ထိတ်လန့်ခြင်း
Vol. 14 Ch. 210
ယဲ့ချန်းနှင့် အခြားလူများမှာ အစည်းအဝေးခန်းမထဲသို့ ရောက်လာခဲ့ကြသည်။ ဝန်ထမ်းအားလုံးကတော့ စိတ်လှုပ်ရှားနေကြ၏။
ပုံမှန်ဆိုလျှင် ဘော့စ်အသစ်တစ်ယောက် ရောက်လာပါက အလုပ်ရပ်နားခြင်းနှင့် အသစ်ပြန်လည်ဖွဲ့စည်းခြင်းအမျိုးမျိုးရှိတတ်သည်။
ထို့ကြောင့် လူတိုင်း စိတ်ပူနေကြခြင်းပင်။ အလုပ်ရပ်နားရသည့်အထဲတွင် သူတို့ပါသွားမည်ကို ကြောက်လန့်နေကြသည်။
ကုမ္ပဏီဥက္ကဋ္ဌရွှီလန်နှင့် အထွေထွေမန်နေဂျာကျန့်ဖေးတို့လည်း သူတို့နေရာကို လူစားထိုးပစ်မည်စိုး၍ စိုးရိမ်ကြောင့်ကြနေကြသည်။
စိုးရိမ်နေကြသော ထိုလူအုပ်ကြီးမှာ အသက်နှစ်ဆယ်သုံးဆယ်အရွယ်ခန့်ရှိပြီး ဘွဲ့လွန်နှင့် ရိုးရိုးသာမန်ဘွဲ့များကို ရထားကြသူများဖြစ်၏။ တချို့ဆိုလျှင် ဒေါက်တာဘွဲ့ရထားသော ထိပ်တန်းအမှုဆောင်များပင်။
ဤတည်ဆောက်ပုံကို ယဲ့ချန်း အလွန်စိတ်တိုင်းကျသည်။ လူငယ်များက တက်ကြွပြီး သွက်လက်လှသည်။
ဤကုမ္ပဏီက ဒေဝါလီခံရလုနီးနီးဖြစ်နေသော်ငြား သူတို့၏ကျရှုံးမှုက အရည်အချင်းညံ့ဖျင်းမှုကြောင့်မဟုတ်ဘဲ ငွေအရင်းအနှီးချို့တဲ့မှုကြောင့်သာ။
သူ့ပိုင်ဆိုင်မှုများနှင့် နည်းပညာအထောက်အပံ့များကိုသာ ရရှိပါက ဤကုမ္ပဏီမှာ မအောင်မြင်စရာ အကြောင်းမရှိပေ။
ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပြောလိုက်လေသည်။
"ကျွန်တော် ဒီနေ့ ဒီကိုလာခဲ့တာ ကြေညာစရာတွေအများကြီးရှိလို့ပဲ။ ပထမဆုံးတစ်ခုကတော့ ကုမ္ပဏီကို ဒီနေ့ကစပြီး ကြယ်တာရာနည်းပညာကုမ္ပဏီလို့ နာမည်ပြောင်းမယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ လူတိုင်း၏ခံစားချက်များ ရှုပ်ထွေးသွားရသည်။ အထူးသဖြင့် ရွှီလန်နှင့် ကျန့်ဖေးပင်။
သူတို့ကိုယ်တိုင် ဤကုမ္ပဏီကို တည်ထောင်ထားခြင်းဖြစ်လေရာ ကုမ္ပဏီနာမည်အပြောင်းခံလိုက်ရသည့်အခါ တစ်စုံတစ်ခုကို ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
ယဲ့ချန်းက ဆက်ပြောလိုက်သည်။
"ဒုတိယအချက်ကတော့ ကုမ္ပဏီရဲ့ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌရာထူးအပ်နှံရေးပါပဲ"
ထိုအခိုက်ဝယ် ရွှီလန်နှင့် ကျန့်ဖေးတို့မှာ အတန်ငယ်စိတ်လှုပ်ရှားသွားသဖြင့် အသက်ရှူသံများပင် မြန်ဆန်လာသည်။
ယဲ့ချန်းကတော့ သူတို့နှစ်ယောက်ကိုကြည့်၍ ပြောလိုက်၏။
