အမှန်တရားသာလျှင် ထာဝရ တည်တံ့သည်
Vol. 5 Ch. 64
အမှန်တရား အသင်းတော်၏ နှစ်စဉ်စာရင်းတွင် အဆင့်တက်လိုသူ တစ်ဦးမှာ ကိုယ့်ကိုယ်ကိုယ် လုပ်ဆောင်ချက်များဖြင့် သက်သေပြရန် လိုအပ်သည်။ ဥပမာအားဖြင့်... တိုက်ပွဲတစ်ခုတွင် ဖျက်ဆီးခြင်း အဆင့်ကို အနိုင်ယူနိုင်ပါက ထိုလူကို ဖျက်ဆီးခြင်း အဆင့် အသစ်အဖြစ် အကဲဖြတ်မည် ဖြစ်သည်။
တိုက်ခိုက်မှု မပြုလုပ်ချင်သူများတော့ ပုံမှန် အီသာစွမ်းအင် စမ်းသပ်မှုတစ်ခုကို ဖြတ်သန်းနိုင်သည်။ သို့သော်လည်း... ထိုနည်းဖြင့် အဆင့်တက်လာသူများ၏ အမည်နောက်တွင် ‘စံနှုန်းသတ်မှတ် စမ်းသပ်မှု’ ဟူသော ဖော်ပြချက်ကို ပါရှိမည် ဖြစ်သည်။ တစ်နည်းနည်းဖြင့် ထိုဖော်ပြချက်က သူတို့ကို အခြားသူများထက် တစ်ဆင့်နိမ့်ကျနေပုံရစေသည်။ ထို့ကြောင့်ပင် လူအများစုမှာ များသောအားဖြင့် တိုက်ပွဲများမှ တစ်ဆင့်သာ သူတို့၏ အသိအမှတ်ပြုလက်မှတ်များကို ရယူလေ့ရှိသည်။
“ဖျက်ဆီးခြင်း အဆင့် အသိအမှတ်ပြု လက်မှတ် အတွက်လား”
လီယိုနာ့ဒ်က ချက်ချင်းပင် သဘောပေါက်သွားကာ မေးလိုက်၏။
“မှန်ပါတယ်”
ဖီဂီက ခေါင်းညိတ်လိုက်သည်။
“ငရဲဘုံ အဆင့် မုဆိုး... ညစောင့် ဘာတန် အက်ကာမန်က သူကိုယ်သူ သက်သေပြဖို့ အတွက် ဝယ်လ်ရဲ့ ဆုကြေးငွေကို ယူဖို့ ဆုံးဖြတ်ခဲ့တယ်လေ”
“စံနှုန်းသတ်မှတ် စမ်းသပ်မှုအတွင်းမှာလည်း သူက ညစ်ညမ်းတဲ့ သွေးတွေကို သူ့ခန္ဓာကိုယ် အတွင် ထိုးသွင်းပြီး ဖျက်ဆီးခြင်း အဆင့် စွမ်းအားကို ပြသနိုင်ခဲ့တယ်လေ... ဒါကြောင့်ပဲ အမှန်တရား အသင်းတော်က သူ့လျှောက်လွှာကို အတည်ပြုပေးခဲ့တာပါ”
လီယိုနာ့ဒ်သည် ခေါင်းညိတ်လိုက်သည်။
“သြော်... ဟုတ်လား... ဒါပေမယ့် သူ တကယ် ရှာတွေ့နိုင်ပါ့မလား...”
“ခင်ဗျားတို့ နှစ်ယောက် ဘာတွေပြောနေကြတာလဲဗျ”
ထိုအခိုက်တွင်ပင် အင်ဒရူးမှာ အခန်း အတွင်းသို့ ပြန်လည် ဝင်လာခဲ့ကာ သူတို့နှစ်ဦး၏ စကားပြောဆိုမှုကို ဖြတ်တောက်လိုက်သည်။ သူက ဆိုဖာ အလွတ်ပေါ်တွင် ထိုင်ချလိုက်ရင်း ဆက်သွယ်ရေး ကိရိယာကို ဘေးသို့ ပစ်ချလိုက်သည်။
ထို့နောက်... အမှန်တရား အသင်းတော် ဒုဥက္ကဋ္ဌက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။
“ဒီလို ဖြစ်လာမယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူးဗျာ...”
