← Chapters

ခင်ဗျားကို ကြည့်ရတာ နည်းနည်းနေမကောင်းပုံရတယ်

Vol. 5 Ch. 67

ခင်ဗျားကို ကြည့်ရတာ နည်းနည်းနေမကောင်းပုံရတယ်

Vol. 5 Ch. 67

ယနေ့ လင်ကျဲ စိတ်အားထက်သန်နေသည်။ သူ စိုက်ပျိုးခဲ့သည့် မျိုးစေ့လေးမှာ ခုနစ်ရက်အကြာတွင် လှပသော အနီရောင် နှင်းဆီလေး တစ်ပွင့်အဖြစ် ပေါက်ရောက်လာခဲ့သည်။

ရက်အနည်းငယ်အတွင်း အပင်မှာ အပွင့်ပွင့်သည် အထိ ကြီးထွားလာခြင်းက ပုံမှန် မဟုတ်ပုံတော့ ရသည်။ ထို့အပြင်... နှင်းဆီများမှာ ဆူးချုံနွယ်အဖြစ် ပေါက်ရောက်တတ်သော်လည်း ဤမျိုးစေ့ကတော့ ပင်စည် တစ်ခုတည်းအဖြစ် ကြီးထွားလာလေရာ တကယ်ပင် ထူးဆန်းသည်။

သို့သော်လည်း ဒိုရစ်က ဤမျိုးစေ့မှာ အဖိုးတန် စမ်းသပ် ထုတ်ကုန် တစ်ခုဖြစ်သည်ဟု ပြောခဲ့သည်။ ထို့ကြောင့်ပင် ၎င်း၌ ထူးခြားသည့် ကိုယ်ပိုင် လက္ခဏာများ ရှိနေခြင်းမှာ သဘာဝကျသည်။

ယနေ့ခေတ်တွင် လူများစွာမှာ အပင်များနှင့် ချုံနွယ်များကို ဝါသနာနှင့် အလှအပ အဖြစ် စိုက်ပျိုးကြသော်လည်း ကောင်းစွာ ဂရုမစိုက်ပါက သဘာဝ မြေရိုင်း အပင်များ အနေဖြင့် ကောင်းစွာ ကြီးထွားဖွံ့ဖြိုးရန်မှာ ခက်ခဲလှသည်။ ထို့ကြောင့်ပင် စိုက်ပျိုးရေး အဖွဲ့အစည်းများမှာ လျင်မြန်စွာ ကြီးထွားပြီး စိုက်ပျိုးရလွယ်ကူသည့် မျိုးစပ်များကို ဖန်တီး ထုတ်လုပ်လာကြသည်။

ထို့အပြင်... ၎င်းမှာ နှင်းဆီဖြစ်သည်ဟု မည်သူမျှ မပြောခဲ့ပေ။ ဖြစ်နိုင်သည်က... ၎င်းမှာ နှင်းဆီနှင့် အနည်းငယ် ဆင်တူသည့် အခြားမျိုးစိတ်တစ်ခု ဖြစ်နိုင်သည်။

လင်ကျဲ စိတ်ဓာတ် တက်ကြွရသည့် ဒုတိယ အကြောင်းရင်းကတော့ ဖောက်သည်အသစ်တစ်ဦး လာရောက်ခြင်းပင် ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၌ ပုံမှန် ဖောက်သည်များ သူ့ထံ လာရောက်ခြင်း မရှိခဲ့သလို ဖောက်သည်အသစ်များလည်း မရှိခဲ့ပေ။

စာအုပ်ဆိုင်မှာ အရင်ကလိုမျိုးပင် အထီးကျန်ပြီး အသက်မဲ့သည့် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့ရသည်။ ယခုလို အားလပ်ရက်များက မဆိုးသော်လည်း... ဝင်ငွေ မလိုချင်သည့် ဆိုင်ပိုင်ရှင် အဘယ်မှာ ရှိလိမ့်မည်နည်း။

ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ရပ်ကြောင့် လူအများအပြားမှာ ဤဧရိယာ အပေါ် စိတ်ဝင်စားမှုများ မြင့်တက် လာခဲ့သော်လည်း လင်ကျဲ၏ စာအုပ်ဆိုင်ကတော့ အေးစက်ပြီး အသက်မဲ့နေဆဲဖြစ်သည်။

ကပ်လျက် ရုပ်မြင်သံကြားဆိုင်ပင် စီးပွားရေး ပိုကောင်းနေသော်လည်း သူ၏ စာအုပ်ဆိုင်ကလေးကတော့ ဖောက်သည် တစ်ဦးမျှ မရှိခဲ့ပေ။

ထိုအတောအတွင်း လင်ကျဲ တစ်ယောက် သူ၏ စာအုပ်ဆိုင်လေးကို ပြန်လည် ပြုပြင်မွမ်းမံသင့်သလား ဟု တွေးတောမိခဲ့သည်။ ထိုအကြောင်းတွေးတိုင်း အတွေးများက လွန်ဆွဲ နေခဲ့သည်။ အဘယ်ကြောင့်နည်း။ သူ့ထံ၌ ငွေမရှိသောကြောင့် ဖြစ်သည်။

စာအုပ်ဆိုင်မှာ စီးပွားရေး မကောင်းသောကြောင့် စာအုပ်ဆိုင်ကို ပြုပြင် မွမ်းမံနိုင်ခြင်း မရှိချေ။ ပြုပြင် မွမ်းမံနိုင်ခြင်း မရှိသောကြောင့်လည်း ဖောက်သည်များ ကင်းမဲ့ကာ စီးပွားရေးက မကောင်းပြန်ချေ။ ‘မရှိလို့ မလှူ၊ မလှူလို့ မရှိ’ ဆိုသလိုမျိုး ၎င်းက ဆိုးဝါးလှသည့် သံသရာတစ်ခု ဖြစ်သည်။

‘ဘာပဲဖြစ်ဖြစ်... အခု ဖောက်သည် အသစ် တစ်ဦး ရောက်လာခဲ့ပြီဆိုတော့ အဆင်ပြေပါတယ်’

သူ့အနေဖြင့် ဆက်ဆံရေးကို တည်ဆောက်နိုင်သရွေ့ ငွေကို ရယူရန် အခွင့်အလမ်း ရှိနေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် လင်ကျဲ ဖောက်သည်အသစ်ကို ပျော်ရွှင်စွာ ကြိုဆိုခဲ့ကာ နွေးထွေးသည့် နွေဦးနေ့ တစ်နေ့ ကဲ့သို့ စိတ်အားထက်သန်သော အပြုံးကို ထိန်းသိမ်းထားခဲ့သည်။ သို့သော်လည်း... ဖောက်သည်က ‘ဒီအတိုင်း ကြည့်ရုံတင်’ ဟု ပြောခဲ့လေရာ လှုံ့ဆော်ရန် နည်းလမ်းတစ်ခု အရေးတကြီး လိုအပ်ကြောင်း လင်ကျဲ သဘောပေါက်ပေသည်။

လင်ကျဲ တစ်ယောက် ဦးနှောက်ကို ခြစ်ခြစ်ကုပ်ကုပ် စဉ်းစားနေစဉ် လှည့်ပတ်ကြည့်ရှုနေသည်ဟု ပြောခဲ့သော ဖောက်သည်မှာ ကောင်တာဘေးတွင် အချိန်ကြာမြင့်စွာ ရပ်တန့်နေသည်ကို ရုတ်တရက် တွေ့ရှိလိုက်သည်။ အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် သူ လှမ်းကြည့်ရင်း မေးလိုက်၏။

“ဟိုင်း... ခင်ဗျား ဘာတွေးမိလို့လဲဗျ... လှည့်ပတ်ကြည့်နေတာ မဟုတ်ဘူးလား”