"ရွှီလန်က ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်ပြီး ဒုဥက္ကဋ္ဌကတော့ ကျန့်ဖေးပါ။ ကုမ္ပဏီရဲ့တည်ဆောက်ပုံကို အရင်အတိုင်းဆက်ထားမှာဆိုတော့ ကိုယ့်တာဝန်ကိုယ် ဆက်ယူရုံပါပဲ"
ရွှီလန်နှင့် ကျန့်ဖေးတို့လည်း ယခုမှသာ သက်ပြင်းချနိုင်တော့သည်။
ယဲ့ချန်းက ကုမ္ပဏီတစ်ခုလုံးကို ထိန်းချုပ်ပြီး သူတို့ကိုပါ ကန်ထုတ်လိုက်မည်ကို စိုးရိမ်နေခဲ့ခြင်းပင်။
ဗွီအာဆိုသည်မှာ သူတို့နှစ်ယောက်၏အိပ်မက်ဖြစ်၏။ ထို့ကြောင့်လည်း ဤကုမ္ပဏီကို တည်ထောင်ခဲ့ကြခြင်းပင်။
ကုမ္ပဏီကို သူတို့၏ချစ်ခြင်းမေတ္တာဖြင့် ပျိုးထောင်ထားသည်ဟုပင် ဆိုနိုင်လေသည်။ ယဲ့ချန်းက ကုမ္ပဏီအမည်ကို ပြောင်းလဲလိုက်သော်ငြား ဝန်ထမ်းများနှင့် ဖွဲ့စည်းတည်ဆောက်ပုံကတော့ ယခင်အတိုင်း မပြောင်းလဲသေးပေ။ သူတို့၏ရည်မှန်းချက်များလည်း ခြေရာလက်ရာမပျက်ပေ။
ယဲ့ချန်းက ဆက်ပြောလိုက်၏။
"တတိယအချက်ကတော့ ဒီလကစပြီး ဝန်ထမ်းတွေအကုန်လုံးရဲ့လစာကို နှစ်ဆတိုးပေးမယ်။ ကုမ္ပဏီအမှုဆောင်တွေလည်း လစာနှုန်းထားအသစ်ကို ရရှိပါလိမ့်မယ်။ ခင်ဗျားတို့တွေ ငွေကြေးထောက်ပံ့မှုအပြည့်အဝရစေရမယ်လို့ ကျွန်တော်အာမခံတယ်။ ဒါပေမဲ့ အလုပ်ကြိုးစားပေးဖို့ပဲ အားလုံးကို တောင်းဆိုချင်ပါတယ်"
ဤသတင်းကို ကြားလိုက်ရချိန်ဝယ် လူတိုင်း ပျော်ရွှင်ဝမ်းမြောက်သွားကြသည်။
"ဘော့စ်က အရမ်းမိုက်တာပဲ"
"ဘော့စ်က အရမ်းရက်ရောတာပဲ"
"ကျေးဇူးတင်ပါတယ် ဘော့စ်.."
အစတုန်းက ကုမ္ပဏီ၏လေထုမှာ လေးလံထိုင်းမှိုင်းနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူတို့က ဒေဝါလီခံရလုနီးနီးဖြစ်နေလေပြီ။ သို့သော် ယဲ့ချန်းက လစာတိုးကြောင်း ကြေညာလိုက်သောအခါ လူတိုင်း ချက်ချင်းပင် စိတ်အားထက်သန်သွားကြသည်။
ယဲ့ချန်းလည်း ပြုံးစစဖြင့် ဆက်ပြောလိုက်သည်။
"စတုတ္ထမြောက်ကိစ္စကတော့.. ကျွန်တော် ခင်ဗျားတို့ရဲ့ရုံးခန်းပတ်ဝန်းကျင်ကို စစ်ဆေးပြီးပြီ။ အရမ်းစုတ်ချာလွန်းတယ်။ ဒီတော့ နေရာအသစ်တစ်ခုကိုပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ။ မနက်ဖြန်ကျရင် ကုမ္ပဏီကို စီးပွားရေးစင်တာကို ပြောင်းကြမယ်"
ဤသတင်းကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း ကြက်သေသေကုန်ကြသည်။ စီးပွားရေးစင်တာက မိုတုမြို့တွင် အကောင်းဆုံးရုံးအဆောက်အအုံဖြစ်ကြောင်း သူတို့အားလုံး သိထားကြသည်။
