ဒီကလေး သိပ်မဆိုးဘူး
Vol. 1 Ch. 5
“ဆရာဦးလေးရှန့်ကွမ်းက အတွင်းစည်းတပည့်တွေဖြစ်တဲ့ စီနီယာအစ်မရှု၊ ဂိုဏ်းတူအစ်ကိုကြီးချိန်တို့နဲ့အတူ သူကိုယ်တိုင် ဆေးလုံးတွေ ဝေနေတာပဲ။ သူတို့အားလုံး လာတာ တွေ့ရခဲတယ်။ ဒီတစ်ခေါက် အထူးဆေးလုံး ပေးဝေကြမှာများလား”
“အဲလိုပဲဖြစ်မယ်။ ကြည့်လိုက် … အစ်ကိုကြီးဟန်ကျုံးလည်း ပါတယ်။ သူဟာ အပြင်စည်းဂိုဏ်းမှာ ဒုတိယအဆင့်မှာရှိတဲ့ တပည့်ပဲ။ သူ့ကျင့်ကြံခြင်းအဆင့်က စဦးချီဖွဲ့စည်းခြင်းအဆင့်၅ပဲ။ တကယ်လို့ သူက အဆင့်၇ကို ရောက်ခဲ့ရင် အတွင်းစည်းတပည့် အလိုအလျောက် ဖြစ်မယ်။ ဒီမှာ အစ်ကိုကြီး ဝမ်တန့်ဖေးကို မတွေ့ရတာ ဆိုးတယ်”
“အစ်ကိုကြီး ဝမ်တန်ဖေးရဲ့ စွမ်းရည်နဲ့ သူက ဆေးလုံးတွေကို ဘယ်စိတ်ဝင်စားပါ့မလဲ။ သူ ဂိုဏ်းကို ရောက်စနှစ်ကဆိုရင် အကြီးအကဲတွေအကြား ဘယ်လောက်တောင် လှုပ်ခတ်ခဲ့သလဲ။ သူက ဂိုဏ်းရဲ့အစဉ်အလာကို မချိုးဖျက်ချင်တာကြောင့် အတွင်းစည်းတပည့်အဖြစ် ကိုယ်ပိုင်စွမ်းရည်နဲ့ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့ဟန်ပဲ။ မကြာခင် ငါတို့ တတိယမြောက် အတွင်းစည်းတပည့်ကို တွေ့ရလိမ့်မယ်”
“ဟား.. ဟား… ဒါက ပျော်စရာပဲ။ အထူးဆေးလုံးပေးဝေမှုအပြီးမှာ ဆေးလုံးကို ၂၄နာရီအတွင်း အသုံးပြုလို့မရအောင် ချိတ်ပိတ်ထားတယ်။ ၂နာရီကြာတိုင်း ဆေးလုံးက ပိုလင်းလာလိမ့်မယ်။ ဆေးလုံးကို လိုချင်တဲ့ ဘယ်သူမဆို ဆေးလုံးရဲ့တည်နေရာကို သိနိုင်တယ်။ မင်းက ဆေးလုံးကို ရပြီး ထွက်ပြေးပုန်းရှောင်နေမယ်ဆိုရင်တောင်မှ လွတ်မှာ မဟုတ်ဘူး”
မန်ဟိုက ဘေးနားမှ ဂိုဏ်းသူဂိုဏ်းသားများ ပြောဆိုဆွေးနွေးနေသည်များအား နားထောင်နေ၏။ သူ့အနေဖြင့် ဤသို့သော ကိစ္စမျိုးကို ပထမဆုံး ကြုံဖူးခြင်းဖြစ်သော်လည်း ဆေးလုံးပေးဝေခြင်း အချိန်အခါ ရောက်တိုင်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားကြောင်း သူသိသည်။
သည်နေရာကို ရောက်သည့် လတစ်ဝက်ကာလ အချိန်အတွင်း သူသည် များစွာသော တိုက်ပွဲများနှင့် သေဆုံးခြင်းအချို့ကို မြင်တွေ့ခဲ့၏။
ယနေသာ အမှန်တကယ် အထူးဆေးလုံး ပေးဝေခြင်းနေ့ဆိုပါက တိုက်ခိုက်ခြင်းမှာ ပိုမိုပြင်းထန်ဖွယ်ရှိသည်။
