သင်္ချာပါရမီရှင်
Vol. 14 Ch. 203
လင်းဝမ်ယိုက ယဲ့ချန်းချက်ပေးထားသော စီချွမ်အစားအသောက်ကိုကြည့်၍ မျက်ဝန်းထဲ၌ စိတ်ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။
"သခင်လေး.. ကျွန်မအတွက် စီချွမ်အစားအသောက်တွေ ချက်ပေးလို့ ကျေးဇူးတင်ပါတယ်"
"ဟားဟား ဘယ်လိုနေလဲ။ ကြိုက်ရဲ့လား။ မာပိုတို့ဟူးကို အရင်စားကြည့်လိုက်။ အရသာဘယ်လိုနေလဲလို့"
"အင်း အရသာရှိတယ်"
လင်းဝမ်ယိုမှာ ချီးမကျူးဘဲ မနေနိုင်ချေ။
ညစာစားပြီးနောက် လင်းဝမ်ယိုက ပြောလိုက်သည်။
"သခင်လေး.. ကျွန်မ ရှင်ဝယ်ထားတဲ့ ထျန်းယွမ်နည်းပညာကုမ္ပဏီအကြောင်း ပြောချင်လို့"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"အင်း.. ကိုယ်လည်း ဒီကုမ္ပဏီနဲ့ပတ်သက်ပြီး စဉ်းစားထားတာရှိတယ်။ ဒါပေမဲ့ မင်းအမြင်ကို အရင်နားထောင်ကြည့်တာပေါ့"
လင်းဝမ်ယိုက ပရိုဂျက်တာကိုဖွင့်ပြီး ပြောလိုက်လေသည်။ု
"ကျွန်မ ကုမ္ပဏီရဲ့အချက်အလက်တွေကို စစ်ဆေးပြီးပါပြီ။ ဝန်ထမ်းတွေအကုန်လုံးက ငယ်ငယ်လေးတွေချည်းပဲ။ တည်ထောင်သူကလည်း အသက်သုံးဆယ်တောင် မပြည့်သေးဘူး။ ဒီကုမ္ပဏီက အရမ်းငယ်ရွယ်နုပျိုပြီး အလားအလာကောင်းတဲ့ ကုမ္ပဏီတစ်ခုပါ"
ယဲ့ချန်း ခေါင်းညိတ်လိုက်သည်။
"အင်း မဆိုးဘူး။ နုပျိုမှုက တက်ကြွမှုကို သယ်ဆောင်လာပေးတယ်လေ"
ထျန်းယွမ်နည်းပညာကုမ္ပဏီ၏ ဝန်ထမ်းခန့်ထားပုံကို ယဲ့ချန်း အလွန်စိတ်တိုင်းကျမိသည်။
"ဒီကုမ္ပဏီက အရမ်းအံ့ဩဖို့ကောင်းတာ။ သူတို့ရဲ့သုတေသနပစ်မှတ်က ဗွီအာဂိမ်းဖွံ့ဖြိုးရေးတဲ့။ အစောပိုင်းအဆင့်တွေမှာတင် ဂိမ်းကောင်းကောင်းတွေကို တီထွင်ထုတ်လုပ်ပြီးသွားလို့ တုံ့ပြန်မှုကောင်းတွေလည်းရထားတယ်"
ယဲ့ချန်းကား ခေါင်းတညိတ်ညိတ်။
"ဗွီအာနည်းပညာက အခုမှစတင်တုန်းပဲရှိသေးတယ်။ နောက်ထပ်ဆယ်စုနှစ်တစ်ခုလောက်ကြာရင် ဗွီအာနည်းပညာက အကြီးအကျယ်တိုးတက်လာတော့မှာ"
"ဒါပေမဲ့ သူတို့ရဲ့ပရောဂျက်တွေက အစကောင်းပေမဲ့ ကုမ္ပဏီကြီးတချို့ကလည်း ဈေးကွက်ကို သတိထားမိလာကြပြီ။ သူတို့က ထျန်းယွမ်နည်းပညာကုမ္ပဏီရဲ့ဖန်တီးမှုတွေကို တိုက်ရိုက်တုပနေကြတဲ့အတွက် ကုမ္ပဏီကို တော်တော်အထိနာစေတယ်"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