“ဒုဥက္ကဋ္ဌ... ဘာဖြစ်တာလဲ”
လီယိုနာ့ဒ်က မေးလိုက်၏။ အင်ဒရူးက မျက်လုံးများ အတွင်းရှိ ခံစားချက်က အနည်းငယ် ရှုပ်ထွေးနေသလို စိတ်မကောင်း ဖြစ်နေဟန်လည်း ရသည်။
“နှစ်ပေါင်း ၃၀၀ ကြာခဲ့ပြီ... ကျွန်တော်လည်း သိသိသာသာ အိုမင်းသွားခဲ့ပြီ... ဒါပေမယ့် သူက အရင်အတိုင်းပဲ... စကားပြောဟန်ကတောင် တစ်စက်ကလေးမှ မပြောင်းလဲဘူး... မသိရင် ကျွန်တော် အိပ်မက် မက်နေသလိုပဲဗျာ”
လီယိုနာ့ဒ် တစ်ယေက် သူ၏ အရင် ခရပ်ရှ် (crush) လေးကို ထပ်မံတွေ့လိုက်ရသောကြောင့် စိတ်အားငယ်ခြင်း ဖြစ်နိုင်သည်ဟု လူအိုကြီး နှစ်ယောက စိတ်ထဲမှ တွေးလိုက်သည်။
‘အဲ့လ်ဖ်တွေက သက်တမ်းရှည်တဲ့ သတ္တဝါတွေပဲလေ... ဒါက သဘာဝပဲ... စိတ်မကောင်းဖြစ်စရာ ဘာရှိလို့လဲ... ဒီအဘိုးကြီး အသက်ကြီးမှ သူငယ်ပြန်နေပြီလား မသိဘူး..’
သို့သော်လည်း... သူတို့၏ ရန်ပုံငွေအတွက် ထိုစကားလုံးများကို အသံထွက် မပြောဆိုခြင်းက ပိုကောင်းပေလိမ့်မည်။
“ဒါနဲ့ ဒု-ဥက္ကဋ္ဌ... အဲဒီစာအုပ်ဆိုင်နဲ့ပတ်သက်ပြီး ဘာတွေဖြစ်နေတာလဲဗျ... အိုင်းရစ် မျိုးနွယ်စုက စာအုပ်ဆိုင် ပိုင်ရှင်ကို သူတို့ရဲ့ အရှင်သခင် ဆိုပြီး တကယ် ကြေညာခဲ့တာလား”
“စာအုပ်ဆိုင် ပိုင်ရှင်ကို မဟုတ်ဘူး... သူ့နောက်ကွယ်မှာ ရှိနေတဲ့ ဟာကိုပဲ... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က သူတို့ရဲ့ အမှုဖိုင်ကို ပို့ပေးပြီးသားပဲ... ခင်ဗျားတို့ ကိုယ်တိုင် စစ်ဆေးကြည့်ပါ”
အင်ဒရူးက သက်ပြင်းတစ်ချက် ချလိုက်သည်။
“နော်ဇင်မှာ အခရာ အဆင့် တစ်ပါး ပုန်းကွယ်ပြီး ရှိနေလိမ့်မယ်လို့ ကျွန်တော်လည်း တစ်ခါမှ မတွေးခဲ့မိဘူး... ဒါပေမယ့် ဒီဖိုင်ကို ဂျိုးဇက် ကိုယ်တိုင် ရေးထားတာ... ဒါကြောင့် ကျွန်တော်တို့ ဘက်ကလည်း အရေးကြီးတယ်လို့ သဘောထားရမယ်... စာအုပ်ဆိုင် ပိုင်ရှင်ရဲ့ ရပ်တည်ချက်က ဖော်ရွေတယ် ဆိုတဲ့အတွက် ကျွန်တော်တို့ သူ့ကို ဖြည်းဖြည်းချင်း စမ်းသပ်ကြည့်ဖို့ ရွေးချယ်နိုင်ပါတယ်... ဒါပေမယ့် ဒီလို သတ္တဝါတစ်ပါး နော်ဇင်မှာ ရှိနေတာကတော့ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး”
“ဒါဆို ခင်ဗျား ပြောချင်တာက”
လီယိုနာ့ဒ်က မေးလိုက်၏။
“စောင့်ကြည့်ကြတာပေါ့ဗျာ...”
