အမှန်တရား အသင်းတော်
Vol. 5 Ch. 63
နော်ဇင်မြို့တော် ဗဟိုခရိုင်၊ အမှန်တရား အသင်းတော် အထွေထွေရုံးချုပ်...
အဖြူရောင် စကျင်ကျောက်များဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံမှာ ခန့်ညား ထည်ဝါစွာဖြင့် ထီးထီး တည်ရှိနေသည်။ ၎င်း၏ အတွင်းပိုင်းမှာ အလွန်တရာပင် ကျယ်ဝန်းပြီး အလယ် ဗဟိုရှိ လေဟာပြင်ကျယ် ရင်ပြင်ကို ဝန်းရံ၍ ဖွဲ့စည်းထားသည့် ဆွေးနွေးခန်းများစွာ ရှိသည်။
ဖွဲ့စည်းပုံ ရှုပ်ထွေးသည့် ဤ ၁၃ ထပ်အဆောက်အအုံကြီးမှာ ကျောင်းများနှင့် စာကြည့်တိုက်များ ပေါင်းစပ်ထားသည့် ဧရာမ ပုံစံမျိုး ဖြစ်နေသည်။
လေဟာပြင်ကျယ် ရင်ပြင်အတွင်းတွင်တော့ ရှေးဟောင်း နဂါးတစ်ကောင်၏ အရိုးစုကို မှန်ဘောင်အတွင်း ထည့်သွင်းထားကာ လူများ အံ့သြစွာ ကြည့်ရှုနိုင်ရန် ပြသထားသည်။
အဆောက်အအုံကြီး၏ အပေါ်ဆုံးထပ်ရှိ ခမ်းနားစွာ တန်ဆာဆင်ထားသော ရုံးခန်း အတွင်းတွင်တော့...
လူအိုကြီး နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြပြီး သူတို့ကြားရှိ စားပွဲပေါ်တွင်တော့ စစ်တုရင်ခုံတစ်ခု ရှိနေခဲ့သည်။
“အိုင်းရစ် မျိုးနွယ်စု ပြန်ပေါ်လာလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး...”
လူအိုကြီး တစ်ဦးက လေသာဆောင်သို့ ဖုန်းခေါ်ရန် ထွက်သွားသည့် အမှန်တရား အသင်းတော် ဒု-ဥက္ကဋ္ဌ အင်ဒရူးကို ကြည့်ရင်း တီးတိုး ပြောလိုက်သည်။
“ဟဟ... မမျှော်လင့်ပဲ ရုတ်တရက် ပြန်ပေါ်လာတဲ့ အရင်က ခရက်လေး တစ်ယောက်ပေါ့လေ... ဒါပေမယ့် ဝမ်းနည်းစရာ ကောင်းတာက အရင်က ခန့်ညားခဲ့တဲ့ လူငယ်လေးဟာ အခုတော့ အဘိုးကြီး ဖြစ်နေတာပဲ”
“ဟေ့ ဟေ့... စကားကို သတိထားပြော... မဟုတ်ရင် ခင်ဗျားရဲ့ အယ်ခီမီ ရန်ပုံငွေ ဖြတ်တောက်ခံရလိမ့်မယ်”
အခြား လူအိုကြီးက စစ်တုရင်ရုပ် တစ်ခုကို ရွှေ့ရန် လက်လှမ်းလိုက်ရင်း အသံတိုးတိုးဖြင့် နောက်ပြောင်လိုက်သည်။
“ပိုဆိုးတာက ဝယ်လ် အတွက် ဆုကြေးကို တစ်ယောက်က လက်ခံလိုက်တာပဲ... အမှန်တရား အသင်းတော်ကတော့ ဆုကြေး ကြီးကြီးပေးရတော့မယ် ထင်တယ်... ခင်ဗျားရဲ့ သုတေသန ပရောဂျက် အရှုပ်ထုပ်တွေကတော့ ဖျက်သိမ်းခံရဖို့ပဲ ရှိတော့တယ်”
ဆုကြေး...
