ထိပ်တန်းအဆင့်ဗွီအာနည်းပညာ
Vol. 14 Ch. 209
အစ်ကိုထန်နှင့် လင်းဝမ်ယိုတို့က ဘေးနားတွင်ရပ်၍ အသက်အောင့်ကာ ယဲ့ချန်းပန်းချီဆွဲနေတာကို ကြည့်နေကြ၏။
အသက်ဝင်လှသော ပန်းချီတစ်ချပ်က စာရွက်ပေါ်၌ ပုံပေါ်လာသည်။
အစ်ကိုထန်နှင့် လင်းဝမ်ယိုတို့နှစ်ယောက်စလုံး အံ့သြမှင်တက်သွားကြသည်။
ယဲ့ချန်းက ရှုခင်းပုံတစ်ပုံကိုသာ ထပ်ဆွဲခဲ့သည်။
ပန်းချီကားတစ်ချပ်လုံးမှာ နတ်သမီးပုံပြင်တစ်ပုဒ်ထဲမှ ခုန်ထွက်လာသည့်အလား ပန်းချီကားထဲရှိ ပုံရိပ်တိုင်းက အသက်ဝင်နေသည်။ တစ်ခုချင်းစီတိုင်းကလည်း ကိုယ်ပိုင်ဟန်တစ်ခုစီ ရှိကြပြီး ရှုခင်းမှာမူ ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပသည်။
အစ်ကိုထန်က ကမ္ဘာပတ်ဖူးသလို လက်ရာမြောက်ပန်းချီကားများကိုလည်း အများကြီးမြင်ဖူးသည်။
သို့သော် ယဲ့ချန်း၏ပန်းချီက နတ်ဘုရားဆန်သော ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသော လက်ရာမြောက်ပန်းချီကားတစ်ချပ်ဟု ထင်မိသည်။
သူက ပုံရိပ်များနှင့် ရှုခင်းများကို အမှန်တကယ်အသက်သွင်းလိုက်သည့်နှယ်ပင်။
ယဲ့ချန်းက ပန်းချီဆွဲ၍ ပြီးစီးသွားသောအခါ သူ့နာမည်ကို လက်မှတ်ထိုးလိုက်ပြီး သက်ပြင်းချလိုက်သည်။
"အစ်ကိုထန်.. ဒီပန်းချီကားက အဆင့်အတန်းမမီမှာတောင် စိုးမိတယ်။ ခင်ဗျား စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
"မဖြစ်နိုင်တာ။ မစ္စတာယဲ့ရဲ့ပန်းချီကားတွေက ရှေးဟောင်းပန်းချီပညာရှင်တွေရဲ့ လက်ရာနဲ့တောင် ယှဉ်လို့ရတယ်။ ဘယ်ခေတ်သစ်ပညာရှင်ကမှ ဒီပန်းချီကားတွေကို ကျော်နိုင်မှာမဟုတ်ဘူး။ ကျွန်တော် ဒီပန်းချီကားကို တကယ်သဘောကျတာပါ"
"ဟားဟား အစ်ကိုထန်သဘောကျရင် ပြီးတာပါပဲ"
အစ်ကိုထန်က လေးစားအားကျစိတ်ဖြင့် ပြောလိုက်သည်။
"မစ္စတာယဲ့က အသက်ငယ်ငယ်လေးနဲ့ အနုပညာအစွမ်းအစမြင့်မားလိမ့်မယ်လို့ ထင်မထားဘူး။ လေးစားဖို့ကောင်းချက်ဗျာ"
ယဲ့ချန်းကမူ လက်ခါယမ်းပြလေသည်။
"ကျွန်တော်က ဒီအတိုင်းဆွဲလိုက်တာပါ အစ်ကိုထန်ရာ.. ကျွန်တော့်ကို ရယ်စရာဖြစ်အောင်မလုပ်နဲ့လေ"
"ဒါနဲ့ မိုတုမြို့ထဲမှာ ပန်းချီနဲ့ လက်ရေးလှပန်းချီပြပွဲတစ်ခုရှိတယ်။ မစ္စတာယဲ့ အချိန်ရရင် လာခဲ့ပါလား။ ကျွန်တော်က ပွဲအခမ်းအနားရဲ့ စပွန်ဆာလေ။ ကျွန်တော် မစ္စတာယဲ့ကို ဖိတ်စာပို့လိုက်မယ်"