အမှန်ပင်။ ဟွားနိုင်ငံ၏နည်းပညာလောကထဲရှိ အတားအဆီးမှာ မည်သည့်နည်းပညာကုမ္ပဏီကမှ တီထွင်ဆန်းသစ်ဖို့ မစဉ်းစားကြခြင်းပင်။
ဂိမ်းတစ်ခု နာမည်ကြီးသွားလျှင် အခြားထုတ်လုပ်သူများကလည်း ထိုပုံစံအတိုင်း လိုက်တုပကြလိမ့်မည်။
ဤသည်မှာ ဟွားနိုင်ငံ၏နည်းပညာတိုးတက်မှုကို အတားအဆီးပြုနေသော အရာပင်။
"ကုမ္ပဏီကြီးတချို့က သူတို့ရဲ့ဂိမ်းကို ကော်ပီရုံတင်မကဘူး။ သူတို့ရဲ့ဝန်ထမ်းတွေကိုပါ ဖြတ်လုနေတာ။ ဒီကုမ္ပဏီကြီးတွေဆီက ဖိအားကြောင့် ထျန်းယွမ်နည်းပညာကုမ္ပဏီက အခုဆိုရင် ဒေဝါလီခံရတော့မလိုဖြစ်နေပါပြီ။ ဒါပေမဲ့ ကုမ္ပဏီရဲ့ပင်မအုတ်မြစ်က ရှိနေသေးတဲ့အတွက် နည်းပညာကလည်း ဆက်ရှိနေတုန်းပဲ။ ထိပ်တန်းဗွီအာပညာရှင်တော်တော်များများကလည်း ရှိနေတုန်းပဲမို့ အလားအလာကတော့ တော်တော်မြင့်ပါတယ်။ သခင်လေး.. သခင်လေးက အရမ်းအမြော်အမြင်ရှိတာပဲ"
ယဲ့ချန်း ပြုံးလိုက်မိသည်။ တကယ်တမ်းတွင် စနစ်က သူ့ကို ကူညီပေးခဲ့ခြင်းသာ။ သို့သော် ဤအကြောင်းအရာကို လင်းဝမ်ယိုအား ရှင်းမပြနိုင်ပေ။
"ဝမ်ယို..ထျန်းယွမ်နည်းပညာကုမ္ပဏီနဲ့ ဆက်သွယ်ပြီး ဝန်ထမ်းတွေကို အရင်တည်ငြိမ်အောင်လုပ်လိုက်။ သူတို့ကို စိတ်အေးသွားအောင် အရင်လုပ်ခိုင်းထားလိုက်။ နောက်မှ သူတို့ကုမ္ပဏီကို ငါသွားလိုက်မယ်"
"ဟုတ်ကဲ့ပါ မစ္စတာယဲ့"
လင်းဝမ်ယိုက ခေါင်းညိတ်ပြလိုက်သည်။
နောက်တစ်နေ့၌ မနက်စာစားပြီးနောက် ယဲ့ချန်းမှာ တက္ကစီမောင်းလေတော့သည်။ မြေအောက်ရထားဘူတာရုံထဲသို့ မောင်းလာသည့်အချိန်တွင် မိတ်ဆွေဟောင်းတစ်ယောက်နှင့် ရုတ်တရက်ပက်ပင်းတိုးသည်။
လီယန်က တက္ကစီခေါ်နေပေသည်။ သို့သော် ရုံးတက်ချိန်ဖြစ်သောကြောင့် တက္ကစီငှားရန် ခက်ခဲလှသည်။
ယဲ့ချန်းလည်း လီယန့်ဘေးတွင် ကားကို ထိုးရပ်လိုက်၏။
"လီယန် ကားပေါ်တက်လေ"
"ယဲ့ချန်း ကျေးဇူးတင်ပါတယ်။ နင့်ကြောင့်သာမဟုတ်ရင် ငါတော့ အလုပ်နောက်ကျတော့မှာ"
"ဘာဖြစ်တာလဲ"
လီယန် ကားပေါ်သို့တက်လာချိန်တွင် ထော့နဲ့ထော့နဲ့ဖြစ်နေကြောင်း ယဲ့ချန်း သတိထားမိလိုက်သည်။
လီယန်မှာ ခါးသက်သက်ပြုံးလိုက်မိလေသည်။
"အာ ကံဆိုးတာလေ။ လမ်းလျှောက်ရင်း ဒေါက်ကျိုးသွားလို့လေ"
