← Chapters

နှင်းဆီမျက်လုံး

Vol. 5 Ch. 66

နှင်းဆီမျက်လုံး

Vol. 5 Ch. 66

နောက်ဆုံး၌ အက်ကာမန် တစ်ယောက် မိုးကာအင်္ကျီကို ခါလိုက်ကာ ‘ဖွင့်သည်’ ဆိုင်းဘုတ် ချိတ်ဆွဲထားသည့် တံခါးဆီသို့ လျှောက်သွားရင်း တွန်းဖွင့်လိုက်သည်။

ချွင်... ချွင်...

သာယာသည့် ခေါင်းလောင်းမြည်သံ ထွက်ပေါ်လာခဲ့၏။ မုဆိုးတစ်ယောက်၏ မျက်လုံးဖြင့် သူ စာအုပ်ဆိုင်ကို ခပ်မြန်မြန် အကဲခတ်လိုက်သည်။

ကောင်တာပေါ်ရှိ ကျောက်ဂါဂွိုင်းမှ မှလွဲ၍ အခြား ထူးခြားသည့်အရာ မရှိပေ။ အက်ကာမန် ကျောက်ဂါဂွိုင်းကို အကဲခတ်လိုက်၏။

ဂါဂွိုင်ထံမှ ဝယ်လ်နှင့် သက်ဆိုင်နေသည့် အီသာစွမ်းအင် အငွေ့အသက်များကို ရှင်းလင်းစွာ ခံစားရသည်။ အထူးသဖြင့်.. ၎င်း၏ တဖျပ်ဖျပ် တောက်ပနေသည့် သွေးနီရောင် မျက်လုံးများပင်။

သို့သော် အတွေ့အကြုံအရ... ဤကဲ့သို့သော ဂါဂွိုင်းမျိုးမှာ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒကိုသာ တုံ့ပြန်၍ တိုက်ခိုက်လေ့ ရှိသည်။ သို့မဟုတ် ပိုင်ရှင်က အမိန့်ပေးမှသာ တိုက်ခိုက်မည် ဖြစ်ကြောင်း အက်ကာမန် သိသည်။

သတ်ဖြတ်လိုသည့် စိတ်ဆန္ဒနှင့် မကောင်းသော အကြံအစည်များကို တစ်စုံတစ်ရာ မပြသသရွေ့ သူ ဘေးကင်းမည်မှာ သေချာသည်။

အက်ကာမန်မှာ သူ၏ ဖုံးကွယ်ထားမှုအပေါ် လုံးဝ ယုံကြည်မှု ရှိသည်။ အဆင့်တူ လူတစ်ယောက်ပင်လျှင် သူ မလှုပ်ရှားမီ အချိန် အထိ မည်သည့်အရာက မှားယွင်းနေသည်ကို သဘောပေါက်လိမ့်မည် မဟုတ်ပေ။

အက်ကာမန်သည် စာအုပ်ဆိုင် အတွင်း ဖြည်းညှင်းစွာ လျှောက်ဝင်လာကာ သူ၏ မိုးကာအင်္ကျီကို ထီးစင်ပေါ်တွင် ချိတ်လိုက်သည်။ သတိတရားကို အမြင့်ဆုံး အဆင့်၌ ထားရင်း ပတ်ဝန်းကျင်ကို ပေါ့ပေါ့ပါးပါး လေ့လာ ကြည့်ရှုနေစဉ် ချို့ယွင်းချက် အနည်းငယ်မျှကိုပင် မဖော်ပြမိစေရန် သူ၏ ခန္ဓာကိုယ် ကြွက်သားများကို အဆမတန် ထိန်းချုပ်ထားသည်။

ကောင်တာနောက်ရှိ လူငယ်လေက ပုံမှန်အတိုင်းပင် မော့ကြည့်ရင်း မေးလိုက်၏။

“ကြိုဆိုပါတယ်... စာအုပ် ငှားမလား ဖတ်မလား ဒါမှမဟုတ် ဝယ်မလား”

အက်ကာမန်မှာ သာမန် အလုပ်သမားကြီးတစ်ဦး လိုမျိုး သရုပ်ဆောင်နေခဲ့၏။ ထို့ကြောင့်ပင် သူက ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“ဒီအတိုင်း လှည့်ပတ် ကြည့်နေတာပါ”