ထိုနေရာရှိ ကုမ္ပဏီများမှာ အနည်းဆုံး ပိုင်ဆိုင်မှုတန်ဖိုးအားဖြင့် ဘီလျံနှင့်ချီပြီးရှိ၏။ ဤသည်မှာ သူတို့ လုံးဝအိပ်မက်မမက်ရဲသောအရာပင်။
ထင်မှတ်မထားပါဘဲ ဤသူဌေးအသစ်က အလွန်ဩဇာညောင်းလှသဖြင့် ရောက်ရောက်ချင်းမှာပင် ယခုလိုအကျိုးအမြတ်များလှသော ကမ်းလှမ်းချက်မျိုး ပေးလာလေသည်။
စီးပွားရေးစင်တာတွင် အလုပ်လုပ်နိုင်ခြင်းမှာ အလွန်အထင်ကြီးဖို့ကောင်းသော ကိစ္စတစ်ရပ်ပင်။
တကယ်တမ်းတွင် လူတော်တော်များများ၏အိပ်မက်က တစ်နေ့တွင် စီးပွားရေးစင်တာထဲသို့ ဝင်ရောက်နိုင်ရန်ပင်။
သူတို့က သိပ်မကြာခင်မှာပင် စီးပွားရေးစင်တာထဲ၌ အလုပ်လုပ်ရမည့် ရုံးဝန်ထမ်းများဖြစ်လာလိမ့်မည်ဟု မည်သူမှထင်မထားခဲ့ကြပေ။
ဤသည်မှာ အိပ်မက်များ အကောင်အထည်ပေါ်လာခြင်းလေလား။
အံ့အားသင့်နေသော သူတို့၏အမူအရာကိုကြည့်ရင်း ယဲ့ချန်းလည်း ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။
"ဘာလဲ။ အခုလိုစီစဉ်တာကို စိတ်တိုင်းမကျလို့လား"
ရွှီလန်ခမျာ ထပ်ခါတလဲလဲခေါင်းခါပြလိုက်သည်။
"စိတ်တိုင်းကျပါတယ်။ အရမ်းစိတ်တိုင်းကျပါတယ်။ ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌယဲ့။ ဥက္ကဋ္ဌယဲ့ရဲ့မျှော်လင့်ချက်အတိုင်း စိတ်မပျက်စေရပါဘူး။ ကျွန်တော်တို့ အလုပ်ကြိုးစားပြီး ကြယ်တာရာနည်းပညာကုမ္ပဏီအနေနဲ့ ဗွီအာနယ်ပယ်ထဲမှာ ရှေ့တန်းကိုရောက်နိုင်အောင် ကြိုးစားပါ့မယ်"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။ သူ့အမူအရာကား ရုတ်ခြည်း ပိုလေးနက်သွားသည်။
"အရေးအကြီးဆုံး နောက်ဆုံးကြေညာချက်တစ်ခု ရှိသေးတယ်။ အဲဒါကိုမကြေညာခင် လူတိုင်းကို လျှို့ဝှက်ချက်ထိန်းသိမ်းရေးသဘောတူစာချုပ်မှာ လက်မှတ်ထိုးခိုင်းရမယ်။ လက်မှတ်မထိုးချင်ရင်လည်း ရပါတယ်။ တကယ်လို့ လက်မှတ်မထိုးဘူးဆိုရင်တော့ ကုမ္ပဏီက အလုပ်ထွက်နိုင်ပါတယ်။ မင်းတို့ကိုလည်း တားမှာမဟုတ်ပါဘူး"
ထိုအချိန်မှာပင် လင်းဝမ်ယိုက သဘောတူစာချုပ်များကို လူတိုင်းထံသို့ လိုက်ဝေပေးလိုက်သည်။
သဘောတူစာချုပ်ကို မြင်လိုက်ရပြီးနောက် သူတို့တစ်သိုက် အံ့ဩမှင်တက်သွားကြပြန်သည်။
"ကမ္ဘာ့ထိပ်တန်းဗွီအာနည်းပညာလျှို့ဝှက်ချက်ထိန်းသိမ်းရေးသဘောတူစာချုပ်"
ဝိုး အံ့ဩဖို့ကောင်းချက်..ကမ္ဘာ့ထိပ်တန်းတဲ့လား?
