← Chapters

ထူးခြားသောပညာရှင်

Vol. 14 Ch. 204

ထူးခြားသောပညာရှင်

Vol. 14 Ch. 204

ယဲ့ချန်း ပင့်သက်ရှိုက်လိုက်မိသည်။

တကယ်တမ်းတွင် ဤကောင်လေးက ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်နေသည်။

အဆုံးမှာတော့ ဤကောင်လေး တစ်ချိန်လုံးစိတ်ကူးယဉ်နေရသည့် အကြောင်းအရင်းကို သူ နားလည်လိုက်လေပြီ။ တကယ်တမ်းတွင် သူက ပုစ္ဆာများကို တွေးတောတွက်ချက်နေခြင်းပင်။

ထိုကောင်လေး၏ လက်ချောင်းများက ထူးဆန်းလှသော လက်ဟန်များကို အမြဲလုပ်နေခြင်းမှာ သူ့တွင် ဝက်ရူးပြန်ရောဂါရှိနေသောကြောင့် မဟုတ်ပါဘဲ တွက်ချက်နေသောကြောင့်ပင်။

အမှန်ပင်။ ဤကောင်လေးက ထိပ်တန်းကျောင်းသားတစ်ယောက်၊ ထူးခြားလှသော ဉာဏ်ကြီးရှင်တစ်ယောက်ပင်တည်း။

ဤပါရမီရှင်ကို မည်သူကမှ မတွေ့သေးရုံသာ။

ယဲ့ချန်းက ချန်းရှောင်ပေ့၏ဖခင်နှင့် စကားပြောရင်း ကားမောင်းနေသည်။

"ဦးလေး.. ခင်ဗျားသားကို ကျောင်းမထားဘူးဆိုရင် ဘာလုပ်ခိုင်းမှာလဲ"

"အာ..ငါ့မိတ်ဆွေတစ်ယောက်က မျက်မမြင်အနှိပ်ဆိုင်တစ်ဆိုင် ဖွင့်ထားတာလေ။ ကျန်တာတွေအကုန် မအောင်မြင်မှတော့ လက်မှုပညာတော့ သင်ခိုင်းရမှာပေါ့။ ဒါမှ သူ အသက်မွေးဝမ်းကြောင်းပြုလို့ရမှာလေ"

ယဲ့ချန်းခမျာ ဆွံ့အသွားရလေသည်။

ဦးလေးရေ..ခင်ဗျားကတော့ တစ်ခုခုပဲ..

ခင်ဗျားရဲ့သားသင်္ချာပါရမီရှင်ကို အနှိပ်သည်လုပ်ခိုင်းမလို့လား...

ဤသည်မှာ သူတစ်ယောက်တည်းအတွက်သာ ဆုံးရှုံးနစ်နာမည်မဟုတ်ဘဲ ဟွားနိုင်ငံအတွက်လည်း ဆုံးရှုံးနစ်နာမှုတစ်ခု ဖြစ်သွားလိမ့်မည်။ သင်္ချာအသိုင်းအဝိုင်းကြီးတစ်ခုလုံးအတွက်လည်း ဆုံးရှုံးနစ်နာမှုတစ်ခုပင်။

ယဲ့ချန်းက တဟားဟားရယ်မောလျက် ပြောလိုက်လေသည်။

"ဦးလေး.. ခင်ဗျားရဲ့သားကို ကျွန်တော်နဲ့ထည့်ပေးလိုက်လို့ရမလား။ ကျွန်တော် ခင်ဗျားသားကို သင်္ချာပါရမီရှင်တစ်ယောက်ဖြစ်အောင် လုပ်ပေးဖို့ အာမခံပါတယ်"

"သင်္ချာပါရမီရှင်လား"င

ထိုအမျိုးသားခမျာ တုန်လှုပ်အံ့ဩသွားပြီးနောက် ရယ်လိုက်မိလေတော့သည်။

"ကောင်လေး.. မင်းက ငါ့ကိုလာလှောင်နေတာလား။ ငါ့သားက ပထမတန်းကတည်းက သင်္ချာစာမေးပွဲတစ်ခုမှ မအောင်ခဲ့ဘူး"

ယဲ့ချန်းကလည်း ရယ်၏။

"ချန်းရှောင်ပေ့ စာမေးပွဲမအောင်တာက သူမလုပ်နိုင်လို့မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူက ဒီလိုကလေးဆန်တဲ့မေးခွန်းတွေကို ဖြေချင်စိတ်မရှိလို့"

