← Chapters

ကျောင်းဘက်မှ အကျပ်ရိုက်ခြင်း

Vol. 14 Ch. 200

ကျောင်းဘက်မှ အကျပ်ရိုက်ခြင်း

Vol. 14 Ch. 200

ယဲ့ချန်းကမူ ခပ်မြင့်မြင့်ခုန်လိုက်သော လုဂန်ကို ကြည့်ပြီးနောက် နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်။

ခုန်သွင်းချင်တယ်ပေါ့လေ?

ယဲ့ချန်းလည်း ခုန်လိုက်သည်။ သို့သော် လုဂန်၏မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။

လေထဲတွင် သူ့လှုပ်ရှားမှုက ရုတ်တရက်ပြောင်းလဲသွားသည်။ ခုန်သွင်းချက်က ကွေ့ဆွဲသော ဘောလုံးအဖြစ် ပြောင်းလဲသွားသည်။

လုဂန်၏ပြောင်းလဲမှုကို ယဲ့ချန်းကလည်း သတိထားမိသည်။ ထို့ကြောင့် သူ့လက်ချောင်းကို အသာဝေ့ယမ်းလိုက်လေရာ အစတုန်းက ခြင်းထဲသို့ ပျံသန်းနေသည့် ဘောလုံးက ဦးတည်ရာပြောင်းသွားပြီး နှုတ်ခမ်းဝပေါ်သို့ ဝင်ဆောင့်လေတော့သည်။

ကြမ်းပြင်ပေါ်သို့ ပြန်ရောက်သောအခါ သူတို့နှစ်ယောက်သာ တစ်ပြိုင်တည်းခုန်လိုက်ကြသည်။ ဤတစ်ခေါက်တွင်မူ ပြန်ကျလာသောဘောလုံးကို ယဲ့ချန်းက ဖမ်းထားလိုက်နိုင်သည်။

ထို့နောက် ယဲ့ချန်းက သူ့ပြိုင်ဘက်ကို ကျော်တက်ရန် မစဉ်းစားတော့ဘဲ ထိုနေရာမှာတင် လွှားခုန်၍ ပစ်သွင်းရန် ကြံလိုက်သည်။

လုဂန် မျက်ခုံးပင့်လိုက်မိသည်။

ငါ့ရှေ့မှာ ခုန်သွင်းဖို့ကြံရဲတယ်ဆိုတော့ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ…

ဘတ်စကတ်ဘောကွင်းထဲတွင် ယခုလိုခုန်သွင်းချက်မျိုးက ပြိုင်ဘက်ကို စော်ကားလိုက်ခြင်းပင်။ ထို့ကြောင့် လုဂန် ဒေါသထွက်၍ ခပ်မြင့်မြင့်ခုန်လိုက်ပြန်သည်။

ဤတစ်ခေါက်တွင်မူ လုဂန်က ရုတ်တရက်ကြားဖြတ်ဝင်လာပြီး သူ့ခွန်အားကိုလည်း အဆုံးအထိ ထုတ်သုံးထားသည်။

သူ့လက်ဖဝါးက ဘတ်စကတ်ဘောကို ခပ်ပြင်းပြင်းပုတ်ချလိုက်သည်။

လုဂန်က စိတ်ထဲမှာတော့ ကျေနပ်နေသည်။ ယဲ့ချန်းက အစောတုန်းက သူ့ပစ်ချက်ကို တားဆီးခဲ့သောကြောင့် ယခုမူ သူ လက်စားချေနိုင်လေပြီ။

သို့သော် သူ့မျက်နှာပေါ်ရှိ အပြုံးက အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ထိတ်လန့်နေသော အမူအရာတစ်ခုက အစားထိုးဝင်ရောက်လာသည်။

သူ့လက်မောင်းကို ခွန်အားတစ်ရပ် သက်ရောက်လာကြောင်း ခံစားလိုက်ရသည်။

ဘန်း!

ဘန်း!

ဘတ်စကတ်ဘောက ပိုက်ကွန်ထဲသို့ဝင်သွားပြီး လုဂန်၏ခန္ဓာကိုယ်ကလည်း ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်းပြုတ်ကျသွားသည်။

ဝုန်း!

ဘတ်စကတ်ဘောကွင်းတစ်ခုလုံး ပေါက်ကွဲသွားလေတော့သည်။

ဤမြင်ကွင်းကား အလွန်ထိတ်လန့်ဖွယ်ကောင်းလှ၏။

ဝိုး!

