လူလိမ်
Vol. 14 Ch. 197
အဘွားကြီးက ထိုမိန်းကလေး၏လက်မောင်းကို မြဲမြဲမြံမြံဆုပ်ကိုင်ထားသည်။ ထိုအချိန်မှာပင် ဗော့လ်ဆွာဂန်ကားတစ်စီးက အနားသို့ရောက်ချလာသည်။
"အမေ အမေ... ဘာဖြစ်တာလဲ"
ယဲ့ချန်း မျက်ခုံးပင့်လိုက်မိပြန်သည်။ ဤသည်မှာ အဖွဲ့လိုက်လိမ်လည်ခြင်းဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ သနားစရာကောင်းသော ထိုမိန်းကလေး၏စေတနာမှာ ဤလူလိမ်အုပ်စုကြောင့် အလကားဖြစ်ရလေပြီ။
လူ့အဖွဲ့အစည်းထဲတွင် ရယူပိုင်ဆိုင်လိုမှုအတွက် ငွေညှစ်ဖို့ အကွက်ဆင်တတ်ကြသည့် သက်ကြီးရွယ်အိုများလည်း ရှိသည်။
ယခုဆိုလျှင် သက်ကြီးရွယ်အိုများ လဲကျသွားလျှင်ပင် မည်သူကမှ သူတို့ကို မကူညီရဲကြတော့ချေ။
ထိုလူများကို ကောင်းကောင်းမွန်မွန်ဆုံးမသင့်သည်။
သက်ကြီးရွယ်အိုတစ်ယောက်ကို ကူညီပေးချင်သည့် သူ(မ)၏စေတနာက ယခုလိုအသရေဖျက်ခံရလိမ့်မည်ဟု ထိုမိန်းကလေးကတော့ လုံးဝထင်မထားချေ။
ယခင်ကတော့ ယခုလိုသတင်းမျိုးကို မြင်ဖူးပါသော်ငြား ထိုသို့သောအဖြစ်မျိုးနှင့် တကယ်ကြုံရလိမ့်မည်ဟု ထင်မထားပေ။
"မဟုတ်ဘူး။ ကျွန်မလုပ်တာ မဟုတ်ဘူး။ ကျွန်မက အဘွားလဲသွားတာမြင်လိုက်လို့ ကူညီပေးချင်ရုံသက်သက်ပဲ"
"ကောင်မလေး.. နင် ငါ့ကိုတွန်းလိုက်တာ အသိသာချည်းနော်။ ငါ့ခြေထောက်တော့ ကျိုးသွားပြီထင်တယ်"
လူငယ်နှစ်ယောက်ကလည်း ဒေါသတကြီးဖြင့် အနားသို့ချဉ်းကပ်လာပြီး ပြောလေသည်။
"မိန်းကလေး.. မင်း ငါ့အမေကို ဘယ်လိုတောင်ရိုက်နှက်ထားလဲဆိုတာ ကြည့်စမ်းပါဦး။ မင်း ဘယ်လိုလုပ်ပေးမှာလဲ"
မကြာခင်မှာပင် လူအမြောက်အများ ဝိုင်းအုံလာကြသည်။ လူအုပ်ကြီးကလည်း ပွက်ပွက်ညံနေအောင် ဆွေးနွေးနေကြသည်။
"ဒီအဘွားကြီးက လူလိမ်ပဲဖြစ်ရမယ်"
"သူ့ဘာသာလဲကျသွားတာကို ငါမြင်လိုက်တယ်"
"လက်လွတ်စပယ်ပြောပြီး ကိုယ့်ပြဿနာကိုယ်မရှာကြနဲ့"
…
ထိုမိန်းကလေးခမျာ မတရားသလိုခံစားရသဖြင့် ငိုပါလေတော့သည်။
"ကျွန်မလုပ်တာမဟုတ်ဘူး။ တကယ်မဟုတ်ပါဘူး"
…
"မင်းလုပ်တာမဟုတ်ရင် ငါ့အမေကို ဘာလို့ထူပေးရတာလဲ"
ပေါက်ကရစကားများကို နားထောင်ရင်း ယဲ့ချန်းမှာ ထိုအနားသို့သွား၍ သူတို့ကို နှစ်ချက်လောက်ရိုက်ပစ်ချင်စိတ်ပေါက်လာသည်။