သို့သော်လည်း... ဖောက်သည်မှာ ပြန်မဖြေခဲ့ချေ။ သူ၏ အကြည့်များက ကောင်တာပေါ်တွင် မြဲမြံစွာ တည်ရှိနေဆဲ ဖြစ်သည်။

လင်ကျဲ ဖောက်သည်၏ မျက်လုံးများကို အကဲခတ် ကြည့်လိုက်ရာ သူ စိုက်ထားသည့် နှင်းဆီ ပန်းအိုးကလေးကို ကြည့်နေကြောင်း သတိထားလိုက်မိသည်။

လင်ကျဲ သဘောပေါက်သွားကာ နှင်းဆီ ပန်းအိုးကလေးကို ဆွဲယူလိုက်၏။ ထို့နောက် အမြတ်တနိုးဖြင့် ကြည့်ကာ ရယ်မောရင်း မေးလိုက်သည်။

“ကျွန်တော့်ရဲ့ အပင်လေးက အရမ်းလှတယ်လို့ ခင်ဗျားလည်း ထင်နေတာလားဗျ”

လင်ကျဲ ပန်းအိုးကို ရွှေ့လိုက်သည်နှင့် အက်ကာမန်နှင့် နှင်းဆီ မျက်လုံးတို့ကြား အကြည့်ချင်း ဆုံတွေ့နေမှုမှာလည်း ရုတ်တရက် ပြတ်တောက် သွားခဲ့သည်။

အက်ကာမန် တစ်ယောက် တုန်တုန်ရီရီဖြင့် အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်မိ၏။ မျက်လုံးက အနည်းငယ် လှုပ်ယမ်းကာ ပွင့်ဖတ်များ အတွင်း ပြန်လည် တိုးဝင် သွားသည်ကို သူ တွေ့လိုက်ရသည်။

အက်ကာမန် တစ်ယောက် ကြောင်အအ ဖြစ်သွားခဲ့သည်။ ညစ်ညမ်းသည့် သွေးများကို အလွန်အကျွံ ထိုးသွင်းမိခြင်းကြောင့် အာရုံချောက်ခြားနေခြင်းများလောဟု သူ တွေးလိုက်မိသည်။

သို့သော်လည်း... နှင်းဆီပန်း၏ နံဘေးတွင် ရှိနေသည့် စာအုပ်ဆိုင်ပိုင်ရှင်၏ နွေးထွေးသော အပြုံးကို မြင်လိုက်ရသည့်အခါတွင်တော့ ၎င်းမှာ အာရုံလွဲမှားမှု မဟုတ်ဘဲ အမှန်တကယ် ငရဲဘုံဖြစ်သည်ကို သူ သိရှိလိုက်သည်။

အက်ကာမန် အသက်ပြင်းပြင်း ရှူလိုက်ရင်း ပြန်ဖြေလိုက်၏။

“ဟုတ်... ဟုတ်ကဲ့... လှပါတယ်... တကယ့်ကို လှပါတယ်...”

ရုတ်တရက်... သူ ဖျက်ဆီးခြင်း အဆင့် အကဲဖြတ်မှုကို ရယူလိုစိတ် မရှိတော့သလို ဝယ်လ်ကို ရှာဖွေလိုသည့် စိတ်အားထက်သန်မှုများလည်း မရှိတော့ပေ။ သူ၏ ဆန္ဒများနှင့် ရည်မှန်းချက်များ အားလုံးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခု သူ လိုချင်သည့်အရာမှာ ဆိုဖာပေါ်သို့ လှဲချပြီး ဘဝ၏ အဓိပ္ပာယ်ကို ဆင်ခြင်သုံးသပ်ရန်သာ ဖြစ်သည်။

ဖောက်သည်က မိမိ၏ နှင်းဆီပန်းလေးအား ချီးမွမ်းနေသည်ကို မြင်လိုက်သောအခါ လင်ကျဲ တစ်ယောက် ကျေနပ်စွာ ပြုံးလိုက်မိ၏။

