← Chapters

အက်ကာမန်၏ ဆန္ဒ

Vol. 5 Ch. 69

အက်ကာမန်၏ ဆန္ဒ

Vol. 5 Ch. 69

အက်ကာမန် အသုံးပြုနေသည့် ညစ်ညမ်းသော သွေးများမျာ ‘ပေးဝမ်း’ ဟု ခေါ်သော အိပ်မက် သားရဲထံမှ လာခြင်း ဖြစ်သည်။ စိတ်မကောင်းစရာ တစ်ခုက နှစ်ပေါင်းများစွာ အတွင်း သူ ထိုးသွင်းထားသည့် သွေးရည်ကြည် ပမာဏမှာ သည်းခံနိုင်သည့် ကန့်သတ်ချက်များကို ကျော်လွန်နေပြီ ဖြစ်သည်။

(မှတ်ချက် ။ ပေးဝမ်း (Pale One) ဆိုသည်မှာ မျက်စိ တစ်လုံးထဲသာ ပါရှိသည့် လူသားနှင့် ဆင်တူသော အိပ်မက် သားရဲတစ်ကောင် ဖြစ်သည်။

သွေးကြောများထဲရှိ စွမ်းအားကို နှိုးဆွလိုက်သည့်အခါတိုင်း အက်ကာမန်၏ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်မှာ အကြီးအကျယ်ပင် ပြောင်းလဲ သွားသည်။ သူ၏ နောက်ကျောတွင် အရိုးချွန်များက ထိုးဖောက် ထွက်ပေါ်လာကာ ရင်ဘတ်အလယ်တွင်လည်း ကြီးမားသည့် လိုဏ်ခေါင်းပေါက်ကြီးတစ်ခုနှင့် အတူ အဖြူရောင် အရိုးစု သတ္တဝါကြီး တစ်ကောင် အဖြစ် ပြောင်းလဲ သွားသည်။ ထိုအခြေအနေတွင် သူက ပေးဝမ်း သတ္တဝါများနှင့် အခြေခံအားဖြင့် မခြားနားတော့ပေ။

အက်ကာမန်မှာ သက်တမ်းရင့် မုဆိုးကြီးများ ထဲမှ တစ်ဦးဖြစ်သည်။ သူ၏ အသိဉာဏ်မှာ အချိန်တိုင်း ပြိုကွဲလုနီးပါး ဖြစ်နေကာ စိတ်ခွန်အားမှာလည်း ခိုင်မြဲခြင်း မရှိတော့ချေ။ ဆင်ခြင်တုံတရားကို ထိန်းသိမ်းရန်အတွက် အမှန်တရား အသင်းတော် မှ ရောင်းချသည့် အားပြင်း စိတ်ကျဆေး များကို အက်ကာမန် ဆက်တိုက်ပင် သုံးစွဲနေရသည်။

သို့သော်လည်း သူက မုဆိုးတစ်ဦးဖြစ်ရသည်ကို ဂုဏ်ယူနေဆဲပင်။

မုဆိုးများထံတွင် သူရဲကောင်းများလိုမျိုး စိတ်ဓာတ်ကြံ့ခိုင်မှု မရှိသလို မှော်ဆရာများလို လက်ဆင့်ကမ်း သင်ကြားမှုများလည်း မရှိချေ။ ထို့နည်းတူစွာပင် သူတော်စင်များလိုမျိုး ဉာဏ်ပညာမျိုးလည်း မရှိခဲ့ကြပေ။ မုဆိုးများမှာ သူတို့၏ သွေးနှင့် စိတ်ဝိညာဉ်မှတစ်ဆင့် ကြမ်းတမ်းသော သားရဲများကို ထုတ်ယူကာ လက်နက်အဖြစ် အသုံးပြုနိုင်သည့် သာမန် သွေးသားခန္ဓာကိုယ်နှင့် လူများသာ ဖြစ်ကြသည်။

ထို့ကြောင့်... ခွန်အား အရာတွင် ဖျက်ဆီးခြင်း အဆင့်သို့ပင် ရောက်ရှိ နေပြီဖြစ်သော အက်ကာမန်လို မုဆိုးတစ်ဦးကိုပင် အမှန်တရား အသင်းတော်က ထိုက်သင့်သည့် တန်ဖိုးထားမှု မပေးဘဲ စွန့်ပစ်ရမည့် ကိရိယာ တစ်ခု အဖြစ်သာ မြင်နေခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော့်မှာ တခြားရွေးချယ်စရာတွေ ရှိတယ်လို့ ဘယ်တုန်းကမှ မတွေးဖူးဘူး..."

