ပန်းချီပညာရှင်
Vol. 14 Ch. 208
ချန်းရှောင်ပေ့ကို အိမ်ပြန်ပို့ပြီးနောက် အိမ်ပြန်ရောက်လာသောအခါ စားပွဲပေါ်တွင် ပူပူနွေးနွေးဟင်းလျာများဖြင့် ပြည့်နှက်နေသည့်မြင်ကွင်းကို ယဲ့ချန်း မြင်လိုက်ရသည်။
ယခင်တုန်းက ယဲ့ချန်းအိမ်ပြန်ရောက်လာချိန်တိုင်း အေးစက်ပြီး ဗလာကျင်းနေခဲ့သည်။ ချက်ပြုတ်ဖို့လည်း ပျင်းလှသောကြောင့် အသင့်စားခေါက်ဆွဲပြုတ်များကိုသာ စားဖြစ်ခဲ့သည်။
ယခုမူ အိမ်ပြန်လာသည်နှင့် အလှလေးတစ်ယောက်က သူ့ဘေးတွင် အသင့်ရှိနေပြီး အရသာရှိသော စားကောင်းသောက်ဖွယ်များကလည်း အဆင်သင့်ဖြစ်နေသဖြင့် အလွန်ဝမ်းသာကြည်နူးရသည်။
သူတို့နှစ်ယောက်လည်း သာမန်အတိုင်းစားသောက်ပြီးနောက် လင်းဝမ်ယိုက တစ်ရက်တာလုပ်ငန်းအကြောင်းအရာများကို ယဲ့ချန်းအား တင်ပြလေသည်။
"သခင်လေး.. ဒီနေ့ ထျန်းယွမ်နည်းပညာကုမ္ပဏီကနေ သတင်းရထားပါတယ်။ ဗွီအာပရောဂျက်ကို လုပ်ဆောင်နေတဲ့ ကုမ္ပဏီကြီးတော်တော်များများက ဝန်ထမ်းတွေကို လုယူနေတဲ့အတွက် ဒီနေ့လည်း အရေးပါတဲ့ဝန်ထမ်းတချို့ ထပ်ပါသွားပြန်ပြီတဲ့"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
"အင်း..သိပြီ။ မနက်ဖြန်ကျရင်တော့ စိတ်ဓာတ်ခွန်အားမြှင့်တင်ဖို့အတွက် ကုမ္ပဏီကိုသွားမှဖြစ်မယ်"
ထိုကဲ့သို့သော ကိစ္စများနှင့်ပတ်သက်လာလျှင် လင်းဝမ်ယို၏လုပ်ဆောင်ရည်က အားနည်းသောကြောင့်မဟုတ်မှန်း ယဲ့ချန်း သိသည်။
ကုမ္ပဏီတစ်ခုက ပြောင်းလဲမှုများနှင့် ကြုံတွေ့ရသောအခါ ဝန်ထမ်းများလည်း စိတ်မတည်မငြိမ်ဖြစ်တတ်သည်။
ဤသည်မှာ အခြားကုမ္ပဏီများအတွက် ဝန်ထမ်းသစ်ခေါ်ယူရန် အကောင်းဆုံးအခွင့်အရေးတစ်ခုပင်။
"ဒါပေမဲ့ ကျွန်မတို့ ပိုကောင်းတဲ့နည်းပညာတစ်ခုကို မဖန်တီးနိုင်ရင် ဝန်ထမ်းတွေအနေနဲ့လည်း ဆက်သစ္စာရှိနေပေးဖို့ ခက်လိမ့်မယ်"
လင်းဝမ်ယိုက စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
ယဲ့ချန်းကတော့ ပြုံး၏။
"မပူပါနဲ့။ ငါရှိတာပဲ။ ငါ ဗွီအာဂိမ်းအသေးစားလေးတစ်ခုကို ဖန်တီးလိုက်မယ်။ အဲဒါကိုမြင်ရင် ကုမ္ပဏီထဲက ဘယ်ဝန်ထမ်းမှ ထွက်သွားရဲမှာမဟုတ်ဘူး"
"သခင်လေး.. သခင်လေးက ဗွီအာဂိမ်းတွေကိုတောင် ဖန်တီးနိုင်တာလား"
"ထူးဆန်းလို့လား"
ယဲ့ချန်း ရယ်မောလိုက်မိသည်။
လင်းဝမ်ယိုကမူ ခပ်မဲ့မဲ့ပြုံးလိုက်ချေသည်။
"သခင်လေးကို အနန္တတန်ခိုးရှင်တစ်ယောက်လို့တောင် ထင်နေမိပြီ"
ယဲ့ချန်းက တဟားဟားအော်ရယ်သည်။
"အင်း..မင်းရဲ့သခင်လေးက အတော်ဆုံးပဲလေ"
သူတို့နှစ်ယောက် ညစာစားပြီးချိန်မှာပင် အိမ်ရှေ့တံခါးဘဲလ်က အသံမြည်လာသည်။ မော်နီတာမှတစ်ဆင့် ကြည့်လိုက်လေရာ ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်လိုက်ရ၏။