အင်ဒရူးသည် တည်ငြိမ်စွာဖြင့် ထရပ်လိုက်သည်။
“ဝယ်လ်နဲ့ ဒီစာအုပ်ဆိုင်ပိုင်ရှင်တို့က ဆက်စပ်မှုတစ်ခု ရှိနေတယ်.. အက်ကာမန်ကို ကျွန်တော်တို့ရဲ့ မျက်လုံးအဖြစ် သဘောထားလိုက်ကြတာပေါ့”
ဖီဂီနှင့် လီယိုနာ့ဒ်တို့ နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ခဏတာ တုံ့ဆိုင်းပြီးနောက်... လီယိုနာ့ဒ်ကပင် စကားစပြောလိုက်၏။
“အခရာ အဆင့် သတ္တဝါတစ်ပါး ဖြစ်တဲ့ အတွက် ပိုပြီး သတိထားသင့်တယ်”
ဖီဂီက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“နောက်ပြီး လက်ရှိမှာ အရေးအကြီးဆုံးကတော့ လန်စီ မှော်ကြေးမုံကို ဖြေရှင်းဖို့ပါပဲ... အခု မော်ဖီ သေသွားပြီဆိုတော့ စကားလက် ဝါဒီဂိုဏ်းဟာလည်း ပြန့်ကျဲပြီး ကစဉ့်ကလျား ဖြစ်သွားလိမ့်မယ်... ဝံပုလွေဖြူ အကြွင်းအကျန်တွေ လှုပ်ရှားဖို့ ပိုပြီး ခက်ခဲလာမှာ သေချာတယ်... ခုအချိန်က သူတို့ကို လိုက်နှိမ်နင်းဖို့ အကောင်းဆုံးအချိန်ပဲ”
“ပထမ တစ်ချက်အနေနဲ့ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်နဲ့ ဂျိုးဇက်ရဲ့ အစီရင်ခံစာအရ ဆိုရင် မော်ဖီက အရင်စတင် တိုက်ခိုက်ခဲ့ပြီး ဒိုရစ်က တန်ပြန်တိုက်ခိုက်ခဲ့တာလို့ သိရတယ်... အခုထက်ထိတော့ စာအုပ်ဆိုင်က ကိုယ်တိုင် ရှေ့ထွက်ပြီး ရန်လိုပြတာမျိုး မရှိခဲ့ဖူးဘူး”
“ပြီးတော့ စကားလက် ဝါဒီဂိုဏ်းရဲ့ ထိုးစစ်ဆင်ခဲ့တာကို ကြည့်ရင် စာအုပ်ဆိုင် ပိုင်ရှင်က သူတို့ဘက်က မဟုတ်ဘူး ဆိုတာကို အနည်းဆုံးတော့ ကျုပ်တို့ ဆုံးဖြတ်လို့ ရတယ်... ဒိုရစ်က တစ်ယောက်ကိုမှ အသက်လျက် မထားခဲ့တာ ဝမ်းနည်းစရာပဲ... မဟုတ်ရင် ဒီစကားလက် ဝါဒီဂိုဏ်းရဲ့ စစ်ဆင်ရေးအကြောင်း ပိုကောင်းတဲ့ ပုံရိပ်တွေကို ကျုပ်တို့ ရနိုင်မှာ သေချာတယ်”
“ခုချိန်မှာ လန်စီ မှော်ကြေးမုံ ကိစ္စက အဓိက ဦးစားပေးပဲ... ဒါကြောင့် အက်ကာမန်ကိုပဲ စာအုပ်ဆိုင်ကို စမ်းသပ်ဖို့ စေလွှတ်တာ ကောင်းမွန်တဲ့ ရွေးချယ်မှုပါ... ကျုပ်တို့ သူ့ကို အသုံးချနေတယ်ဆိုတာကိုတော့ ဝန်ခံရမှာပေါ့လေ”
“အင်းပေါ့...”