အက်ကာမန် တစ်ယောက် လက်သီးကို ခပ်တင်းတင်း ဆုပ်ထားလိုက်ရင်း အတွင်းစိတ် ပဋိပက္ခများကို ထိန်းချုပ်ရန် ရုန်းကန်နေသည်။

"သူတို့က အရာအားလုံးကို အမြဲတမ်း ထိန်းချုပ်ထားတယ်... ကိုယ့်ရပ်တည်မှုကို တိုက်ပွဲဝင်ဖို့အတွက် ဆိုရင် သူတို့ကို ဖြတ်ကျော်ရမှာပဲ"

‘သြော်... ဆိုတော့ လက်ဝါးကြီးအုပ်မှုစနစ် ရှိနေတဲ့ ကုမ္ပဏီကြီးတစ်ခုပဲကိုး... ဒီလူကြီး ပြောတာ ကြားရသလောက် ဆိုရင် ကုမ္ပဏီကြီးပဲ ထင်တယ်...’

‘ကြည့်ရတာ ကျိကျစ်ရှို့ရဲ့ အဖေပိုင်တဲ့ မြေအောက် သယံဇာတ ဖွံ့ဖြိုး တိုးတက်ရေးလိုမျိုး ကုမ္ပဏီ တစ်ခု ဖြစ်နေနိုင်တယ်... ဒါပေမဲ့ ဒီဖောက်သည်ရဲ့ ကျွမ်းကျင်မှုတွေ၊ အတတ်ပညာတွေက အဲဒီနယ်ပယ် တစ်ခုတည်းမှာပဲ ကန့်သတ်ခံထားပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်လုပ်ရုံက လွဲလို့ တခြား ရွေးချယ်စရာ မရှိဘူး ဖြစ်နေတယ်”

‘အခြေအနေက တော်တော်လေး ဆိုးတဲ့ပုံပါလား... နောက်ပြီး ဒါက ကုမ္ပဏီနဲ့တင် သက်ဆိုင်နေတဲ့ ပြဿနာ မဟုတ်ဘူး... ကိုယ်ပိုင် ရည်မှန်းချက်တွေနဲ့ပါ သက်ဆိုင်နေတဲ့ ပြဿနာမျိုးပဲ’

‘သူ့အနေနဲ့ အဲဒီ ကုမ္ပဏီကြီးမှာပဲ ဆက်အလုပ်လုပ်ပြီး အထက်လူကြီးတွေ ဆက်ပြီး ဖိနှိပ်တာကို ခံမလား... ဒါမှမဟုတ် ရည်မှန်းချက်တွေကို နည်းနည်းလောက် လျှော့ချပြီးတော့ ပိုသေးတဲ့ ကုမ္ပဏီ တစ်ခုကို ပြောင်းမလား... ဒါမှမဟုတ်လည်း ရည်မှန်းချက်တွေကို လုံးဝ လွှတ်ချပြီး အခြား အသက်မွေးဝမ်းကြောင်း လုပ်ငန်း တစ်ခုကို ပြောင်းမလား...’

ဖောက်သယ်သည် တခြားရွေးချယ်စရာတွေ ရှိတယ်လို့ မတွေးဖူးကြောင်း ပြောခဲ့သည်။ ထို့ကြောင့်ပင် သူ့ အတွင်းစိတ်ထဲ၌ အကြီးအကျယ် ပြောင်းလဲမှုတချို့ကို လက်ခံနိုင်သည်ဟု ဆိုလိုသည်။ သူ့နှလုံးသားကို မသေချာမှု သို့မဟုတ် ကြောက်ရွံ့မှု တစ်ခုက ဖိစီးချုပ်ကိုင်ထားခြင်းသာ ဖြစ်သည်။

