← Chapters

ရင်းနှီးစရိတ် သုညဖြင့် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ခြင်း

Vol. 5 Ch. 70

ရင်းနှီးစရိတ် သုညဖြင့် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ခြင်း

Vol. 5 Ch. 70

ပထမတုန်းက လင်ကျဲမှာ ဖောက်သည်၏ ကိုယ်ပိုင်ထင်မြင်ချက်များကို ဖြည့်စွက်ပေးရန်အတွက် လမ်းညွှန်မှုအချို့ ပေးနေရုံမျှသာဖြစ်သော်လည်း လုပ်ငန်းသစ်တစ်ခု စတင်ရန် စိတ်ကူးကတော့ ကောင်းမွန်သော အကြံတစ်ခုဟု ခံစားလိုက်ရသည်။

ဖောက်သည်မှာ သူ အလုပ်လုပ်နေသည့် ကုမ္ပဏီအတွင်း စွန့်ပစ်ခံ ကိရိယာတစ်ခုအဖြစ် ကိုယ့်ကိုယ်ကို ထင်မြင်လာသည် အထိ ဖိနှိပ်ခံရခြင်းကြောင့် သူ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမှာ ပြင်းထန်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့်ပင်... ကွဲပြား ခြားနားသည့် လမ်းကြောင်းတစ်ခုကို ရွေးချယ်၍ ထွက်ခွာခြင်းမှာ ပိုမိုကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။

သို့သော်လည်း... လူလတ်ပိုင်းအရွယ် လူတစ်ဦးအတွက် အသက်မွေးဝမ်းကျောင်း အလုပ် ပြောင်းလဲခြင်းမှာ အတော်လေး ခက်ခဲသောအရာ ဖြစ်သည်။ ၎င်းမှာ ဇွဲလုံ့လဖြင့်သာ အောင်မြင်နိုင်သည့် အလုပ် တစ်ခု မဟုတ်ဘဲ ငွေကြေးနှင့် နည်းလမ်းများပါ လိုအပ်သည်။

သို့သော် ဖောက်သည်က လျှင်မြန်စွာပင် ဆုံးဖြတ်ချက် ချမှတ်ကာ "အရမ်းအန္တရာယ်များပေမဲ့" ဟု ပြောဆိုခဲ့သည့် ပုံစံအရ သူ့ထံတွင် ယုံကြည်မှုအချို့ ရှိနေနိုင်သည်ဟု ဆိုလိုသည်။

သို့စေကာမူ... သူ လျှင်မြန်စွာ စိတ်ဓာတ်ကျ မသွားစေရန် အတွက် အာမခံချက်အချို့ ပေးထားခြင်းက အကောင်းဆုံးဟု လင်ကျဲ ခံစားရသည်။

ကံကောင်း ထောက်မစွာပင် သခင်မလေးကျိမှာ အနည်းငယ် ကူညီပေးနိုင်လိမ့်မည်။ အနည်းဆုံးတော့ ဖောက်သည် အနေဖြင့် အလုပ်လက်မဲ့ ဖြစ်မသွားစေရန် လင်ကျဲ အာမခံနိုင်ပေလိမ့်မည်။ ကျိကျစ်ရှို့၏ ဖခင်မှာ အောက်ပိုင်းခရိုင်ရှိ သယံဇာတနှင့် တွင်းထွက်ပစ္စည်းအားလုံးကို လက်ဝါးကြီးအုပ်ထားသည့် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး အမည်ရှိ ဧရာမ ကော်ပိုရေးရှင်းကြီးကို ထိန်းချုပ်ထားကာ နော်ဇင်၏ နယ်ပယ်အားလုံးနီးပါးတွင် ပါဝင်ပတ်သက်နေသည်။ နော်ဇင်အပေါ် သူတို့၏ သြဇာလွှမ်းမိုးမှုက မယုံနိုင်စရာပင် ဖြစ်သည်။

သူတို့က လုပ်ငန်းတိုင်းတွင် နေရာတိုင်း ရှိနေသည့် ကော်ပိုရေးရှင်းတစ်ခု ဖြစ်သည်။ အဝတ်အထည်၊ အစားအသောက်၊ အိမ်ရာ၊ သယ်ယူပို့ဆောင်ရေး သို့မဟုတ်... အခြား ကုန်သွယ်မှုနယ်ပယ် မည်သည်ပင်ဖြစ်စေ၊ အနည်းငယ် စူးစမ်းကြည့်ရုံဖြင့်ပင် ဤကော်ပိုရေးရှင်းကြီး၏ သြဇာလွှမ်းမိုးမှုကို တွေ့ရပေမည်။ ကမ္ဘာမြေပေါ်တွင်ပင် ဤကဲ့သို့သော လွှမ်းမိုးမှုမျိုး မရှိခဲ့ပေ။

လင်ကျဲ ကမ္ဘာအသစ်သို့ ရောက်ရှိခဲ့သည်မှာ သုံးနှစ်မျှသာ ရှိသေးသော်လည်း မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၏ သြဇာလွှမ်းမိုးမှုကို ကောင်းစွာ နားလည်ထားပေသ်ည။

အစားအသောက်နှင့် ကုန်ခြောက်များ ဝယ်ရန် အပြင်ကို ထွက်သည့်အခါတိုင်း အနည်းဆုံး စတိုးဆိုင် တစ်ဝက်ခန့်တွင် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၏ လိုဂိုကို မြင်တွေ့ရသည်။

