← Chapters

မနာလိုဖြစ်နေသော ဘတ်စကတ်ဘောမင်းသား

Vol. 14 Ch. 198

မနာလိုဖြစ်နေသော ဘတ်စကတ်ဘောမင်းသား

Vol. 14 Ch. 198

ယဲ့ချန်းက ရယ်ကာမောကာဖြင့် ပြောလိုက်၏။

"ကိုယ့်ကားနဲ့ လိုက်ပို့ပေးမယ်လေ"

ကူလီနန်ပြိုင်ကား၏ နောက်ခန်းက ကျယ်ဝန်းသောကြောင့် ယဲ့ချန်လည်း ထိုမိန်းကလေး၏စက်ဘီးကို ကားထဲသို့ ထည့်လိုက်သည်။

"ဝိုး စီနီယာအစ်ကိုရဲ့ကားက အရမ်းမိုက်တာပဲ"

ကားပေါ်ရောက်သည်နှင့် ရှဲ့ယင်းယင်းက ကားအတွင်းပိုင်း၏ ခမ်းနားမှုကြောင့် ချက်ချင်းအံ့သြသွားလေသည်။

"ဟားဟား သာမန်ပါပဲ"

"ဒါနဲ့ အစ်ကိုက ဘာလုပ်တာလဲဟင်။ သူဌေးလား"

ရှဲ့ယင်းယင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"တကယ်တော့ ကိုယ်က တက္ကစီဒရိုင်ဘာတစ်ယောက်ပါ။ ကားငှားပြီး ကိုယ့်ကိုအားပေးပါ့လား"

"တက္ကစီဒရိုင်ဘာလား"

ရှဲ့ယင်းယင်းခမျာ ခဏတာမျှ တွေဝေသွားသည်။ ထို့နောက် တက္ကစီအက်ပလီကေးရှင်းကို ဖွင့်ကြည့်လိုက်ရာ ယဲ့ချန်းက အမှန်တကယ်ပင် တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

သူ(မ)လည်း ချက်ချင်းပင် ကားငှားရန်အတွက် နှိပ်လိုက်လေရာ ယဲ့ချန်းကလည်း အော်ဒါကို လက်ခံလိုက်သည်။

"အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ"

ရှဲ့ယင်းယင်းက ရယ်သွမ်းသွေး၍ ပြောလိုက်သည်။

"ကျွန်မ တတ်နိုင်သလောက်လေး လုပ်ပေးတာပါ။ အစ်ကို့ကြောင့်သာမဟုတ်ရင် ဒီနေ့ ကျွန်မရဲ့ဂုဏ်သိက္ခာကို အဖတ်ဆည်ဖို့အတွက် မြစ်ဝါမြစ်ထဲတောင် ခုန်ချရမလို ဖြစ်နေပြီ"

ယဲ့ချန်း ကားမောင်းလာလိုက်လေရာ ဆယ့်ငါးမိနစ်အကြာတွင် မိုတုနည်းပညာတက္ကသိုလ်သို့ ရောက်လာခဲ့သည်။

ကျောင်းဝင်းတစ်ခုလုံးကို အလှဆင်ထားပြီး အဝင်ဝတွင်လည်း "မိုတုနည်းပညာတက္ကသိုလ် နှစ်(၆၀)ပြည့်အထိမ်းအမှတ်ပွဲ"ဟူသော ဆိုင်းဘုတ်ကြီးကို ချိတ်ဆွဲထားသည်။

ယဲ့ချန်းက ကားရပ်လိုက်သောအခါ ရှဲ့ယင်းယင်းကလည်း ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို မဆိုင်းမတွ ပေးလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ တတိယမြောက် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်(၅/၃)ကို ရရှိလိုက်တဲ့အတွက် ဘတ်စကတ်ဘောမာစတာစွမ်းရည်ကို ဆုလာဘ်အဖြစ် ရရှိပါတယ်]

ယဲ့ချန်း၏စိတ်ထဲ၌ NBAကြယ်ပွင့်များ၏ ထူးခြားလှပသော အကွက်ပေါင်းများစွာ ရုတ်တရက်ပေါ်ပေါက်လာသည်။

ဂျော်ဒန်၏ အနှေးပစ်ချက်၊ ကိုဘီ၏ ခုန်ပျံကျော်လွှားပစ်ချက်၊ အိုင်ဗာဆင်၏ မြွေလိမ်မြွေကောက်သယ်ပို့မှုတို့ပင်...