"ဒီလူက အရမ်းမိုက်တာပဲ"

"အရမ်းကြမ်းတဲ့ခုန်သွင်းချက်ပဲ။ လုဂန်ကိုတောင် လဲကျသွားအောင် လုပ်နိုင်တယ်"

"အရမ်းမိုက်တာပဲ။ ဒါကမှ မိုတုနည်းပညာတက္ကသိုလ်ရဲ့ ဘတ်စကတ်ဘောမင်းသားအစစ်ကွ"

"ဒီလိုအစွမ်းအစမျိုးနဲ့ဆိုရင် CBAကိုဝင်ဖို့တောင် ပြဿနာမရှိဘူး"

"CBAတဲ့လား။ NBAကိုဝင်ဖို့တောင် လုံလောက်တာထက်ပိုနေပြီ"

"ငါတော့ ချစ်မိသွားပြီ။ ချစ်မိသွားပြီ။ သူ့မှာ ကောင်မလေးရှိနေတာတော့ ကံဆိုးတာပဲ။ မဟုတ်လို့ကတော့ ငါ သူ့ကို လိုက်နေပြီ"

…

ယဲ့ချန်း၏အကွက်များမှာ အလွန်မိမိုက်လှသောကြောင့် ပွဲကြည့်သူများမှာ ကြက်သေသေသွားလေသည်။

လုဂန်က ကြမ်းပြင်ပေါ်တွင် အကြောင်သားလဲကျနေပြီး ပိုက်ကွန်ထဲမှ ကျလာသော ဘောလုံးကို အကြောင်သားငေးကြည့်နေမိသည်။

ယခုမူ ယဲ့ချန်းနှင့်ယှဉ်လိုက်လျှင် သူက လူသစ်တစ်ယောက်အဆင့်သာရှိကြောင်း နားလည်လိုက်လေပြီ။

ယဲ့ချန်းက အမှန်စင်စစ်ကျွမ်းကျင်သူတစ်ယောက်ပင်။ ယဲ့ချန်းရှေ့တွင် သူက လူသစ်တစ်ယောက်မျှသာ။

ယဲ့ချန်းက သူ့အနားသို့လျှောက်သွားပြီး လက်ဆန့်ထုတ်လိုက်သည်။

"ဆောရီး ခုနတုန်းက တအားစိတ်လှုပ်ရှားသွားလို့ အားကိုမထိန်းလိုက်မိဘူး"

လုဂန်မှာ ခါးသက်သက်ပြုံးလိုက်မိသည်။

"ခင်ဗျားက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ကျွန်တော် အရှုံးပေးပါတယ်"

ယဲ့ချန်းလည်း ခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။

"ဘာမှမပြောပလောက်ပါဘူး။ ဘတ်စကတ်ဘောမကစားတာ တော်တော်ကြာပြီမို့ လက်ရည်တောင် တော်တော်ကျသွားပြီ။ ငါ့ခွန်အားကို ကောင်းကောင်းထုတ်မပြနိုင်ခဲ့ဘူး"

လုဂန် : "…"

ဒါတောင်မှာ ခွန်အားကို ကောင်းကောင်းထုတ်မပြနိုင်ခဲ့ဘူးပေါ့… ဟန်ဆောင်နေလိုက်ပုံများ

ယဲ့ချန်းနှင့် တစ်ယောက်ချင်းယှဉ်ပြီးသွားသည့်နောက် လုဂန်မှာ စိတ်ရောကိုယ်ပါ အရှုံးပေးလိုက်ပြီဖြစ်၏။

"ဘရို.. ကျွန်တော်တို့ကျောင်းရဲ့ ဘတ်စကတ်ဘောအသင်းကို ဝင်ပါ့လား"

လုဂန်က စိတ်ရင်းအမှန်ဖြင့် ဖိတ်ကြားလိုက်သည်။

"မဖြစ်ဘူး။ ငါက အရမ်းအလုပ်များတာ။ တက္ကစီကို ပုံမှန်မောင်းရသေးတယ်"

"တက္ကစီမောင်းတာလား"

