ကျောင်းထုတ်ံခံရသော ဉာဏ်ကြီးရှင် အပိုင်း၁
Vol. 14 Ch. 206
မိုတုအမှတ်၄၈အလယ်တန်းကျောင်းမှာ မိုတုမြို့တွင် သာမန်ကျောင်းတစ်ကျောင်းအဖြစ် သတ်မှတ်ခံထားရသည်။ ပီကင်းတက္ကသိုလ် သို့မဟုတ် ရှင်းဟွာတက္ကသိုလ်သို့ သူတို့၏ကျောင်းသားများကို မပို့နိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။
ပီကင်းတက္ကသိုလ်၏ လူသစ်စုဆောင်းရေးဆရာများကို ကြိုဆိုရန်အတွက် ကျောင်းဘက်ကလည်း မနေ့ကပင် အကြီးအကျယ်သန့်ရှင်းရေးလုပ်ခဲ့ရသည်။
ကျောင်းအုပ်ကြီးက စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ပြောလိုက်၏။
"ကျွန်တော်တို့ကျောင်းကို လာလည်တဲ့အတွက် ပီကင်းတက္ကသိုလ်ရဲ့အကြီးအကဲတွေကို ကြိုဆိုပါတယ်"
ချန်းယန်ကလည်း ခေါင်းညိတ်ပြလိုက်၏။
"ကျောင်းအုပ်ကြီးဖန့်.. ဒီတစ်ခေါက် ကျွန်တော်တို့ရောက်လာရတဲ့ အကြောင်းအရင်းက ချန်းရှောင်ပေ့လို့ခေါ်တဲ့ သင်္ချာပါရမီရှင်လေးကို ရှာဖွေဖို့ပါ"
သင်္ချာပါရမီရှင်တဲ့လား။
ဖန့်မင်ခမျာ ဤစကားကိုကြားလိုက်ရပြီးနောက် စိတ်လှုပ်ရှားသွားရသလို အပျော်လုံးလည်းစို့သွားချေသည်။
သူတို့၏အမှတ်၄၈အလယ်တန်းကျောင်းက အဆုံးမှာတော့ သင်္ချာပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့လေပြီ။
ဖန့်မင်က အလျင်အမြန်ညွှန်ကြားလိုက်၏။
"ဒါရိုက်တာဝမ်.. ချန်းရှောင်ပေ့ကို မြန်မြန်သွားခေါ်ခဲ့လိုက်ပါ"
ဝမ်ယွမ်ခမျာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
"ကျောင်းအုပ်ကြီး ချန်းရှောင်ပေ့ကို ကျောင်းစည်းကမ်းဖောက်ဖျက်မှုနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကပဲ ကျောင်းထုတ်လိုက်ပါပြီ"
"ဘာ? ကျောင်းထုတ်လိုက်တာလား"
ကျောင်းအုပ်ကြီး၏မျက်နှာကား ချက်ချင်းဆိုသလို အေးစက်စက်နိုင်သွားလေသည်။ သူတို့၏ကျောင်း၌ အဆုံးတွင် သင်္ချာပါရမီရှင်တစ်ယောက်ကို ပေါ်ထွက်လာခဲ့ပါသော်ငြား သူ့ကို ကျောင်းထုတ်ပစ်လိုက်ပြီတဲ့လား
လီခယ်လည်း ဤစကားကိုကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။
ချန်းရှောင်ပေ့၏စာတမ်းထဲတွင် အကြီးမားဆုံးပြစ်ချက်မှာ အခြေခံအုတ်မြစ်မခိုင်မာမှုပင်။ အမှတ်၄၈အလယ်တန်းကျောင်းမှာ လီခယ်စစ်ဆေးကြည့်ထားသလောက်ဆိုလျှင် မိုတုမြို့၌ အဆိုးဝါးဆုံးကျောင်းများထဲမှ တစ်ခုအပါအဝင်ဖြစ်နေပေသည်။
