← Chapters

အက်ကာမန်၏ အားငယ်မှု

Vol. 5 Ch. 68

အက်ကာမန်၏ အားငယ်မှု

Vol. 5 Ch. 68

‘ဘုရားရေ... စာအုပ်ဆိုင်ပိုင်ရှင်က တစ်ခုခု မှားနေပြီဆိုတာ သိသွားပြီ ထင်တယ်...’

အက်ကာမန် တစ်ယောက် ရင်တဒိတ်ဒိတ် တုန်သွားခဲ့၏။ သူက အလျင်အမြန်ပင် ခေါင်းခါ ယမ်းလိုက်သည်။

"မ... မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကျွန်တော် လုံးဝ အဆင်ပြေပါတယ်ဗျာ..."

လင်ကျဲက မျက်မှောင်ကြုတ်လိုက်၏။

"တကယ်လား... အတင်းအကြပ်ကြီးတော့ မလုပ်ပါနဲ့ဗျာ"

ဤဖောက်သည်မှာ မာနကြီးသူ တစ်ယောက်ဟု လင်ကျဲ တွေးလိုက်မိသည်။ သူက ပင်ပန်းကာ ပြိုလဲလုနီးပါး ဖြစ်နေလျှင်ပင် ပြင်ပလူကို အားနည်းချက် ပြမည့် လူစားမျိုး မဟုတ်ချေ။

ပုံပန်းသဏ္ဌာန်အရ ဆိုလျှင် ဤဖောက်သည်သစ်မှာ အသက် ၃၀ နှင့် ၅၀ ကြားရှိ လူတစ်ဦး၏ ပုံစံမျိုးဖြစ်သည်။ ထိုအရွယ်များမှာ နေအိမ်တွင် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ် နှစ်မျိုး စလုံးကို ပြုစုစောင့်ရှောက်ရလေရာ အလွန်ပင် ပင်ပန်းသည့် အချိန်ကာလလည်း ဖြစ်သည်။ ငယ်ရွယ်နုပျိုမှုတို့အား မစွန့်ချင်သေးချိန်တွင် လူလတ်ပိုင်းသို့ ချဉ်းကပ်လာခြင်းကြောင့် ပူပန်သောက ခံစားရသည်မှာ မထူးဆန်းပေ။ ဤသည်မှာ ဘဝ၏ အလွန်အမင်း ဖိစီးမှုများသော ကာလတစ်ခုဟု သတ်မှတ်နိုင်ပေသည်။

ထို့အပြင်... ဖောက်သည်ကို ကြည့်ရသည်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နေရာကို လာရောက်ကြည့်ရှုသည့် လူမှုရေးစိတ်ဝင်စားသူတစ်ဦးကဲ့သို့ ပုံပေါ်သော်လည်း မည်သည့် ရည်ရွယ်ချက်မှ မရှိဘဲ ဆုံးရှုံးမှုများကို ခံစားနေရပုံရသည်။

‘သေချာတယ်... သူက လမ်းညွှန်မှုပေးဖို့ လိုအပ်နေတဲ့ ဖောက်သည်တစ်ဦးပဲ...’

လင်ကျဲက ကြင်နာသည့် အပြုံးကို ပြုံးလိုက်ရင်း...

"စိတ်မပူပါနဲ့... ထိုင်လိုက်ပါ... ဒီနေရာမှာ တခြားသူ မရှိဘူးဆိုတော့ ဘယ်သူမှ မမြင်နိုင်ပါဘူး... ခင်ဗျားရင်ဆိုင်နေရတဲ့ စိတ်မချမ်းသာစရာ ကိစ္စတွေကို ပြောပြလို့ ရပါတယ်... အန္တရာယ်မရှိပါဘူး... လူသားတွေရဲ့ အတွင်းစိတ်ကို ဖော်ထုတ်တဲ့ နေရာမှာ ကျွန်တော်က တော်တော်လေး ကျွမ်းကျင်ပါတယ်"

‘အ... အတွင်းစိတ်ကို ဖော်ထုတ်ခြင်းလား...’

အက်ကာမန် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့၏။ ယခု သူ ထိုင်မချလျှင် ဆိုးရွားသည့်အရာတစ်ခုခု ဖြစ်လာမည်ဟု ခံစားလိုက်ရသည်။

သူ မျက်နှာ မသာမယာဖြင့် ခေါင်းညိတ်ကာ စာအုပ်ဆိုင်ထဲရှိ တစ်ခုတည်းသော ကုလားထိုင်ပေါ်တွင် တုံ့ဆိုင်းစွာ ထိုင်ချလိုက်ရတော့သည်။