မန်ဟိုကား တိတ်ဆိတ်နေသည်။ သူက စဦးချီဖွဲ့စည်းခြင်းအဆင့်(၁)၌တွင်သာ ရှိရာ ဆေးလုံးအတွက် တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ သူ့အနီးမှ လောဘရမ္မက်ဇောများ တက်နေသော ဂိုဏ်းသားများအား ကြည့်ကာ မန်ဟိုသည် တောတွင်းဥပဒေသအား နားလည်လာခဲ့သည်။
“တိတ်စမ်း” ရွှေရောင်အဖိုးအိုက ပြောသည်။ သူက ကျယ်လောင်စွာ ပြောဆိုခြင်း မပြုသော်လည်း အသံသည် အေးစက်ကာ မိုးခြိမ်းသံကဲ့သို့ လေထုကို တုန်ခါသွားသည်။
အောက်တွင် ရပ်နေသော ကျင့်ကြံသူများအားလုံးမှာ အသည်းထဲအူထဲမှ ထိတ်လန့်မှုကို ခံစားကြရသည်။ သူတို့၏နားစည်များ တုန်ခါသွားကာ မန်ဟိုသည်လည်း ကြီးစွာ ထိတ်လန့်သွားပြီး သက်သာရန် အချိန်အနည်းငယ် ယူလိုက်ရသည်။
“ငါ့နာမည်က ရှန့်ကွမ်းရှိုး။ ဒီနေ့ … ရောက်လာသူတွေ အကုန်လုံး ချီအားတိုးဆေးတစ်လုံးနဲ့ ဝိညာဉ်ကျောက်တုံးတစ်ဝက်ရမယ်။”
ရှန့်ကွမ်းရှိုးက သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်လျှင် ရာချီသော ဆေးလုံးနှင့် ဝိညာဉ်ကျောက်တုံးများသည် အရပ်မျက်နှာမျိုးစုံသို့ ပျံသန်းသွား၏။ ၎င်းတို့အားလုံးက လူတိုင်း၏ရှေ့ကို ကွက်တိရောက်လာသည်။
မန်ဟိုက သူ့ရှေ့တွင် မြောလွင့်နေသော ဆေးလုံးနှင့် ဝိညာဉ်ကျောက်တုံးကို ကြည့်သည်။ လန်းဆန်းမွှေးပျံ့သော ရနံ့သည် သူ့ထံသို့ ရိုက်ခတ်လာခဲ့၏။ သူ့အနေဖြင့် သည်တစ်ကြိမ်မှာ အင်မော်တယ်များ၏ဆေးလုံးနှင့် ဝိညာဉ်ကျောက်တုံးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ဝိညာဉ်ကျောက်တုံးကား သူ၏လက်သန်းလက်သည်းခွံခန့်သာ ရှိပြီး သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပနေသည်။
သူ၏စိတ်နှလုံးက မြန်ဆန်စွာ တုန်ခါလာသည်။ သည်နှစ်ခုသည် အနည်းဆုံး ရွှေစ ထောင်ပေါင်းများစွာ တန်ကြေး ရှိပေမည်။ တွန့်ဆုတ်ခြင်းမရှိဘဲ မန်ဟိုက လက်ကို ဆန့်ကာ ဆေးလုံးကို လှမ်းယူလိုက်၏။
သူက ဆေးလုံးကို ပါးစပ်ထဲထည့်ကာ မျိုချရန် ကြံလိုက်သော်လည်း အနီးမှ လူများအားလုံးက ထိုသို့ လုပ်ဆောင်ခြင်းမရှိသည်ကို သူသတိထားမိ၏။ သူက လက်ထဲမှ ဆေးလုံးကို ငုံ့ကြည့်လိုက်လျှင် ဆေးလုံးအပေါ်တွင် ထူးဆန်းသော အမှတ်အသားတစ်ခုဖြင့် ချိပ်ပိတ်ထားသည်ကို မြင်ရသည်။