ဤမျိုးစေ့ကောင်းလေးတစ်ခုက စုတ်ပြတ်နေသောကျောင်းတစ်ကျောင်းတွင် နေခဲ့ရသည့်အပြင် ကျောင်းပါ အထုတ်ခံခဲ့ရသည်။
လီခယ်လည်း အေးတိအေးစက်လေသံဖြင့် မေးလိုက်၏။
"ကျုပ်သိထားသလောက်ဆိုရင် ကျောင်းသားတစ်ယောက်ရဲ့ ကိုးနှစ်မသင်မနေရပညာရေးစနစ်ကို ကာကွယ်ပေးရမယ်မဟုတ်လား။ သူ့ကို ဘာလို့ကျောင်းထုတ်လိုက်တာလဲဆိုတာ ကျုပ်သိချင်တယ်"
ဝမ်ယွမ်က မသာမယာဖြစ်နေသော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
"သူ..သူ့ရဲ့ပညာရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်က တောက်လျှောက် အနိမ့်ဆုံးအဆင့်အထိ ရောက်နေခဲ့တာ။ ကျောင်းမှာ ဆေးလိပ်သောက်ပြီး မကောင်းတဲ့လွှမ်းမိုးမှုတစ်ခုကို ဖန်တီးခဲ့သေးတယ်"
"အနိမ့်ဆုံးတဲ့လား။ သင်္ချာမှာရောလား"
လီခယ်က မေးကြည့်လိုက်သည်။
"သင်္ချာစာမေးပွဲတွေမှာ တစ်ခါမှမအောင်ဖူးပါဘူး"
ဝမ်ယွမ်က သောကရောက်နေဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"မဖြစ်နိုင်တာ။ ကျုပ် ခင်ဗျားတို့ကို အာမခံနိုင်တယ်။ သူ့သင်္ချာစွမ်းရည်က ခင်ဗျားတို့ကျောင်းမှာရှိတဲ့ ဆရာတွေအကုန်လုံးထက်တောင် သာတယ်"
"ဘယ်သူကများ အထက်တန်းကျောင်းသားတစ်ယောက်ကို ကျောင်းထုတ်ပိုင်ခွင့်ပေးခဲ့တာလဲ။ ဆရာတစ်ယောက်ဖြစ်နေပြီးတော့ ကိုးနှစ်မသင်မနေရပညာရေးစနစ်ကို နားမလည်ဘူးလား"
လီခယ်က အေးစက်စက်လေသံဖြင့် ဆိုလိုက်လေသည်။
ဖန့်မင်၏အမူအရာမှာလည်း ပျက်ယွင်းလာလေသည်။ ကျောင်းသားများကို ကျောင်းထုတ်ပယ်ခြင်းမှာ အခြားအထက်တန်းကျောင်းများတွင်လည်း အဖြစ်များသော ကိစ္စတစ်ခုပင်။
ရည်ရွယ်ချက်ကမူ အောင်ချက်မြင့်လာစေရန်ပင်။ ထို့ကြောင့် ထိုသို့သောကိစ္စများကို သူလည်း မျက်ကွယ်ပြုထားခဲ့မိသည်။
သို့သော် တကယ်တမ်းစစ်ဆေးခံရချိန်မှာတော့ ကျောင်းအုပ်တစ်ယောက်၏တာဝန်က ပေါ့သေးသေးမဟုတ်ပေ။
လီခယ်က ခပ်ပြတ်ပြတ်ကြေညာလိုက်သည်။
"ကျုပ် ဒီကျောင်းသားကို တစ်နာရီအတွင်း တွေ့ချင်တယ်။ ခင်ဗျားတို့ သူ့ကိုရှာမပေးနိုင်ရင် အကျိုးဆက်တွေကို ခံစားရလိမ့်မယ်နော်"
"ရှာပေးပါ့မယ်။ ကျွန်တော် အခုချက်ချင်းလူလွှတ်ပြီး ရှာပေးပါ့မယ်"
ဖန့်မင်ခမျာ ချွေးစေးများကို သုတ်လိုက်သည်။
"ဝမ်ယွမ်.. ချန်းရှောင်ပေ့ကို ဒီကိုခေါ်လာဖို့အတွက် ငါ မင်းကို နာရီဝက်အချိန်ပေးမယ်။ မခေါ်လာနိုင်လို့ကတော့ ဒါရိုက်တာရာထူးကိုရဖို့ မမျှော်လင့်နဲ့တော့"
"ဟုတ်ကဲ့ ဟုတ်ကဲ့.."