လုဂန်မှာ အံ့ဩမှင်တက်သွားသည်။

"သေလိုက်ပါတော့။ ဒီလိုအစွမ်းအစမျိုးနဲ့ဆိုရင် CBAကိုသွားရင် တစ်နှစ်ကို သန်းပေါင်းများစွာဝင်မှာ။ တက္ကစီမောင်းနေတယ်ဆို‌တော့ နှမြောဖို့ကောင်းလိုက်တာ"

"ဘရို.. တကယ်ဆိုရင် ခင်ဗျား ပရော်ဖက်ရှင်နယ်ကျကျ ကစားလို့ရတယ်လေ။ ခင်ဗျားရဲ့စကေးက အဆင့်မီတယ်"

လုဂန်က ပြောလိုက်သည်။

ယဲ့ချန်းကမူ ခေါင်းခါယမ်းလေသည်။

"ထားလိုက်ပါတော့ ။ ငါက ပရော်ဖက်ရှင်နယ်ဘတ်စကတ်ဘောကစားဖို့အထိ စိတ်မဝင်စားဘူး။ တက္ကစီမောင်းရတာပဲ သဘောကျတယ်"

လုဂန် : "ကောင်းပါပြီ။ အဲဒီလိုဆိုရင်လည်း သူငယ်ချင်းအပ်မယ်ဆိုရင်ရော။ ကျွန်တော်တို့ နောက်ပိုင်းကျရင် ဘတ်စကတ်ဘော အတူကစားလို့ရတာပေါ့"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြပြီးနောက် သူတို့နှစ်ယောက်သား သူငယ်ချင်းအပ်လိုက်ကြသည်။

ရှဲ့ယင်းယင်းက ယဲ့ချန်းရှေ့သို့ ပြေးလာခဲ့သည်။

"စီနီယာ.. ရှင်ကအရမ်းတော်တာပဲ။ ရှင့်ကို ကောင်မလေးတွေ ဝိုင်းကြည့်နေကြတာ မမြင်ဘူးလား"

ယဲ့ချန်း တဟားဟားရယ်လိုက်လေသည်။

"ဟားဟား ငါက အသက်ကြီးနေတာတော့ နှမြောစရာပဲ"

"အသက်ကြီးတာတဲ့လား။ ရှင်က လုံးဝအသက်မကြီးပါဘူး။ ကျွန်မတို့ကျောင်းမှာ ခံ့ခံ့ညားညားအမျိုးသားတစ်ယောက် ဖြစ်နေတုန်းပါပဲ"

"ဥက္ကဋ္ဌယဲ့လား။ ခင်ဗျားလည်း ဒီကိုရောက်နေတာလား"

ထိုအခိုက်မှာပင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အပြေးရောက်ချလာသည်။

ယဲ့ချန်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"ယန်ချွမ်း.. မင်းလည်း ဒီကျောင်းက ဘွဲ့ရတာပဲလား"

ယန်ချွမ်းက ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်။ ကျွန်တော် မနှစ်ကပဲ ဘွဲ့ရထားတာ။ ကျွန်တော်တို့က ကျောင်းတစ်ခုတည်းက ကျောင်းသားဟောင်းတွေဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး"

"အင်း.. ဟားဟား တိုက်ဆိုင်လိုက်တာ"

ယဲ့ချန်း ခေါင်းတညိတ်ညိတ်လုပ်လိုက်မိသည်။

"စကားမစပ် အစ်ကိုချန်း.. ခင်ဗျား ကောင်းမိသားစုကို ရှင်းထုတ်ပစ်လိုက်တယ်လို့ ကြားတယ်"

ယန်ချွမ်းက တီးတိုးဆိုလာလေသည်။

ဤသတင်းကို ကြားလိုက်ရစဉ်က ယန်ချွမ်း အလွန်ထိတ်လန့်သွားခဲ့ရသည်။ ယခုအထိတိုင် ခေါင်းကျိန်းနေဆဲပင်။

ထိုစဉ်တုန်းက သူလည်း ကောင်းလဲ့၏ အသုံးချခံအဖြစ် ယဲ့ချန်းကို အပြစ်ပြုမိမတတ်ပင်။ ကံကောင်းချင်တော့ သူ အချိန်မီနောက်ဆုတ်လိုက်နိုင်သည်။ ကောင်းမိသားစု၏ အဆုံးသတ်ကိုမြင်သောအခါ ယန်ချွမ်းလည်း သေလောက်အောင်လန့်သွားသည်။

ယဲ့ချန်းကား ခပ်ပြုံးပြုံးသာ။

"သူတို့မိုက်ပြစ်နဲ့သူတို့ပါ။ ငါ ဘာမှမလုပ်ခဲ့ပါဘူး"

"ဟုတ်ပါတယ်။ ဟုတ်ပါတယ်.."