အမှန်တရား အသင်းတော်မှ သတ်မှတ်ထားသည့် ‘ဆုကြေးငွေ’ ကို လူတိုင်းသိကြသည်။ နှစ်နှစ်တိတိ ရှိပြီဖြစ်သော်လည်း မည်သူကမျှ ဤဆုကြေးငွေကို အမှန်တကယ် လက်မခံခဲ့ကြချေ။
ပထမ တစ်ချက်မှာ... မကောင်းမှုများကို တိုက်ထုတ်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းရန်မှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှ သူရဲကောင်းများ၏ တာဝန်သာ ဖြစ်၏။
ဒုတိယအချက်မှာ... အောက်လမ်း ဆရာ ဝယ်လ်မှာ ပြင်းထန်စွာ ဒဏ်ရာရထားခဲ့သော်လည်း မည်သို့ပင်ဆိုစေ သူက ဖျက်ဆီးခြင်း အဆင့် တစ်ဦးဖြစ်နေသေးသည်။
မသန်မစွမ်းဖြစ်နေသော ဖျက်ဆီးခြင်း အဆင့် သည်ပင်လျှင် အလွန် ကြောက်စရာ ကောင်းသည့် အင်အားတစ်ခု ဖြစ်နေဆဲပင်။
အီသာစွမ်းအင်ကို ဆက်လက် အသုံးပြုနိုင်သရွေ့ သေလုနီးပါး ဖြစ်နေသော ဖျက်ဆီးခြင်း အဆင့် အောက်လမ်း ဆရာ တစ်ယောက်မှာ နှုတ်ခမ်း တစ်ချက် လှုပ်ရုံဖြင့်ပင် ငရဲဘုံ အဆင့်များကို သတ်ပစ်နိုင်သေးသည်။ ဖျက်ဆီးခြင်း အဆင့် အောက်ရှိ မည်သူကမျှ ဤဆုကြေးကို လက်ခံ ယူရဲမည် မဟုတ်ပေ။
ထို့အပြင်... ဖျက်ဆီးခြင်း အဆင့် များမှာ ငွေလိုအပ်နေသူများ မဟုတ်ကြချေ။ သူတို့အားလုံးမှာ ကြီးမြတ်သော သတ္တဝါများ ဖြစ်ကြပြီး၊ တစ်စုံတစ်ဦးကို သတ်ချင်ပါက ကိုယ်တိုင် လုပ်ဆောင်ရန် မလိုအပ်ကြချေ။
တတိယအချက်... မအောင်မြင်ပါက ဂုဏ်သတင်း ထိခိုက်သွားလိမ့်မည် ဖြစ်သည်။ ရရှိလာမည့် အကျိုးအမြတ်များမှာ ဆုံးရှုံးမှုများကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။
ဝယ်လ်၏ အကြီးမားဆုံး ရန်သူဖြစ်သည့် ဂျိုးဇက်သည်ပင် ဤဆုကြေးငွေကို မယူခဲ့လေရာ လူအများစုမှာလည်း ၎င်းကို လက်ခံဖို့ သိပ်စိတ်ကူး မယဉ်ကြချေ။
အရေးအကြီးဆုံး အချက်က ဝယ်လ်ကို ခြေရာခံလို့ မရသေးခြင်း ဖြစ်သည်။ တိကျသည့် သတင်း အချက်အလက်များ မရှိဘဲ သူ အသက်ရှင်၊ မနေကို စစ်ဆေးရန် နည်းလမ်းမရှိပေ။
ဝယ်လ် တစ်ယောက် နော်ဇင်အတွင်း၌ပင် ရှိနေသေးသည်ဟူသော ကောလဟာလများ ရှိခဲ့သော်လည်း ၎င်းနှင့် ပတ်သက်သည့် နောက်ဆက်တွဲ သတင်းတစ်စုံတစ်ရာ မရှိခဲ့ပေ။
အလုပ်ကို လက်ခံမည် ဆိုပါက ပျောက်ဆုံးနေသည့် ဝယ်လ်ကို အရင်ဦးစွာ ရှာဖွေရမည် ဖြစ်သည်။ ထိုအတွက် ကြီးမားသော အားထုတ်မှုများ ပြုလုပ်ရမည်ဖြစ်ပြီး၊ အလွန် ခက်ခဲသော အလုပ်ဖြစ်သည်။
ဤကဲ့သို့သော အကြောင်းပြချက်များကြောင့်ပင် ဝယ်လ် အတွက် ဆုကြေးငွေကို နှစ်နှစ်အတွင်း မည်သူမျှ လက်မခံခဲ့ကြခြင်း ဖြစ်သည်။
...