မန်ဟိုက လက်ထဲမှ ဆေးလုံးကို ကြည့်နေစဉ်မှာပင် ရှန့်ကွမ်းရှိုး၏အသံက စင်မြင်ထက်မှ ထွက်ပေါ်လာပြန်သည် “ပြီးတော့ သွေ့ခြောက်ဝိညာဉ်ဆေးလုံးတစ်လုံးလည်း ပါတယ်” သူ၏လက်ထဲတွင် ခရမ်းရောင်ဆေးလုံးတစ်လုံးအား တွေ့ရ၏။
ဆေးလုံး ပေါ်လာသည်နှင့် အံ့ဖွယ်ကောင်းသော ရနံ့တစ်ခုသည် ထိုနေရာတစ်ခုလုံးအား ရိုက်ခတ်လာခဲ့၏။ ထိုရနံ့မျှကို ရှုမိခြင်းကပင် မန်ဟိုသည် သူ၏အားအင်များ ပြည့်ဖြိုးလာသည်ဟု ခံစားရ၏။ ဆေးလုံးကား သာမန်မဟုတ်ပေ။
“ဒါက သွေ့ခြောက်ဝိညာဉ်ဆေးလုံးပဲ”
“ဒါက စဦးချီဖွဲ့စည်းခြင်းအဆင့် ၅ အောက်က လူတွေအတွက် အရမ်းအရမ်းကို တန်ဖိုးကြီးတဲ့ဆေးလုံးပဲ။ ဂိုဏ်းထဲမှာတောင် ဒါမျိုးဆေးလုံး သိပ်မရှိဘူး”
“ဆေးလုံးကို ဝေတဲ့အချိန်မှာတော့ အပြင်စည်းဂိုဏ်းမှာ တကယ်ကို ပြင်းထန်တဲ့တိုက်ပွဲဖြစ်လာမှာပဲ။ လူတွေ ဘယ်လောက် သေကြဦးမလဲ မသိဘူး”
လူအုပ်က ရှန့်ကွမ်းရှိုး၏လက်ထဲမှ ဆေးလုံးကို လောဘမျက်လုံးများဖြင့် ကြည့်နေကြသည်။ အထူးသဖြင့် အဆင့်တက်ခါနီး ကျင့်ကြံသူများအတွက် ထိုဆေးလုံးမှာ အလွန်အဖိုးတန်လွန်းနေသည်။
“နဂိုမူလက သွေ့ခြောက်ဝိညာဉ်ဆေးလုံးကို ဒီနေ့ပေးဖို့ အစီအစဉ်မရှိခဲ့ဘူး။ ဒါပေမဲ့ ဒီလထဲမှာ အပြင်စည်းဂိုဏ်းသို့ တပည့်သစ်တစ်ယောက် ရောက်လာတယ်ဆိုတာကို ကြားလိုက်ရတဲ့အတွက် ငါ့ကို အရမ်းစိတ်ကျေနပ်စေခဲ့တယ်။ ဒီလိုမျိုးသာ လတိုင်း ရှိနေခဲ့ရင် ငါတို့ မှီခိုရာဂိုဏ်းက မကြာခင် ပြန်ပြီး ထွန်းတောက်လာမှာပဲ။ ဒါကြောင့် ငါက အားပေးတဲ့အနေနဲ့ ဒီဆေးလုံးကို ပေးမှာ ဖြစ်တယ်”
ရှန့်ကွမ်းရှိုးက ပြုံးလိုက်ကာ လူအုပ်ကြားထဲတွင်ရှိသော မန်ဟိုအား ကြည့်၏။
မန်ဟို၏နှလုံးခုန်သံက အလွန်မြန်လာသည်။ ရှန့်ကွမ်းရှိုး၏စကားကို သူက ပြန်မပြောရသေးခင်ပင် ထိုလူကြီးက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးလုံးသည် မန်ဟို၏လက်ထဲကို အလိုအလျောက်ရောက်လာ၏။မန်ဟိုကား ငြင်းပယ်ရန် အချိန်ပင် မရလိုက်။
ထိုအခိုက်တွင် မှီခိုရာဂိုဏ်း၌ မန်ဟို၏မိတ်ဆက်ခြင်းမှာ အလွန်ကြီးကျယ်ခန်းနားသည်ဟု ဆိုရပေတော့မည်။ လူအုပ်တစ်ခုလုံး၏အာရုံက သူ့ထံသို့ ရောက်နေ၏။
သူတို့အားလုံး၏မျက်လုံးထဲတွင် သူ့အား အသက်ရှင်ရက် တစ်စစီ ဆွဲဖြုတ်လိုသည့်အလား လောဘမီးများ လောင်ကျွမ်းနေကြ၏။ ရှန့်ကွမ်းရှိုး၏ဘေးမှ မိန်းကလေးနှင့် ယောက်ျားလေးတို့သည်ပင် မန်ဟိုကို ကြည့်နေကြသည်။ မိန်းကလေး၏မျက်နှာတွင် အံ့အားသင့်ဟန်များ ဖြစ်လာပြီးမှ အေးစက်သော အမူအရာသို့ တဖန် ပြောင်းလဲသွား၏။