ခဏတာ စဉ်းစားပြီးနောက် လင်ကျဲက မေးလိုက်၏။

"ဒါဖြင့်... အဲဒီလူတွေကသာ အာဏာပိုင် ဖြစ်တယ်လို့ ခင်ဗျား တကယ်ထင်နေတာလား... သူတို့ဆီက ထွက်ခွာလိုက်ရင် ခင်ဗျား ဘာသာ လုံးဝ ရပ်တည်လို့ မရတော့ဘူးလား... ကိုယ့်ရဲ့ ကိုယ်ပိုင် နေရာတစ်ခု ရဖို့အတွက် သူတို့နဲ့ ပတ်သက်ဖို့ တကယ်လိုအပ်နေတာလား။"

"ခင်ဗျားရဲ့ လက်ရှိအခြေအနေကို စဉ်းစားကြည့်ပါ... နောက်ပြီး ခင်ဗျားရဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေကို စဉ်းစားပါ... ပြီးရင် ခင်ဗျားလို လူတွေရဲ့ အခြေအနေကို စဉ်းစားကြည့်ပါ... အဲဒီအခါကျရင် ကျွန်တော် ပြောနေတာတွေက ခင်ဗျားကို ကြောက်အောင် ပြောနေတာမဟုတ်သလို လှုံ့ဆော်ဖို့ ကြိုးစားနေတာလည်း မဟုတ်ဘူးဆိုတာ သိလာပါလိမ့်မယ်... ကျွန်တော် မျှော်လင့်တာက ခင်ဗျား ကိုယ်တိုင် မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုကို ပြုလုပ်နိုင်ဖို့ပါပဲ"

အက်ကာမန် တစ်ယောက် တစ်ကိုယ်လုံး အေးခဲ တောင့်တင်းသွားကာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ရာသီဥတု အခြေအနေအရ မှုန်မှုန်မှိုင်းမှိုင်းနှင့် စိတ်မသက်မသာ ဖြစ်ဖွယ်ကောင်းသည့် နေ့ရက် တစ်ရက်ဖြစ်သော်လည်း သူ၏ နှလုံးသားထဲတွင်တော့ မီးတောက်တစ်ခုမှာ စတင်ကာ လောင်ကျွမ်းလာခဲ့သည်။

အက်ကာမန်မှာ အမှန်တရား အသင်းတော် ကို အထင်သေးကာ ဝေဖန်ခဲ့သော်လည်း သူ၏ မသိစိတ် အတွင်းတွင်တော့ ထိုအသင်းတော်ကို လုံးဝ အာဏာပိုင်အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ထားခဲ့သည်။

သို့သော်လည်း... လက်တွေ့၌ အမှန်တရား အသင်းတော်မှာ သူတို့လို မုဆိုးများကို လုံးဝ ဂရုမစိုက်ကြပေ။ မုဆိုးတစ်ဦးက တရားဝင် အကဲဖြတ်ခွင့် ရရန် လျှောက်ထားသည့်အခါ အမှန်တရား အသင်းတော်မှ အကြီးအကဲများမှာ နောက်ကွယ်တွင် လှောင်ပြောင် ရယ်မော၍ပင် နေနိုင်သည်။

မုဆိုးများမှာ သူတို့ကိုယ်တိုင်နှင့် အခြားမုဆိုးများ၏ အသိအမှတ်ပြုမှုသာ လိုအပ်သင့်သည်။ အဘယ်ကြောင့် အခြားသူများ၏ ဖိနှိပ်မှုကို ခံနေရသနည်း။ ကိုယ့်ကိုယ်ကို အကဲဖြတ်သည့် နည်းလမ်းဖြင့်သာ မုဆိုးများမှာ ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နိုင်မည့် နေ့ရက်တစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။

စာအုပ်ဆိုင်ပိုင်ရှင်က မည်သူ ဖြစ်သည်၊ သူ၏ ရည်ရွယ်ချက်များက မည်သည် ဖြစ်သည်တို့ကို ယခုတိုင် ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း သူ ပြောခဲ့သည့် စကားလုံးများကတော့ သူ့ကို ဉာဏ်အလင်းပွင့်စေသည်။ အက်ကာမန် တစ်ယောက် ပို၍ စိတ်လှုပ်ရှားလာခဲ့၏။

"ကျွန်တော် နားလည်ပါတယ်... ခင်ဗျား ပြောချင်တဲ့ ထွက်ပေါက်ဆိုတာ ကိုယ့်ဘာသာကိုယ် ရှာဖွေ ရမယ့်အရာဖြစ်တယ်... နောက်ပြီး ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို မှီခိုရမယ် ဆိုတာပါပဲ"

‘သူ ဆုံးဖြတ်ချက် ချတာ မြန်လှချည်လားဟ...’