ယဲ့ချန်း သူ့ကို ယခင်ကလည်း မြင်ဖူးသော်ငြား တီဗီနှင့် သတင်းများထဲမှာသာ မြင်ဖူးခြင်းပင်။
ထိုလူမှာ မီလျံနာစာရင်းဝင် ထိပ်ဆုံးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော ဩဇာအာဏာလွှမ်းမိုးမှု ကြီးမားသော အစ်ကိုထန်ပင်တည်း။
အစ်ကိုထန်က ဗီလာနံပါတ်သုံးတွင် နေထိုင်သည်။ သူက ထင်မထားပါဘဲ ယဲ့ချန်းကို လာတွေ့ချေသည်။
လင်းဝမ်ယိုက တံခါးဖွင့်ပေးလိုက်လေရာ အစ်ကိုထန်က အထဲသို့ဝင်လာခဲ့သည်။
"မင်္ဂလာပါ မိန်းကလေးလင်း.. ကျွန်တော်က ဗီလာနံပါတ်သုံးမှာနေတဲ့ ပင်ဂွင်းလုပ်ငန်းစုက အားထန်ပါ။ မစ္စတာယဲ့ကိုတွေ့ဖို့ လာလည်တာပေါ့ဗျာ"
ဟွားစံအိမ်တော်ရှိ ဗီလာနံပါတ်တစ်၌ အလှပဂေးအိမ်တော်ထိန်း လင်းဝမ်ယိုရှိကြောင်း လူတိုင်းသိသည်။
ထို့ပြင် အစ်ကိုမာနှင့် အစ်ကိုထန်တို့နှစ်ယောက်စလုံးက ဗီလာနံပါတ်တစ်ကို အရယူရန် ကြံရွယ်ခဲ့ကြသေးသည်။
သို့သော် ဗီလာနံပါတ်တစ်ကို ယဲ့ချန်းကသာ ရသွားခဲ့သည်။ ထို့ကြောင့် အစ်ကိုထန့်ခမျာ အားကျနေရုံသာတတ်နိုင်သည်။
ယနေ့ လင်းဝမ်ယိုနှင့်တွေ့ရခြင်းမှာ လိမွန်တီးဖျော်ရည်သောက်ရသလို ချဉ်စူးစူးခံစားချက်တစ်မျိုး ရနေလေသည်။
ဤမျှလှပခေတ်မီသော အိမ်တော်ထိန်းတစ်ယောက်သာ သူ့အိမ်မှာရှိနေလျှင် သိပ်အံ့ဩဖို့ကောင်းလိုက်မည့်ဖြစ်ခြင်း။
လင်းဝမ်ယိုကလည်း အစ်ကိုထန့်ကို သိသောကြောင့် ကျက်သရေရှိရှိဦးညွှတ်၍ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ အစ်ကိုထန်.. ဗီလာနံပါတ်တစ်ကို လာလည်တဲ့အတွက် ကြိုဆိုပါတယ်။ သခင်လေးက တိုက်တိုက်ဆိုင်ဆိုင် ဒီမှာရှိနေပါတယ်။ ကျေးဇူးပြုပြီး အထဲကိုကြွပါ"
ထိုအချိန်မှာပင် ယဲ့ချန်းက သူ့အား ထွက်ကြို၍ နှုတ်ဆက်လေသည်။
"အစ်ကိုထန်.. ခင်ဗျားက ကျွန်တော့်ကိုလာတွေ့ရတယ်လို့။ အားနာလိုက်တာ။ ကျွန်တော်က လာတွေ့ရမှာကို"
အစ်ကိုထန်က ရယ်ကာမောကာဖြင့် ပြောလိုက်သည်။
"မစ္စတာယဲ့က ဒီလောက်အလုပ်များနေတာကို။ ကျွန်တော်က ဘယ်လိုလုပ်ပြီး ခင်ဗျားအချိန်ကို ဖဲ့ယူရဲမှာလဲ။ ကျွန်တော် လာချင်နေတာကြာပြီ။ လုပ်ငန်းကိစ္စတွေ မပြတ်သေးလို့။ အခုမှအချိန်ရလို့ အပြေးရောက်လာတာလေ"
ယဲ့ချန်းက ပြုံးပြလိုက်ပြီးနောက် အစ်ကိုထန့်ကို အခန်းထဲသို့ ခေါ်လိုက်သည်။
လင်းဝမ်ယိုကမူ အစ်ကိုထန့်အတွက် သာ့ဟုန်းပေါင်လက်ဖက်ရည် သွားဖျော်နေ၏။
"ကျေးဇူးပဲ ဝမ်ယို"
"အစ်ကိုထန်ကတော့ တအားယဉ်ကျေးလွန်းနေပါပြီ"
"အာ.. ခင်ဗျားရဲ့အိမ်တော်ထိန်းကို အစ်ကိုမာနဲ့ ကျွန်တော်က မျက်စိကျခဲ့တာဗျ"
"ဟားဟား..ကျွန်တော်က ကံကောင်းသွားရုံပါ"
ယဲ့ချန်း ရယ်လိုက်လေသည်။
အစ်ကိုထန်ကတော့ ခေါင်းသာခါလိုက်မိသည်။
ဒါက ကံကောင်းတာလား?