ရုတ်ခြည်းပင် လူအုပ်ထဲရှိ တစ်စုံတစ်ယောက်က အော်လိုက်လေသည်။
"ငါမြင်လိုက်တယ်။ အဲဒီကောင်မလေးက အဘွားကြီးကို တွန်းလိုက်တာ"
"ငါလည်းမြင်လိုက်တယ်"
ဤမျက်မြင်သက်သေများကြောင့် လူငယ်လေးနှစ်ယောက်နှင့် အဘွားကြီးတို့က ပိုပိုပြီးရန်လိုလာကြသည်။
"တွေ့ကြတယ်မလား။ ဒီကောင်မလေးက လူကိုလုပ်တုန်းကလုပ်ပြီး ဝန်မခံဘူးလေ"
ထိုအချိန်ဝယ် အစတုန်းက သံသယဝင်နေခဲ့ကြသော လူတော်တော်များများက ထိုမိန်းကလေးကို အပြစ်တင်ကြလေတော့သည်။
"သူ ဘယ်လိုတောင်လုပ်ရက်ရတာလဲ။ ဒီနေ့ခေတ်လူငယ်တွေများ ယဉ်ကျေးမှုကိုမရှိဘူး"
"အမှန်ပဲ။ မိုတုနည်းပညာတက္ကသိုလ်ယူနီဖောင်းကို ဝတ်ထားပြီး လူကိုတွန်းတုန်းကတွန်းပြီး ဝန်မခံချင်ဘူး"
"အဘွားကြီးခမျာ တော်တော်ဒဏ်ရာရသွားရှာတာ။ လျော်ကြေးတော့ သေချာပေါက်ပေးရမှာပဲ"
ပတ်ပတ်လည်ရှိ စကားသံများကို နားထောင်ရင်း အဘွားကြီးနှင့် လူငယ်လေးနှစ်ယောက်မှာ ပိုပြီးကျေနပ်အားရကုန်ကြသည်။
ထိုအချိန်မှာပင် ယဲ့ချန်းက လူအုပ်ထဲမှ တိုးထွက်လာသည်။ ထို့နောက် သူက ဆောင့်ကြောင့်ထိုင်ချပြီး အဘွားကြီး၏ခြေထောက်ကို ထိကြည့်လိုက်သည်။
အဘွားကြီးကလည်း သူ့ခြေထောက်ကို အမြန်ပြန်ရုပ်ပြီး ပြောလာလေသည်။
"မင်း ဘာလုပ်မလို့လဲ"
ယဲ့ချန်း ရှင်းပြလိုက်သည်။
"ကျွန်တော်က ဒီကိစ္စကို ဖြေရှင်းပေးမလို့ပါ"
ထို့နောက် သူက အဘွားကြီးကို မေးလိုက်၏။
"ဒီကောင်မလေးက ခင်ဗျားကို ဝင်တိုက်တယ်ဆိုတာ သေချာလား"
"ဒါပေါ့။ ငါက ကိုယ့်ဘာသာလမ်းလျှောက်နေတာကို။ ဒီကောင်မလေးက သူ့စက်ဘီးနဲ့ ငါ့ကိုဝင်တိုက်တာ"
ယဲ့ချန်းလည်း ခေါင်းတညိတ်ညိတ်ဖြင့် ကောင်မလေးကို ပြောလိုက်လေသည်။
"မင်း ဘာမှမပူနဲ့။ ငါလည်း မိုတုနည်းပညာတက္ကသိုလ်ကပဲ။ တကယ်လို့ မင်းဘက်က မှားခဲ့တာဆိုရင်လည်း ဒီအစ်ကိုက မင်းအတွက် လျော်ပေးမယ်"
"မလုပ်ပါနဲ့ အစ်ကို..ကျွန်မလုပ်တာမဟုတ်ပါဘူး"
ထိုမိန်းကလေးက မတရားခံလိုက်ရသလို ခံစားလိုက်ရသဖြင့် ပြောလိုက်လေသည်။
ယဲ့ချန်း သက်ပြင်းချလိုက်မိသည်။
"မင်း သူ့ကို ဝင်မတိုက်ခဲ့ဘူးဆိုတာကို သက်သေပြနိုင်မဲ့ သဲလွန်စတစ်ခုခုရှိလား"
"ကျွန်မ..."