ဝမ်ယွမ်၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီးနောက် ချန်းရှောင်ပေ့၏ဖိုင်များနှင့် ကိုယ်ရေးအချက်အလက်များကို ရှာဖွေရန်အတွက် အပြေးအလွှားထွက်သွားလေတော့သည်။
သိပ်မကြာခင်မှာပင် ရှောင်ပေ့ဖခင်၏ ဖုန်းနံပါတ်ကို ရှာတွေ့လာသည်။
"ဟယ်လို.. ချန်းရှောင်ပေ့ရဲ့အဖေလားဗျ"
"ဟုတ်ပါတယ်။ ဘယ်သူပါလဲ"
"ကျွန်တော်က မိုတုအမှတ်၄၈အလယ်တန်းကျောင်းရဲ့ ဒါရိုက်တာဝမ်ယွမ်ပါ"
"ဪ ကျွန်တော့်သားက ကျောင်းထုတ်ခံလိုက်ရပြီလေ။ ခင်ဗျားက ဘာလိုချင်သေးလို့လဲ"
ထိုနေ့တုန်းက ဝမ်ယွမ်က ချန်းရှောင်ပေ့ကို ကြမ်းကြမ်းတမ်းတမ်းဆူငေါက်ခဲ့သည့်အပြင် သူ့အား အမှိုက်ကောင်၊ အသုံးမကျတဲ့ကောင်၊ အလေအလွင့်ဟုလည်း ခေါ်ခဲ့သေးသည်။
ဖေဖေချန်က သူ့သားကို ကျောင်းက အမြန်ခေါ်ထုတ်လာခဲ့ရသည့် အကြောင်းအရင်းမှာ သူ့သားလေးကို စိတ်မထိခိုက်စေချင်သောကြောင့်ပင်။
ဝမ်ယွမ်ခမျာ ကိုးရိုးကားရားရယ်လိုက်မိလေတော့သည်။
"မစ္စတာချန်း... ခင်ဗျားက သားကောင်းတစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့တာပဲ"
"အဲဒါက ဘာသဘောလဲ"
ဖေဖေချန်းခမျာ ကြောင်အသွားလေသည်။
"ပီကင်းတက္ကသိုလ်ကလူတစ်ယောက် ရောက်လာပြီးတော့ ခင်ဗျားသားကို ပီကင်းတက္ကသိုလ်မှာ ခေါ်ယူချင်တယ်တဲ့"
"ဒါရိုက်တာဝမ် ခင်ဗျား လာနောက်နေတာလား။ ကျွန်တော့်သားကို ပီကင်းတက္ကသိုလ်မှာ ခေါ်ယူချင်တယ်တဲ့လား။ မဖြစ်နိုင်ဘူးမလား"
"တကယ်ပြောတာပါ။ ခင်ဗျားသားကို အခုချက်ချင်း ကျောင်းကိုခေါ်လာသင့်တယ်နော်"
"ကျွန်တော့်သားက ကျွန်တော်နဲ့အတူ မရှိဘူး။ သူက ဆရာမလီနဲ့အတူ ရှိနေလောက်မှာ"
"လီယန်လား"
ထိုအခိုက်ဝယ် အပန်းဖြေဥယျာဉ်တစ်ခု၌ ယဲ့ချန်းနှင့် လီယန်တို့က ချန်းရှောင်ပေ့နှင့်အတူ ပင်လယ်ဓားပြစီးနေကြသည်။
"ရှောင်ပေ့.. မင်း ဒီနေရာကို သဘောမကျဘူးလား"
လီယန်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေသည်။
"ကျွန်တော်က သင်္ချာနဲ့ ပုံသေနည်းတွေကိုပဲ သဘောကျတာ"
လီယန်ခမျာ အပြစ်ရှိသလို ခံစားလိုက်ရသည်။
နှစ်ဝက်ကြာအောင် ချန်းရှောင်ပေ့၏ သင်္ချာဆရာမလုပ်ခဲ့ပါသော်ငြား ချန်းရှောင်ပေ့၏ပါရမီကို မမြင်ခဲ့မိပေ။
ယဲ့ချန်းကတော့ ရယ်သည်။
"ရှောင်ပေ့.. မင်းက သင်္ချာဘာသာရပ်မှာ ပါရမီတော်တော်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ပါရမီနဲ့ မင်းဘဝကို တိုးတက်အောင်လည်း လုပ်ရဦးမယ်လေ"
"ဘဝကို တိုးတက်အောင်လုပ်ရမှာလား"
ချန်းရှောင်ပေ့မှာ ဇဝေဇဝါဖြစ်သွားရသဖြင့် ယဲ့ချန်းကို အကြောင်သားငေးကြည့်နေမိသည်။
"ဥပမာပေးရရင်တော့ အိမ်ကြီးတစ်လုံးမှာနေတာတို့၊ ကားအကောင်းစားကိုစီးတာတို့ပေါ့။ မင်းရဲ့လက်ရှိအရည်အချင်းနဲ့ဆိုရင် အဲဒါတွေကို ပိုင်ဆိုင်နိုင်ပြီ"
"ဒါပေမဲ့ ကျွန်တော်က အဲဒီအရာတွေကိုမှ စိတ်မဝင်စားတာ"