ဖောက်သည် တုံ့ဆိုင်းစွာ ဝင်ထိုင်လိုက်သည်ကို ကြည့်ရင်း ပထမအဆင့် အောင်မြင်သွားပြီ ဖြစ်ကြောင်း လင်ကျဲ သိလိုက်သည်။ သို့သော်လည်း... ယခုလို စိတ်နေသဘောထားရှိသည့် ဖောက်သည်တစ်ဦးအား သူ့ အတွင်းစိတ်ကို ဖော်ထုတ်ပြောဆိုစေရန်မှာ အတော်အတန် ခက်ခဲသော လုပ်ငန်းတာဝန် ဖြစ်ပေလိမ့်မည်။

သူ့အနေဖြင့် ပင်လယ်ခရု၏ မာကျောသော အခွံကို တစ်စချင်းစီ ဖွင့်ဟ၍ နူးညံ့သော အတွင်းသားကို ဖော်ထုတ်သကဲ့သို့ စတင်ကာ စူးစမ်းရှာဖွေရလိမ့်မည်။

လင်ကျဲက လက်ပိုက်လိုက်ရင်း ပညာရှင်ဆန်သည့် ပုံမှန် ပီပီသသ အပြုံးကို ပြုံးလိုက်သည်။

"မပြောချင်လည်း အဆင်ပြေပါတယ်... ကျွန်တော် ခန့်မှန်းကြည့်မယ်... ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ဖို့ ကိစ္စ ဖြစ်မယ် ထင်တယ်... ဟုတ်ပါသလား"

'ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ဖို့' ဆိုသည်မှာ 'ပြဿနာတစ်ခုခု ကြုံတွေ့နေရသလား' ဆိုသည့် စကားလိုမျိုးပင် ဖြစ်သည်။ နှစ်ခုစလုံးမှာ လင်ကျဲ၏ လက်စွဲတော် စကားလုံးများ ဖြစ်ကြသည်။

စိတ်ဓာတ်ကျရောဂါ မခံစားနေရသရွေ့ မည်သည့် သာမန်လူမဆို အမျိုးမျိုးသော ဒီဂရီများဖြင့် မိမိကိုယ်ကို မြှင့်တင်ဖို့ သေချာပေါက် ကြိုးစားကြလိမ့်မည် ဖြစ်သည်။

ကိုယ့်ဘဝကို စိတ်တိုင်းကျ ကျေနပ်နေသူ ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ များစွာသော လူများမှာ ကိုယ့်ဘဝကို ဘယ်လိုပဲ ပုံဖော်ထားထား အလွန်သေးငယ်သည့် မျှော်လင့်ချက်အချို့ကတော့ သူတို့၏ စိတ်နှလုံးထဲတွင် ဆက်လက်တည်ရှိနေသည်။

မိမိကိုယ်ကို အထင်ကြီးလွန်းသူများပင်လျှင် သူတို့၏ အိပ်မက်များကို အမှန်တကယ်ဖြစ်လာစေရန် အတွက် ကျွမ်းကျင်မှုအသစ်တစ်ခုကို သင်ယူခြင်း သို့မဟုတ် သူတို့၏ စံနှုန်းများကို မြှင့်တင်ခြင်း စသည့် ကဏ္ဍအချို့တွင် တိုးတက်လိုကြသည်။

မိမိ၏ ချို့ယွင်းချက် တစ်ခုကို ပြောင်းလဲခြင်း၊ ပညာရပ် အသစ် တစ်ခုကို နားလည်သဘောပေါက်ခြင်း သို့မဟုတ် မေးခွန်းတစ်ခုကို ဖြေရှင်းခြင်းပင်လျှင် မိမိ၏ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ခြင်းအဖြစ် သတ်မှတ်နိုင်သည်။

ပိုမိုနက်ရှိုင်းစွာ စဉ်းစားကြည့်ပါက ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ခြင်း အတိုင်းအတာမှာ အကန့်အသတ်မရှိပေ။

ဤဖောက်သည် အသစ်ကို အကဲခတ်ရသလောက် စိတ်ဓာတ်ကျနေတာ ထင်ရှားသည်။ သူ၏ ကိုယ်ဟန်အမူအရာတစ်ခုလုံးမှာလည်း လက်ရှိတွင် အကျပ်အတည်းတစ်ခု အတွင်း ရောက်ရှိနေသူ၏ ပုံစံမျိုးဖြစ်သည်။ ထို့ကြောင့်ပင် သူ ပြောခဲ့သည့် စကားစုမှာ မှန်ကန်သည့် ဆေးဖက်ဝင်ပြီး အလုပ်မဖြစ်နိုင်စရာ မရှိဟု လင်ကျဲ ယုံကြည်သည်။

အက်ကာမန်၏ မျက်လုံး သူငယ်အိမ်များ ကျုံ့ဝင်သွားကာ အသက်ရှူနှုန်းမှာလည်း ပိုလေးလံ လာခဲ့၏။

‘သူက ငါ ဖျက်ဆီးခြင်း အဆင့် အကဲဖြတ်ခြင်းကို ဖြတ်ကျော်ဖို့ ကြိုးစားနေတာကို သိနေတာလား...’