ဤသည်မှာ အရည်အချင်းကြောင့်ပင်။
မည်သို့ပင်ဖြစ်စေ အစ်ကိုထန်က ဟွားနိုင်ငံထဲတွင် နာမည်ကြီးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သောကြောင့် ယဲ့ချန်း၏ အစွမ်းအစကိုလည်း အနည်းအကျဉ်းနားလည်ထားသည်။
သို့မဟုတ်ပါက လက်ဆောင်များကိုသယ်၍ သူကိုယ်တိုင် ရောက်ချလာမည်မဟုတ်။ အစ်ကိုထန်က လက်ဖက်ရည် တစ်ငုံသောက်ပြီးနောက် ပန်းချီကားတစ်ချပ်ကို ထုတ်လိုက်၏။
"မစ္စတာယဲ့ ကျွန်တော် ခင်ဗျားကို အိမ်တက် လက်ဆောင်မပေးရသေးဘူးနော်။ ဒါကို နောက်ကျမှပေးလိုက်ရတဲ့ အိမ်တက်လက်ဆောင်လို့ သဘောထားလိုက်ပါ"
ထိုသို့ပြောရင်း အစ်ကိုထန်က ပန်းချီကားကို ဖွင့်လိုက်လေသည်။ ဤပန်းချီကားထဲတွင် အလွန်လှပသော မက်မွန်ပွင့်ကို သရုပ်ဖော်ထားသည်။ စာတစ်စောင်လည်း ထွင်းထားသေးသည်။
ထောင်ဟွားရွာမှာ မက်မွန်အဆောင်ရှိတယ်။ မက်မွန် အဆောင်အောက်မှာ မက်မွန်ပွင့်အမတတစ်ပါးနေထိုင်တယ်။
မက်မွန်ပွင့်အမတက မက်မွန်ပင်တွေကို စိုက်ပျိုးပြီး ဝိုင်နဲ့လဲလှယ်ဖို့အတွက် မက်မွန်သီးတွေကို ခူးယူတယ်။
ဤသည်မှာ ထန်ပေါ်ဟူ၏ လက်ရာစစ်စစ်ပင်တည်း။
မကြာသေးခင်ကမှ ပန်းချီပညာရှင်စွမ်းရည်ကို ရရှိထားသော ယဲ့ချန်းက ဤပန်းချီကားမှာ လက်ရာအစစ်ဖြစ်ကြောင်း သိသည်။
ထန်ပေါ်ဟူ၏ ပန်းချီကားများမှာ ယခုဆိုလျှင် ရွှေထက် ပိုပြီး တန်ဖိုးရှိသည်။ သို့တိုင် အစ်ကိုထန်ကတော့ ဤပန်းချီကားကို အလကားပေးပစ်သည်အထိ ရက်ရောနေသည်။
အစ်ကိုထန်ကလည်း ပန်းချီကားများကို အလွန်မြတ်နိုးသူဖြစ်၏။ ဤပန်းချီကားကို နိုင်ငံခြားလေလံပွဲတစ်ခုတွင် သန်းတစ်ရာဖြင့် ဝယ်ယူခဲ့သည်။
"ကြော့မော့တဲ့စုတ်ချက်ရှိပြီး ထာဝရကဗျာတစ်ပုဒ်ပါတဲ့ ထန်ပေါ်ဟူရဲ့ လက်ရာအစစ်က ဒဏ္ဍာရီလာလက်ရာတစ်ခုပဲ။ ဒီလိုခမ်းနားလွန်းတဲ့လက်ဆောင်မျိုးကို ယူဖို့မရဲပါဘူးဗျာ"
အစ်ကိုထန်လည်း အံ့အားသင့်သွားရသည်။
"မစ္စတာယဲ့က ရှေးဟောင်းပန်းချီတွေအကြောင်းကိုလည်း သိတာပဲလား"
"ဟားဟား ကျွန်တော်က တတ်သလောက်မှတ်သလောက် လျှောက်ဆွဲရုံပါ။ ထန်ပေါ်ဟူလို ပညာရှင်မျိုးနဲ့တော့ ဘယ်ယှဉ်နိုင်မလဲ။ ကျွန်တော့်ရဲ့ သာမညောင်ညပန်းချီကားတစ်ချပ်ကို လက်ဆောင်ပြန်ပေးမယ်ဆိုရင်ရော။ မငြင်းလိုက်ပါနဲ့"