ယဲ့ချန်း ရယ်လိုက်မိသည်။
"မင်းတို့မိန်းကလေးတွေကတော့..အမြဲဒုက္ခများလိုက်တာ။ ဒေါက်ဖိနပ်အမြင့်ကြီးတွေစီးနေရတာ မသက်မသာမဖြစ်ဘူးလား"
"ဟမ့်! မိန်းကလေးတစ်ယောက်ရဲ့ လှချင်စိတ်ကို နင် နားမလည်ပါဘူး"
ယဲ့ချန်း ရယ်လိုက်မိပြန်သည်။
"ဆရာဖြစ်ရတာ တော်တော်ပျော်ဖို့ကောင်းမှာပဲ"
"ဟူး..ဒီနေ့ခေတ်ကလေးတွေက ငါတို့တုန်းကလို မဟုတ်တော့ဘူး။ အရမ်းထိန်းရခက်တာပဲ။ ငါ့အတန်းထဲမှာ တော်တော်ထူးဆန်းတဲ့ကောင်လေးတစ်ယောက်ရှိတယ်"
"သူက ဘယ်လိုထူးဆန်းတာလဲ"
ယဲ့ချန်း အတန်ငယ်ကြက်သေသေသွားရသည်။
"အဲဒီကလေးရဲ့အဆင့်က အတန်းထဲမှာ ဘိတ်ချေးလေ။ အမြဲစိတ်ကူးယဉ်နေတာဟော့။ သူ ဘာတွေစဉ်းစားနေလဲဆိုတာ ငါတော့ မတွေးတတ်တော့ဘူး။ စကားပြောရတာကိုလည်း မကြိုက်ပြန်ဘူး။ သူ့လက်ချောင်းတွေကလည်း ထူးဆန်းတဲ့လက်ဟန်တွေကို အမြဲလုပ်နေတာ။ အတန်းဖော်တွေကလည်း သူ့ကို အမြဲစကြတယ်။ ငါ ခဏနားဦးမယ်လို့ တွေးထားတာ။ ဒါပေမဲ့ ဒီကလေးကြောင့် ကျောင်းကို ကပျာကယာထွက်လာခဲ့ရတာ"
"သူ ဘာဖြစ်လို့လဲ"
ယဲ့ချန်း မေးလိုက်မိသည်။
"မနက်ခင်းလေ့ကျင့်ခန်းလုပ်နေတုန်း ကျောင်းသားတစ်ယောက်က အိမ်သာထဲမှာ ဆေးလိပ်သောက်သွားတယ်တဲ့။ လူတိုင်းက အဲဒီကောင်လေးသောက်တာပါဆိုပြီး စွပ်စွဲနေကြတယ်။ ကျောင်းအုပ်ကြီးကလည်း ဒီကလေးကို သဘောမကျလို့ ကျောင်းထုတ်ချင်နေတာ။ အခုတော့ အကြောင်းပြချက်ရသွားပြီ။ ဒီကလေးကို ဆက်ထားဖို့အတွက် ကျောင်းအုပ်ကို ဖျောင့်ဖျလို့ရမလားလို့ ငါ ကျောင်းကို အမြန်သွားရမှာ"
"ဪ ဒီလိုလား။ ငါ့မသိစိတ်အရတော့ ဒီကောင်လေး ထောင်ချောက်ဆင်ခံရတာလို့ပဲ ထင်တယ်"
ယဲ့ချန်းက ဆို၏။
"နင်က ဘယ်လိုလုပ်သိတာလဲ"
လီယန်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
ယဲ့ချန်းကတော့ ခပ်ပြုံးပြုံးသာ။
"ရှင်းရှင်းလေးပါ။ စကားပြောရတာလည်း မကြိုက်သလို အမြဲတမ်းစိတ်ကူးယဉ်နေတတ်တဲ့လူက အကောင်းဆုံးမြေစာပင်ပဲ မဟုတ်လား"
ယဲ့ချန်း၏စကားကို ကြားလိုက်ရပြီးနောက် လီယန်လည်း ခါးသက်သက်ပြုံးလိုက်မိတော့သည်။
"ဟုတ်တယ်။ ဒီကလေးက အတန်းထဲက ကျောင်းသားဆိုးတွေဆီမှာ ခဏခဏအနိုင်ကျင့်ခံရပြီး အကွက်ဆင်ခံရတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှ ရှင်းမပြခဲ့ဘူး"