သူက ဂက်စ် ပေါက်ကွဲမှုကို လာကြည့်ရင်း ဘေးနားရှိ စာအုပ်ဆိုင်ထဲသို့ ပေါ့ပေါ့ပါးပါး လျှောက်ဝင်လာခဲ့သည့် သာမန်လူတစ်ဦးမျှသာ ဖြစ်သည်။

ထိုသို့သောသူမျိုးထံတွင် မည်သည့် ရည်ရွယ်ချက်မျှ မရှိချေ။ ထို့ကြောင့်ပင် မည်သည့် ရွေးချယ်မှုကိုမှ ပြုလုပ်ရန် မလိုအပ်ပေ။

ဤစာအုပ်ဆိုင်ပိုင်ရှင်က သာမန်လူတစ်ဦးနှင့် တူသည်ဟု စိတ်ထဲမှ တွေးတောရင်း အက်ကာမန် တစ်ယောက် ကောင်တာဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့၏။ ထိုနောက် သူ၏ အကြည့်များက ကောင်တာ ပတ်ချာလည်သို့ ရွေ့လျား သွားခဲ့သည။

မှောင်မည်း အုံ့စိုင်းနေသည့် စာအုပ်ဆိုင် အတွင်းတွင် အရောင်အသွေး ရှိသည့် တစ်ခုတည်းသော အရာမှာ အိုးစိုက် ပန်းပင်ကလေး တစ်ပင်သာ ဖြစ်သည်။ ထိုပန်းပင်လေးတွင် အနီရောင် နှင်းဆီတစ်ပွင့်မှာ လှပစွာ ပွင့်လန်းနေ၏။ မှုန်မှုန်မှိုင်းမှိုင်း အလင်းရောင်က နှင်းဆီ ပွင့်ဖတ်များ ထက်ရှိ ရေစက်ကလေးများအား ရောင်ပြန်ဟပ် နေလေရာ အတော်လေး လှပသော မြင်ကွင်းတစ်ခု ဖြစ်သည်။

တစ်နည်း ဆိုရသော်... ထိုနှင်းဆီမှာ မှောင်မိုက် ညိုမှိုင်းသည့် စာအုပ်ဆိုင်ထဲတွင် တစ်ခုတည်းသော လင်းလက် တောက်ပသည့် အမှတ်အသားပင် ဖြစ်သည်။

သို့သော် ၎င်းမှာ သာမန် နှင်းဆီတစ်ပွင့်မျှသာ ဖြစ်သည်။

အက်ကာမန်က စာအုပ်ဆိုင်၏ အခြား နေရာများကို လှည့်ပတ်ကြည့်ရှုရန်နှင့် ပထမဆုံး စုံစမ်းစစ်ဆေးမှု အဆင့်ကို ပေါ့ပေါ့ပါးပါး လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင်ပင် နှင်းဆီဖူးမှာ အနည်းငယ် ယိမ်းထိုးသွားကာ ဖူးငုံနေသော အလယ်ဗဟိုမှ မျက်လုံးတစ်လုံး ပေါ်ထွက်လာသည်။ အရည်အချို့က စီးကျနေဆဲဖြစ်ပြီး မျက်လုံးက အနည်းငယ် လှည့်ကာ အက်ကာမန်ကို တည့်တည့် စိုက်ကြည့်လိုက်သည်။

အက်ကာမန် တစ်ယောက် တောင့်တင်းသွားပြီး သူ၏ ခန္ဓာကိုယ် လက်မတိုင်းမှာ ထုံကျင်သွားခဲ့သည်။ သူ ချက်ချင်း နောက်ဆုတ်လိုသော်လည်း လုံးဝ လှုပ်ရှား၍ မရတော့ကြောင်း သဘောပေါက်လိုက်၏။ ထိုမျက်လုံးနှင့် အကြည့်ချင်း ဆုံရင်း သူ၏ ဝိညာဉ်ကို တစ်စုံတစ်ရာက ထောင်ချောက်ဆင်ပြီး ဝါးမျို နေသကဲ့သို့ ခံစားလိုက်ရသည်။

‘ထောင်ချောက်လား...’

‘ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...’

‘ငါ ဘာမှ ခံစားလို့ မရဘူး... အီသာစွမ်းအင် လှုပ်ရှားမှု တစ်စက်ကလေးတောင် မရှိတာကို...’

ထိုအခိုက်တွင်ပင်...

“ဆက်ကြည့်လို့ရပါတယ်... မေးစရာရှိရင် ကျွန်တော့်ကို ရှာပါ...”