ယဲ့ချန်း၏စကားများကို ကြားသောအခါ ချန်းရှောင်ပေ့လည်း တွေဝေတုံ့ဆိုင်းသွားရသည်။ ထို့နောက် ယဲ့ချန်းကို တအံ့တဩကြည့်နေမိတော့သည်။

နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်က သူ့ကို နားလည်လာလေပြီ။

အမှန်ပင်။ စာမေးပွဲရှိ သင်္ချာပုစ္ဆာများက သူ့အတွက် အလွန်လွယ်ကူလွန်းလှသည်။ ဤမေးခွန်းများကို ဖြေဆိုခြင်းမှာ အချိန်ကုန်ရုံသက်သက်ဟု ခံစားရသည်။

"ဦးလေး ကျွန်တော်က လီယန့်ရဲ့သူငယ်ချင်းပါ။ ခင်ဗျား ဆရာမလီယန်ကို အာမခံခိုင်းလို့ရပါတယ်။ သူ့ကို ကျွန်တော်နဲ့ တစ်ပတ်လောက်အတူထားခဲ့လိုက်ပါ။ ခင်ဗျားတို့ သေချာပေါက်အံ့ဩသွားစေရမယ်လို့ ကျွန်တော် အာမခံတယ်"

ရှောင်ပေ့၏အဖေမှာ ခဏမျှတုံ့ဆိုင်းသွားလေသည်။

"မင်းက ငါ့သားကို ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်အောင် လုပ်ပေးနိုင်တယ်ပေါ့"

"ဒါပေါ့။ ခင်ဗျားက နောက်ပိုင်းကျရင် ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့အဖေ ဖြစ်လာမှာ။ အရမ်းမိုက်တယ်မလား"

"ကောင်းပြီလေ။ ဆရာမလီယန်ကသာ သဘောတူတယ်ဆိုရင် ငါ့သားကို မင်းဆီ အပ်လိုက်ပါ့မယ်"

တကယ်တမ်းတွင် ရှောင်ပေ့၏မိဘနှစ်ပါးစလုံးမှာ သာမန်အလုပ်သမားများဖြစ်ကြသည်။ သူတို့ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် နေ့တိုင်းအလုပ်လုပ်ရပြီး ကလေးကိုလည်း ပြုစုစောင့်ရှောက်ချိန်မရပေ။

အကယ်၍ ယဲ့ချန်းကသာ ကလေးကို ကူထိန်းပေးမည်ဆိုပါက သူတို့အတွက်လည်း ပိုလွယ်ကူသွားပေလိမ့်မည်။

ယဲ့ချန်းက လီယန်ကို ဖုန်းဆက်လိုက်သည်။ ယဲ့ချန်းက ချန်းရှောင်ပေ့ကို စောင့်ရှောက်ပေးမည်ဟု ပြောလာသည့်အခါ လီယန်လည်း အံ့အားသင့်သွားရသည်။

"ယဲ့ချန်း ရှောင်ပေ့ရဲ့စရိုက်က နည်းနည်းထူးခြားတယ်။ သူ့ကိုစောင့်ရှောက်ဖို့ဆိုရင် နင် ကြိုတင်ပြင်ဆင်ထားမှဖြစ်မယ်"

"ဘာတွေပြင်ထားရမှာလဲ။ စကားမစပ် ငါ မင်းကို သတင်းကောင်းတစ်ခု ပြောရဦးမယ်။ မင်း သင်္ချာပါရမီရှင်တစ်ယောက်ရဲ့ ဆရာမဖြစ်တော့မှာ"

"ဘာ? သင်္ချာပါရမီရှင်တစ်ယောက်ရဲ့ဆရာမလား"

လီယန်မှာ အတန်ငယ်ရှုပ်ထွေးသွားလေသည်။

"နင် ချန်းရှောင်ပေ့ကို ပြောနေတာတော့ မဟုတ်ဘူးမလား"

လီယန်မှာ ပြောစရာစကားမရှိတော့ဟန်ဖြင့် ပြောလိုက်သည်။

"မှန်တယ်"

ယဲ့ချန်းက ဆို၏။

"ငါ့ကို လာနောက်မနေနဲ့"

