အထူးချွန်ဆုံးကျောင်းသားဟောင်း
Vol. 14 Ch. 202
ကျောင်းအုပ်ကျူးခမျာ နေရခက်ဟန်ဖြင့် ပြောလိုက်သည်။
"မစ္စတာယဲ့.. ကျုပ် တကယ်ပဲ အကူအညီတောင်းစရာလေးတစ်ခုရှိပါတယ်"
ယဲ့ချန်းက ပြုံးလိုက်သည်။
"အားကစားကွင်းထဲက အဆောက်အအုံကိစ္စလား"
"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ အဲဒီမြေကွက်က အလွတ်ကြီးဖြစ်နေတာ နှစ်ပေါင်းများစွာကြာပြီ။ ကျုပ် ဗန်ခယ်လုပ်ငန်းစုရဲ့ဥက္ကဋ္ဌ ဟူဝမ်နဲ့လည်း ခဏခဏစကားပြောကြည့်သေးတယ်။ ဒါပေမဲ့ သူက သဘောမတူဘူး"
"ဟူဝမ်..ဪ သူကိုး"
ယဲ့ချန်းက အသာပြောလိုက်၏။
"မင်း သူ့ကိုသိတာလား"
ကျူးမင်၏မျက်နှာကား ပျော်ရွှင်မှုကြောင့် ဝင်းပသွားလေသည်။
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။
"အင်း။ သိတာပေါ့။ တလောတုန်းက ကျွန်တော် သူ့သားကို ဆုံးမထားသေးတယ်"
ကျောင်းအုပ်ကျူး : "…"
ယန်ချွမ်း : "…"
လူတိုင်း : "…"
ကျူးမင်ခမျာ အစတုန်းကတော့ မျှော်လင့်ချက်နည်းနည်းရှိသည်ဟု ထင်ခဲ့မိသည်။ သို့သော် ယဲ့ချန်း၏စကားများကို ကြားလိုက်ရချိန်ဝယ် စိတ်ပျက်အားလျော့သွားလေသည်။
သူ့သားကို ဆုံးမထားမှတော့ ဘယ်သူက မြေကွက်ကို ရောင်းပေးတော့မှာလဲ?
ယဲ့ချန်းက ဆို၏။
"ခင်ဗျားမှာ ဟူဝမ့်ရဲ့ဖုန်းနံပါတ်တော့ ရှိတယ်မလား"
ကျောင်းအုပ်ကျူးက ခေါင်းညိတ်လျက် ပြောလိုက်သည်။
"သူ့ဖုန်းနံပါတ် ကျုပ်မှာရှိတယ်"
"သူ့ကိုဖုန်းဆက်လိုက်ပါ။ ကျွန်တော် ဖုန်းပြောလိုက်မယ်"
ယဲ့ချန်းက ပြောလိုက်လေသည်။
ကျူးမင်လည်း ဖုန်းထုတ်၍ ဟူဝမ်၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။
"ဥက္ကဋ္ဌဟူ…"
"ခင်ဗျား ဦးနှောက်မကောင်းဘူးလား။ ကျုပ် ခင်ဗျားကို ပြောပြီးပြီမလား။ ခင်ဗျား ဘယ်လောက်ပေးပေး ကျုပ် အဲဒီမြေကွက်ကို မရောင်းပေးနိုင်ဘူးလို့။ အိပ်မက်မက်မနေနဲ့တော့"
ကျူးမင်၏မျက်နှာကား အလွန်ကိုးရိုးကားရားဖြစ်သွားသည်။ ထိုအခါ ယဲ့ချန်းက ဖုန်းယူ၍ ပြောလိုက်သည်။
"ဟယ်လို ဥက္ကဋ္ဌဟူ..ယဲ့ချန်းပါ"
"ယဲ့ချန်းလား။ ခင်ဗျားက ဥက္ကဋ္ဌယဲ့လား"
ဖုန်းတစ်ဖက်ရှိ အသံမှာ ချက်ချင်းဆိုသလို ရိုသေလေးစားလေဟန် လေသံသို့ ပြောင်းလဲသွားသည်။
"ဟုတ်တယ်။ ကျွန်တော် ခင်ဗျားကို အကူအညီတောင်းစရာလေး တစ်ခုရှိလို့။ မိုတုနည်းပညာတက္ကသိုလ်က ကျုပ်ရဲ့မိခင်ကျောင်းတော်လေ။ ဒီတော့ ခင်ဗျား ကျွန်တော့်မျက်နှာကို ထောက်ထားပြီး သူတို့ကို အဲဒီမြေကွက်လေး ရောင်းပေးပါ့လား"