“ဟား … ဟား … စဦးချီဖွဲ့စည်းခြင်းအဆင့် ၁ တပည့်တစ်ယောက်က ဆေးလုံးကို ရတယ်။ ဒီတစ်ခေါက် တိုက်ခိုက်တာတွေ အများကြီးဖြစ်ဦးမှာပဲ။ ဒီကောင်လေးကတော့ သေချာပေါက် အားလုံးရဲ့ ဘုံရန်သူဖြစ်ပြီ”
“ကောင်လေးတော့ သွားပြီ။ နောက်ဆုံးတစ်ခေါက် အဲ့ဆေးလုံးကို ဝေတဲ့အချိန် ဆေးလုံးကို ရသွားတာ စဦးချီဖွဲ့စည်းခြင်းအဆင့် ၂ တပည့်တစ်ယောက်ပဲ။ သူက ဆေးလုံးကို ထုတ်ပေးဖို့ တွန့်ဆုတ်နေခဲ့တော့ အစ်ကိုကြီး ကျောက်ဝူကန်းက သူ့ကို ဒေါသတကြီးနဲ့ လူမြင်ကွင်းမှာ ခေါင်းဖြတ်သတ်ခဲ့တယ်လေ”
ဆွေးနွေးသည့်အသံများသည် ပတ်ဝန်းကျင်တစ်ခုလုံး၌ ဆူညံလာခဲ့ကာ စဦးချီဖွဲ့စည်းခြင်းအဆင့်(၂)နှင့်အဆင့်(၃)မှ တပည့်အများအပြားသည် အန္တရာယ်ကို သိကြသော်လည်း လောဘဇောများ တက်လာကြ၏။ ဆေးလုံးကို ရရှိခဲ့သောသူမှာ ကျင့်ကြံခြင်းအဆင့်အလွန်နိမ့်ရာ သူတို့သည်လည်း ဆေးလုံးကို လုယက်ရန် အရည်အချင်းရှိသည်ဟု ခံစားလာကြရသည်။
မန်ဟို၏တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာသည်။ အမှန်တကယ်အားဖြင့် သူက ဆေးလုံးကို လွှင့်ပြစ်လိုက်လိုသော်လည်း ဆေးလုံးက သူ့လက်တွင် ကော်နှင့်ကပ်ထားသလို လုံးဝ လွှင့်ပြစ်၍ မရချေ။ သူ့အနီးတွင် မရေမတွက်နိုင်သော မျက်လုံးများက ရုန့်ရမ်းကြမ်းတမ်းစွာ ကြည့်နေကြရာ မန်ဟိုသည် သူ့အပေါ် သေမင်း၏အရိပ်ဖုံးအုပ်လာသလို ခံစားရသည်။ လူအချို့ကား သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် သူ့အနီးကို စတင်ချဉ်းကပ်လာပြီဖြစ်သည်။
“ဂိုဏ်းတူညီလေး … ဆေးလုံးကို ဘာလို့ ငါ့ဆီ မပစ်ပေးသေးတာလဲ။ မဟုတ်ရင် မင်း ကောင်းကောင်းအရိုက်ခံရတော့မယ်”
“မင်း ငါ့ကို မပေးရင် နောက်နှစ် ဒီနေ့က မင်းရဲ့ နှစ်ပတ်လည်နေ့ဖြစ်သွားမယ်နော်”
အေးစက်ရန်လိုသော အသံများသည် ပတ်ပတ်လည်မှ မန်ဟိုထံသို့ ရိုက်ခတ်လာခဲ့၏။
ထိုအခိုက်တွင် အနီးမှ တောင်ထိပ်တစ်ခုတွင် အဘိုးအိုနှစ်ဦး တင်ပလ္လင်ခွေထိုင်ကာ အပြင်စည်းဂိုဏ်းမှ မြင်ကွင်းအား ပြုံး ကြည့်လျှက် ဆွေးနွေးနေကြသည်။