ဉာဏ်ကြီးရှင်တစ်ယောက်နှင့် စကားပြောရခြင်းမှာ စိတ်ပိုင်းဆိုင်ရာအရ အလွန်ပင်ပန်းလှကြောင်း ယဲ့ချန်း သိလိုက်ရသည်။
"မင်းကတော့ စိတ်မဝင်စားဘူးပေါ့။ ဒါပေမဲ့ မင်းမိဘတွေကိုတော့ ပိုကောင်းတဲ့ဘဝတစ်ခုမပေးသင့်ဘူးလား။ ပြီးတော့ မင်းရဲ့အရည်အချင်းနဲ့ ပိုက်ဆံရှာရင် သင်္ချာစာအုပ်တွေအများကြီးကိုလည်း ဝယ်လို့ရတယ်။ တွက်ချက်ဖို့အတွက် ပိုကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုကိုလည်း ဖန်တီးနိုင်တယ်"
ယဲ့ချန်းက ဆက်ပြောလိုက်သည်။
"ရှောင်ပေ့.. ဦးလေးယဲ့ပြောတာ မှန်တယ်။ မင်းရဲ့အရည်အချင်းတွေကို သူများတွေကိုထုတ်ပြလိုက်ရင် သူများတွေက မင်းကိုလေးစားပြီး အသိအမှတ်ပြုလာမှာ"
ချန်းရှောင်ပေ့က တွေးတွေးဆဆဖြင့် ခေါင်းညိတ်လိုက်လေသည်။
"အင်း..ပိုက်ဆံရှာဖို့အတွက် ကျွန်တော့်အရည်အချင်းကို ထုတ်သုံးပါ့မယ်"
ယဲ့ချန်းနှင့် လီယန်တို့လည်း ပြုံးလိုက်မိသည်။
နောက်ဆုံးတော့ ဤကောင်လေး နားလည်သွားလေပြီ။
ထိုအခိုက်မှာပင် လီယန်ထံသို့ ဖုန်းဝင်လာသည်။ ဖုန်းကိုင်လိုက်ချိန်ဝယ် တစ်ဖက်မှ စိုးရိမ်ပူပန်နေသော ဒါရိုက်တာဝမ်၏အသံ ထွက်လာသည်။
"ဆရာမလီ.. ချန်းရှောင်ပေ့က မင်းနဲ့အတူရှိနေတာလား"
လီယန်ခမျာ တဒင်္ဂမျှကြက်သေသေသွားရပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်။ ရှောင်ပေ့က ကျွန်မနဲ့အတူရှိနေတာပါ။ တစ်ခုခုများဖြစ်လို့လား"
"မင်း ရှောင်ပေ့ကို အခုချက်ချင်း ကျောင်းကိုပြန်ခေါ်လာခဲ့"
ယဲ့ချန်းက ဖုန်းကိုဆွဲယူ၍ ပြောလိုက်လေသည်။
"အခုပြောနေတာ ဒါရိုက်တာဝမ်လား"
"ခင်ဗျားက ဘယ်သူလဲ"
"ကျွန်တော်ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ ခင်ဗျား ရှောင်ပေ့ကို လိုချင်တယ်ဆိုရင် သူ့အတွက် တရားမျှတမှုကို ပြန်ရှာပေးရမယ်"
"ဘာတရားမျှတမှုလဲ"
"ရှောင်ပေ့က ဘယ်တုန်းကမှ ဆေးလိပ်မသောက်ခဲ့ဖူးဘူး။ သူ အကွက်ဆင်ခံရတယ်ဆိုတာကို ခင်ဗျားလည်း ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ခင်ဗျားက ဒါကို ဆင်ခြေလုပ်ပြီး သူ့ကိုကျောင်းထုတ်ပစ်ခဲ့တယ်လေ။ ခင်ဗျား သူ့ကို ရှင်းပြသင့်တယ်လို့ မထင်ဘူးလား"
"မင်း ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ ငါပြောမယ်။ ဒါက ရှောင်ပေ့အတွက် အခွင့်အရေးပဲ။ ဒါကိုလွဲချော်လိုက်ရင် နောက်ထပ်ပြန်ရမှာမဟုတ်တော့ဘူး။ ရှောင်ပေ့ကို အခုချက်ချင်းခေါ်လာခဲ့"
"ဟမ့် အခွင့်အရေးတဲ့လား။ ကျုပ်တို့ရဲ့ရှောင်ပေ့က သင်္ချာပါရမီရှင်တစ်ယောက်နော်။ သူ့ကိုလိုချင်နေတဲ့ တက္ကသိုလ်တွေမှ အများကြီးပဲ။ အခုလောက်ဆိုရင် မိုတုမြို့ထဲက ထိပ်တန်းအထက်တန်းကျောင်းတွေက ရှောင်ပေ့ကို အသည်းအသန်လုယက်နေကြလောက်ပြီ။ အမှတ်၄၈အလယ်တန်းကျောင်းက သူတို့ကို ယှဉ်နိုင်မှာတဲ့လား"
"မင်း..."