ဤစွမ်းရည်များကို ရရှိလိုက်ပြီဖြစ်ရာ ယဲ့ချန်းလည်း NBAအသင်းထဲသို့ ဝင်ရောက်နိုင်စွမ်းရှိသွားပြီဖြစ်၏။

ယဲ့ချန်းနှင့် ရှဲ့ယင်းယင်းတို့က ကျောင်းဝင်းထဲသို့ ဝင်လာခဲ့လိုက်ကြသည်။

ဘွဲ့ရပြီးသည်မှာ လေးနှစ်ရှိပြီဖြစ်သော်ငြား တက္ကသိုလ်ကျောင်းသားဘဝရှိ အမှတ်တရများမှာ ပြတ်သားကြည်လင်နေဆဲပင်။

ယဲ့ချန်းဘေးတွင် ပြုံးနေသော ရှဲ့ယင်းယင်းက စကားစလာသည်။

"စီနီယာအစ်ကို..ဟိုမြေရိုင်းကို ကြည့်လိုက်။ အစတုန်းက ကျွန်မတို့ကျောင်းက အဲဒီနေရာမှာ အားကစားကွင်းတစ်ခု ဆောက်ချင်ခဲ့တာလေ။ ဒါပေမဲ့ ကံဆိုးချင်တော့ အဲဒီမြေကွက်က ဗန်ခယ်လုပ်ငန်းစုရဲ့မြေကွက်ဖြစ်နေတာပဲ။ ကျောင်းအုပ်ကြီးက နှစ်တွေအကြာကြီး ဆွေးနွေးညှိနှိုင်းခဲ့ပေမဲ့ ဗန်ခယ်လုပ်ငန်းစုရဲ့သူဌေးက လုံးဝသဘောမတူဘူး"

ဗန်ခယ်လုပ်ငန်းစုတဲ့။ ထိုနာမည်က ယဲ့ချန်းအတွက် ရင်းနှီးနေသလို ခံစားရသည်။

ဪ..ဗန်ခယ်လုပ်ငန်းစုရဲ့သူဌေးက ဟူဝမ်မဟုတ်လား?

မိုတုနည်းပညာတက္ကသိုလ်၏ ကျောင်းဝင်းကား အလွန်သေးငယ်လှပြီး အားကစားကွင်းမရှိခြင်းမှာ ကျောင်းသားများ၏ အကြီးမားဆုံးနောင်တတစ်ခု ဖြစ်နေခဲ့သည်။

နှစ်ယောက်သား စကားပြောနေစဉ် မာစီးတီးကားတစ်စီးက ဘေးနားက ရုတ်တရက်ဖြတ်မောင်းသွားသည်။

ထိုအချိန်တွင် ဒီဇိုင်နာအဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ခေါင်းပြူထွက်လာသည်။

"ဝိုး..ဒါက ငါတို့ကျောင်းရဲ့လူချောလေး ယဲ့ချန်းမဟုတ်လား"

ထိုသို့ပြောရင်း ထိုလူငယ်က ကားရပ်ကာ ကားထဲမှ ဆင်းလာလေသည်။

ထိုလူမှာ တက္ကသိုလ်အတန်းဖော် မုန့်လန်ဖြစ်ကြောင်း ယဲ့ချန်း မှတ်မိလိုက်သည်။ ထိုစဉ်တုန်းက မုန့်လန်က ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ်ခဲ့ဖူးသည်။

ကံမကောင်းစွာဖြင့် ယဲ့ချန်းပေါ်လာသည့်နေရာတိုင်းတွင် မိန်းကလေးများက လူချောလေးဖြစ်သော သူ့ကိုသာ ဝိုင်းအုံနေတတ်သဖြင့် မုန့်လန်ခမျာ အလွန်စိတ်တိုခဲ့ရသည်။

ယခု ကျောင်းပွဲတော်တွင် အတန်းဖော်တော်တော်များများ ပြန်လာကြမည်ဖြစ်၏။ ယဲ့ချန်းကို မဖိတ်ရသည့် အကြောင်းအရင်းမှာ သူ့ကြောင့်လည်း ပါသည်။

"ယဲ့ချန်း မင်းကို ကျောင်းကဖိတ်လိုက်တာလား"

"မဟုတ်ပါဘူး။ ငါက ဒီကို ခဏလာကြည့်ရုံသက်သက်ပါ"

"ဟားဟား.. ငါထင်သားပဲ။ တက္ကစီဒရိုင်ဘာတစ်ယောက်ကို ကျောင်းက ဘာလို့ဖိတ်မှာလဲ"

မုန့်လန်က ထိုသို့ပြောရင်း လက်ထဲရှိ တောက်ပလှသော ဖိတ်စာတစ်စောင်ကို ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြလိုက်သည်။

"မြင်လား။ ဒါက ဖိတ်စာလေ။ ငါတို့ကျောင်းက အထက်တန်းလွှာတွေပဲ ဖိတ်စာရတာ!"