အမှန်တရား အသင်းတော်၊ အယ်ခီမီ ဌာန အကြီးအကဲ ဝေါ်လ်တာ လီယိုနာ့ဒ် တစ်ယောက် စစ်မှု ဌာန အကြီးအကဲ ရိုးဝဲလ် ဖီဂီ၏ စကားအပေါ် မကျေမချမ်း ဖြစ်သွားခဲ့သည်။
“ဒီမယ်... ကျုပ်ရဲ့ သုတေသန ပရောဂျက်တွေက အရှုပ်ထုပ် ဆိုရင် ခင်ဗျားရဲ့ စက်မှုဌာနကလည်း လုံးဝ အသုံးမဝင်တဲ့ အမှိုက်တောင်းပဲ... ခင်ဗျား လုပ်တတ်တာ ဘာရှိလဲ... အလိုအလျောက် ဆံပင်လျှော်စက်၊ နှစ်မျိုးသုံး အသံတိတ် လက်အိတ်... ဒီလိုဟာမျိုးတွေကိုပဲ သုတေသန လုပ်တာ... ကျုပ် အမြင်အရ ပြောရရင် ဒု-ဥက္ကဋ္ဌက ခင်ဗျား ဌာနရဲ့ ကုန်ကျစရိတ်တွေကို ဖြတ်တောက်သင့်တယ်”
ထို့နောက်... သူက ထူးဆန်းသည့် အမူအရာဖြင့် မေးလိုက်၏။
“ဒါနဲ့ ဝယ်လ်ရဲ့ ဆုကြေးငွေကို တကယ်ယူခဲ့တဲ့ သူ ရှိတာလားဗျ... ဘယ် ဖျက်ဆီးခြင်း အဆင့် ဆရာကြီးကများ ပျင်းရိနေတာလဲ ဒါမှမဟုတ် ဒီလောက် အချိန်တွေ အလွန်အကျွံ ရနေတာလဲ မသိဘူး”
ထို့နောက် သူက စစ်တုရင်ခုံပေါ်ရှိ တစ်စုံတစ်ရာကို သတိပြုမိသွားပြီး သဘောပေါက်ဟန်ဖြင့် ဖီဂီကို ကြည့်ကာ ခေါင်းခါလိုက်သည်။
“ဖီဂီ... ချစ်လှစွာသော ဖီဂီ... ခင်ဗျား နိုင်ဖို့ အတွက် ကျုပ်ကို ဒါနဲ့ လာပြီး အာရုံလွှဲတယ်ပေါ့...”
စက်မှုဌာန အကြီးအကဲ ရိုးဝဲလ် ဖီဂီက စားပွဲကို ရိုက်လိုက်ရင်း အသံကျယ်ကျယ်ဖြင့်...
“ဟေ့လူ... ကျုပ်ကိုကြည့်... ကျုပ်က အဲဒီလို ပုံလား”
“ခင်ဗျားက အဲဒီလို ပုံပေါ်တာ မဟုတ်ပါဘူး...”
လီယိုနာ့ဒ်သည် ခေါင်းခါလိုက်သည်။ ထို့နောက် သူက စစ်တုရင်ရုပ်ကို တစ်ခု ရွှေ့လိုက်ရင်း ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။
“ခင်ဗျားက အဲဒီလိုလူ အတိအကျပဲ”
ဖီဂီ သက်ပြင်းချလိုက်၏။
“ခင်ဗျား ကျုပ်ကို အထင်မှားနေပေမဲ့ ကျုပ်ကတော့ ခင်ဗျားကို အကောင်းဆုံး မိတ်ဆွေ တစ်ယောက်လို ဆက်ဆံနေတုန်းပါ”
လီယိုနာ့ဒ်သည် လှောင်ပြောင်ဟန်ဖြင့် ရယ်မောလိုက်၏။
“ပိုက်ဆံနဲ့ ပတ်သက်ရင် ဘယ်သူမဆို ဖီဂီရဲ့ အကောင်းဆုံး မိတ်ဆွေ ဖြစ်နိုင်ပါတယ်ဗျာ”
ဖီဂီကခေါင်းခါလိုက်သည်။
“လီယိုနာ့ဒ်... ခင်ဗျား ကျုပ် အကဲဖြတ်တဲ့ပုံက အကြီးအကျယ် မှားယွင်းနေတာ စိတ်မကောင်းရာပဲ... သို့သော် ကျုပ် ဒါကို ပြောရပါမယ်... ကျုပ်ရဲ့ သုတေသနအားလုံးက အသုံးဝင်ပါတယ်... ‘ရွှံ့ရုပ်’ စီမံကိန်းဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပါပြီ... နယ်လှည့်ပညာရှင် ကျောက်တုံးကို ရရှိတာနဲ့ နောက်ဆုံးအဆင့်ကို ဆက်လုပ်နိုင်ပါပြီ”
“မိန်းကလေး ဒိုရစ်ရဲ့ အကူအညီကြောင့်ပဲ ဒီကိစ္စတွေ အားလုံးက အဆင်ပြေသွားနိုင်ပါပြီ... ထာဝရ အနားယူခြင်း ခေါင်းတလားကနေ ရလာမယ့် နယ်လှည့်ပညာရှင် ကျောက်တုံးဟာ ခင်ဗျားတို့ အယ်ခီမီ ပညာရှင်တွေ ထုတ်လုပ်တဲ့ဟာတွေထက် အများကြီး ပိုကောင်းပါတယ်”
“ဖီဂီ... ဖီဂီ...”