အင်ဒရူးက ခေါင်းညိတ်ရင်း ဝင်ပြောလိုက်၏။
“ကျွန်တော်တို့တွေ အရင်ဆုံး စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အကြမ်းဖျင်း ရည်ရွယ်ချက်ကို ဆုံးဖြတ်ရမယ်... ဒါက ‘ဖော်ရွေမှု’ လို့ပဲ ဖော်ပြလို့ရတဲ့ ကိစ္စမဟုတ်ဘူး... နော်ဇင်မှာရှိတဲ့ မြို့တော်သူ မြို့တော်သား သန်းချီ အတွက် အမှန်တရား အသင်းတော်ဟာ တာဝန်ယူရမယ်”
“ဒီဖြစ်ရပ်ကနေ တစ်ဆင့် ကျွန်တော်တို့ကို ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆင်ခြင်သုံးသပ်ရမယ်... ကျွန်တော်တို့တွေ အတိအကျ ဘာလုပ်နေခဲ့ကြတာလဲဆိုတာကိုပေါ့”
ထို့နောက် သူက လသာဆောင် အပြင်ဘက်ရှိ မှိုင်းမှိုင်းစိုစို ရာသီဥတုကြီးကို ငေးမော ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ပစ္စုပ္ပန်တွင် ရှိမနေပဲ တိမ်များကို ကျော်လွန်၍ လှမ်းကြည့် နေသကဲ့သို့ပင်။
“အမှန်တရား အသင်းတော်ရဲ့ အရေးပါမှုက အမှန်တရားကို ရှာဖွေဖို့သက်သက် မဟုတ်ဘူး... စည်းမျဉ်းတွေကို ထိန်းသိမ်းဖို့လည်း ပါတယ်... ဒါပေမယ့် အဖွဲ့အစည်းတစ်ခုက အာဏာပိုင် ဖြစ်လာပြီး အာဏာကို အလွန်အကျွံ ရရှိလာတဲ့အခါ အတွင်းထဲကနေ အဂတိလိုက်စားမှုတွေ ပေါ်ပေါက်လာလိမ့်မယ်”
ဖီဂီနှင့် လီယိုနာ့ဒ်တို့ နှစ်ယောက်၏ နှလုံးသားများမှာ တစ်ခုခုကို ဝေဝေဝါးဝါး သိလိုက်သည့် အလား တဒိတ်ဒိတ် ခုန်လာခဲ့ကြ၏။
အင်ဒရူးက လသာဆောင် လက်ရန်းကို ဆုပ်ကိုင်ရင်း ဗဟိုရင်ပြင်ရှိ အရိုးစုကြီးကို ငေးကြည့် နေခဲ့သည်။
“ကျွန်တော်တို့ရဲ့ စောင့်ကြည့်ရေး ကွန်ရက်က ချို့ယွင်းချက် ရှိနေတယ် ဆိုတာ မေးခွန်းထုတ်စရာမရှိဘူး... စကားလက် ဝါဒီဂိုဏ်းနဲ့ ဝံပုလွေဖြူတွေက အလွယ်လေးပဲ ရှောင်တိမ်း သွားနိုင်နေတယ်... ဒါပေမယ့် မေးခွန်းကတော့... ပြဿနာက ဘယ်နေရာမှာလဲ ဆိုတာပဲ”
လူအိုကြီး နှစ်ဦး စလုံး၏ အမူအရာများက လေးနက်သွားကာ ချက်ချင်း ထရပ်လိုက်ကြသည်။ ဒု-ဥက္ကဋ္ဌ ဆိုလိုချင်သည်က အမှန်တရား အသင်းတော်အတွင်း သူလျှိုများ ရှိနေပြီ ဟူ၍လော။