မုန့်လန်၏ကြွားဝါမှုကို ကြည့်ရင်း ယဲ့ချန်းလည်း ပြုံးရုံသာပြုံးပြလိုက်၏။

"ဂုဏ်ယူပါတယ်ကွာ။ ပွဲမှာ ကောင်းကောင်းပျော်ခဲ့။ ယင်းယင်း..ကိုယ်တို့ ဆက်ကြည့်ရအောင်"

ယဲ့ချန်းက မုန့်လန်ကို ဂရုမစိုက်တော့ဘဲ ရှဲ့ယင်းယင်းနှင့်အတူ လှည့်ထွက်သွားလိုက်သည်။

"ခဏလေး!"

ကျောင်းဝတ်စုံဝတ်ထားသော ရှဲ့ယင်းယင်းကို မြင်လိုက်ရသည့်အခါ မုန့်လန်က စိတ်တိုသွားပြီး ပြောလိုက်၏။

"ကျောင်းသူ.. မင်းက ဧည့်လမ်းညွှန်မလား။ မင်း အလိမ်ခံထားရတာပဲ။ ငါတို့လို အောင်မြင်ထူးချွန်သူတွေအတွက်ပဲ သီးသန့်ဧည့်လမ်းညွှန်တစ်ယောက် ရှိသင့်တာ။ သူက ဘာအရည်အချင်းရှိလို့လဲ"

မုန့်လန်က စကားပြောရင်း လိပ်စာကတ်တစ်ခုကို ထုတ်လိုက်သည်။

"ကျောင်းသူ.. ငါက တာ့ဟွားစက်မှုကုမ္ပဏီရဲ့ လက်ထောက်ညွှန်ကြားရေးမှူးပဲ။ မင်း ငါ့ကို ကျောင်းတစ်ပတ်လိုက်ပြပေး။ မင်းဘွဲ့ရတဲ့အခါ ငါ့ကိုလာရှာရင် အရမ်းကောင်းတဲ့အလုပ်တစ်ခု ရစေရမယ်"

ယခင်က ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌတစ်ယောက် ဖြစ်ခဲ့ဖူးသော မုန့်လန်က ကျောင်း၏အခြေအနေကို ကောင်းကောင်းသိသည်။

သူက ယဲ့ချန်းဘေးရှိ မိန်းကလေးကို ခေါ်သွားပြီး ယဲ့ချန်းကို အရှက်ကွဲအောင်လုပ်ဖို့ ရည်ရွယ်ထားသည်။

ထိုမိန်းကလေးကတော့ လိပ်စာကတ်ကိုပင် မယူချေ။

"တောင်းပန်ပါတယ် စီနီယာအစ်ကို.. ကျွန်မက ဧည့်လမ်းညွှန်မဟုတ်ပါဘူး။ ဒီအတိုင်း ကျောင်းသူတစ်ယောက်ပါ။ ကျွန်မကိုယ်တိုင်ကြိုးစားပြီးတော့ပဲ အလုပ်ရှာလိုက်ပါ့မယ်။ ဒီအစ်ကို့ကို ကျောင်းတစ်ပတ်လိုက်ပြပေးရမှာမို့ အစ်ကို့နောက်ကိုလိုက်ဖို့ အချိန်မရှိဘူးရှင့်"

ထိုသို့ပြောပြီးနောက် မိန်းကလေးက ပြုံးလျက် ပြောလိုက်သည်။

"စီနီယာအစ်ကို သွားကြရအောင်။ ကျွန်မတို့ကျောင်းရဲ့ပြတိုက်ကို လိုက်ပြပေးမယ်"

မုန့်လန် : "..."