ထိုမိန်းကလေးခမျာ ဆွံ့အသွားရလေသည်။
အဘွားကြီးလဲသွားတာကို မြင်လိုက်ရသဖြင့် ကူညီပေးချင်ခဲ့ရုံသက်သက်သာ။ သူ(မ)တွင် ဘယ်လိုလုပ်ပြီး သက်သေရှိနိုင်မည်နည်း။
"သက်သေမရှိဘူးဆိုရင် လျော်ကြေးပေးရုံပဲရှိတယ်။ စကားမစပ် ခင်ဗျားတို့က ဘယ်လောက်လိုချင်တာလဲ"
ယဲ့ချန်းက လူငယ်နှစ်ယောက်ကို ကြည့်လိုက်လေသည်။ လူငယ်တစ်ယောက်၏ မျက်ဝန်းအစုံကား လင်းလက်သွားချေသည်။
အစောတုန်းက ယဲ့ချန်းသည် ဘီအမ်ဒဗလျူကားထဲမှ ထွက်လာခြင်းဖြစ်ကြောင်း သူတို့ မြင်ထားသဖြင့် သူက ပိုက်ဆံရှိကြောင်း သူတို့သိထားသည်။
"ကျုပ်တို့အမေက အသက်ကြီးနေပြီလေ။ အခုလိုဝင်တိုက်ခံလိုက်ရပြီဆိုတော့ အနည်းဆုံးနှစ်ဝက်လောက်တော့ အိပ်ရာထဲ လဲသွားမှာ။ ဒီလိုလုပ်ရင်ရော..ကျုပ်တို့ အများကြီးမတောင်းတော့ပါဘူး။ ယွမ်နှစ်သောင်းပဲ ပေးပေါ့"
"ယွမ်နှစ်သောင်းလား"
ဘေးနားရှိ လူများမှာ တိတ်တဆိတ်ခေါင်းခါယမ်းလိုက်မိကြသည်။ ဤသည်မှာ ငွေညှစ်နေခြင်းပင်။
ထိုမိန်းကလေးကလည်း စိုးရိမ်ပူပန်စွာဖြင့် ဝင်ပြောရှာသည်။
"ကျွန်မက သူ့ကိုဝင်မတိုက်ခဲ့ဘဲနဲ့ ဘာလို့လျော်ပေးရမှာလဲ"
ယဲ့ချန်းက ထိုမိန်းကလေးကို ပခုံးပုတ်ပေးလိုက်ပြီးနောက် အကြည့်တစ်ချက် ပို့လိုက်လေသည်။
"ယွမ်နှစ်ရာက နည်းသေးတယ်"
ယဲ့ချန်းက မတ်တတ်ထရပ်ပြီးနောက် ပြောလိုက်သည်။
"နည်းတာလား"
ထိုလူငယ်ခမျာ နားကြားမှားသည်ဟုပင် ထင်လိုက်မိသည်။
ယဲ့ချန်းကတော့ ဆက်ပြောပြန်သည်။
"ကြည့်လေ။ အဘွားက အသက်ခုနစ်ဆယ်နီးနီးရှိပြီ။ လူကြီးတွေက ထိခိုက်လွယ်တယ်ဆိုတော့ အခုလိုဝင်တိုက်ခံလိုက်ရမှတော့ သေချာပေါက်လန့်သွားမှာပဲ။ ဆေးရုံစရိတ်နဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတွေအတွက်ပါပေါင်းရင် အနည်းဆုံးတော့ ယွမ်နှစ်သန်းလောက်ပေးသင့်တယ်ထင်တာပဲ"
"နှစ်..နှစ်သန်းလား"
လူငယ်နှစ်ယောက်နှင့် အဘွားကြီးမှာ ကြောင်အသွားကြကုန်သည်။
ယဲ့ချန်းက စကားဆက်လိုက်၏။