ဟူဝမ်က တစ်ချက်မျှပင် စဉ်းစားမနေဘဲ ပြောလိုက်၏။
"စိတ်ချပါ ဥက္ကဋ္ဌယဲ့.. ခင်ဗျားတောင်းဆိုတာမှန်သမျှ ကျွန်တော်မရောင်းချင်ဘူးဆိုရင်တောင် သေချာပေါက်ရောင်းပေးမှာပါ"
ဟူဝမ်က ယဲ့ချန်း၏သရုပ်မှန်ကို အနည်းအကျဉ်းသိထားပြီးဖြစ်၏။
စီးပွားရေးလုပ်ရာတွင် အရေးအကြီးဆုံးအရာက ဘာလဲ? အဆက်အသွယ်ပင်။
သုညကစခဲ့ရသော ဟူဝမ်မှာ မိုတုမြို့တွင် အခြေမခိုင်ခဲ့ပေ။ ဤသည်မှာ ယုံကြည်စိတ်ချရသူတစ်ယောက်ကို ကုပ်တွယ်ထားနိုင်မည့် အခွင့်အရေးတစ်ခုပင်ဖြစ်လေရာ ဟူဝမ်အနေနှင့် လက်လွှတ်မခံနိုင်ပေ။
ယဲ့ချန်းက ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။
"အင်း ဈေးနှုန်းကရော"
"မစ္စတာယဲ့ အကူအညီတောင်းတာဆိုတော့ ကျွန်တော် အလကားပေးလိုက်ပါ့မယ်"
ယဲ့ချန်းကမူ သဘောမတူချေ။
"ဒါတော့ မဟုတ်သေးဘူး။ ကျွန်တော်တို့တွေက စီးပွားရေးသမားတွေပဲ။ ကျွန်တော် ခင်ဗျားကို မနစ်နာစေချင်ဘူး။ ဒီတော့ ခင်ဗျားတို့တွေ ညှိနှိုင်းထားတဲ့ပမာဏက ဘယ်လောက်လဲ"
ကျူးမင်က ဘေးနားမှ တိတ်တဆိတ်ဝင်ပြောလိုက်၏။
"သန်းသုံးဆယ်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်လေသည်။
"ဒါဆို ကောင်းပြီလေ။ ကျွန်တော် နောက်ထပ်ငါးသန်းထပ်ဖြည့်ပြီး သုံးဆယ့်ငါးသန်းပေးမယ်"
"ဒါက.."
ဟူဝမ်မှာ ထိရှသွားရချေသည်။
တကယ်တမ်းတွင် အခြားလူသာဆိုပါက ဟူဝမ်မှာ သန်းလေးဆယ်ပေးလျှင်ပင် ရောင်းမည်မဟုတ်ချေ။ ယဲ့ချန်းမျက်နှာကြောင့်သာ ရောင်းလိုက်ခြင်းဖြစ်သည်။
"ဥက္ကဋ္ဌဟူ,.. ဒီတစ်ခေါက်တော့ ကျွန်တော် ခင်ဗျားကို အကြွေးတင်သွားပြီ။ နောက်မှပဲ သီးသန့်ကျေးဇူးဆပ်တော့မယ်"
"ဥက္ကဋ္ဌယဲ့ အရမ်းသဘောကောင်းလွန်းနေပါပြီဗျာ။ ခင်ဗျားလိုအပ်တာမှန်သမျှ ပြောသာပြောပါ"
ဟူဝမ်က ဖုန်းတစ်ဖက်မှ ယဉ်ယဉ်ကျေးကျေးခွန်းတုံ့ပြန်လေသည်။
ဖုန်းချပြီးနောက်တွင်မူ အားလုံး မှင်တက်ကုန်ကြသည်။
ယဲ့ချန်းက စကားစလိုက်၏။
"ကျောင်းအုပ်ကျူး.. မိုတုနည်းပညာတက္ကသိုလ်က ကျွန်တော့်အမိကျောင်းတော်ပါ။ ကျောင်းအတွက် နောက်ထပ်သန်းသုံးဆယ်လှူပေးပါ့မယ်။ ငါးသန်းကိုတော့ ဗန်ခယ်လုပ်ငန်းစုအတွက် လျော်ကြေးအနေနဲ့ပေးပြီး ကျန်တဲ့နှစ်ဆယ့်ငါးသန်းကိုတော့ ကျောင်းအတွက် အလှူငွေအဖြစ် သဘောထားလိုက်ပါ"