လီယိုနာ့ဒ်က ခေါင်းခါရင်း လှောင်ပြောင်လိုက်၏။
“နောက်ဆုံးအဆင့်ကို ရောက်နေပြီ ဆိုတဲ့ စကားကို ကျုပ် ကြားခဲ့ရတာ ဘယ်နှစ်ခါ ရှိပြီလဲ... ဒါပေမဲ့ နောက်ဆုံးတော့လည်း တစ်စုံတစ်ဦးက မအောင်မြင်မှု အစီရင်ခံစာကို ဆုပ်ကိုင်ထားပြီး စမ်းသပ်မှုတွေအတွက် ရန်ပုံငွေ ဆက်တောင်းနေတာကိုပဲ တွေ့ရတယ်... တစ်ခါတစ်လေ ဒါက ရန်ပုံငွေ ပိုရဖို့အတွက် လိမ်လည်လှည့်ဖြားမှုကြီးများလားလို့ ကျုပ် တကယ်တွေးမိတယ်”
“ဟာ... ဒါကလည်း ခင်ဗျားတို့ ပေးတဲ့ နယ်လှည့်ပညာရှင် ကျောက်တုံးတွေက အသုံးမကျလို့လေ”
“အကြောင်းပြချက်တွေ လျှောက်မပေးနဲ့... ခင်ဗျားတို့ ဌာနက အဘက်ဘက်က အသုံးမကျနေတာ ထင်ရှားနေတာပဲ”
လူအိုကြီး နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် နှာခေါင်းရှုံ့ကာ အကြည့်များကို စစ်တုရင်ခုံဆီသို့ ပြန်လည်ပို့ဆောင်လိုက်ကြသည်။
ခဏအကြာ၌ လီယိုနာ့ဒ်ကပင် မနေနိုင်တော့ပဲ စကားစပြောလိုက်၏။
“ဒါနဲ့ ဆုကြေးငွေကို ဘယ်သူက ယူခဲ့တာလဲဆိုတာ ခင်ဗျား တိတိကျကျ မပြောရသေးဘူးလေ”
သူ့အနေဖြင့် အမှန်တရား အသင်းတော်၏ ပြည်တွင်းကွန်ရက်ကို အသုံးပြုကာ ရှာဖွေနိုင်သော်လည်း ထိုကဲ့သို့ ပြင်ပအကူအညီကို အသုံးပြုခြင်းက အနည်းငယ် ရှက်စရာကောင်းပေသည်။
“ဟတ်... ဟတ်...”
အယ်ခီမီ ဌာန အကြီးအကဲက ပထမဆုံး ပြန်ခေါ်ခဲ့သည့်အတွက် ဖီဂီမှာ ကျေနပ်သွားကာ ထူးဆန်းသည့် ရယ်သံကို ထုတ်လိုက်သည်။
“ခင်ဗျား ခန့်မှန်းနိုင်မှာ မဟုတ်ဘူးဆိုတာ ကျုပ် သိတယ်... ဒီတစ်ကြိမ် ဆုကြေးငွေကို ယူခဲ့သူက ဖျက်ဆီးခြင်း အဆင့် မဟုတ်ဘူးဗျ... ငရဲဘုံ အဆင့် မုဆိုးတစ်ဦးပဲ”
“မုဆိုး... ငရဲဘုံ အဆင့်... ခင်ဗျား ကျုပ်ကို လာနောက်နေတာလား”
လီယိုနာ့ဒ် မျက်မှောင်ကြုတ်လိုက်မိ၏။ တစ်ချိန်တည်း၌ သူ အလေးအနက် တွေးနေမိသည်။
‘မဟုတ်သေးဘူး... အမှန်တရား အသင်းတော်ကသာ အဲဒီလူလို ဆုကြေးငွေ ယူဖို့ ခွင့်ပြုခဲ့တာ အမှန်တကယ် ဆိုရင် သူ့ရဲ့ အရည်အချင် မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ အတွက် အနည်းဆုံး ၅၀% ဖြစ်နိုင်ခြေ ရှိတယ်လို့ ဆိုလိုတယ်’
သို့သော်လည်း... ထိုမုဆိုးသည် ငရဲဘုံ အဆင့် တစ်ဦးဟု ဆိုသည်။ အဖြေသည် ချက်ချင်းပင် ရှင်းလင်း သွားခဲ့၏။
“ဖျက်ဆီးခြင်း အဆင့် အသိအမှတ်ပြု လက်မှတ် အတွက်လား”
***