ဟွားနိုင်ငံထဲရှိ ဗွီအာနည်းပညာမှာ အရှိန်ယူခါစသာ ရှိသေးသော်ငြား ဥရောပတိုက်နှင့် အမ်နိုင်ငံထဲရှိ ကုမ္ပဏီတချို့ကတော့ အရှိန်ယူထားတာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်၏။
သူတို့ကတောင် သူတို့၏နည်းပညာက ထိပ်တန်းအဆင့်ရှိပြီဟု မပြောရဲသော်ငြား ယဲ့ချန်းကတော့ သူ့နည်းပညာကို ကမ္ဘာ့ထိပ်တန်းဟုပင် ဆိုထားသည်။
သို့သော် ရွှီလန်နှင့် အခြားလူများမှာ နားလည်ရခက်နေသည့်ကြားက လက်မှတ်ထိုးလိုက်ဆဲသာ။ အခြားဝန်ထမ်းများလည်း လက်မှတ်ထိုးကြသည်။
မည်သို့ပင်ဖြစ်စေ ယဲ့ချန်းကမ်းလှမ်းထားသော အကျိုးခံစားခွင့်များက အလွန်ဆွဲဆောင်မှုရှိလှသည်။
လစာကို နှစ်ဆတိုးပေးမည့်အပြင် စီးပွားရေးစင်တာတွင်လည်း အလုပ်လုပ်ရမည်ဆိုပါက ငြင်းနိုင်စရာမရှိချေ။
လျှို့ဝှက်ချက်ထိန်းသိမ်းရေးသဘောတူစာချုပ်တွင် လက်မှတ်ထိုးရမည့်အဖြစ်ကတော့ သူတို့လို နည်းပညာကုမ္ပဏီများအတွက် မဆန်းလှပါချေ။
ထိုအရာမှာ ယဲ့ချန်းပြောသည့်အတိုင်း ထိပ်တန်းအဆင့်ဗွီအာနည်းပညာသာ ဖြစ်ရိုးမှန်ပါက သူတို့လည်း အံ့ဖွယ်ကောင်းသော အခွင့်အရေးတစ်ခုကို ရလိမ့်မည်သာ။
လူစုံတက်စုံ လက်မှတ်ထိုးလိုက်တာကို မြင်လိုက်ရသည့်အခါ ယဲ့ချန်းမှာ ကျေနပ်အားရမှုဖြင့် ခေါင်းတညိတ်ညိတ်လုပ်၍ ပြောလိုက်လေသည်။
"ထိပ်တန်းအဆင့်ဗွီအာနည်းပညာက ဘာလဲဆိုတာ ခင်ဗျားတို့ကိုပြမယ်"
လူတိုင်းလည်း ဂိမ်းစမ်းသပ်ရေးအခန်းထဲသို့ သွားလိုက်ကြသည်။
ယဲ့ချန်းကတော့ ထုတ်လုပ်ထားသော ဆော့ဖ်ဝဲကို စမ်းသပ်ရေးကိရိယာများနှင့် ချိတ်ဆက်လိုက်သည်။
နာရီဝက်အကြာ စနစ်ကိုဖယ်ရှားပြီးနောက် ယဲ့ချန်းက လူတိုင်းကိုပြောလိုက်၏။
"အဆင်သင့်ပဲ။ တကယ့်ဗွီအာနည်းပညာအစစ်က ဘာလဲဆိုတာကို ခံစားကြည့်လို့ရပြီ"
လူတိုင်းမှာ အလွန်အမင်းသိချင်စိတ်ပြင်းပြနေကြသည်။
ယဲ့ချန်း၏နည်းပညာကို သူတို့ အများကြီးမမျှော်လင့်ထားကြပေ။
ဗွီအာနယ်ပယ်ထဲတွင် သူတို့က ပြည်တွင်းဈေးကွက်၌ ဦးဆောင်နေသူများပင်။ သူတို့ကို အံ့ဩအောင်လုပ်ရန် မလွယ်ကူချေ။
ရွှီလန်က ကိရိယာများကို တပ်ဆင်လိုက်ပြီးနောက် ဂိမ်းစလိုက်သည်။ ထိုကမ္ဘာထဲသို့ ဝင်လိုက်ရုံမျှဖြင့် ရွှီလန့်ခမျာ အံ့ဩမှင်တက်သွားရသည်။
မည်းနက်နေသောကောင်းကင်၊ လှိုင်းလေထန်သော ပင်လယ်ရေပြင်နှင့် သယ်ယူပို့ဆောင်ရေးသင်္ဘောတို့ကြောင့် မြင်ကွင်းကား အလွန်လက်တွေ့ဆန်လွန်းလှ၏။