ထိုအချိန်မှာပင် သူတို့ ကျောင်းပေါက်ဝသို့ ရောက်လာခဲ့သည်။
"ကျေးဇူးပဲ ယဲ့ချန်း.. ငါ နင့်ကို ကြယ်ငါးပွင့်ပေးလိုက်မယ်"
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ရတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ငါးခုမြောက်ကြယ်ငါးပွင့်(၅/၅)ကို ရရှိတဲ့အတွက် ထိပ်တန်းအဆင့်ဗွီအာနည်းပညာကို ဆုလာဘ်အဖြစ် ချီးမြှင့်ပါတယ်]
ယဲ့ချန်းက ဗွီအာနည်းပညာနှင့်ပတ်သက်ပြီး လှုပ်ရှားမှုတစ်ခုပြုရန် စဉ်းစားနေချိန်မှာပင် အလွန်အစွမ်းထက်လှသောစွမ်းရည်တစ်ခုကို မထင်မှတ်ထားဘဲ ရလိုက်သည်။
ထိုစဉ် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က ကောင်လေးတစ်ယောက်ကို ကျောင်းဝင်းထဲမှ ခေါ်ထုတ်လာသည်။
ထိုကောင်လေးက ငေးတိငေးငိုင်ဖြစ်နေလေဟန်ပင်။ သူ့လက်များကလည်း လေထဲတွင် ဝှေ့ယမ်းနေလေရာ ပြဿနာကောင်လေးတစ်ယောက်အလားပင်။
"ရှောင်ပေ့.. မင်း ဘာလို့ ဒီကိုရောက်နေတာလဲ"
လီယန်က ကပျာကယာမေးလိုက်လေသည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားကြီးက သက်ပြင်းချလိုက်၏။
"ဆရာမလီ.. ရှောင်ပေ့ကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ရှောင်ပေ့အဖေ.. ကျွန်မ အခုချက်ချင်း ကျောင်းအုပ်ကြီးဆီကို သွားလိုက်ပါ့မယ်။ ဒီကိစ္စကို ရှောင်ပေ့လုပ်တာမဟုတ်ဘူးလို့ ကျွန်မယုံတယ်။ အမှန်တရားကို ကျွန်မ ရအောင်ဖော်ထုတ်ပေးပါ့မယ်"
"ဆရာမလီ... ကျွန်တော်တို့ ခင်ဗျားကို တစ်ချိန်လုံးအနှောင့်အယှက်ပေးခဲ့မိပါတယ်။ တကယ်ရှက်မိပါတယ်။ ကျွန်တော့်ကလေးက ခေါင်းမကောင်းလို့ ကျောင်းမှာလည်း စာကောင်းကောင်းမလိုက်နိုင်ဘူး"
"ကားဆရာကြီး.. ဝမ်ဟယ်ခရိုင် ဖူကျန်းလမ်းကို ပို့ပေးပါ"
"ရတယ်လေ"
ယဲ့ချန်း စက်နှိုးလိုက်သည်နှင့် စနစ်၏ကြေညာချက်ထုတ်သံ ထွက်ပေါ်လာသည်။
[တင်! ရွေးချယ်ရေးစနစ်ကို အသက်သွင်းလိုက်ပါပြီ။ အပတ်တိုင်း ထူးခြားဂုဏ်သတ္တိရှိတဲ့ ခရီးသည်တစ်ယောက်နဲ့တွေ့ဆုံပြီး အန္တိမဆုလာဘ်တွေကိုရယူရင်း ကမ္ဘာကျော်လုပ်ငန်းရှင်တစ်ယောက်ဖြစ်နိုင်မဲ့ အခွင့်အရေးကို ရယူလိုက်ပါ]