လင်ကျဲ အနည်းငယ် အံ့ဩသွားခဲ့၏။ ဤဖောက်သည်မှာ အခက်အခဲများနှင့် ရင်ဆိုင် နေရသော်လည်း ရုန်းထွက်ရဲသည့် ဆန္ဒတစ်ခုကို ပိုင်ဆိုင်ထားကာ ကိုယ်ပိုင် လုပ်ငန်းသစ်တစ်ခုကို စွန့်စားဖို့ ရွေးချယ်လိုက်ပုံရသည်။

လင်ကျဲ အနည်းငယ် အံ့အားသင့်သွားသော်လည်း အခြေအနေသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးရာ တည်ငြိမ်မှု မပျက်ပါချေ။ မည်သည့် ရွေးချယ်မှုမျိုးကို မဆို ကိုင်တွယ် ဖြေရှင်းရန် အတွက် သူ ဉာဏ်နီဉာဏ်နက်များကို အဆင်သင့် သိုလှောင်ထားဆဲ ဖြစ်သည်။

တကယ်တမ်းအားဖြင့် လင်ကျဲ ပြောခဲ့သော စကားလုံးများမှာ သူရရှိထားသည့် အချက်အလက်များပေါ် အခြေခံ၍ မရေမရာသည့် လှုံ့ဆော်မှုများသာ ဖြစ်သည်။ ၎င်းတို့ကို မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုသည်မှာ ထိုသူ၏ ကိုယ်ပိုင်အမြင် ပေါ်တွင် လုံးလုံးလျားလျား မူတည်နေသည်။

လူတစ်ဦးနှင့်တစ်ဦး စိတ်နေသဘောထား ကွဲပြားကြသဖြင့် သဘာဝအတိုင်း အဖြေများသည်လည်း ကွဲပြားကြသည်။ သူတို့ ရွေးချယ်သည့် လမ်းစဉ်များမှာ သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြစ်ပြီး လက်တွေ့တွင် လင်ကျဲနှင့် မည်သို့မျှ မပတ်သက်ပေ။

နောက်ဆုံး၌... ဖောက်သည်များမှာ လင်ကျဲ၏ စကားလုံးများနှင့် လမ်းညွှန်မှုများကို အသိအမှတ် ပြုကြမည်ဖြစ်သော်လည်း တကယ်တမ်း သူတို့ ရရှိ ပိုင်ဆိုင်သွားသည်မှာ သူတို့၏ ကိုယ်ပိုင်ဆန္ဒများ သာ ဖြစ်သည်။

လင်ကျဲသည် ပုံမှန်အတိုင်း တည်ငြိမ်သည့် အပြုံးကို ဆက်ထိန်းထားရင်း ခေါင်းညိတ်လိုက်သည်။

"တစ်ခုတော့ သတိထားပါ... တစ်ခါတလေကျရင် မျက်ကန်း သဘောတူညီမှုတွေက ခင်ဗျား ရှာဖွေနေတဲ့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ကို မပေးနိုင်ဘဲ ခင်ဗျားကို အားနည်းပြီး အနိုင်ကျင့်ရလွယ်ကူတဲ့ သူလို ဖြစ်လာစေနိုင်ပါတယ်"

"နောက်ပြီး သူတို့ကို ရင်ဆိုင်ဖို့ အတွက် ခင်ဗျား တစ်ယောက်တည်းရဲ့ အစွမ်းအစက လုံလောက်ချင်မှ လုံလောက်လိမ့်မယ်... ဒါပေမဲ့ ခင်ဗျား တစ်ယောက်တည်း မဟုတ်ပါဘူး... အင်အားစု တစ်ခုလို ပူးပေါင်းနိုင်မယ့် ရဲဘော်ရဲဘက်တွေ ရှိပါသေးတယ်... သူတို့နဲ့ ပူးပေါင်းပြီး လုပ်ငန်းသစ် တစ်ခု စမယ် ဆိုလည်း အဆင်ပြေတယ်... အားလုံးက ခင်ဗျားပေါ်မှာပဲ မူတည်ပါတယ်... သေချာစဉ်းစားပြီး နောင်တမရဘူး ဆိုမှ လုပ်ပါ"