ယဲ့ချန်းကား ခေါင်းတညိတ်ညိတ်။
"ကောင်းပြီလေ။ အချိန်ရရင် သေချာပေါက်လာတက်ပါ့မယ်"
အစ်ကိုထန်နှင့် ယဲ့ချန်းက လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောနေလေသည်။ စကားကောင်းနေကြသဖြင့် တစ်နာရီကျော်အထိ ကြာသွားခဲ့သည်။
အချိန်နောက်ကျနေပြီဖြစ်သောကြောင့် အစ်ကိုထန်က အင်တင်တင်ဖြင့် မတ်တတ်ထရပ်လိုက်သည်။
"မစ္စတာယဲ့.. ခင်ဗျား စောစောအနားယူသင့်တယ်။ ကျွန်တော်တို့ နောက်မှ စကားပြောကြတာပေါ့"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"တစ်ရက်ရက်ကျရင် ကျွန်တော်ကိုယ်တိုင် အစ်ကိုထန့်ဆီကို လာလည်မှာပါ။ အဲဒီကျမှ ဆက်ပြောကြမယ်လေ"
အစ်ကိုထန် ပြန်သွားပြီးနောက် လင်းဝမ်ယိုက တအံ့တသြဆိုလာလေသည်။
"သခင်လေး.. ဝမ်ယို အရမ်းအံ့သြသွားတာနော်"
"ဘာဖြစ်လို့လဲ"
ယဲ့ချန်းက မေးခွန်းထုတ်လိုက်၏။
"ဝမ်ယိုက ရှေးဟောင်းပန်းချီပညာကိုလည်း သင်ထားတယ်လေ။ သခင်လေးရဲ့အဆင့်က ကျွမ်းကျင်သူအဆင့်ကိုတောင် ရောက်နေပြီ။ သခင်လေးရဲ့ပန်းချီကားထဲက ဆွဲဆောင်မှုက ဆရာထန်ပေါ်ဟူထက်တောင် သာတယ်"
ယဲ့ချန်းကတော့ ခေါင်းခါယမ်းပြလေသည်။
"ဝမ်ယို.. ထန်ပေါ်ဟူက သူ့ခေတ်သူ့အခါတုန်းက ဆရာသခင်တစ်ပါးလေ။ ငါ့အစွမ်းအစက သူ့ကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ မင်းက ပန်းချီနဲ့ လက်ရေးလှပန်းချီကို သဘောကျတယ်ဆိုတော့ မင်းကို အဲဒီပြခန်းဆီ ခေါ်သွားပေးမယ်"
လင်းဝမ်ယိုလည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။
"ကျေးဇူးတင်ပါတယ် သခင်လေး"
ထို့နောက် ယဲ့ချန်းက ဗွီအာဂိမ်းတစ်ခု ဖန်တီးရန်အတွက် စာကြည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။
မနက်ဖြန် ထျန်းယွမ်နည်းပညာကုမ္ပဏီသို့ သူ သွားရလိမ့်မည်။ သူတို့အားလုံးက PhDဘွဲ့ရများနှင့် မာစတာဘွဲ့ရများဖြစ်သောကြောင့် မောက်မာကြကြောင်း သူကောင်းကောင်းသိသည်။
ဤလူများကို ဖြုံသွားအောင် လုပ်ဖို့အတွက် လွှမ်းမိုးနိုင်စွမ်းရှိသော အရာတစ်ခုခုကို လုပ်ပြမှဖြစ်တော့မည်။
ဗွီအာဂိမ်းနှင့်ပတ်သက်သော ဗဟုသုတပေါင်းများစွာက ယဲ့ချန်း၏စိတ်အာရုံထဲတွင် ပေါ်လာသည်။
ယခုလက်ရှိတွင် ဗွီအာနည်းပညာက အရှိန်ယူခါစဖြစ်သော်ငြား ယဲ့ချန်း၏အသိပညာကတော့ နှစ်ငါးဆယ်လောက်ရှေ့ပြေးနေသည်။
ချောက်! ချောက်!