"တန်ဖိုးထားပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ... ဒီပန်းလေးကလည်း ပျော်ရွှင်နေမှာ သေချာပါတယ်"

အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်။ သစ်ပင်ပန်းမန်များကို လေးစားခြင်းမှာ ဘဝ၏ စိတ်ကူးယဉ်ဆန်ဆန် ကဏ္ဍတစ်ခုပင်။

ထို့အပြင်... ဒိုရစ်က ဤနှင်းဆီ ပန်းလေးတွင် အတွေးများရှိကြောင်း သူ့ကို အထူးတလည် ပြောပြထားသည်။ ၎င်းက စိတ်ကူးယဉ် ဆန်လှသော်လည်း... မည်သို့ပင် ဆိုစေ... ဖောက်သည်များရှေ့၌ လျှို့ဝှက်ဆန်းကြယ်သည့် အရောင်းသမားတစ်ဦးကဲ့သို့ ပြုမူနေရဦးမည် ဖြစ်သည်။

တစ်နေ့၌ ဒိုရစ် ပြန်လာကာ သူမ၏ လက်ဆောင်နှင့် ကောင်းသောရည်ရွယ်ချက်များကို လင်ကျဲ တန်ဖိုးထားကြောင်း မြင်တွေ့ရပါက ကျေနပ်ဝမ်းမြောက်သွားလိမ့်မည် ဖြစ်သည်။ ထို့နောက်တွင်တော့ သူ ရေရှည် ဖောက်သည် တစ်ယောက်ကို ရရှိပေလိမ့်မည်။

‘ဒီလိုပါပဲလေ... ငွေရှာတဲ့ လမ်းကြောင်းဆိုတာ အချိန်ပေး တည်ဆောက်ရတာ ချည်းပဲ...’

လင်ကျဲ တွေးလိုက်မိ၏။ 'အသေးအဖွဲ အချက်အလက်များသည်ပင် အောင်မြင်မှုနှင့် ကျရှုံးမှုကို ဆုံးဖြတ်နိုင်သည်' ဟူသော စကားမှာ အလွန်မှန်ကန်သော ဆိုရိုးစကားပင် ဖြစ်သည်။

ထို့အပြင်... လင်ကျဲမှာ နှင်းဆီပန်းလေးကို ကိုယ်တိုင် ဂရုတစိုက် ပြုစုစောင့်ရှောက်ခဲ့သည်။ ပြီးခဲ့သည့် တစ်ပတ်ကျော်ကာလအတွင်း နေ့စဉ် ရေလောင်းပေးခဲ့လေရာ ခံစားချက်အချို့ပင် ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။

"..."

အခြားတစ်ဖက်၌ အက်ကာမန်ကတော့ ကြက်သီးများပင် တဖျန်းဖျန်း ထနေခဲ့ပြီ ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးမှာ တောင့်တင်း အေးစက် နေခဲ့၏။

‘ဒီစာအုပ်ဆိုင် ပိုင်ရှင်က လူတွေရဲ့ စိတ်ကို ကစားရုံတင် မကဘူး... ပန်းနဲ့ပါ ရင်းရင်းနှီးနှီး ပတ်သက်နေတဲ့ပုံပဲ... သူက ဒီပန်းမိစ္ဆာကို သူ့ရဲ့ သားသမီးလိုမျိုး သဘောထားနေတာလား...’