တစ်ဖက်က ဖုန်းချသွားလေပြီ။
ကျောင်းအုပ်ဖန့်ကလည်း စိုးရိမ်ကြောင့်ကြစွာ မေးလိုက်သည်။
"ဘာတဲ့လဲ"
ဝမ်ယွမ်ကလည်း ဒေါသတကြီးပြန်ပြောလိုက်သည်။
"ရှောင်ပေ့ကိုပြန်မခေါ်လာခင် သူ့နာမည်ပျက်ကိုရှင်းပေးဖို့ လူတစ်ယောက်က ပြောနေပါတယ်"
"ဒါဆိုလည်း ရှင်းပေးလိုက်လေ။ ရှောင်ပေ့ကို တိုင်တန်းခဲ့တဲ့ ကျောင်းသားတွေကို အခုချက်ချင်း ငါ့ဆီခေါ်လာခဲ့"
....
"ဒါက.."
ဝမ်ယွမ် တွေဝေသွားလေသည်။
ထိုကျောင်းသားများ၏ မိဘများက ဩဇာအာဏာရှိသူများပင်။ သူတို့က သူ့အား လက်ဆောင်များပင် ပေးခဲ့ကြသည်။ ထို့ကြောင့်လည်း အစတုန်းက ချန်းရှောင်ပေ့ကို မြေစာပင်အဖြစ် အသုံးချခဲ့ခြင်းပင်။
သူသာ ထိုကျောင်းသားများကို ခေါ်လာလိုက်ပါက အကုန်ပေါ်ကုန််တော့မည်မဟုတ်လား။
ဖန့်မင်ကလည်း ရိပ်စားမိဟန်ပင်။
"ဝမ်ယွမ်.. မင်း ကျောင်းသားမိဘတွေဆီက လာဘ်ယူထားတယ်မလား။ ငါ မင်းကို ဒါရိုက်တာရာထူးကနေ ထုတ်ပယ်ကြောင်း ကြေညာလိုက်ပြီ။ အခုချက်ချင်းအိမ်ပြန်ပြီး ကိုယ့်ကိုယ်ကိုယ်သုံးသပ်နေလိုက်တော့"
"ကျောင်းအုပ်ကြီး ကျွန်တော်.."
ထို့နောက် ဖန့်မင်ကိုယ်တိုင် ကျောင်းသားတချို့ကို ခေါ်ယူစစ်ဆေးခဲ့သည်။ ထိုကျောင်းသားများကလည်း ဖြစ်စဉ်အစအဆုံးကို အမှန်အတိုင်းပြောပြလေတော့သည်။
"တကယ်တော့ သူတို့က အိမ်သာထဲမှာ ဆေးလိပ်သောက်ပြီး အတိုင်ခံရလို့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာမှ အိမ်သာကိုရောက်လာတဲ့ ချန်းရှောင်ပေ့ကို အကွက်ဆင်ခဲ့ကြတာကိုး"
ယဲ့ချန်းက အမှတ်၄၈အလယ်တန်းကျောင်းသို့ ကားဖြင့်ထွက်လာခဲ့လိုက်သည်။ ကျောင်းအဝင်ဝတွင်မူ လူများ အုံခဲနေလေသည်။
ကျောင်းအုပ်၊ ဒုကျောင်းအုပ်၊ ဌာနမှူးများနှင့်အတူ လီခယ်နှင့် ချန်းယန်တို့လည်း ရှိသည်။
ချန်းရှောင်ပေ့ကိုမြင်သောအခါ လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။