ယဲ့ချန်းက ဗွီအာထုတ်လုပ်ရေးဆော့ဖ်ဝဲကို အရင်ဒီဇိုင်းဆွဲလိုက်သည်။
ကုတ်များကို သူ့ခေါင်းထဲတွင် မှတ်သားထားသောကြောင့် နာရီဝက်ကျော်အတွင်းမှာပင် ဂိမ်းဆော့ဖ်ဝဲတစ်ခုကို ထုတ်လုပ်နိုင်ခဲ့သည်။
လင်းဝမ်ယိုက အိပ်ခန်းထဲသို့ ကော်ဖီလာပို့ပေးပြီးနောက် သူ့ဘေးတွင် ဝင်ထိုင်ကာ ဆော့ဖ်ဝဲတီထွင်နေသော ယဲ့ချန်းကို မေးထောက်လျက် ကြည့်နေသည်။
မိုးကျရွှေကိုယ်တစ်ယောက်ဖြစ်သောကြောင့် လင်းဝမ်ယိုက အဘက်ဘက်တွင် ထူးချွန်သည်။ သို့သော် ယနေ့မှာတော့ သူ(မ)ရှေ့ရှိ ဤအမျိုးသားက သူ(မ)ကို အပိုင်သိမ်းလိုက်လေပြီ။
ယဲ့ချန်းက ချောမောခံ့ညားပြီး ကြင်နာတတ်သည့်နှလုံးသားရှိသည့်အပြင် အဘက်ဘက်က ထူးချွန်သည့် ထက်မြက်မှု၏ပြယုဂ်တစ်ခုပါပင်။
တစ်ခါတုန်းက သူ(မ)၏ဘဝကို လူအိုကြီးတစ်ယောက်နှင့်အတူ ကုန်ဆုံးရလိမ့်မည်ဟု လင်းဝမ်ယို ထင်ခဲ့မိသည်။ သို့သော် ထင်မှတ်မထားပါဘဲ ကံကြမ္မာက ကြင်နာတတ်သောကြောင့် ယခုလိုထူးခြားလှသော အမျိုးသားတစ်ယောက်ထံတွင် ခစားနေရသည်။
သူ(မ)က ဇာတ်ပို့တစ်ယောက်မျှသာ ဖြစ်နေသည့်တိုင် ဤမျှဖြင့် အလွန်ပျော်ရွှင်ရသည်။
လင်းဝမ်ယိုမှာ မထိန်းနိုင်တော့သည့်အဆုံး အိပ်မောကျသွားခဲ့သည်။
ယဲ့ချန်းလည်း ခဏခဏသမ်းဝေနေချေသည်။ ထို့နောက် သူ့စနစ်ဆိုင်ကို ဖွင့်လိုက်၏။
လတ်ဆတ်တဲ့ကော်ဖီ.. တစ်ခွက်သောက်လိုက်ရုံနဲ့ နှစ်ဆယ့်လေးနာရီ တက်ကြွစေတယ်။ ဈေးနှုန်းကတော့ တစ်သန်း။
ယဲ့ချန်းလည်း တစ်အိတ်လဲလှယ်လိုက်ပြီးနောက် ကိုယ်တိုင်ဖျော်လိုက်သည်။ သောက်ပြီးနောက် အိပ်ချင်စိတ်များ ချက်ချင်းလွင့်ပြယ်သွားသည်။
ထို့နောက် သူ အလုပ်ဆက်လုပ်လေတော့သည်။
ခဏကြာပြီးနောက် လင်းဝမ်ယို အိပ်ရာနိုးလာခဲ့သည်။
ယဲ့ချန်းက ကွန်ပျူတာနှင့် အလုပ်လုပ်နေချိန်မှာ သူ့အဝတ်အစားများက သူ(မ)ကို ဖုံးလွှမ်းထားကြောင်း မြင်လိုက်ရ၏။
အချိန်ကို တစ်ချက်ကြည့်လိုက်သောအခါ မနက်လေးနာရီထိုးနေလေပြီ။
အမလေး! သခင်လေးက မပင်ပန်းဘူးလား?