ဂိမ်း စတင်လေပြီ။ AKသေနတ်တစ်လက်က ရွှီလန်၏လက်ထဲ၌ ပေါ်လာသဖြင့် တိုက်ပွဲစတင်လေတော့သည်။ ရွှီလန်၏ပြိုင်ဘက်အားလုံးက စက်ရုပ်များဖြစ်ကြသဖြင့် သူတို့၏ခွန်အားက သိပ်မသန်မာပေ။
သို့သော် ပစ်ခတ်နေရသည့်ခံစားချက်နှင့် အထူးပြုလုပ်ချက်တို့မှာ အလွန်လက်တွေ့ဆန်လွန်းလှသည်။
ထိုအခိုက်ဝယ် ဂိမ်းမျက်နှာပြင်ကို ထိုနေရာရှိ ဖန်သားပြင်အကြီးကြီးထက်တွင် ပြသလိုက်သည်။
ဂိမ်း၏အထူးပြုလုပ်ချက်များကြောင့် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
"အမလေး ဂိမ်းရဲ့ဂရက်ဖစ်တွေက အရမ်းမိုက်တယ်နော်"
အစောတုန်းက မာန်ဝင့်ထည်ခဲ့ကြသော ဒီဇိုင်နာများမှာ သူတို့ရှေ့ရှိမြင်ကွင်းကြောင့် ကြောက်လန့်သွားရသည်။ ယဲ့ချန်း၏ဖန်တီးမှုနှင့် ယှဉ်လိုက်ပါက သူတို့၏ဖန်တီးမှုမှာ ဗွီအာဟုပင် မခေါ်ထိုက်ပေ။ ၎င်းမှာ အမှိုက်တစ်စပင်။
ဤဂိမ်းက အရွယ်အစားမကြီးမားသော်ငြား ၎င်း၏အထူးပြုလုပ်ချက်များမှာမူ ကမ္ဘာတစ်ဝှမ်းရှိ မည်သည့်ဗွီအာဂိမ်းကမှ လိုက်မီနိုင်မည်မဟုတ်။
ယဲ့ချန်း၏ဂိမ်းက လက်ရှိဗွီအာနည်းပညာကိုပင် ကျော်လွန်သွားပြီဟု ဆိုနိုင်သည်။
ဂရက်ဖစ်ပိုင်းတွင်ဖြစ်စေ၊ မြင်ကွင်းဆိုင်ရာတွင်ဖြစ်စေ၊ သို့မဟုတ် ဂိမ်းကစားရသည့်အတွေ့အကြုံတွင်ဖြစ်စေ ယဲ့ချန်း၏ဂိမ်းက ကမ္ဘာကျော်ဗွီအာဂိမ်းများကိုပင် ဖျက်ဆီးပစ်လိုက်နိုင်သည်။
ယဲ့ချန်း၏ဗွီအာဂိမ်းနှင့် ယှဉ်လိုက်ပါက အခြားဂိမ်းအားလုံးမှာ သုံးစားမရတော့ပေ။
ဂိမ်းထဲကထွက်လာချိန်တွင် ရွှီလန်၏မျက်နှာထက်၌ အံ့အားသင့်နေသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
ဂိမ်းထဲတွင် ကျည်ဆန်ဖြင့် အပစ်ခံလိုက်ရသဖြင့် တကယ့်နာကျင်မှုအစစ်ကိုပင် ခံစားလိုက်ရသည်။ ဤသည်မှာ စင်စစ်လက်တွေ့ဆန်လွန်းလှ၏။
တကယ့်ဗွီအာစစ်စစ်က ဘာမှန်း ယခုတော့ သူ နားလည်လိုက်လေပြီ။ ယဲ့ချန်း၏ဂိမ်းက သူ့နားလည်မှုသဘောတရားများကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
ရွှီလန်တစ်ယောက်တည်းသာမက ထိုနေရာရှိ ဝန်ထမ်းအားလုံးမှာလည်း ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
တစ်ချိန်တုန်းက သူတို့ဂုဏ်ယူဝင့်ကြွားခဲ့ကြသော လက်ရာများမှာ ယဲ့ချန်းရှေ့တွင်မူ အမှိုက်တစ်စသာသာပင်။