ကျောင်းတက်နေစဉ်က မုန့်လန်သည် ရုပ်ရည်အရာ၌ ယဲ့ချန်းကို မယှဉ်နိုင်ခဲ့ပေ။

ယခုမူ သူ့အလုပ်အကိုင်က အောင်မြင်နေပြီဟု ယူဆကာ ဘုရင်တစ်ပါးလို ပြန်လာခဲ့သော်လည်း ယဲ့ချန်းကို မယှဉ်နိုင်သေးပေ။

သို့သော် မုန့်လန်က အေးစက်စက်အပြုံးတစ်ပွင့်ကို ဆင်မြန်းလိုက်သည်။

"မိန်းမတွေကို ဆွဲဆောင်နိုင်တော့ရော ဘာဖြစ်လဲ။ ကျောင်းရဲ့ဆွေးနွေးပွဲက ငါ့လို ထူးချွန်သူတွေကိုပဲ ဖိတ်တာ"

ယဲ့ချန်းနှင့် ရှဲ့ယင်းယင်းတို့လည်း ကျောင်းဝင်းတစ်ဝိုက် လျှောက်သွားခဲ့ကြပြီး ရှဲ့ယင်းယင်းက ကျောင်းထဲရှိ ပြောင်းလဲမှုများကို ပျော်ရွှင်စွာ မိတ်ဆက်ပေးနေလေသည်။

ထိုအချိန်မှာပင် သူတို့နှစ်ယောက် ဘတ်စကတ်ဘောကစားနေသော ကျောင်းသားတချို့ရှိသည့် ဘတ်စကတ်ဘောကွင်းဘေးမှ ဖြတ်သွားလိုက်သည်။

ကစားသမားတစ်ယောက်က အကွက်လှလှလေးတစ်ကွက်ကို ထုတ်ပြပြီးနောက် လေထဲပျံဝဲကာ ဘောလုံးကို ပစ်သွင်းလိုက်သည်။

ပွဲကြည့်ပရိသတ်ထဲရှိ မိန်းကလေးများ၏ အော်ဟစ်အားပေးသံများမှာ ဆူညံသွားလေသည်။

ထိုကောင်လေးကတော့ အောင်နိုင်သူတစ်ဦးအလား ဟိတ်ဟန်ထုတ်နေချေသည်။

သို့သော် ရှဲ့ယင်းယင်းက လူတစ်ယောက်နှင့်အတူ ပျော်ရွှင်စွာ လျှောက်လှမ်းလာသည်ကို မြင်သောအခါ သူ့မျက်နှာအမူအရာကား ချက်ချင်းပျက်ယွင်းသွားသည်။

ထိုကောင်လေး၏နာမည်မှာ လုဂန်ဖြစ်ပြီး ကျောင်းဘတ်စကတ်ဘောအသင်း၏ ခေါင်းဆောင်ပင်။

လုဂန်က ရှဲ့ယင်းယင်းကို လိုက်ပိုးနေသော်လည်း ရှဲ့ယင်းယင်းကတော့ သူ့ကို အကြိမ်ကြိမ်လျစ်လျူရှုခဲ့သည်။

ယခုအခါ ရှဲ့ယင်းယင်းက ယောကျ်ားတစ်ယောက်နှင့် အလွန်ရင်းနှီးနေသည်ကို မြင်လိုက်ရချိန်ဝယ် သူ အလွန်ဒေါသထွက်သွားရသည်။

ရှဲ့ယင်းယင်းကို လိုက်ပိုးရန်အတွက် သူ အများကြီးကြိုးစားခဲ့ရသည်။

သို့သော် ရှဲ့ယင်းယင်းကတော့ သူ့ကို တစ်ခါမှပြုံးမပြဖူးပေ။

လုဂန်က ဘတ်စကတ်ဘောလုံးကို ဆုပ်ကိုင်ကာ ရှဲ့ယင်းယင်းနှင့် ယဲ့ချန်းတို့ဆီသို့ လျှောက်လာသည်။

"ယင်းယင်း..မင်း ကိုယ် ဘတ်စကတ်ဘောကစားတာကို လာကြည့်တာလား"

ရှဲ့ယင်းယင်းက လုဂန်ကို တစ်ချက်ကြည့်လိုက်၏။

"ရှင် အထင်မှားနေပြီ။ ကျွန်မက စီနီယာအစ်ကို့ကို ကျောင်းတစ်ပတ်လိုက်ပြရင်း လမ်းကြုံလို့ဖြတ်သွားတာ"

"စီနီယာအစ်ကိုတဲ့လား"