ယဲ့ချန်းက လင်းဝမ်ယိုနိုးလာသည်ကို မြင်သော် ပြုံးလိုက်လေသည်။
"ဝမ်ယို ကွက်တိပဲ။ ကိုယ့်ရဲ့ဗွီအာဂိမ်းက ပြီးနေပြီ။ ကစားကြည့်ပါ့လား"
"အာ ဒီလောက်တောင်မြန်လား"
လင်းဝမ်ယိုခမျာ ကြက်သေသေသွားသည်။
ဤရက်ပိုင်းအတွင်း လင်းဝမ်ယိုလည်း ဗွီအာဂိမ်းများအကြောင်း အနည်းအကျဉ်း လေ့လာထားသည်။ အရိုးရှင်းဆုံးဗွီအာဂိမ်းကပင် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ဖို့အတွက် အချိန်သုံးလေးနှစ်လောက် လိုအပ်ပေသည်။
ယဲ့ချန်းကတော့ လေးနာရီတည်းသာ အချိန်ယူလိုက်ရ၏။ ဤသည်မှာ မဖြစ်နိုင်ပေ။
"ကဲ ကိရိယာတွေ တပ်လိုက်တော့"
ယဲ့ချန်းက "အမည်မသိကစားသမား၏တိုက်ခိုက်ရေးကွင်းပြင်"ဟုခေါ်သော ဂိမ်းတစ်ခု၏ အစောပိုင်းဗားရှင်းတစ်ခုကို ဖန်တီးခဲ့သည်။
သို့သော် အချိန်အကန့်အသတ်ရှိသောကြောင့် ကုန်တင်သင်္ဘောပေါ်ရှိ မြင်ကွင်းတစ်ခုတည်းနှင့် လက်စသတ်လိုက်ရသည်။
ဂိမ်းစတင်သောအခါ လင်းဝမ်ယိုမှာ သူ(မ)ရှေ့ရှိ မြင်ကွင်းကြောင့် ကြက်သေသေသွားရသည်။
မြင်ကွင်းများကား အလွန်လက်တွေ့ဆန်လွန်းလှသဖြင့် သူ(မ)ကိုယ်တိုင် ကုန်တင်သင်္ဘောဖြင့် ပင်လယ်ထဲ၌ ရွက်လွှင့်နေရသလို ခံစားမိသည်။
ဂိမ်းစတင်လေပြီ။ လင်းဝမ်ယို၏ပြိုင်ဘက်က စက်ရုပ်ဖြစ်သော်ငြား ပစ်ခတ်ရေးအထူးပြုလုပ်ချက်များနှင့် ဖောက်ခွဲရေးအထူးပြုလုပ်ချက်များမှာ အလွန်အသက်ဝင်လှ၏။
ဂိမ်းထဲကထွက်လာပြီးနောက် လင်းဝမ်ယို၏မျက်လုံးအစုံကား စိတ်လှုပ်ရှားမှုအရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
"သခင်လေး.. ဒါကို ညတွင်းချင်းဖန်တီးခဲ့တာလား"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်။ ဒါပေမဲ့ လောနေလို့ မပြည့်စုံသေးတာတွေ အများကြီးပဲ"
လင်းဝမ်ယိုခမျာ ခါးသက်သက်ပြုံးလိုက်မိ၏။
"သခင်လေး.. သခင်လေးက တကယ့်ပါရမီရှင်တစ်ယောက်ပါပဲ။ စွယ်စုံရပါရမီရှင်တစ်ယောက်ဆိုလည်း မမှားဘူး"
ဤမျှလက်တွေ့ဆန်လှသော ဂိမ်းတစ်ခုကို ညတွင်းချင်းဖန်တီးနိုင်သည်ဟုပြောပါက ကမ္ဘာပေါ်ရှိ ဘယ်ဂိမ်းကုမ္ပဏီကမှ ယုံကြမည်မဟုတ်။
ယဲ့ချန်း ပြုံးလိုက်မိသည်။
"မင်း ဘာပြဿနာမှမရှိဘူးလို့ထင်ရင် သဘောတူစာချုပ်မူကြမ်းတစ်ခု ရေးပေးဦး။ ဒီနည်းပညာကို ငါ ကုတ်ဝှက်ပြီး နည်းပညာဝန်ထမ်းကို ပေးလိုက်မယ်။ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကတော့ သူတို့အပေါ် မူတည်သွားပြီ"