သင်္ချာဆရာမဖြစ်သော လီယန်က ချန်းရှောင်ပေ့၏ သင်္ချာအဆင့်ကို ကောင်းကောင်းသိသည်။ ပုံမှန်ဆိုလျှင် သူသည် စာမေးပွဲတိုင်းတွင် ဗလာစာရွက်ကြီးကိုသာ ပြန်အပ်တတ်သည်။ ဖြေထားသည့် တစ်ခုတည်းသောမေးခွန်းကလည်း အဖြေမှန်ရွေးရသော မေးခွန်းများပင်။

အဓိကအကြောင်းအရင်းမှာ အဖြေမှန်ရွေးရသည့် မေးခွန်းများမှာ သာမန်အတိုင်းခန့်မှန်းနိုင်ပြီး အချိန်ကုန်လည်းသက်သာသည်။

ထိုကဲ့သို့သော ကျောင်းသားတစ်ယောက်ကို ပါရမီရှင်ဟု ဆိုလာခြင်းမှာ သူ(မ)ကို သတ်မည်ဆိုလျှင်ပင် ယုံပေးနိုင်မည်မဟုတ်။

"ဒါနဲ့ ငါ ရှောင်ပေ့ကို ရက်ပိုင်းလောက် ခေါ်ထားချင်လို့။ မင်းနဲ့ဦးလေးက ငါ့အတွက် အာမခံသူတွေ လုပ်ပေးလို့ရမလား"

လီယန်က ခေါင်းညိတ်ပြလေသည်။

"ဦးလေး.. ယဲ့ချန်းက ကျွန်မသူငယ်ချင်းပါ။ ရှင် သူ့ကို လုံးဝယုံကြည်လို့ရပါတယ်။ ကျွန်မလည်း ဒီရက်ပိုင်း ရှောင်ပေ့နဲ့အတူ နေပေးလိုက်ပါ့မယ်"

"ကောင်းပါပြီ။ ကောင်းပါပြီ။ ဆရာမလီ.. ရှောင်ပေ့နဲ့အတူ ခင်ဗျားရောရှိနေမယ်ဆိုမှတော့ ကျွန်တော် စိတ်အေးသွားပါပြီ"

ယဲ့ချန်းက ရှောင်ပေ့၏အဖေကို အိမ်ပြန်ပို့ပေးလိုက်သည်။ ထို့နောက် စာကြည့်တိုက်သို့ မောင်းသွားလိုက်၏။ လီယန်ကမူ ယဲ့ချန်းနှင့် ချန်းရှောင်ပေ့တို့ကို စာကြည့်တိုက်အဝင်ဝ၌ စောင့်နေချေသည်။

"ယဲ့ချန်း.. စာကြည့်တိုက်ကို ဘာလို့လာတာလဲ"

"ရှောင်ပေ့ကို စာအုပ်ဖတ်ရအောင် ခေါ်လာတာလေ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။

လီယန်ကမူ ယဲ့ချန်းကိုကြည့်၍ သူဘာလုပ်မလို့လဲဆိုတာကို နားမလည်နိုင်လောက်အောင်ပင်။

ယဲ့ချန်းက ချန်းရှောင်ပေ့ကို စာကြည့်တိုက်သို့ ခေါ်လာပြီးနောက် သင်္ချာအကန့်ဘက်ကို သွားလိုက်သည်။

"ကဲ… ဒီနေရာမှာ မင်းကြိုက်တဲ့စာအုပ်တွေကို ရှာဖတ်လို့ရပြီ"

ယဲ့ချန်းက ပြုံးပြပြီး ပြောလိုက်လေသည်။

"ဟုတ်ကဲ့"

ချန်းရှောင်ပေ့က လာရာလမ်းတစ်လျှောက်တွင် ယဲ့ချန်းကို စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ယဲ့ချန်းက သူ့အား စာအုပ်များကိုစိတ်ကြိုက်ဖတ်လို့ရပြီဟု ပြောလိုက်ချိန်မှသာ တုံ့ပြန်လာခဲ့သည်။

ယဲ့ချန်းလည်း ပြုံးလိုက်မိတော့သည်။ အစကောင်းလေပြီ။

လီယန်ကမူ လုံးဝစိတ်ရှုပ်ထွေးသွားရသည်။ ဤနေရာရှိ စာအုပ်များအားလုံးက အဆင့်မြင့်သင်္ချာစာအုပ်များပင်။ သူ့ကို ဤနေရာသို့ ခေါ်လာလည်း သူက ဤစာအုပ်များကို နားလည်နိုင်မှာတဲ့လား။