"မပူပါနဲ့။ ဒီကောင်မလေးအစား ကျုပ်ပေးမှာပါ။ စကားမစပ် ခင်ဗျားတို့ရဲ့အကောင့်နံပါတ်က ဘယ်လောက်လဲ"
ထိုလူငယ်လေးမှာ ထိတ်လန့်သွားပြီးနောက် ပျော်ရွှင်သွားလေသည်။ ဤတစ်ခေါက်တော့ သူတို့ အချီကြီးမိလိုက်လေပြီ။
ဤပမာဏဖြင့်သာဆိုလျှင် သူတို့ နောက်ထပ်နှစ်အနည်းငယ်အထိ အေးအေးဆေးဆေးနေသွားနိုင်သည်။
အမလေး နှစ်သန်းကြီးများတောင်!
ထို့နောက် သူ့အကောင့်နံပါတ်ကို ခပ်မြန်မြန်ပေးလိုက်သည်။ ယဲ့ချန်းကလည်း ဖုန်းထုတ်လိုက်၏။
"တင်းတောင်!”
ယွမ်နှစ်သန်းကို လွှဲပြီးသွားလေပြီ။
ဘဏ်အကောင့်ထဲသို့ ငွေနှစ်သန်းရောက်လာသည်ကို မြင်သောအခါ ထိုလူငယ်ခမျာ ပျော်လွန်း၍ ရူးသွပ်တော့မတတ်ပင်။
ဤတစ်ခေါက်တော့ သူတို့ ချမ်းသာပြီ။
"လူငယ်လေး မင်းက တော်တော်ပွင့်လင်းတာပဲ။ မင်းလို ပွင့်လင်းရိုးသားတဲ့လူတွေနဲ့ ဆက်ဆံရတာ ငါ အရမ်းသဘောကျတယ်"
ထိုလူငယ်က တောက်ပစွာပြုံး၍ ဆိုလာလေသည်။
ယဲ့ချန်း၏နှုတ်ခမ်းအစုံကား အထက်သို့ကွေးညွတ်သွားပြီးနောက် ဘေးနားရှိ ဝိုင်းကြည့်နေသူများကို ရုတ်တရက်ပြောပြလိုက်သည်။
"အားလုံးပဲ..သက်ကြီးရွယ်အိုတော်တော်များများ လဲကျသွားရင်တောင် ကျွန်တော်တို့တွေ ဘာလို့မကူညီရဲသလဲဆိုတာ သိကြလား။ ကိုယ်ကျိုးအတွက် လူကောင်းတွေရဲ့ကြင်နာမှုကို ခုတုံးလုပ်တတ်တဲ့ ဒီလိုလူစားမျိုးတွေ ရှိနေလို့ပဲ။ ကျွန်တော်တို့လည်း တစ်နေ့ကျရင် အိုကြရမှာပဲ။ ကျွန်တော်တို့လည်း လမ်းပေါ်မှာ လဲကျတဲ့နေ့ကို ရောက်လာနိုင်တယ်။ တကယ်လို့ ဘယ်သူကမှ ခင်ဗျားတို့ကို မကူညီရဲဘူးဆိုရင် ခင်ဗျားတို့ ဘယ်လိုခံစားရမလဲ"
ဝိုင်းကြည့်နေကြသူများမှာ ကရုဏာစိတ်ဝင်လာပြီးနောက် အချင်းချင်းတီးတိုးပြောကြလေတော့သည်။
"ဒီအဘွားကြီး သူ့ဘာသာလဲကျသွားတာကို ကျွန်တော်မြင််လိုက်တယ်။ ဒီကောင်မလေးက အနားကဖြတ်သွားရင်း ကူညီပေးချင်ခဲ့ရုံသက်သက်ပဲ"
"ဟုတ်တယ်။ ငါလည်းမြင်လိုက်တယ်။ ဒါတောင် သူက လျော်ကြေးပေးလိုက်သေးတယ်"
…
တီးတိုးပြောနေကြသော်ငြား မည်သူကမှ ဝင်မပြောပေးရဲကြချေ။