“ဆရာကြီးရှန့်ကွမ်းကတော့ တကယ်ပဲ ဘာမှ အရေးမစိုက်ဘူး။ ဂိုဏ်းကို ဝင်စ ကလေးကို ဆေးလုံးသွားပေးတော့ သွားပြီပေါ့။ ငါတို့ မှီခိုရာဂိုဏ်းတော့ နောက်ထပ် တပည့်တစ်ယောက် လျော့တော့မှာပဲ”
“ဒီတစ်ခေါက် တိုက်ခိုက်တာက တကယ်ကော စိတ်ဝင်စားဖို့ ကောင်းပါ့မလား။ အတားအဆီးမြူ ပျက်ပြယ်သွားတာနဲ့ ဒီကလေးက ဆေးလုံးကို လွှင့်ပြစ်လိုက်မှာ သေချာတယ်”
ဒုတိယအဘိုးအိုက ပြောပြီးသည်နှင့် ဘေးပတ်ပတ်လည်မှ ရောင်စုံမြူများမှာ စတင်၍ ပျယ်လွင့်လာခဲ့၏။ အသက်ရှုသွင်းရှုထုတ်ဆယ်ကြိမ်ခန့်လောက်တွင် လုံးဝ ကွယ်ပျောက်သွားတော့မည့်ပုံရှိနေသည်။
မန်ဟို၏နှလုံးခုန်သံ ပိုမြန်လာသည်။ ထောက်တိုင်များ အရောင်မှိန်သွားသောအခါ မည်သို့သော မြင်ကွင်းဖြစ်လာမည်ကို သူရှင်းပြနေရန် မလိုတော့။ သည်နေရာတစ်ခုလုံး ကြောက်မက်ဖွယ်ရာ သတ်ပွဲကြီး အသွင်သို့ ပြောင်းသွားပေလိမ့်မည်။ သူက ဆေးလုံးကို လွှင့်ပစ်လိုက်လျှင် ဆေးလုံးကို မရလိုက်သူများက သူ့အား ရန်ရှာမည် သေချာ၏။
“ဘာလို့ … ဘာလို့ ငါ့ကိုမှ ပေးရတာလဲ” မန်ဟိုက ချွေးစေးများပြန်နေရင်းက တွေးသည်။ သူ၏အတွေးများ ယောက်ယက်ခတ်နေသည်။ သူက ဆေးလုံးကို မရှင်းလင်းနိုင်လျှင် အရှင်းလင်းခံရမည့်လူက သူဖြစ်သွားနိုင်၏။ သုံးနှစ်တာကာလ စာသင်သားဘဝ ဗဟုသုတများကို စဉ်းစားကာ သူသည် မြူများ ပျက်ပြယ်လာသော ထောက်တိုင်နှင့် ထွက်ခွာသွားရန် ဟန်ပြင်နေသော စင်မြင့်ပေါ်မှ ရှန့်ကွမ်းရှိုးအား ကြည့်ကာ မန်ဟိုတစ်ယောက် အကြံတစ်ချက် ရ၏။
ကြာကြာစဉ်းစားရန် အချိန်မရှိဘဲ သူက ရှေ့ကို တက်ကာ ပြောလိုက်သည်။
“တပည့်မှာ ပြောစရာတစ်ခု ရှိပါတယ်”
“မှီခိုရာဂိုဏ်းကို ရောက်လာပြီး အင်မော်တယ်တွေရဲ့ ကောင်းချီးပေးမှုကို ရရှိတာက ကျွန်တော့ဘဝမှာ အကြီးမားဆုံး ဆုလာဘ်ပါပဲ။ ဒီလိုဖြစ်လာအောင် အဓိက ဆောင်ရွက်ပေးခဲ့တဲ့တစ်ယောက်ကို တပည့်က ကျေးဇူးတင်ချင်ပါတယ်”
“တပည့်က သူ့ကို ကျေးဇူးတင်ဖို့ စောင့်နေခဲ့တာ နေ့နေ့ညညရှိပြီဖြစ်ပေမယ့် ဒီနေ့မှသာ အခွင့်အရေး ရပါတော့တယ်” သူက မြန်မြန်ဆန်ဆန်ပြောလျှင် ရှန့်ကွမ့်ရှိုးက ထွက်မသွားတော့ဘဲ မန်ဟိုကို အံ့အားသင့်စွာ ကြည့်သည်။