‘မဟုတ်ဘူး... သူ မသိဘူးဆိုရင်ပဲ ထူးဆန်းလိမ့်မယ်...’

‘ဒီလိုဆိုရင် သူက ငါ ဝယ်လ်ရဲ့ ဆုကြေးကို ယူပြီးတဲ့ ကိစ္စရော... ချုံခိုတိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ ဒီနေရာကို လာတာရော သိနေနိုင်တယ်...’

စာအုပ်ဆိုင်ပိုင်ရှင်၏ အစစ်အမှန် ရည်ရွယ်ချက်က မည်သည့် အရာ ဖြစ်ကြောင်း အက်ကာမန် မခန့်မှန်းနိုင်ခဲ့ချေ။ သို့သော်လည်း သူ့ကို သတ်ရန်တော့ မဖြစ်နိုင်ချေ။ စာအုပ်ဆိုင်ပိုင်ရှင်က သတ်ချင်လျှင် နှင်းဆီမျက်လုံးကို အတင်းအကြပ် စိုက်ကြည့် နေခဲ့ရသည့် တစ်မိနစ်လုံးလုံး သူ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သေဆုံးခဲ့လောက်ပြီး ဖြစ်သည်။

သို့သော်လည်း... စာအုပ်ဆိုင်ပိုင်ရှင်မှာ မည်သည့်လှုပ်ရှားမှုကိုမှ မလုပ်ဘဲ ခြားနားသည့် ရည်ရွယ်ချက်တစ်မျိုး ရှိသည့်အလား သူ့ကို စကားစပြောလာခဲ့သည်။

"ကျွန်တော် လက်လျှော့လိုက်ပါပြီ"

အက်ကာမန်က အမှန်အတိုင်း ပြောဖို့ ဆုံးဖြတ်လိုက်သည်။

"တကယ်တော့ သူတို့က ကျွန်တော့်ကို အသုံးချနေရုံတင် မကဘူး... စွန့်ပစ်ရမယ့် ကိရိယာတစ်ခုလိုပါ သဘောထားခဲ့ကြတာ... အားလုံးကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါပြီ... သူတို့ရဲ့ ဖွဲ့စည်းပုံတွေက တရားမျှတသလို ရှိပေမဲ့ တကယ်တမ်းမှာတော့ အထက်က လူတွေတိုင်းက ကျွန်တော်တို့လို လူတွေကို အထင်သေးနေတုန်းပါပဲ"

အက်ကာမန်၏ လေသံက သူ့ကိုယ်သူ ပြန်လည်၍ ပြက်ရယ်ပြုနေပုံ ရလေ၏။ မည်သို့ပင် ဆိုစေ... အောက်လမ်း မှော်ဆရာမျး၊ အမှန်တရား အသင်းတော်မှ ပညာရှင်များနှင့် အခြား ထူးခြားသည့် သက်ရှိ သတ္တဝါတိုင်းမှာ အိပ်မက်သားရဲတို့၏ စွမ်းအားကို ငှားရမ်းသည့် မုဆိုးများကို အထင်သေးကြသည်။

လင်ကျဲ လေးလေးနက်နက် စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ တစ်ချက် ကြည့်ရုံဖြင့်ပင် ဤလူလတ်ပိုင်း၏ ပြဿနာများကို သူ နားလည် သွားခဲ့ပြီ ဖြစ်သည်။ (တကယ်တော့ တလွဲ)

‘အင်း... လက်စသတ်တော့ အကြီးအကဲတွေဆီက ဖိအားနဲ့ ရင်ဆိုင်နေရတာကိုး...’

ဤဖောက်သည်မှာ ရာထူးတိုးဖို့ သို့မဟုတ် လစာတိုးဖို့ ကြိုးစားနေတာ ဖြစ်နိုင်သည်။ သို့သော်လည်း အထက်လူကြီးများမှာ သူ့ကို အမြဲတမ်း ရည်ရွယ်ချက် ရှိရှိ ဖိနှိပ်ထားတာကြောင့် လူ့အဖွဲ့အစည်း အတွင်း သူ့နေရာကို သူ သိသွားကာ မောပန်းနွမ်းနယ်နေပုံရသည်။ ဤသို့နှင့်... အချည်းအနှီး လှည့်လည်သွားလာရင်း နောက်ဆုံးတွင် စာအုပ်ဆိုင်ထဲသို့ ရောက်လာသည်။

အားလုံးက ကံကြမ္မာကြောင့် ဖြစ်ပေမည်။

လင်ကျဲက ဖောက်သည်ကို စိုက်ကြည့်လိုက်၏။

"ရှေ့ဆက်သွားနိုင်မယ့် တစ်ခြား နည်းလမ်းတစ်ခုကို ရှာဖို့ ခင်ဗျား တွေးမကြည့်ဘူးလား..”