ယဲ့ချန်း၏စကားများကို ကြားသောအခါ အစ်ကိုထန်ခမျာ ဝမ်းသာသွားသည်။
"မစ္စတာယဲ့ဆီက ပန်းချီကားတစ်ချပ်လက်ဆောင်ရမယ်ဆိုရင်တော့ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ"
တကယ်တမ်းတွင် ပန်းချီ၏အရည်အသွေးက အရေးမကြီးချေ။ ပန်းချီဆွဲသူကသာ အရေးကြီး၏။
ယခုဆိုလျှင် ယဲ့ချန်းက ဟွားနိုင်ငံတွင် ထိပ်တန်းလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပြီမို့ သူ့လက်ရာပန်းချီကားတစ်ချပ်ကို ပိုင်ဆိုင်ထားခြင်းမှာ သူတို့ကြားက ဆက်ဆံရေးကောင်းမွန်ကြောင်း ပြသနေခြင်းပင်။
အရည်အသွေးက မည်သို့ပင်ဖြစ်နေပါစေ၊ ယဲ့ချန်း၏လက်မှတ်ပါရုံမျှဖြင့် ပန်းချီကားကို တန်ဖိုးကြီးသွားစေသည်။
ယဲ့ချန်း၏ ပန်းချီစွမ်းရည်ကိုမူ အစ်ကိုထန်လည်း အများကြီးမမျှော်လင့်ထားပေ။
ပန်းချီဆွဲခြင်းမှာ ညတွင်းချင်းကျွမ်းကျင်နိုင်သော အရာတစ်ခုမဟုတ်ပေ။
သူကိုယ်တိုင်ပင် အချိန်အကြာကြီး လေ့လာခဲ့ပါသော်ငြား သာမန်မျှသာ အောင်မြင်ခဲ့သည်။
ယဲ့ချန်းက အသက်လည်းငယ်သလို၊ စီမံခန့်ခွဲနေရသည့် လုပ်ငန်းများလည်း များပြားလှသောကြောင့် ပန်းချီဆွဲနည်းကို လေ့ကျင့်ရန် အဘယ်မှာ အချိန်ရှိမည်နည်း။
လင်းဝမ်ယိုကတော့ စုတ်တံနှင့်မင်ကို ပြင်ပြီးသွားပြီဖြစ်၏။
မကြာခင်ကမှ ပန်းချီပညာရှင်စွမ်းရည်ကို ရရှိထားသော ယဲ့ချန်းကတော့ ဘာမှမဆွဲဖူးသေးသော်လည်း လင်းဝမ်ယိုကို ကုန်ကြမ်းပစ္စည်းများ ပြင်ဆင်ခိုင်းလိုက်သည်။
စုတ်တံနှင့်မင်ကို မြင်သောအခါ အစ်ကိုထန်မှာ ပင့်သက်ရှိုက်လိုက်မိသည်။
ယဲ့ချန်း၏ စုတ်တံနှင့် မင်သွေးကျောက်တုံးမှာ အဖိုးမဖြတ်နိုင်ပေ။
[ တင်! ပန်းချီပညာရှင်စွမ်းရည်ကို အသက်သွင်းလိုက်ပါပြီ]
ယဲ့ချန်းက စုတ်တံကိုကောက်ကိုင်၍ မင်ထဲသို့ နှစ်လိုက်ပြီး ခဏမျှစဉ်းစားပြီးသည်နှင့် ဆွဲလေတော့သည်။
ဤသည်မှာ ပထမဆုံးအကြိမ် ပန်းချီဆွဲခြင်းဖြစ်သောကြောင့် ဘယ်လိုထွက်လာမလဲဆိုသည်ကို သေချာမသိပေ။
ယဲ့ချန်းကတော့ စုတ်တံကိုကောက်ကိုင်၍ စာရွက်ပေါ်တွင် ဆွဲလေတော့သည်။
အစ်ကိုထန်က ယဲ့ချန်းဆွဲနေသည့်ပန်းချီကို မြင်သောအခါ အံ့အားသင့်သွားလေသည်။
"ဒီပန်းချီက ..."