နည်းပညာတက္ကသိုလ်ဆင်းဖြစ်သော သူ(မ)ကိုယ်တိုင်ပင် ဤစာအုပ်အများစုကို နားမလည်ပေ။ သင်္ချာစာမေးပွဲတွင် ဆယ်မှတ်ပင်မရသော သင်္ချာဉာဏ်ထိုင်းလေးတစ်ယောက်ကို ဤအဆင့်မြင့်စာအုပ်များ ဖတ်ခိုင်းခြင်းမှာ အဓိပ္ပာယ်မရှိလှပေ။

ယဲ့ချန်းကမူ အေးအေးလူလူပြုံးလိုက်၏။ု

"လောစရာမလိုဘူး။ သူ့ကို သွားမနှောင့်ယှက်ပါနဲ့။ သူ့ဘာသာ အေးဆေးဖတ်ပါစေ"

ဤရက်ပိုင်းအတွင်း ယဲ့ချန်းက ချန်းရှောင်ပေ့ကို စာကြည့်တိုက်သို့ နေ့တိုင်းခေါ်လာပေးသည်။ လီယန်ကမူ အတန်းချိန်များကြောင့် အလုပ်ပြီးမှ ရောက်လာနိုင်ရှာသည်။

အတန်းဖော်များကမူ ထူးဆန်းလှသော ဤကောင်လေးကို မေ့သွားကြပြီဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူတို့စိတ်ထဲတွင် ဤကောင်လေးက လူထူးဆန်းလေးသာ။

ယဲ့ချန်းမှာ စာကြည့်တိုက်သို့ လာရလွန်း၍ စာကြည့်တိုက်မှူးနှင့်ပင် အတော်ရင်းနှီးနေလေပြီ။

ဤမျှချောမောခံ့ညားလှသော အမျိုးသားငယ်တစ်ယောက်က စာကြည့်တိုက်တွင် နေ့တိုင်းအချိန်ဖြုန်းနေပြီး ဗဟုသုတရှာဖွေနေခြင်းကြောင့် ယဲ့ချန်းမှာ အလွန်ရေပန်းစားသွားချေသည်။

မိန်းကလေးတော်တော်များများက ယဲ့ချန်းကို ဝေ့ရွှင်းအကောင့်ပင် လာတောင်းကြသည်။

"မိန်းကလေး.. မင်းက ဆံပင်တိုတိုလေးနဲ့ဆိုရင် ပိုလှပြီး ပိုမိန်းကလေးဆန်လိမ့်မယ်ထင်တယ်"

"တကယ်လား။ ကျွန်မလည်း အဲဒီလိုပဲထင်တယ်။ မနက်ဖြန်ကျရင် ကျွန်မ ဆံပင်ညှပ်ပစ်လိုက်မယ်"

"ကျွန်တော့်ကို တစ်ခုလောက်ကူညီပေးလို့ရမလား"

ယဲ့ချန်းက ပရောပရည်လုပ်ခြင်း၌ အာရုံစိုက်နေချိန်မှာ အသံတစ်သံက ရုတ်ခြည်းကြားဖြတ်လိုက်သည်။

၎င်းမှာ ချန်းရှောင်ပေ့ပင်။

ပထမရက်တွင် ချန်းရှောင်ပေ့က စာအုပ်များကို ဖတ်ရုံသာဖတ်သည်။ ဒုတိယရက်တွင် ယဲ့ချန်းကို စာရွက်နှင့် ဘောပင်တောင်းပြီး ရေးခြစ်နေသည်။

ယဲ့ချန်းကတော့ မူလတန်းကတည်းက သင်္ချာဘာသာရပ်ကို သဘောမကျသောကြောင့် သူ့ကို မနှောင့်ယှက်ခဲ့ပေ။

အဆုံးမှာတော့ ယနေ့တွင် ကြိုးစားခြင်း၏အသီးအပွင့်ကို ခံစားရပြီထင်၏။ ချန်းရှောင်ပေ့က ယဲ့ချန်းထံသို့ စာရွက်အထပ်လိုက်ကြီးကိုသယ်၍ ရောက်လာသည်။

"ဘာကူညီပေးရမလဲ"

"ကျွန်တော် ဒါတွေကို ကွန်ပျူတာထဲကို ရိုက်ထည့်ရမယ်။ စာတမ်းတစ်စောင် တင်သွင်းချင်လို့"