ထိုစကားလုံးများကို နားထောင်ရင်း အက်ကာမန် တစ်ယောက် စာအုပ်ဆိုင်ပိုင်ရှင်၏ ရည်ရွယ်ချက် အစစ်အမှန်ကို မြင်တွေ့လိုက်ရသလို ခံစားလိုက်ရသည်။ သူက မုဆိုးများကို အားပေးအားမြှောက် လုပ်ကာ အမှန်တရား အသင်းတော်၏ အာဏာ ပြိုလဲစေရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

မှန်ပေသည်။ လူသားတို့၏ စိတ်နှလုံးကို ကစားခြင်းနှင့် ပဋိပက္ခကို လှုံ့ဆော်ခြင်း... ဤသည်မှာ မိစ္ဆာတို့ အတွက် ပျော်ရွှင်မှု ပင်။

သို့သော်... ဤမိစ္ဆာ သူ့ ခေါင်းအတွင်း ထည့်သွင်းပေးလိုက်သော အတွေးများက ထူးခြားသော အမြင်သစ် တစ်ခုနှင့် အတူ သူ့ကို စိတ်လှုပ်ရှား စေခဲ့သည်။

နှင်းဆီပန်းကလေးမှာ သူ့ထံမှ မည်သည့်အရာကို ယူဆောင်သွားခဲ့ကြောင်း အက်ကာမန် မသိချေ။ သို့သော်လည်း ဆန္ဒ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်ဟု မရေမရာ ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ထို့မတိုင်ခင် အချိန်က သူ၏ အကြီးမားဆုံးသော ဆန္ဒမှာ ဖျက်ဆီးခြင်း အဆင့် အကဲဖြတ်ခြင်းကို ပြီးမြောက်အောင် လုပ်ဆောင်ရန်သာ ဖြစ်သည်။ သို့သော်လည်း... ယခုမူ အမှန်တရား အသင်းတော်၏ အသိအမှတ်ပြုမှုကို ရရှိဖို့ သူ လုံးဝ သောက်ဂရုမစိုက်တော့ပေ။

ဆန့်ကျင်ဘက်အားဖြင့်... မုဆိုးများ၏ အဆင့်အတန်းကိုသာ မြှင့်တင်ရန် ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။ ဤသည်မှာ သူ လိုချင်တောင့်တနေသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်လာသည်။

အက်ကာမန် အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။

"ဒါ အရမ်းအန္တရာယ်များတယ်ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့... ကျွန်တော် တကယ်ကို လုပ်ချင်တယ်... ကျွန်တော် ရူးသွားပြီ ထင်ပါတယ်"

သူက ရယ်မောရင်း ပြောလိုက်သည်။ လင်ကျဲကလည်း လိုက်လံ၍ ရယ်မောလိုက်၏။

"ဪ... ဒါနဲ့ ကျွန်တော့်မှာ ကျိကျစ်ရှို့ လို့ခေါ်တဲ့ ဖောက်သည်တစ်ယောက် ရှိပါတယ်... အခွင့်သင့်ရင် ကျွန်တော် သူ့ကို ခင်ဗျားနဲ့ မိတ်ဆက်ပေးပါ့မယ်... သူက ခင်ဗျားကို အထောက်အကူ ပေးနိုင်ပါလိမ့်မယ်"

ကျိကျစ်ရှို့မှာ မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ သူဌေးကြီး၏ တစ်ဦးတည်းသော သမီးဖြစ်လေရာ အလုပ်တစ်ခု ပေးအပ်ရန်မှာ သူမအတွက် ခက်ခဲသော တောင်းဆိုချက် တစ်ခု ဖြစ်လာလိမ့်မှာ မဟုတ်ပေ။

***

All Chapters