ကြောက်မက်ဖွယ် ကောင်းလှပါသည် ဆိုသည့် အောက်လမ်း ဆရာမ မော်ဖီသည်ပင် သူမ ပြန်လည် အသက်သွင်းထားသည့် အိပ်မက် သားရဲကို အံ့ဖွယ်ဖန်တီးမှုအဖြစ် နှစ်သက်မြတ်နိုးရုံသာ ရှိခဲ့သည်။ ဤကဲ့သို့ စက်ဆုပ်ဖွယ် မိစ္ဆာကောင်ကို လူသားတစ်ဦးကဲ့သို့ သဘောထားသည်အထိတော့ မဟုတ်ခဲ့ပေ။

ဤစာအုပ်ဆိုင်ပိုင်ရှင်မှာ အတိအကျ ဘာကောင်နည်း။ အက်ကာမန်၏ မျက်ခွံများက တုန်ရီလာကာ ရုတ်တရက် ကျိုးကြောင်းဆီလျော်သော ယူဆချက်တစ်ခုကို ရရှိလိုက်သည်။

‘နေဦး... ဒီစာအုပ်ဆိုင်ပိုင်ရှင်ကလည်း လူသားမဟုတ်တာ ဖြစ်နိုင်လား... သူက နှင်းဆီမိစ္ဆာနဲ့ အမျိုးအစား တစ်ခုတည်းလား...’

အကယ်၍ စာအုပ်ဆိုင် ပိုင်ရှင်နှင့် 'နှင်းဆီပန်း' တို့သာ မျိုးစိတ်ချင်း တူနေပါက... သူက 'လူသား' အရေပြားကို ဖုံးအုပ်ထားခြင်း ဖြစ်နိုင်ပါသလော။

အက်ကာမန်၏ စိတ်အတွင်း၌ များစွာသော အချက်အလက်များမှာ ပေါင်းစည်း လာခဲ့၏။ သူ အဘယ်ကြောင့် အီသာစွမ်းအင် အငွေ့အသက်ကိုမျှ မခံစားနိုင်ခဲ့သနည်း။ အဘယ်ကြောင့် သူက ဆင်ခြင်တုံတရားနှင့် မကိုက်ညီအောင် အစွမ်းထက်နေသနည်း။ အဘယ်ကြောင့် သူ့ထံတွင် ဤမျှ ယုတ်မာ ကောက်ကျစ်သည့် စရိုက် ရှိသနည်း။

ထိုအချက် အားလုံးက သူ၏ ရှေ့တွင် ရပ်နေသူမှာ ပိုမိုမြင့်မားသော သက်ရှိပုံစံတစ်မျိုး ဖြစ်နေကြောင်း ညွှန်ပြနေပေသည်။ ထိုအကြောင်းရာများကို အမှန်တရား အသင်းတော်က မသိခဲ့သည်လား။ မဖြစ်နိုင်ချေ။

‘ချီးအမှန်တရား အသင်းတော်... သူတို့က ငါ့ကို ခေါစာ အနေနဲ့ ပို့လိုက်တာပဲ...’

အက်ကာမန် စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။ သို့သော်လည်း အပြင်ပန်းတွင်တော့ သူ ချွေးများကို သုတ်ရင်း “ဟဲ... ဟဲ... ဟဲ...” ဟု ရယ်မော နေခဲ့မိသည်။

စာအုပ်ဆိုင်ပိုင်ရှင်အား ကြည့်ရသည်က သူ့ 'ပန်း' ကို ချီးမွမ်းသည့်အတွက် ကျေနပ်နေသည့်ပုံ ပုံပေါ်လေရာ သူက အလိုက်သင့်ဖြင့် ပြောပေးလိုက်သည်။

"ကျွန်တော် အမှန်တရားကို ပြောနေတာပါဗျာ...”

ဖောက်သည်သစ်၏ မျက်နှာ အမူအရာက ပုံမှန် မဟုတ်နေသည်ကို လင်ကျဲ သတိပြုလိုက်မိ၏။ ထို့ကြောင့်ပင် သူက ပန်းအိုးကို ဘေးသို့ ရွှေ့လိုက်သည်။

"ဒါနဲ့... ခင်ဗျားကို ကြည့်ရတာ နည်းနည်းနေမကောင်းပုံရတယ်... အရင်ဆုံး ထိုင်လိုက်ပါလား"

***

All Chapters