“သူဟာ အစ်မရှုပဲ ဖြစ်ပါတယ်။ အစ်မရှု … ဂျူနီယာလေးက အစ်မရှုရဲ့ ကျေးဇူးကို ပြန်ဆပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒီနေ့ ကျွန်တော်က ကျေးဇူးတင်တဲ့အနေနဲ့ ဒီဆေးလုံးကို ပေးအပ်ချင်ပါတယ်” မန်ဟိုက ညာလက်တွင်ရှိသော အထူးဆေးလုံးအား လေထဲတွင် မြှောက်ကာ ပြောသည်။
ရှန့်ကွမ့်ရှိုးကလည်း မန်ဟိုထိုသို့ ပြောမည်ဟု မထင်မှတ်ထားဘဲ အံ့အားသင့်နေသည်။ သူ၏မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခုဖြစ်လာကာ သူက ပြုံးလိုက်၏။
သူ့ဘေးတွင် ရပ်နေသော မိန်းကလေးရှုသည်လည်း အံ့ဩနေ၏။ သူမ၏အမူအရာက ခံစားချက်ကင်းမဲ့ကာ ထူးမခြားနားသော်လည်း ယခု ထိုအမူအရာက အနည်းငယ် ပြောင်းလဲနေသည်။ သူမ၏ကျင့်ကြံခြင်းအဆင့်ကား စဦးချီဖွဲ့စည်းခြင်းအဆင့်(၇)ဖြစ်ရာ သွေ့ခြောက်ဆေးလုံးသည် သူမအတွက် သိပ်အသုံးမဝင်ပေ။ သို့သော်လည်း အတွင်းစည်းတပည့်ဖြစ်သော သူမအတွက်ပင် သွေ့ခြောက်ဆေးလုံးသည် အလွန်ရှားပါး၏။ သူမက သွေ့ခြောက်ဆေးလုံးနှင့် တခြားသော ဆေးဝါးအချို့ကို ပေါင်းစပ်လိုက်လျှင် အသုံးဝင်သော ဆေးလုံးတစ်လုံး ဖြစ်လာနိုင်ပေသည်။ ထိုအခိုက်တွင် သူမကလည်း ဆေးလုံးကို လိုချင်တပ်မက်ဖြစ်လာ၏။
ထိုအခိုက်တွင် ငွေရောင်ဝတ်စုံဖြင့်လူငယ်ကပင် မန်ဟိုအား လှမ်းကြည့်သည်။
အားလုံးက တိတ်ဆိတ်နေသည်။ မန်ဟိုထံသို့ ချဉ်းကပ်နေကြသူများမှာလည်း ရုတ်တရက် ရပ်လိုက်ကြ၏။ သူတို့၏မျက်နှာများတွင် နားမလည်ခြင်းများကို တွေ့နိုင်သည်။
အတန်ကြာ တိတ်ဆိတ်သွားပြီးမှ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။
“ဒီလိုလည်း လုပ်လို့ရတာပဲလား”
“လူအများရှေ့မှာ အတွင်းစည်းတပည့်ကို ဆေးလုံးသွားပေးမှတော့ ဘယ်သူက ဆေးလုံးအတွက် တိုက်ခိုက်ရဲတော့မလဲ။ ဒါက အတွင်းစည်းတပည့်နဲ့ တိုက်ခိုက်တာနဲ့အတူတူပဲကို”
“ဘယ်လောက် ရိုးရှင်းတဲ့နည်းလမ်းလဲ။ ငါ ဒါမျိုး တစ်ခါမှ မစဉ်းစားဖူးဘူး။ သေစမ်း… သေစမ်း”
“ငါ ဘာလို့ ဒီလို မစဉ်းစားမိခဲ့ပါလိမ့်။ ငါ့တုန်းကဆို သုံးလလောက် အိပ်ရာထဲ လဲနေလိုက်ရတယ်”
မန်ဟိုအား ကြည့်နေသူများအားလုံး ကွဲပြားခြားနားသော အမူအရာများဖြစ်နေကြသည်။ အတိတ်တွင် မည်သို့ပင်ဖြစ်ခဲ့ဖြစ်ခဲ့၊ ယခု ရောက်နေသူများအားလုံးသည် ဆေးလုံးအား ဤသို့ အသုံးချသည်ကို တစ်ခါမှ မမြင်ဖူးမကြားဖူး။