အင်ဒရူးက နောက်သို့ ပြန်လှည့်လိုက်သည်။
“ကျွန်တော်တို့ ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ဘူးဆိုရင် အမှန်တရား အသင်းတော်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုက ထိန်းမနိုင် သိမ်းမရ ကျဆင်းလာလိမ့်မယ်... အကျိုးဆက်တွေကို ကျွန်တော်တို့ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး”
“ဒါက လန်စီ မှော်ကြေးမုံ ပေါ်ပေါက်လာတဲ့အချိန်ကစပြီး ဒီလအတွင်း အီသာစွမ်းအင် ကွန်ရက်နဲ့ အပြန်အလှန် ဆက်သွယ်ခဲ့တဲ့ ဝန်ထမ်းစာရင်းပဲ... ကျွန်တော် ခင်ဗျားတို့ရဲ့ စိတ်နေစိတ်ထားကို ယုံကြည်တယ်... ခင်ဗျားတို့ နှစ်ယောက်ဟာ ကျွန်တော် အယုံကြည်ဆုံးလူတွေ ဖြစ်တယ်.... ဒါပေမယ့် ကွပ်ကဲရေး အဓိကနေရာကနေ ဝေးကွာနေတယ်... အခု အမှန်တရား အသင်းတော်မှာ ကိုယ်တိုင် စောင့်ကြည့်တဲ့ ဖွဲ့စည်းပုံမျိုး မရှိဘူး... ခင်ဗျားတို့ နှစ်ယောက် ကူညီနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”
လီယိုနာ့ဒ်နှင့် ဖီဂီတို့ နှစ်ယောက် အနည်းငယ် တုန်လှုပ်ခြင်း၊ တုံ့ဆိုင်းခြင်းတို့ဖြင့် အင်ဒရူးထံမှ စာရင်းကို ယူလိုက်ကြသည်။
“စိတ်မပူကြပါနဲ့... ဒါက ဥက္ကဋ္ဌ မာရီယာရဲ့ အစီအစဉ်ပါ”
အင်ဒရူးက ဆက်လက်၍ ပြောကြားလိုက်၏။
“သူကိုယ်တိုင် ဒီစာရင်းကို လက်မှတ် ရေးထိုးပြီးသားပါ.. တကယ်လို့ မာရီယာသာ အခရာ အဆင့်ကို ထိုးဖောက်ဖို့ ကြိုးစား မနေခဲ့ဘူးဆိုရင် သူ ကိုယ်တိုင် ခင်ဗျားတို့ နှစ်ယောက်ကို လုပ်ပိုင်ခွင့် ပေးပြီး ညွှန်ကြားမှာပါ”
လီယိုနာ့ဒ်နှင့် ဖီဂီတို့ နှစ်ယောက် စာရင်းကို ကြည့်ရှုနေစဉ် ဥက္ကဋ္ဌ မာရီယာ၏ ခွင့်ပြုချက်တံဆိပ်ကို တွေ့ရှိ လိုက်ကြရသည်။ ဤအီသာစွမ်းအင် အကြွင်းအကျန်များကို အတုလုပ်၍ မရပေ။
“စာအုပ်ဆိုင် ကိစ္စကိုလည်း ပေါ့သေးသေး လုပ်လို့ မရဘူး... အခု အက်ကာမန်ကို စုံစမ်းဖို့ လွှတ်ထားတယ် ဆိုပေမဲ့ လိုအပ်ရင် ကျုပ်တို့ အခရာ အဆင့်ကို ကြောက်နေလို့ မဖြစ်ဘူး...”