ယန်ချွမ်းလည်း ပြုံးတုံ့တုံ့ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ယခုမူ သူ ယဲ့ချန်းကို အလွန်လေးစားမိနေပြီဖြစ်၏။

"အစ်ကိုချန်း.. ခင်ဗျား ကျောင်းရဲ့အစည်းအဝေးပွဲကို မတက်ဘူးလား"

ယန်ချွမ်းက မေးလိုက်၏။

"အိုး မတက်တော့ဘး။ ငါက ဒီအတိုင်းပတ်ကြည့်ပြီးရင် ပြန်မှာ"

ယန်ချွမ်းက ရှဲ့ယင်းယင်းကို တစ်ချက်လှမ်းကြည့်၍ သိနားလည်လေဟန် အမူအရာတစ်ခု လုပ်ပြလိုက်သည်။

"ဟားဟား..ဒါဆို ကျွန်တော် မနှောင့်ယှက်တော့ပါဘူး။ ပျော်လိုက်ပါဦး အစ်ကိုချန်း"

ယန်ချွမ်း ပြန်သွားသည့်အခါ ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။

ထိုလူပြောသွားသည့် နောက်ဆုံးစကားက အဓိပ္ပာယ်နှစ်ခွပေါက်နေချေသည်။

ထိုအခိုက်ဝယ် ကျောင်း၏ အစည်းအဝေးခန်းမထဲတွင် လူအယောက်နှစ်ဆယ်ကျော် ထိုင်နေလေသည်။ ဤလူများမှာ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကြသည်။ သူတို့အားလုံးက အထက်တန်းလွှာများ၊ မီလျံနာများနှင့် ဘီလျံနာများဖြစ်၏။

ယန်ချွမ်းရောက်သွားသည်နှင့် ကျောင်းအုပ်ကျူးမင်က သူ့ကို လာနှုတ်ဆက်သည်။

"သခင်လေးယန် ရောက်လာပြီကိုး။ ကျုပ်တို့တွေက မင်းကို စောင့်နေကြတာ"

ယန်ချွမ်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ စကားမစပ် ဘဏ်အကောင့်ထဲကို အလှူငွေလွှဲပြီးသွားပါပြီ။ စုစုပေါင်းငါးသန်းနော်"

"ကျေးဇူးတင်ပါတယ် သခင်လေးယန်.. ကျုပ်တို့ကျောင်းမှာ ခင်ဗျားလို အထက်တန်းလွှာတစ်ယောက်ရှိနေတာ တော်တော်ကံကောင်းတာပဲ"

မုန့်လန်က ယန်ချွမ်းကိုမြင်သောအခါ ဖော်လံဖားတစ်ယောက်နှယ် ပြုမူပါတော့သည်။

"သခင်လေးယန်..ကျွန်တော်က တာ့ဟွားစက်မှုလုပ်ငန်းရဲ့ လက်ထောက်ဒါရိုက်တာပါ။ ကျွန်တော်တို့ ညစာအတူစားဖူးတယ်လေ"

ယန်ချွမ်းကလည်း အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

…

ကျူးမင်က စင်မြင့်ထက်တွင် မတ်တတ်ရပ်၍ ပြောလိုက်လေသည်။

"မိုတုနည်းပညာတက္ကသိုလ်ရဲ့ နှစ်ခြောက်ဆယ်ပြည့်အခမ်းအနားကို တက်ရောက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အမိကျောင်းတော်ကြီးအတွက် လှူဒါန်းပေးတဲ့အတွက်လည်း‌ ကျေးဇူးတင်ပါတယ်။ မင်းတို့တွေအားလုံးက ကျောင်းရဲ့ဂုဏ်တစ်ရပ်ပါ။ ကျုပ်တို့ကျောင်းက မွေးထုတ်ပေးလိုက်တဲ့ အထက်တန်းလွှာတွေ.. ကျောင်းက မင်းတို့အတွက် ဂုဏ်ယူမိပါတယ်"