ယဲ့ချန်းမှာ တုံ့ခနဲရပ်တန့်ပြီး မေးလိုက်လေသည်။
"အစ်ကိုထန် ကျွန်တော်ဆွဲတာ တော်တော်ဆိုးလို့လား"
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ အရမ်းကောင်းလွန်းလို့ ကျွမ်းကျင်သူအဆင့်ကိုတောင် ရောက်နေပြီ"
ယဲ့ချန်းက ရှုခင်းပုံကို ဆွဲထားခြင်းဖြစ်ပြီး တောင်တန်းများနှင့် ရေကန်၊ တောအုပ်၊ ကောင်းကင်ပေါ်ရှိ ငှက်များအပြင် ရေကန်ထဲတွင် လွင့်မျောနေသော လှေငယ်လေးတစ်စင်းကိုပင် ထည့်သွင်းထားသည်။
ယဲ့ချန်း၏ ပန်းချီစွမ်းရည်မှာ အလွန်ထက်မြက်ပြီး လက်ရာမြောက်လှသည်ဟု အစ်ကိုထန်ခံစားမိသည်။
ယဲ့ချန်း၏ပန်းချီတွင် ထူးခြားသောဆွဲဆောင်မှုတစ်မျိုးရှိပြီး ထန်ဟူပေါ်၏လက်ရာအစစ်ကိုပင် ယှဉ်နိုင်စွမ်းရှိသည်ဟု ထင်မိသည်။
ယဲ့ချန်းက ပန်းချီဆွဲနေတာကို ရပ်လိုက်သော်လည်း စိတ်တိုင်းမကျဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။
"ဝမ်ယို... ဒီပန်းချီကားကို လွှင့်ပစ်လိုက်။ ငါ အစ်ကို ထန့်အတွက် နောက်တစ်ပုံထပ်ဆွဲလိုက်မယ်"
"လွှင့်ပစ်မှာလား"
အစ်ကိုထန်ခမျာ ကြောင်အသွားရှာသည်။
"မစ္စတာယဲ့... ခင်ဗျားက ဒီလိုလက်ရာကောင်းတစ်ခုကို ဘယ်လိုတောင် လွှင့်ပစ်နိုင်ရတာလဲ။ ကျွန်တော့်ကို ပေးပါ့လား"
ယဲ့ချန်းမှာ အံ့သြမှင်တက်သွားသည်။ ဤသည်မှာ အစမ်းလေ့ကျင့်လိုက်သော ပန်းချီကားတစ်ချပ်မျှသာ။
ပန်းချီမဆွဲတာကြာတော့ လက်တွေက တုန်နေသဖြင့် ထင်တားသလို လက်ရာကောင်းမျိုးမထွက်လာပေ။
အစ်ကိုထန်ကတော့ ရူးမတတ်ပင်။
ငါ့မှာ ဆယ်နှစ်လောက်လေ့ကျင့်ခဲ့တာတောင် ဒီလက်ရာရဲ့ ဆယ်ပုံတစ်ပုံလောက်တောင် မကောင်းဘူး။ ဒါတောင် မင်းက စိတ်တိုင်းမကျသေးဘူးပေါ့။
"ဒီလိုလုပ်ရင်ရော ကျွန်တော် ဒီပန်းချီကားကို သိမ်းထားလိုက်မယ်လေ။ ခင်ဗျား ကျွန်တော့်ကို နောက်တစ်ပုံ ထပ်ဆွဲပေးပေါ့။ ဘယ်လိုလဲ"
ယဲ့ချန်းမှာ အံ့အားသင့်သွားရပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူကလည်း လွှင့်ပစ်ဖို့ စီစဉ်ထားသည်ဖြစ်ရာ အစ်ကိုထန့်ကို မျက်နှာသာပေးသည့်အနေနှင့် ပေးလိုက်လျှင်လည်း အဆင်ပြေသည်။
ယဲ့ချန်းက စုတ်တံကို ကောက်ကိုင်၍ ဤတစ်ခေါက်မှာတော့ လေးလေးနက်နက်စဆွဲပါတော့သည်။