အင်ဒရူးက ဆက်လက်၍ ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ်... ဘုရားသခင်တောင် တစ်နေ့ကျ သေဆုံးရဦးမှာပဲ မဟုတ်ဘူးလား... လောကမှာ ထာဝရ တည်တံ့တာ အမှန်တရားပဲ”
အကယ်၍ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ အကဲဖြတ်မှုသာ ‘ဖော်ရွေမှု’ အစား ‘ရန်လိုမှု’ ဖြစ်ခဲ့ပါက အမှန်တရား အသင်းတော်မှာ ယခုလို စုံစမ်းစစ်ဆေးလိမ့်မည် မဟုတ်ဘဲ... ထိုစာအုပ်ဆိုင်ကို နော်ဇင်မှ အမြစ်ပြတ် သုတ်သင်ပစ်ရန် အင်အား အပြည့်အဝ စုစည်းနေလိမ့်မည် ဖစ်သည်။
နော်ဇင်တွင် ဖျက်ဆီးခြင်း အဆင့်ကိုပင် လက်ချိုး ရေတွက်နိုင်သည် ဆိုသော်လည်း တကယ်တမ်း တိုက်ပွဲ ဖြစ်လာခဲ့ပါက... အခရာ အဆင့် သည်ပင်လျှင် အမှန်တရား အသင်းတော်၏ အီသာစွမ်းအင် ဖျက်ဆီးရေး အမြောက်ကို ထည့်သွင်းစဉ်းစားရမည်။ ထိုအရာတစ်ခုတည်းကပင် အခရာ အဆင့် သတ္တဝါတစ်ပါးကို ကြီးမားစွာ ထိခိုက်စေနိုင်သည်။
စကားလက် ဝါဒီဂိုဏ်းနှင့် ဝံပုလွေဖြူတို့ အချိန်ကြာမြင့်စွာ ရှင်သန်နိုင်ခဲ့ခြင်းမှာ သူတို့၏ ထွက်ပြေးနိုင်စွမ်းနှင့် ပုန်းအောင်းနိုင်စွမ်းတို့ကြောင့် ဖြစ်သည်။ မရေရာသည့် အခြေအနေများအောက်တွင် အမှန်တရား အသင်းတော်မှာ အဖျက်စွမ်းအား ကြီးမားသည့် လက်နက်များကို အသုံးပြုနိုင်စွမ်း မရှိချေ။ သူတို့မှာ များသောအားဖြင့် ရာဇဝတ်ကောင်များကို ဖမ်းဆီးရန်အတွက် အီသာစွမ်းအင် ကွန်ရက်နှင့် လူအင်အားအပေါ်တွင်သာ မှီခိုကြသည်။
သို့သော်လည်း... ယခုလို အီသာစွမ်းအင် ကွန်ရက်ကို နှောင့်ယှက်ခံခဲ့ရသည့် အခြေအနေကတော့ အလွန်ပင် အန္တရာယ်များလှသည်။
မူလက အမှန်တရား အသင်းတော်မှာ အောက်လမ်း ဆရာများအား ထိန်းသိမ်းရာတွင် အသုံးပြုသည့် အာကာသ ဖျက်ဆီးရေး နည်းပညာကို အသုံးပြုကာ မော်ဖီကို ထိန်းသိမ်းဖို့ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဒိုရစ် ပေါ်လာခြင်းက သူတို့အားလုံးကို တိုက်ပွဲအား ရပ်တန့်ကာ စောင့်ကြည့်စေခဲ့သည်။
လူအိုကြီး နှစ်ဦးက စာရင်းများကို သိမ်းဆည်းလိုက်ကြရင်း...
“အမှန်တရားသာ ထာဝရ တည်တံ့တယ်”
ဟု ထပ်မံ ပြောဆိုလိုက်ကြလေ၏။
***