လက်ခုပ်ဩဘာသံများက မိုးခြိမ်းသံအလား ထွက်ပေါ်လာသည်။

ကျူးမင်က ဆက်ပြောလေသည်။

"တကယ်တော့ မင်းတို့တွေအားလုံးကို အခုလိုဖိတ်လိုက်ရတာက မစ္စတာကျူးက ကျောင်းရဲ့ကိုယ်စား အကူအညီတစ်ခုတောင်းချင်လို့ပါ။ ကျုပ်တို့ကျောင်းမှာ အားကစားကွင်းမရှိဘူးဆိုတာ မင်းတို့လည်း ကောင်းကောင်းသိမှာပါ။ ကျောင်းနားက မြေကွက်တစ်ကွက်က ခုနစ်နှစ်ရှစ်နှစ်လောက် ကျတ်တီးမြေကြီးဖြစ်နေခဲ့တာ။ ပြုပြင်တည်ဆောက်မှုလည်း လုံးဝမရှိဘူး။ ကျုပ် ဗန်ခယ်လုပ်ငန်းစုရဲ့သူဌေး ဥက္ကဋ္ဌဟူဝမ်

နဲ့လည်း စကားပြောကြည့်ပြီးပြီ။ သူက သဘောမတူဘူး။ အဲဒါကြောင့် နည်းလမ်းတစ်ခုခုများရှိမလားလို့ မင်းတို့ဆီက အကူအညီတောင်းချင်လို့ပါ"

ဤသို့ပြောပြီးနောက် ကျူးမင်က မုန့်လန်ကို ကြည့်လိုက်လေသည်။

"မုန့်လန်.. အခုဆိုရင် မင်းက တာ့ဟွားစက်မှုရဲ့လက်ထောက်ဒါရိုက်တာဖြစ်နေပြီဆိုတော့ ဗန်ခယ်လုပ်ငန်းစုနဲ့ အဆက်အသွယ်များရှိလား"

"ဒါလား"

မုန့်လန်မှာ အတန်ငယ်စိတ်တိုသွားရသည်။

လူတွေအများကြီးထဲကမှ ငါ့ကို ဘာလို့အာရုံစိုက်နေတာလဲ?

"ဗန်ခယ်လုပ်ငန်းစုနဲ့ ကျွန်တော်တို့ကုမ္ပဏီက ပတ်သက်ဆက်ဆံမှုရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဥက္ကဋ္ဌဟူက အဲဒီမြေကွက်ကို အရမ်းတန်ဖိုးထားတာ။ အဲဒီနေရာမှာ စူပါမားကတ်တစ်ခုဆောက်ဖို့ စီစဉ်ထားတယ်ဆိုပဲ။ သူ့ဆီက အဲဒီမြေကွက်ကိုဝယ်ရမှာ တော်တော်ခက်တယ်"

မုန့်လန်၏စကားကို ကြားသော် ကျူးမင်လည်း သက်ပြင်းချလိုက်မိသည်။

သူက လူအုပ်ကြီးကိုကြည့်လိုက်လေသည်။

"တစ်ယောက်ယောက်မှာများ နည်းလမ်းရှိလား"

အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

ဟူဝမ်က မိုတုမြို့တွင် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်ဖြစ်၏။ သူတို့ကလည်း ထိပ်သီးလုပ်ငန်းရှင်များ ဖြစ်ကြသော်ငြား အလွန်ဆုံးရှိလှ သူတို့က ဟူဝမ်နှင့် သိကျွမ်းရုံသာ ရှိ၏။ သူတို့၏အစွမ်းအစက ဟူဝမ့်အား ထိုမြေကွက်ကို လက်လျှော့သွားအောင် မလုပ်နိုင်ချေ။

မည်သူမှ စကားစမလာသည့်အတွက် ကျူးမင် မျက်မှောင်ကြုတ်လိုက်မိသည်။

မင်းတို့တွေ ဟိတ်ဟန်ထုတ်နေကြတုန်းကတော့ တအားတွေသန်မာပြနေပြီးတော့ တကယ်လည်း အရေးကြုံလာရော ငကြောက်တွေမှန်း အရမ်းသိသာတာပဲ…

ထိုအခိုက်ဝယ် ယန်ချွမ်းက ရုတ်တရက်ပြောလာလေသည်။

"ကျောင်းအုပ်ကြီးကျူး.. ဒီကိစ္စကို ကိုင်တွယ်ပေးနိုင်တဲ့လူတစ်ယောက်ကို ကျွန်တော် အခုမှအမှတ်ရတယ်"

All Chapters