့ ကြိုးစားနေခြင်း ဖြစ်ကြောင်း သူမ မြင်နိုင်ပေသည်။

သူမက ခေါင်းကို အနည်းငယ် စောင်းရင်း မျက်မှောင်ကြုတ်လိုက်၏။

“ငါက ဘယ်လိုသိမလဲ... နင်တို့ကို ပြန်မေးသင့်တာ မဟုတ်ဘူးလား... ငါက အိုင်းရစ် မျိုးနွယ်စုကို ကိုယ်စားပြုပြီး နော်ဇင်ကို ရောက်လာခဲ့တာ... အဲဒီ အချိန်မှာ ငါ့အရှင်ရဲ့ သံတမန်ကို ဒီလူရမ်းကားတွေက လာတိုက်ခိုက်ခဲ့တာပဲ... ငါက လက်ပိုက်ကြည့်နေရမှာလား.. ဒါမှမဟုတ် တန်ပြန်တိုက်ခိုက်ရမှာလား”

“နောက်ပြီး ငါက ဒီလူမိုက်တွေကို တားဆီးဖို့ နင်တို့ကို ကူညီပေးခဲ့တာနော်... ဒါတောင် နင်က ကျေးဇူးတင်ရမယ့် အစား ဒီလို မောက်မာတဲ့ ပုံစံမျိုးနဲ့ ငါ့ကို စစ်ဆေးမေးမြန်းဖို့ ကြိုးစားနေတယ်... ဒါ နော်ဇင်က ဧည့်သည်တွေကို ဆက်ဆံတဲ့ ပုံစံလား”

ဂျိုးဇက်က သူ၏ စက်လက်ကို အောက်ကို အနည်းငယ် လျှော့ချရင်း ခေါင်းညိတ်လိုက်သည်။

“ဒီဖြစ်ရပ်ကို ကျွန်တော်တို့ ကိုင်တွယ်ပုံ မလုံလောက်ကြောင်း ဝန်ခံပါတယ်... တကယ်တော့ ကျွန်တော် ကိုယ်တိုင်လည်း ဒီစာအုပ်ဆိုင်ပိုင်ရှင်ကို အရမ်း လေးစားတဲ့ လူတစ်ယောက်ပါ... နောက်ပြီး သူက ကျွန်တော့်ရဲ့ ကျေးဇူးရှင်ဆိုလည်း မမှားပါဘူး... သူ ငှားပေးလိုက်တဲ့ စာအုပ် တစ်အုပ်က ကျွန်တော့်ဆီမှာ အချိန်အကြာကြီး အမြစ်တွယ်နေခဲ့တဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့ပါတယ်... ဒီနေ့တောင် အခြေအနေတွေ အဆင်မပြေလို့သာပါ... မဟုတ်ရင် ကျွန်တော် သူ့ဆီကို အခုပဲ သွားရောက် ဂါရဝပြုမှာ သေချာပါတယ်”

ဂျိုးဇက် စကားကို အဆုံးသတ်လိုက်ပြီးနောက် ဘိုင်ရွန်ကလည်း...

“အခု ကိစ္စက ရှင်းလင်းသွားပြီ ဆိုတော့ ကျွန်တော်တို့ အစီရင်ခံစာ တင်ဖို့ ပြန်လို့ရပါပြီ... အမှန်တရား အသင်းတော်က နော်ဇင်အတွက် ခင်ဗျားရဲ့ အားထုတ်ပေးခဲ့မှုကို ကျေးဇူး အများကြီး တင်ပါတယ်”

ကလောင်... ကလောင်...

ဘိုင်ရွန် အနည်းငယ် ဦးညွှတ်လိုက်စဉ်မှာပင် သူ၏ ခါး၌ ချိတ်ထားသည့် ဆက်သွယ်ရေး ကိရိယာမှာ အသံမြည် လာခဲ့သည်။

ဘိုင်ရွန် ၎င်းကို ဖြုတ်ယူလိုက်ရင်း မျက်နှာပြင်ကို စစ်ဆေး လိုက်၏။ ထို့နောက် သူ၏ အမူအရာက အနည်းငယ် ပြောင်လဲ သွားခဲ့သည်။ ဘိုင်ရွန် အသက်ပြင်းပြင်း ရှူလိုက်ရင်း အီသာစွမ်းအင်ကို ဖုန်းအတွင်း ချက်ချင်း ထည့်သွင်းကာ ကိုင်လိုက်သည်။

“ဟယ်လို.. ဒု-ဥက္ကဋ္ဌ...”

“အေး... ဘိုင်ရွန်... အိုင်းရစ် မျိုးနွယ်စုရဲ့ သူတော်စင် မိန်းကလေးကို ဆက်သွယ်ရေး ကိရိယာလေး ပေးလိုက်ပါဦး”

ဘိုင်ရွန် ကမ်းပေးလိုက်သည့် ဖုန်းကို ဒိုရစ်က အပြုံးမပျက် လက်ခံ ရယူလိုက်သည်။ အခြားတစ်ဖက်မှ အသံမှာ အနည်းငယ် အသက်ကြီးသော်လည်း အားကောင်းပုံရသည်။

“ဒိုရစ်... နှစ်ပေါင်း ၃၀၀ ရှိပြီနော်... မင်း နေကောင်းရဲ့လား...”

“အင်ဒရူးလား...”

***

All Chapters