ကျောင်းအုပ်ကျူးမှာ အလွန်ထိရှသွားရသည်။
သိထားသင့်သည့်အချက်ကား ဤလုပ်ငန်းရှင်တစ်စုက အားလုံးပေါင်းပြီးမှ ဆယ်သန်းကျော်လောက်သာ လှူဒါန်းခဲ့ကြသော်လည်း ယဲ့ချန်းကတော့ တစ်ယောက်တည်းအားဖြင့် သန်းသုံးဆယ်လှူဒါန်းခဲ့သည်။
ထိုအချိန်မှာပင် ယဲ့ချန်း၏အတန်းဖော်များအားလုံးလည်း အံ့ဩမှင်တက်ကုန်ကြသည်။
အစောကပင် သူတို့က ယဲ့ချန်းကို တက္ကစီဒရိုင်ဘာဟု လှောင်ပြောင်ရယ်မောခဲ့ကြသည်။ ဘာအရည်အချင်းမှမရှိဘူးဟု သရော်ခဲ့ကြသည်။
ယခုမူ ယဲ့ချန်းက တကယ့်ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုအတန်းဖော်များ၏စိတ်ထဲ နောင်တများဖြင့် ပြည့်နှက်နေလေတော့သည်။
ယဲ့ချန်းကဲ့သို့သော ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်က စကားတစ်ခွန်းတည်းဖြင့်ပင် သူတို့ကို အောင်မြင်အောင် လုပ်ပေးနိုင်သည်။ သို့သော် သူတို့ကတော့ ထိုကဲ့သို့သော အခွင့်အရေးကောင်းတစ်ခုကို လွဲချော်ခဲ့ရသည်။
ကျောင်းအုပ်ကျူးကလည်း ယဲ့ချန်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"ယဲ့ချန်း.. မင်းလို ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ကို ရထားတာ ကျုပ်တို့မိုတုနည်းပညာတက္ကသိုလ်အတွက်တော့ ဂုဏ်ယူစရာပါပဲ။ ကျောင်းမှာရှိတဲ့ ကျောင်းသားပေါင်းများစွာအစား ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းကမူ လက်ခါပြလိုက်သည်။
"သန်းသုံးဆယ်လေးပါ။ မပြောပလောက်ပါဘူးဗျာ"
ယဲ့ချန်း၏စကားကို ကြားရချိန်ဝယ် သူတို့၏နှုတ်ခမ်းများမှာ တွန့်လိမ်ကုန်ကြသည်။ သန်းသုံးဆယ်ဆိုသည်မှာ သူတို့တစ်သက်လုံး ရှာဖွေလျှင်ပင် မရနိုင်သော ပမာဏမျိုးပင်။
သို့တိုင် ယဲ့ချန်းကတော့ ဘာမှမဟုတ်သလို ပြောလိုက်သည်။
ကျောင်းအုပ်ကြီးက ပြောလိုက်သည်။
"မစ္စတာယဲ့.. ကျုပ်တို့ကျောင်းက အအောင်မြင်ဆုံးကျောင်းသားတစ်ယောက်အနေနဲ့ ကျောင်းရဲ့နှစ်ပတ်လည်ပွဲမှာ လူတိုင်းကို အားပေးဖို့အတွက် မိန့်ခွန်းပြောပေးနိုင်မလား"
ယဲ့ချန်းက ခွန်းတုံ့ပြန်လိုက်လေသည်။
"မိန့်ခွန်းတော့ မပြောပါရစေနဲ့။ ကျွန်တော်က အာရုံစိုက်ခံရတာကို မကြိုက်ဘူး။ ပြီးတော့ တက္ကစီလည်း မောင်းရဦးမယ်"
"ခွီး"
ယဲ့ချန်းက တက္ကစီမောင်းမည်ဟု ပြောလာသောအခါ လူတိုင်း ဆွံ့အကုန်ကြသည်။
ဒီလောက်ချမ်းသာနေတာကို တက္ကစီက ဘာလို့မောင်းနေရသေးတာလဲ?