လူငယ်နှစ်ယောက်နှင့် အဘွားကြီးကမူ ယဲ့ချန်း၏စကားများကို ကြားလိုက်ရပြီးနောက် ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး လှည့်ပြန်ချင်ခဲ့ကြသည်။
သို့သော် ယဲ့ချန်းက သူတို့ကို ပိတ်တားထားလိုက်သည်။ ထို့နောက် ယဲ့ချန်းက သူ့စကားကို ဆက်သည်။
"ဒါက လူလိမ်ဂိုဏ်းပဲ။ ဒီလူတွေကို ဖမ်းနိုင်အောင် ကူညီပေးတဲ့လူတိုင်းကို ဗီဒီယိုသက်သေအတွက် တစ်သောင်းပေးမယ်။ ဒီလူလိမ်တွေကို ဖမ်းပေးနိုင်ရင် တစ်သောင်းပေးမယ်"
ဆုလာဘ်အကြောင်း ကြားလိုက်ရသောအခါ လူတစ်ယောက်က ချက်ချင်းအော်ပြောလာသည်။
"ငါ ဖုန်းနဲ့ရိုက်ထားတယ်။ အဘွားကြီးကို ကောင်မလေးကဝင်တိုက်တာမဟုတ်ဘူး"
"ငါလည်း မှတ်တမ်းတင်ထားတယ်"
…
ဒီလူတွေက တော်တော်စက်ဆုပ်ဖို့ကောင်းတာပဲ။ သူတို့ကိုဖမ်းပစ်!
လူငယ်နှစ်ယောက်၊ အဘွားကြီးနှင့် လူအုပ်ထဲရှိ အခြားလူနှစ်ယောက်မှာ အခြေအနေမဟန်မှန်း သိလိုက်ရချိန်မှာ ထွက်ပြေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။
သို့သော် သူတို့က ဘယ်ကိုပြေးနိုင်မည်နည်း။
ယဲ့ချန်းက ဆုငွေထုတ်ထားသဖြင့် ပွဲကြည့်ပရိသတ်များမှာ ကျားများအလား ခုန်အုပ်ပြီး ထိုလူလိမ်ငါးယောက်ကို အမြန်ဖမ်းထားကြလေသည်။
ယဲ့ချန်းလည်း ကျိုးစုစုကိုသာ ဖုန်းဆက်လိုက်သည်။ ခဏအကြာတွင် ကျိုးစုစုက ရဲအရာရှိများနှင့်အတူ ရောက်ချလာသည်။
ပွဲကြည့်ပရိသတ်တချို့ကလည်း သက်သေထွက်ဆိုပေးကြပြီး တချို့မှာ ဗီဒီယိုသက်သေများပင် ထုတ်ပေးကြသည်။
ကျိုးစုစုက အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။
"ဒီလိုလိမ်လည်မှုက ပြည်သူလူထုရဲ့လုံခြုံရေးကို အပြင်းအထန်ထိခိုက်စေပြီး လူမှုရေးသက်ရောက်မှုတွေလည်း ပြင်းထန်တယ်။ ယွမ်နှစ်သန်းတောင် လိမ်လည်ခဲ့တာဆိုတော့ ပမာဏကများနေတဲ့အတွက် သူတို့ကို ပြင်းပြင်းထန်ထန်အပြစ်ပေးလိုက်ပါ့မယ်"
ထိုအခါမှသာ ယဲ့ချန်းက သူတို့ကို ယွမ်နှစ်သန်းလွှဲပေးရသည့် အကြောင်းပြချက်ကို ထိုလူငယ်များ နားလည်သွားကြလေသည်။ ဤသည်မှာ ထောင်ချောက်တစ်ခုပင်။