ကောင်တာနောက်ရှိ လူငယ်လေးက ဖော်ရွေစွာ ပြုံးရင်း ပြောလိုက်သည်။

‘နင့်မေကလွှား... ငါက ဘာကို လှည့်ပတ်ကြည့်ရမှာလဲ... ဘယ်လိုလုပ်ပြီး လှည့်ပတ်ကြည့်နိုင်မှာလဲ... ဒီမှာ လှုပ်တောင် မလှုပ်နိုင်တဲ့ဟာကို”

အက်ကာမန်၏ မျက်ခွံများမှာ တုန်ရီလာခဲ့၏။ ၎င်းသည် စိတ်ရောကိုယ်ပါ ပြင်းထန်စွာ ရုန်းကန်နေရသည့် လက္ခဏာပင် ဖြစ်သည်။

စာအုပ်ဆိုင်ပိုင်ရှင်၏ နွေးထွေး ဖော်ရွေသည့် အပြုံးကို ကြည့်ရင်း အတွင်းပိုင်း၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် လှောင်ပြောင်မှုနှင့် ဆိုးယုတ်သည့် အကြံအစည်များကို သူ ခံစားနေမိခဲ့သည်။

စာအုပ်ဆိုင်ပိုင်ရှင်မှာ သူ့ကို ထောင်ချောက်မိနေသည့် အကူအညီမဲ့ ရုပ်သေးရုပ်လေး တစ်ရုပ်သဖွယ် ကြည့်နေသည်။ ပို၍ ကြည့်လေလေ... ထိုမကောင်းဆိုးဝါးမှာ ပို၍ပင် စိတ်အားထက်သန်လာလေ ဖြစ်သည်။

‘ဒီမိစ္ဆာကောင်က ငါ ဖုံးကွယ်ထားတယ် ဆိုတာကို အစတည်းက မြင်ပြီးသား ဖြစ်မှာ သေချာတယ်...’

ထိုအကြည့်များမှ တစ်ဆင့် စာအုပ်ဆိုင် ပိုင်ရှင်၏ အတွေးများကို အက်ကာမန် အလွယ်တကူ ပုံဖော်နိုင်ပေသည်။

‘ခင်ဗျား လှည့်ပတ်ကြည့်ချင်တာ မဟုတ်ဘူးလား... ရှေ့ဆက်ပြီး ကြည့်လိုက်ပါလေ... ကျွန်တော် ခင်ဗျားကို တားမှာ မဟုတ်ဘူး... ဪ... ခင်ဗျား မလှုပ်နိုင်ဘူးလား...’

‘စိတ်မကောင်းပါဘူး... ဆောရီးဗျာ... ဒါက ကျွန်တော့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးကမတော်တဆ ပြုမူလိုက်တာပါ...’

ဤကဲ့သို့ အရှက်ရခြင်းကို အက်ကာမန် တစ်ကြိမ် တစ်ခါမျှ မခံစားခဲ့ဖူးချေ။ သူ မည်မျှ ရုန်းကန် နေစေကာမူ ကြွက်သား တစ်မျှင်ကိုပင် လှုပ်ရှားရန် ရုန်းကန် နေရ၏။ အက်ကာမန်၏ နားထင်မှ သွေးကြောများမှာ ဖောင်းကြွလာကာ သူ၏ မျက်လုံးများမှာလည်း သွေးစွန်းသကဲ့သို့ နီရဲလာသည်။

ထိုအချက်က အက်ကာမန် တစ်ယောက် ခန္ဓာကိုယ် တစ်ခုလုံးရှိ အရိုး၊ အကြော၊ ကြွက်သားများ၏ အင်အားကို အပြည့်အဝ အသုံးပြုနေကြောင်း ထင်ရှားစေသည်။