[ခရီးသည်ရဲ့အလုပ်အကိုင် : ပညာရေးဉာဏ်ကြီးရှင်]
[ရွေးချယ်စရာနံပါတ်တစ် : ချန်းရှောင်ပေ့ကိုနှစ်သိမ့်ပေးပြီး အမျိုးသားထိန်းကျောင်းရေးစွမ်းရည်နဲ့ အမျိုးသားများ၏ကြိုက်နှစ်သက်မှု +၁၀ကို ရယူလိုက်ပါ]
[ရွေးချယ်စရာနံပါတ်နှစ် : ရှောင်ပေ့၏ဖခင်ကို ရှောင်ပေ့အတွက်နှင့် အချိန်မဖြုန်းဖို့ ပြောပြီး ရွက်ပုန်းသီးစွမ်းရည်နဲ့ ပညာရေးအဆင့်မြင့်ပြီး စွမ်းရည်နိမ့်ကျသော ပါရဂူဆယ်ယောက်ကို ရယူလိုက်ပါ]
[ရွေးချယ်စရာနံပါတ်သုံး : ရှောင်ပေ့ကို ပညာရေးဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်လာအောင် ကူညီပေးပြီး ပါရမီရှင်ဆန်းစစ်ရေးစနစ်နဲ့ ယုံအန်းစာရင်းစစ်လုပ်ငန်းစုကို ရယူလိုက်ပါ]
ပထမဆုံးရွေးချယ်စရာတွင် အမျိုးသားထိန်းကျောင်းရေးစွမ်းရည် ပါဝင်လေသည်။ ယဲ့ချန်းက ထိုအရာကို လိုအပ်နေလေသလား။
စဉ်းစားကြည့်ရုံမျှဖြင့် စိတ်ကုန်မိသည်။
ဒုတိယရွေးချယ်စရာတွင်မူ ပညာရေးအဆင့်မြင့်ပြီး စွမ်းရည်နိမ့်ကျသော ပါရဂူဆယ်ယောက်ကို ရမည်ဖြစ်၏။ ယဲ့ချန်းအနေနှင့် သူ့ကုမ္ပဏီကို ဒေဝါလီမခံရစေချင်ပေ။
တတိယရွေးချယ်စရာတွင်မူ စွမ်းရည်ဆန်းစစ်ရေးစနစ်ပင်ဖြစ်စေ ယုံအန်းစာရင်းစစ်လုပ်ငန်းစုပင်ဖြစ်စေ ယဲ့ချန်း အလိုအပ်ဆုံးအရာများပင် ဖြစ်၏။
ယခုအချိန်တွင် ယဲ့ချန်းအနေနှင့် ပါရမီရှင်များကို အလိုအပ်ဆုံးပင်။ ထျန်းယွမ်နည်းပညာကုမ္ပဏီအတွက်ရော အခြားကုမ္ပဏီများအတွက်လည်း ပါသည်။
ယဲ့ချန်းတွင်သာ ပါရမီရှင်ဆန်းစစ်ရေးစနစ်ရှိပါက သူလိုအပ်နေသည့် ပါရမီရှင်များကို ရှာဖွေနိုင်သည်ဖြစ်ရာ ဤစွမ်းရည်မှာ အလွန်အံ့ဩဖို့ကောင်းလှသည်။
ယုံအန်းစာရင်းစစ်လုပ်ငန်းစုကလည်း ယဲ့ချန်း အလိုအပ်ဆုံးအရာပင်။
မည်သို့ပင်ဖြစ်စေ စည်းစိမ်ဥစ္စာများ တိုးပွားလာသည်နှင့်အမျှ သူ့စီးပွားရေးလုပ်ငန်းများကို စီမံပေးမည့်လူများကိုလည်း လိုအပ်လာသည်။
ယဲ့ချန်းလည်း ရှောင်ပေ့ကို စစ်ဆေးရန်အတွက် ပါရမီဆန်းစစ်ရေးစနစ်ကို အသုံးပြုလိုက်သည်။
[ချန်းရှောင်ပေ့၊ ယောကျ်ား၊ အသက်ဆယ့်ခြောက်နှစ်၊ အနက်ရောင်စိန်ပါရမီ၊ သင်္ချာပါရမီရှင်]
အမလေး! ဒီကောင်လေးက သင်္ချာပါရမီရှင်တစ်ယောက်ပါလား။