ယွမ်နှစ်သန်းကိုမူ ယဲ့ချန်း၏အကောင့်ထဲသို့ ပြန်လွှဲလိုက်ပြီဖြစ်၏။
ယဲ့ချန်းက ပွဲကြည့်ပရိသတ်များကို ယွမ်ငါးသိန်းမက ဆုချီးမြှင့်ခဲ့သည်။
ဤပမာဏက ယဲ့ချန်းအတွက် ဘာမှမပြောပလောက်ပေ။ ထိုမိန်းကလေးအတွက်မူ တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်ခဲ့သည်။
ယဲ့ချန်း ပြန်တော့မည့်အချိန်မှာပင် ထိုမိန်းကလေးက သူ့ကို လှမ်းခေါ်လိုက်သည်။
"အစ်ကို ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ဘာများကျေးဇူးတင်စရာလိုလို့လဲ။ ဒါက ငါ့တာဝန်ပါ။ ပြီးတော့ ငါလည်း မိုတုနည်းပညာတက္ကသိုလ်က ဘွဲ့ရခဲ့တာပဲ။ ဒီတော့ မင်းရဲ့စီနီယာလို့ သဘောထားလို့ရမယ်ထင်တယ်"
"အာ..ရှင်ကလည်း မိုတုနည်းပညာတက္ကသိုလ်က ဘွဲ့ရထားတာလား။ ဒီနေ့ ကျွန်မတို့ကျောင်းရဲ့ နှစ်ခြောက်ဆယ်ပြည့်အထိမ်းအမှတ်ပွဲလေ။ ရှင် လိုက်ခဲ့ပါ့လား"
"အိုး.. ငါ ဘာအကြောင်းကြားစာမှ မရလိုက်ဘူး"
ထိုကဲ့သို့သော ကျောင်းအထိမ်းအမှတ်ပွဲမျိုးက လူမှုအဖွဲ့အစည်းထဲတွင် အဆင့်အတန်းတစ်ခုရှိထားသည့် ချမ်းသာကြွယ်ဝသူများနှင့် ဩဇာအာဏာရှိသူများကိုသာ ဖိတ်ကြားခြင်းဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။
သာမန်တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်သည့် သူ့ကို မည်သူကများ အမှတ်ရမည်နည်း။
ဖိတ်စာရောက်မလာသည်မှာ ပုံမှန်ပင်။
"စီနီယာ.. ကျောင်းကို အလည်လိုက်ခဲ့ပါ့လား။ ကျွန်မတို့ကျောင်းက အကောင်းဆုံးခေါက်ဆွဲအေးကို လိုက်ကျွေးမယ်လေ"
"ကောင်းပြီလေ"
ယဲ့ချန်းလည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
မိုတုနည်းပညာတက္ကသိုလ်ဆိုသည်မှာ သူ့မိခင်ကျောင်းတော်ဖြစ်ပြီး သူ့လူငယ်ဘဝကို ကုန်ဆုံးခဲ့ရာနေရာတစ်ခုလည်းဖြစ်၏။ ထို့ကြောင့် ယဲ့ချန်း ကျောင်းကိုပြန်သွားပြီး တစ်ချက်လောက် လှည့်ပတ်ကြည့်ရှုချင်မိသည်။