ပုံမှန် အခြေအနေ တစ်ခုတွင် ဆိုပါက... အက်ကာမန် အသုံးပြုနေသည့် လက်ရှိ ခွန်အားမှာ စာအုပ်ဆိုင် အပါအဝင် ပတ်ဝန်းကျင် တစ်ခုလုံးကို လက်သီးတစ်ချက်တည်းဖြင့် ဖုန်မှုန့် ဖြစ်သွားစေဖို့ လုံလောက်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း... ယခုတွင်တော့ သူက နေရာတွင်ပင် ကြောင်ကြောင်ကြီး ရပ်တန့်နေကာ နှင်းဆီပန်းကို မလှုပ်မယှက် စိုက်ကြည့်နေရုံသာ တတ်နိုင်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပုံသဏ္ဌာန်မဲ့သည့် စွမ်းအားတစ်ခုဖြင့် ကန့်သတ်ခံထားရကာ ရွှေ့လျားရန် နည်းလမ်း မရှိပေ။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ အက်ကာမန် တစ်ယောက် သူ့ကိုယ်သူ ဆုတ်ယုတ်ပျက်စီးနေသည် ဟု ခံစားနေရခြင်း ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ် အတွင်း ရှိရှိသမျှ အရာရာမှာ နှင်းဆီ၏ အကြည့်များ အောက်တွင် လောဘတကြီး ဝါးမျိုခံနေရသည်။

ဥပမာပေးရပါက... အက်ကာမန် တစ်ယောက် သူ့ကိုယ်သူ ဂျယ်လီ အချိုပွဲတစ်ခုသဖွယ် ခံစားနေရသည်။ ပထမ၌ သူက ပလတ်စတစ်ဘူးထဲတွင် မလှုပ်မယှက် ရှိနေခဲ့သည်။ သို့သော်လည်း ယခုအခါ အဖုံးမှာ ဆုတ်ဖြဲခံထားရပြီး သူ့ခန္ဓာကိုယ်မှာလည်း စုပ်ယူခံနေရသည်။

၎င်းက စိတ္တဇဆန်ဆန် ခံစားမှုဖြစ်သလို အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ပို၍ ဆိုးသည်မှာ အက်ကာမန် တစ်ယောက် ၎င်းကို မရပ်တန့်နိုင်သလို စုပ်ယူခံနေရသည့် အစိတ်အပိုင်းများကိုလည်း ဆုပ်ကိုင်ထားနိုင်ခြင်း မရှိပေ။

သို့သော်လည်း... တစ်ခဏကြာပြီးသည် အထိ သူ့ ခန္ဓာကိုယ် အတွင်းရှိ အီသာ စွမ်းအင်များမှာ လျော့ကျသွားခြင်း မရှိသလို ရုပ်ပိုင်ဆိုင်ရာ ခွန်အားမှာလည်း မူလ အတိုင်း တည်မြဲနေကြောင်း အက်ကာမန် သတိထားလိုက်မိသည်။ သူ့ကို ခြေလှမ်းများ ရပ်တန့်စေသောအရာမှာ စိတ်ပိုင်းဆိုင်ရာ သဘောတရားနှင့် သက်ဆိုင်သည့် စွမ်းအားတစ်ခု ဖြစ်သည်။

နှင်းဆီ၏ ‘မျက်လုံး’ က သူ့ကို ဤသို့ ပြောနေသည်။

“မလှုပ်နဲ့...”

ထို့ကြောင့်ပင် သူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားခြင်းကို ရပ်တန့်ခဲ့ခြင်း ဖြစ်သည်။

‘ဒါကြီးက ဘာကြီးလဲ...’

အက်ကာမန် တစ်ယောက် တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ် နေခဲ့ပြီ ဖြစ်သည်။ ဤတိုတောင်းသည့် တစ်မိနစ်မျှ အချိန်အတွင်း၌ မျှော်လင့်ချက်မဲ့ခြင်း၏ အဓိပ္ပာယ်ကို သူ အပြည့်အဝပင် နားလည်ခဲ့သည်။

သေသည် အထိ သူ ယခုလို တောင့်တောင့်ကြီး နေရတော့မည်လော။ ဖျက်ဆီးခြင်း အဆင့် မုဆိုးတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အစားအစာနှင့် ရေမရှိဘဲ သုံးလခန့် အသက်ရှင်နိုင်သည်။ သို့သော်လည်း... တကယ်တမ်း သေဆုံးချိန်ရောက်သည့်အခါ လွတ်မြောက်သွားခြင်းကြောင့်သာ စိတ်သက်သာရာ ရလိမ့်မည်ဟု အက်ကာမန် ခံစားခဲ့ရသည်။

‘ဒီစာအုပ်ဆိုင်ပိုင်ရှင်က လူတွေရဲ့ နှလုံးသားကို ကစားရတာ ကြိုက်တဲ့ နတ်ဆိုးတစ်ကောင် ဖြစ်တာ သေချာတယ်...’

အက်ကာမန် တစ်ယောက် စိတ်ထဲမှ အော်ဟစ် လိုက်မိလေ၏။

***

All Chapters