လုဂန်က ယဲ့ချန်းကို ကြည့်လိုက်သည်။

"ဟားဟား..ကိုယ့်လူ..တစ်ပွဲလောက်ကစားချင်လား"

လုဂန်က စိန်ခေါ်လိုက်သည်။

ဘတ်စကတ်ဘောမာစတာစွမ်းရည်ကို အစောကမှ ရရှိထားသဖြင့် ယဲ့ချန်းလည်း စမ်းသပ်ကြည့်ချင်သောကြောင့် ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။

"ရတာပေါ့။ ဂျူနီယာညီလေးက ဖိတ်တာဆိုတော့ ကိုယ်လည်း လေ့ကျင့်ခန်းလုပ်ရတာပေါ့။ နေ့တိုင်းတက္ကစီမောင်းနေရတော့ ခန္ဓာကိုယ်က တောင့်တင်းနေတာပဲ"

"တက္ကစီဒရိုင်ဘာလား"

ယဲ့ချန်း၏သရုပ်မှန်ကို ကြားလိုက်ရသောအခါ လုဂန်မှာ ပို၍ပင် ဒေါသထွက်သွားသည်။

ချမ်းသာသည့်နောက်ခံရှိပြီး ကျောင်း၏ အသည်းကျော်လေးဖြစ်သော သူက ရှဲ့ယင်းယင်း၏စိတ်ဝင်စားမှုကို မရသော်ငြား ယဲ့ချန်းကတော့ တက္ကစီဒရိုင်ဘာအဆင့်သာ ရှိသည့်တိုင် သူ(မ)နှင့် အလွန်ရင်းနှီးနေပုံရသည်။

"အစ်ကိုယဲ့ချန်း မေ့နေတာလား။ ရှင် အားကစားဝတ်စုံတောင် ဝတ်မထားဘူးလေ"

ရှဲ့ယင်းယင်းက လုဂန်၏ရည်ရွယ်ချက်ကို သိသဖြင့် ဝင်တားရန် ကြိုးစားလိုက်သည်။

လုဂန်ကတော့ ခပ်ဖွဖွပြုံး၏။

"ယင်းယင်း.. ဒါတော့ မတရားဘူးလေ။ ကိုယ်တို့က ဘတ်စကက်ဘောကို အပျော်ကစားတာပါ။ စိတ်မပူပါနဲ့။ မင်းရဲ့စီနီယာအစ်ကိုကို မထိခိုက်စေရဘူး"

လုဂန်က နောက်ဆုံးစကားကို အသားပေး၍ ပြောလိုက်သည်။

ယဲ့ချန်းက ကုတ်အင်္ကျီကိုချွတ်ပြီးနောက် ပြုံးလိုက်သည်။

"မပူပါနဲ့ ဂျူနီယာညီမလေးရဲ့။ ကိုယ် ဘတ်စကတ်ဘော ကောင်းကောင်းကစားတတ်ပါတယ်"

ထိုသို့ပြောရင်း ယဲ့ချန်းက လုဂန်နှင့်အတူ ကွင်းထဲသို့ ဝင်သွားလိုက်သည်။

လုဂန်က လမ်းလျှောက်လာရင်း ယဲ့ချန်းကို ပြောလိုက်သည်။

"ဟေ့လူ လောင်းရဲလား"

ယဲ့ချန်းလည်း တုံ့ခနဲရပ်တန့်လိုက်မိသည်။ ထိုကောင်လေး၏ မနာလိုစိတ်ကို မြင်ထားသည့်အပြင် ဘတ်စကတ်ဘောက ရှဲ့ယင်းယင်းရှေ့တွင် ကြွားလုံးထုတ်ရန်သက်သက်ဖြစ်ကြောင်းကိုပါ နားလည်လိုက်သည်။

ယခု ဘတ်စကတ်ဘောမာစတာစွမ်းရည်ကို ရရှိထားပြီဖြစ်ရာ သူ့ကို ကြောက်နေရဦးမည်လော။

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"ကောင်းပြီ။ မင်းဘက်က ဘယ်လိုအကြံပေးချင်လဲ"

လုဂန်၏မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းတစ်ခု တောက်ပသွားသည်။

"လောင်းကြေးကဘာလဲဆိုရင် ရှုံးတဲ့လူက ယင်းယင်းကို ချက်ချင်းလက်လျှော့ရမယ်"

All Chapters