"ကောင်းပါပြီ သခင်လေး...ကျွန်မ အခုချက်ချင်းလုပ်လိုက်ပါ့မယ်"
မနက်စာစားပြီးနောက် ယဲ့ချန်းနှင့် လင်းဝမ်ယိုတို့လည်း ထျန်းယွမ်နည်းပညာကုမ္ပဏီသို့ ရောက်လာခဲ့ကြသည်။
ကုမ္ပဏီက ဆင်ခြေဖုံးရှိ အငှားအဆောက်အအုံတစ်ခုတွင် တည်ရှိလေသည်။
ယိုယွင်းနေသော ဤအဆောက်အအုံကို မြင်သောအခါ ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ငှားရမ်းထားသည့် အဆောက်အအုံကား အလွန်လူရှုပ်လှ၏။
အိမ်ခြံမြေအေဂျင်စီများ၊ အိမ်ထောင်ရေးအေဂျင်စီများ၊ စာစီစာရိုက်ဝန်ဆောင်မှုများအပြင် လူကြီးထုတ်ကုန်များလည်း ရှိသည်။
လင်းဝမ်ယိုက စကားဆိုလာသည်။
"ဘတ်ဂျက်အကန့်အသတ်ရှိလို့ သူတို့ ဒီနေရာမှာပဲ စီမံခန့်ခွဲနိုင်တာပါ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်ပြီးနောက် လင်းဝမ်ယိုနှင့်အတူ တတိယထပ်သို့ တက်လာခဲ့လိုက်သည်။
တတိယထပ်တစ်ထပ်လုံးကို ထျန်းယွမ်နည်းပညာကုမ္ပဏီက ပိုင်ဆိုင်သည်။ အောက်ထပ်များနှင့် ယှဉ်လိုက်ပါက ထျန်းယွမ်ကုမ္ပဏီက အသင့်အတင့်ပင်။
အနည်းဆုံးတော့ နည်းပညာကုမ္ပဏီတစ်ခုနှင့် တူသေးသည်။
ရုံးခန်းပတ်ဝန်းကျင်မှာ သန့်ရှင်းသပ်ရပ်ပြီး ကုမ္ပဏီတစ်ခုလုံးကိုလည်း သက်သောင့်သက်သာဖြစ်အောင် ပြင်ဆင်ထားသည်။
ထိုအချိန်မှာပင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူငယ်အမြောက်အများ ထွက်လာသည်။
"မစ္စတာယဲ့..ကျွန်တော်က ဒီကုမ္ပဏီရဲ့ဥက္ကဋ္ဌဟောင်းရွှီလန်ပါ။ ကျွန်တော်တို့ရဲ့စီနီယာဝန်ထမ်းတွေအားလုံးလည်း ရောက်နေပါပြီ"
ယဲ့ချန်း တစ်ချက်ကြည့်လိုက်သည်။ ဤလူအားလုံးမှာ အသက်သုံးဆယ်အရွယ်များပင်။
အခြားလူများကလည်း ယဲ့ချန်းကို ဦးညွှတ်၍ နှုတ်ဆက်ကြသည်။
"မင်္ဂလာပါ ဘော့စ်"
ယဲ့ချန်းကတော့ လက်ဝေ့ယမ်းပြလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့တွေက အသက်အရွယ်မတိမ်းမယိမ်းတွေဆိုတော့ တအားယဉ်ကျေးစရာမလိုပါဘူး"
ထိုအခါမှသာ လူတိုင်း အေးအေးလူလူဖြစ်သွားသည်။
ယဲ့ချန်းက ဆို၏။
"အကုန်လုံးကို လူစုခိုင်းလိုက်ပါ။ ကျွန်တော်တို့ ကြေညာစရာလေးတစ်ခုရှိလို့"
ယဲ့ချန်း၏စကားများကို ကြားသောအခါ လူတိုင်း စိတ်တင်းကျပ်သွားရသည်။ မရှောင်လွှဲနိုင်သောကိစ္စမှာ အဆုံးမှာတော့ ဖြစ်လာခဲ့လေပြီ။