မင်းလောက် ဘယ်သူမှ ဟန်ဆောင်နိုင်မှာမဟုတ်ဘူး။
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်မှာပင် ယဲ့ချန်း ထွက်လာခဲ့လိုက်သည်။
မိုတုနည်းပညာတက္ကသိုလ်ရှိ ခေါင်းဆောင်များနှင့် ထိပ်သီးလုပ်ငန်းရှင်များအပြင် ယဲ့ချန်း၏အတန်းဖော်များက သူ့ကို အဝင်ဝအထိ လိုက်ပို့ပေးခဲ့ကြသည်။
ယဲ့ချန်းလည်း ခမ်းနားလှသော သူ့ကူလီနန်ပြိုင်ကားထဲသို့ ဝင်သွားလိုက်သည်။ ယဲ့ချန်း၏ ကူလီနန်ပြိုင်ကားကို မြင်သောအခါ အတန်းဖော်များအားလုံး ကြောင်အကုန်သည်။
ဖြစ်ချင်တော့ ယဲ့ချန်းက ဤSUVကားကြီးဖြင့် တက္ကစီမောင်းနေခြင်းပင်။ အစောတုန်းက ယဲ့ချန်းကို အလုပ်တစ်နေရာကမ်းလှမ်းခဲ့သော ချန်းရှန်ခမျာ တွင်းတစ်တွင်းထဲသို့ ဝင်ပုန်းချင်စိတ်ပေါက်သွားသည်။
လီယန်ကတော့ လှောင်ပြောင်သရော်လေတော့သည်။
"မင်းတို့တွေက အရမ်းဥစ္စာမက်ကြတယ်။ ဒီလိုအတန်းဖော်မျိုးကို ဘယ်သူကလိုချင်မှာလဲ။ နောက်နောင် တွေ့ဆုံပွဲတွေရှိရင် ငါ့ကိုလာမဖိတ်ကြနဲ့"
ထိုအချိန်မှာပင် ယဲ့ချန်းက လီယန့်ကို လှမ်းခေါ်လိုက်သည်။
"လီယန် လိုက်ဦးမလား"
"လိုက်မယ်လေ"
လီယန်က ကားထဲသို့ဝင်သွားသည်ကို ကြည့်ရင်း လူတိုင်း၏ရင်ထဲ နောင်တတရားများဖြင့် ပြည့်နှက်သွားသည်။
အစောတုန်းက ယဲ့ချန်းကို လူတိုင်းကလှောင်ပြောင်ရယ်မောနေကြချိန်မှာ လီယန်ကမူ ယဲ့ချန်းဘက်က ရပ်တည်ပေးခဲ့သည်။
လီယန်တစ်ယောက် ယဲ့ချန်းနှင့်အတူ ကားကြုံလိုက်စီးခွင့်ရသွားခြင်းမှာ သူ့အနာဂတ်ကား အဆုံးမရှိကျယ်ပြောသွားပြီဟူသော အဓိပ္ပာယ်ပင်။
…
မိုတုနည်းပညာတက္ကသိုလ်၏ နှစ်ခြောက်ဆယ်ပြည့်အထိမ်းအမှတ်ပွဲ…
ကျောင်းအုပ်ကျူးက စိတ်ခံစားချက်အပြည့်ဖြင့် စင်ပေါ်သို့ တက်သွားလေသည်။
"ချစ်လှစွာသော ကျောင်းသားတို့.. ဒီနေ့ ကြေညာစရာတစ်ခုရှိပါတယ်။ ငါတို့ကျောင်းမှာ အားကစားကွင်းတစ်ခု ရှိလာတော့မှာပါ။ ပြီးတော့ ဒီအတွက်လည်း ငါတို့ကျောင်းရဲ့အထူးချွန်ဆုံးကျောင်းသားဟောင်းဖြစ်တဲ့ မစ္စတာယဲ့ချန်းကို ကျေးဇူးတင်ရမှာပါ။ သူက ငါတို့အတွက် မြေဝယ်ပေးခဲ့ပြီး ကျောင်းအတွက်လည်း သန်းသုံးဆယ်လှူပေးခဲ့တယ်"
ထိုအခိုက်ဝယ် ကျောင်းအုပ်ကျူးမှာ စိတ်လှုပ်ရှားလွန်း၍ မျက်ရည်ပင်ဝဲမိသည်။
"ဒီအားကစားကွင်းကို ယဲ့ချန်းအားကစားကွင်းလို့ နာမည်ပေးမဲ့အကြောင်း ကြေညာချင်ပါတယ်"
ပရိသတ်များကား လက်ခုပ်ဩဘာသံများ ပေးကြချေသည်။ ယနေ့ကစပြီး မိုတုနည်းပညာတက္ကသိုလ်တွင် ဒဏ္ဍာရီလာပုဂ္ဂိုလ်နှစ်ယောက် ရှိသွားလေပြီ။ ချောမောလှသော ဘတ်စကတ်ဘောမင်းသားလေးနှင့် အထူးချွန်ဆုံးကျောင်းသားဟောင်း ယဲ့ချန်းတို့ပင်။
….