ယခုကား နဂါးရုပ်ထွင်းထောက်တိုင်များမှာ လုံးဝ အရောင်မှိန်သွားပြီဖြစ်သည်။ ဆေးလုံးမှာ မန်ဟို၏လက်ထဲတွင်သာ ရှိသေးသော်လည်း မည်သူမှ လာမလုရဲကြ။ ဤကား မှီခိုရာဂိုဏ်းအတွင်း ရှားပါးဖြစ်စဉ်ပင်။
မိန်းကလေးရှု၏အမူအရာက ပုံမှန်အနေအထားသို့ ပြောင်းလဲသွားခဲ့သည်။ သူမက လက်ဝှေ့ယမ်းလိုက်လျှင် မန်ဟို၏လက်ထဲမှ ဆေးလုံးသည် သူမ၏လက်ထဲသို့ ပျံဝဲ၍ ရောက်ရှိသွား၏။
မန်ဟိုလည်း တိတ်တခိုး သက်ပြင်းချသည်။ သို့သော်လည်း သူ၏လက်ရှိအနေအထားဖြင့် ဆေးလုံးသည် သူ့အား ကံဆိုးမိုးမှောင်ကမှုကိုသာ ယူလာမည်ကို သိ၏။ အနီးမှ လူများကလည်း သက်ပြင်းချကြသည်။ သို့သော်လည်း သူတို့က မိန်ကလေးရှုနှင့်ပတ်သက်၍ တွေးမိလျှင် ထိုဒေါသများ ပျယ်ပျောက်သွားကြသည်။
မိန်းကလေးရှုက အနည်းငယ် တွန့်ဆုတ်နေသည်။ သူမ၏အတွင်းစည်းတပည့်အဆင့်အတန်းဖြင့် အပြင်စည်းတပည့်တစ်ဦး၏ဆေးလုံးအား သည်အတိုင်းယူရမည်မှာ အနည်းငယ် မသင့်တော်ဟု ခံစားရ၏။
သူမက အတန်ကြာ တိတ်ဆိတ်နေပြီးမှ ပြောသည် “လွန်ခဲ့တဲ့တစ်နှစ်အကြာ ငါ အပြင်စည်းတပည့်အဖြစ် ရှိတုန်းက ကျင့်ကြံခြင်းဂူတစ်လုံး ချီးမြှင့်ခံရတယ်။ အခု အဲဒီလိုဏ်ဂူကို မင်းနေဖို့ ငှားပေးမယ်” သူက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ မန်ဟိုထံသို့ လှမ်းပြစ်ပေးလိုက်သည်။
“အစ်မရှုရဲ့ကျင့်ကြံခြင်းဂူ … ဒီကောင်လေးက တကယ် ကံကောင်းတာပဲ။ အဲဒီမှာ သာမန်နေရာတွေထက် ပိုအားကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ရှိတယ်တဲ့”
“အစ်မရှုက ငှားပေးတယ်ဆိုတာက ပေးလိုက်တာနဲ့အတူတူပဲကို။ သူမက လူတွေ အများကြီးရှေ့မှာမို့လို့ ငှားပေးတယ်လို့ သင့်တော်အောင် ပြောလိုက်တာ။ ကောင်လေးက ဆေးလုံးကို လက်ဆောင်ပေးလိုက်တာ တကယ် အကျိုးရှိသွားတာပဲ”
“သေစမ်း … အရင်တုန်းက ငါလည်း ဒီလို တွေးမိသင့်တယ်”
ထိုစဉ်မှာပင် တောင်ထိပ်တစ်နေရာတွင် ထိုင်နေကြသော အဘိုးအိုနှစ်ဦးထဲမှ တစ်ယောက်က ဟက်ဟက်ပက်ပက် ရယ်သည်။
“ကောင်လေးက စိတ်ဝင်စားစရာပဲ။ သူက ဂိုဏ်းကို ခုမှ ဝင်လာပေမဲ့ မှီခိုရမယ့်တစ်စုံတစ်ယောက်ကို ရှာရမယ်ဆိုတာ သိနေပြီ။ သူ့မှာ အတွင်းဗီဇပါရမီပါတာများလား … အရမ်းကောင်းတယ်။ မှီခိုရာဂိုဏ်းရဲ့အစစ်အမှန်ဆိုလိုရင်းကို နားလည်နိုင်တာ။ ကောင်လေးက မဆိုးဘူးပဲ … တကယ်မဆိုးဘူးပဲ”