‘ရှေ့ဆက်ဖို့ ကွဲပြားခြားနားတဲ့ လမ်းကြောင်းတစ်ခုလား...’

အက်ကာမန် တစ်ယောက် စာအုပ်ဆိုင်ပိုင်ရှင်၏ လေးနက်သည့် အမူအရာကို ကြည့်ကာ ခဏတာမျှ မှင်တက်သွားခဲ့သည်။ ထိုအရာက ဘာအဓိပ္ပာယ်နည်း။

လင်ကျဲက လက်ပိုက်ရင်း အေးအေးဆေးဆေးပင် ရှင်းပြလိုက်၏။

"သူတို့က ခင်ဗျားကို အသုံးချခံ ပစ္စည်း တစ်ခုလိုပဲ မြင်တယ်ဆိုတာ သိသားနဲ့ ခင်ဗျား အခုလို ဆက်ပြီး အသုံးချခံနေဦးမှာလား... သူတို့က ခင်ဗျားကို အကျိုးခံစားခွင့် အများကြီး မပေးဘဲနဲ့ အလုပ်တွေကို အများကြီး လုပ်ခိုင်းသလို... တန်ဖိုးလည်း မထားဘူး မလား”

“...”

လင်ကျဲ၏ သွေးဆောင်နေသည့် စကားများကို နားထောင်ရင်း အက်ကာမန်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာသည်။ သို့သော်လည်း... အမှန်တရား အသင်းတော်၏ တာဝန်ကို ဆက်မလိုချင်သည်ကတော့ သေချာသည်။ အမှန်တရား အသင်းတော်၏ မုဆိုးများအပေါ်ထားရှိသော သဘောထားက သူ့ကို စိတ်ပျက်စေခဲ့သည်။

သို့သော်လည်း... ထူးခြားသည့် သတ္တဝါတိုင်း၏ အမြင်တွင် မုဆိုးများမှာ အမြဲတမ်း အဆင့်အတန်း နိမ့်ကျကြောင်း သူ သိရှိထားပေသည်။ မည်သို့ပင် ဆိုစေ... မုဆိုးများ၏ စွမ်းအားမှာ အိပ်မက်သားရဲထံမှ ချေးငှား ရယူထားသည့် စွမ်းအားမျိုး ဖြစ်ပြီး မကြာခဏ ဆိုသလို ဆင်ခြင်တုံတရားလည်း ကင်းမဲ့ သွားတတ်သည်။

ရူးသွပ်မှုများ အဆုံးစွန်ထိ ရောက်ရှိသွားသည့် အခါ အစွမ်းထက်သည့် မုဆိုးများ ပင်လျှင် သူတို့၏ သွေးကြောများ အတွင်း စီးဆင်းနေသည့် ညစ်ညမ်းသော သွေးများနှင့် ပေါင်းစပ်သွားကာ အဖျက်စွမ်းအား ကြီးမားသည့် အိပ်မက်သားရဲအသစ်များ ဖြစ်လာကြသည်။

ထို့ကြောင့်ပင်... အမှန်တရား အသင်းတော်နှင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်တို့ အတွက် မုဆိုးတိုင်းမှာ မည်သည့်အချိန်တွင်မဆို ရန်သူအဖြစ်သို့ ပြောင်းလဲသွားနိုင်သည့် လောင်းကြေးတစ်ခုသာ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့က မုဆိုးများအား ကောင်းသောသဘောဖြင့် မမြင်ခြင်းမှာ သဘာဝကျပေသည်။

အမှန်တရား အသင်းတော်၏ အကဲဖြတ်မှု မှတ်တမ်းတွင် အဆင့်တက်လိုသော အခါ မုဆိုးများမှာ နောက်ထပ် အဆင့်အချို့ကိုလည်း ဖြတ်သန်းရသည်။ ဥပမာ အားဖြင့် ဆင်ခြင်တုံတရား ဆန်းစစ်ချက် တို့ကဲ့သို့သော အရာများပင်။

ထိုသို့သော ခွဲခြားဆက်ဆံမှုအတွက် အမှန်တရား အသင်းတော်ကို အပြစ်မတင်နိုင်ကြောင်း အက်ကာမန် သိရှထားသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မုဆိုးများ၏ သဘောသဘာဝပင်ဖြစ်ပြီး သူ ကိုယ်တိုင်လည်း တစ်ယောက် အပါအဝင် ဖြစ်သည် မဟုတ်ပါလား။

***

All Chapters