ယဲ့ချန်းက လီယန့်ကို ကားမောင်း၍ လိုက်ပို့ပေးလိုက်သည်။
"ယဲ့ချန်း ကျေးဇူးပဲနော်"
"ဟားဟား..ငါတို့က အတန်းဖော်ဟောင်းတွေပဲဟာကို။ တအားယဉ်ကျေးနေစရာမလိုပါဘူး"
"အတန်းဖော်ဟောင်းတွေကလည်း ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်လေးတစ်ခုတော့ ပေးသင့်တယ်လေ"
လီယန်က ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ လေးခုမြောက်(၄/၅)ကို ရရှိတဲ့အတွက် ထျန်းယွမ်နည်းပညာကုမ္ပဏီလိမိတက်ကို ဆုလာဘ်အနေနဲ့ ချီးမြှင့်ပါတယ်]
ယဲ့ချန်းက နည်းပညာလုပ်ငန်းလောကထဲသို့ တိုးချဲ့ဝင်ရောက်ရန် အမြဲစိတ်ကူးနေခဲ့ခြင်းပင်။ အနာဂတ်ကမ္ဘာကြီးမှာ နည်းပညာမြင့်ကမ္ဘာကြီးဖြစ်လာလိမ့်မည်သာ။ ဉာဏ်ရည်တုနှင့် ဗွီအာနည်းပညာတို့က အနာဂတ်ကမ္ဘာ၏ ပင်မနည်းပညာများပင်။
ယဲ့ချန်းလည်း စူပါမားကတ်သို့ မောင်းလာခဲ့လိုက်သည်။
ညနေဘက်တွင် လင်းဝမ်ယိုအတွက် ဟင်းကောင်းကောင်းလေးတစ်ခု ချက်ကျွေးဖို့ စီစဉ်ထားသည်။ လင်းဝမ်ယိုမှာ ကုမ္ပဏီအတွက် ကြိုးစားရလွန်း၍ ရက်ပေါင်းများစွာ အလုပ်ပိခဲ့ရရှာသည်။
စူပါမားကတ်တွင် ယဲ့ချန်းက ပါဝင်ပစ္စည်းအမြောက်အများကို ဝယ်လိုက်သည်။ လင်းဝမ်ယိုက ခပ်စပ်စပ်အစားအစာများကို သဘောကျသည့် စီချွမ်သူတစ်ယောက်ပင်။
ထို့ကြောင့် ယဲ့ချန်းမှာ လင်းဝမ်ယိုအတွက် စီချွမ်ဟင်းလျာများ ချက်ပြုတ်ပေးရန် ဆုံးဖြတ်လိုက်သည်။
အိမ်ပြန်ရောက်သောအခါ လင်းဝမ်ယိုက မီးဖိုချောင်ထဲသို့ ဝင်မည်အပြု ယဲ့ချန်းက တားလိုက်သည်။
"မင်း ဒီနေ့နားလိုက်တော့။ ကိုယ် ချက်လိုက်မယ်"
"သခင်လေး.. ရှင်က တစ်နေကုန်တက္ကစီမောင်းရတာလေ။ ပင်ပန်းနေမှာပေါ့။ ကျွန်မလုပ်လိုက်ပါ့မယ်"
လင်းဝမ်ယိုက ဆို၏။
ယဲ့ချန်းကတော့ ရယ်မောနေချေသည်။
"ဟားဟား ကိုယ်တို့အိမ်မှာ အပင်ပန်းဆုံးက မင်းပါကွ"
လင်းဝမ်ယိုကမူ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ။ ဒီနေ့ ရှင် ထျန်းယွမ်နည်းပညာကုမ္ပဏီလိမိတက်ကို ဝယ်လိုက်တာဆိုတော့ ကုမ္ပဏီရဲ့အချက်အလက်တွေကို ကျွန်မ စိစစ်လိုက်ပါ့မယ်"
ယဲ့ချန်းကား ခေါင်းတခါခါလုပ်လိုက်မိသည်။
"ဒီကောင်မလေးကတော့ အနားယူရကောင်းမှန်းကို မသိပါလား"