ချန်းရှောင်ပေ့၏စကားကိုကြားသော် ကျန်းကျစ်ချီခမျာ မရယ်ဘဲ မနေနိုင်တော့ပေ။

"ကောင်လေး လာနောက်နေတာလား။ မင်းက ငယ်ငယ်လေးပဲရှိသေးတယ်လေ။ စာတမ်းတစ်စောင် တင်သွင်းချင်နေတာတဲ့လား"

"ခင်ဗျား ကျွန်တော့်ကို ကူညီပေးမှဖြစ်မယ်"

ထိုကောင်လေးက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

ကျန်းကျစ်ချီခမျာ တဒင်္ဂမျှတုံ့ဆိုင်းသွားသည်။

"ဒီကောင်လေးကတော့ တကယ့်ကို တစ်ခုခုတော့တစ်ခုခုပဲ။ မင်း ငါ့ကို အကူအညီတောင်းသင့်တာပေါ့"

ယဲ့ချန်းမှာ တဟားဟားရယ်လိုက်မိသည်။

"အလှလေး.. ဒီကောင်လေးက ကိုယ့်ညီလေးလေ။ မင်း သူ့ကို ကူညီပေးလို့ရမလား။ ကိုယ် မင်းအတွက် ဆံပင်အလှပြင်ဆိုင်ကောင်းကောင်းတစ်ခုကို ညွှန်ပေးပါ့မယ်"

"ကောင်းပြီ။ ကောင်းပြီ။ ကျွန်မ ရှင့်ကို ကူညီပေးပါ့မယ်"

စာကြည့်တိုက်မှူးက ချန်းရှောင်ပေ့၏စာတမ်းကို ယူသွားလိုက်ပြီးနောက် ကြက်သေသေသွားရှာသည်။

ဤစာကြည့်တိုက်မှူးမှာ မိုတုနည်းပညာတက္ကသိုလ်မှ စီနီယာတစ်ယောက်ဖြစ်ပြီး ဤစာကြည့်တိုက်တွင် အချိန်ပိုင်းအလုပ်လုပ်နေခြင်းဖြစ်၏။

ကျောင်းတွင် ကျန်းကျစ်ချီက ထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်သော်ငြား ချန်းရှောင်ပေ့၏စာမူကြမ်းပေါ်တွင် ပြွတ်သိပ်နေသော သင်္ကေတများကို မြင်လိုက်ရချိန်ဝယ် သူ(မ) ကြောင်အသွားသည်။

ငါ တက္ကသိုလ်အတုတစ်ခုကိုများ တက်ခဲ့မိတာလား?

ဒါက ကိန်းရှင်ပုံသေနည်းတွေလား?

ဒါက ကဲကုလသင်္ချာလား?

ဒါက ဘာကြီးလဲ?

ထိုမိန်းကလေးခမျာ တက္ကသိုလ်အတုတစ်ခုကို တက်ခဲ့မိသလို ခံစားလိုက်ရသည်။ သူ(မ) ဤအရာများကို တစ်ခုမှ နားမလည်ပေ။

"ဒါတွေအကုန်လုံး မင်းဘာသာ တွက်ထားတာလား"

ထိုမိန်းကလေးက ချန်းရှောင်ပေ့ကို အလန့်တကြားကြည့်လိုက်မိသည်။

"ဟုတ်တယ်။ ပျင်းနေတာနဲ့ ဒီအတိုင်းတွက်ကြည့်လိုက်တာ"

ဒီအတိုင်းတွက်ကြည့်လိုက်တာတဲ့!

ကျန်းကျစ်ချီခမျာ ပင့်သက်ရှိုက်လိုက်မိသည်။

"ဒီနေ့ခေတ် အထက်တန်းကျောင်းသားတွေက ဒီလောက်တောင်တော်နေပြီလား"

ကျန်းကျစ်ချီမှာ ထိုစာများကို နာရီဝက်လောက် ရိုက်လိုက်ရသည်။

"ကောင်လေး… ဒီထဲမှာ ဘာတွေတွက်ထားတာလဲ"

ချန်းရှောင်ပေ့က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်သည်။

"အူလာသီအိုရီ"

အူလာသီအိုရီတဲ့လား။

တော်တော်ရင်းနှီးနေသလိုပဲ!

ကျန်းကျစ်ချီ၏အကြည့်မှာ ရုတ်ခြည်းစူးရှသွားလေသည်။ သူ(မ) မှတ်မိလိုက်လေပြီ။ ဤသည်မှာ ကမ္ဘာ့သင်္ချာလောကထဲရှိ အဓိကသီအိုရီသုံးခုထဲမှာ တစ်ခုပင်။

All Chapters