ဆိုင်ချင်းကပ် ရုပ်မြင်သံကြား ဆိုင်တွင် ရောင်းချသည့် စီဒီနှင့် စီဒီပလေယာများပင်လျှင် သူတို့ လိုဂိုအောက်ရှိ ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ခြင်း ဖြစ်သည်။

ဖြစ်နိုင်ချေ ရှိသည်က... ဤစီဒီချပ်များကိုပင် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးပိုင် ဖျော်ဖြေရေးကုမ္ပဏီများမှ ထုတ်လုပ်ခြင်း ဖြစ်ပေလိမ့်မည်။

ကျိကျစ်ရှို့ လာခဲ့သည့် နေ့က လင်ကျဲ စပ်စုစိတ်ဖြင့် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး၏ သမိုင်းကို ရှာဖွေခဲ့ဖူးသည်။ အချက်အလက်များအရ ထိုကုမ္ပဏီကို လွန်ခဲ့သည့် အချိန်အတော်ကြာက တည်ထောင်ခဲ့ကြောင်းနှင့် ကုမ္ပဏီကို စတင်တည်ထောင်ခြင်းမပြုမီက အောက်ပိုင်းခရိုင်ကို အုပ်ချုပ်သည့် စစ်တပ်တစ်ခုဖြစ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ လက်ဝါးကြီးအုပ် ကုမ္ပဏီဖြစ်လာခြင်းမှာ နော်ဇင်၏ ဖွဲ့စည်းပုံကြောင့်ဟုပင် ဆိုနိုင်ပေသည်။

နော်ဇင်၏ အထက်ပိုင်း ခရိုင်မှာ သတ္တုများဖြင့် တည်ဆောက်ထားသော လူလုပ်မြို့တော်ဖြစ်ပြီး မြေပြင်မှ လုံးဝ ကွဲထွက်နေသည်။ အပေါ်မှ ကြည့်လျှင် အထက်ပိုင်း ခရိုင်မှာ ကြီးမား လုံးဝန်းသည့် အရာကြီး တစ်ခုလိုပင် ဖြစ်နေသည်။

ဗဟိုခရိုင် အနီးရှိ လမ်းများတွင် ကိုယ်ပိုင်အမည်များ ရှိကြပြီး ကျန်ရှိသော လမ်းမများနှင့် လမ်းသွယ်များကိုမူ အက္ခရာများ၊ နံပါတ်များဖြင့် ခွဲခြား သတ်မှတ်ထားသည်။

လင်ကျဲ၏ စာအုပ်ဆိုင် တည်ရှိရာ ၂၃ လမ်းမကြီးမှာ ဗဟိုခရိုင်နှင့် နီးစပ်ဆဲဟု ယူဆရသည့် နံပါတ်တပ်ထားသော လမ်းတစ်ခု ဖြစ်သည်။

အောက်ပိုင်းခရိုင်ကိုတော့ "မြေအောက်" နှင့် "မြေပြင် အကူးအပြောင်းဇုန်" ဟု ရည်ညွှန်းသည်။ ဖွဲ့စည်းပုံအရ... အထက်ပိုင်း ခရိုင်မှာ သဘာဝသယံဇာတများ မရှိသည့် လူလုပ်တည်ဆောက်မှုများသာ ဖြစ်ကြောင်း ထင်ရှားသည်။ ဤကမ္ဘာရှိ အမှန်တကယ် သဘာဝသယံဇာတများမှာ အောက်ပိုင်းခရိုင်တွင်သာ အပြည့်အဝ တည်ရှိသည်။

အောက်ပိုင်းခရိုင်သည် အဇီး၏ နယ်နိမိတ် ဖြစ်သည့် မြူတံတိုင်းနှင့် ထိတွေ့နေလေရာ နေထိုင် အချို့မှာ ထူးဆန်းသည့် ကပ်ရောဂါများကို ခံစားခဲ့ရပြီး သူတို့၏ မျိုးဆက်များအပေါ် သက်ရောက်မှု ရှိခဲ့သည့် နေရာလည်း ဖြစ်သည်။ နှစ်ပေါင်း ထောင်ချီ အချိန်ယူ၍ ဤလူများအတွက် သီးခြားခွဲထုတ်မှုကို အကောင်အထည်ဖော်ခဲ့လေရာ အောက်ပိုင်းခရိုင်နှင့် အထက်ပိုင်းခရိုင်တို့ရှိ ဂေဟစနစ်မှာ လုံးဝ ကွဲပြားသွားခဲ့သည်။

စကားမစပ်... ကပ်ဘေး ဘုရားကျောင်းမှာ အောက်ပိုင်းခရိုင်တွင် စတင် ပေါ်ထွန်းခဲ့ကာ ယခုအချိန် အထိ ထိုနေရာတွင် အဓိက ကိုးကွယ်မှုအဖြစ် ရှိနေဆဲဖြစ်သည်။

ယခင်က အထက်ပိုင်း ခရိုင်၌ သယံဇာတများ တူးဖော်ရေးကို လုပ်ဆောင် နေခဲ့သည့် အဖွဲ့အစည်း များစွာ ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤအဖွဲ့အစည်းများအကြား ပြိုင်ဆိုင်မှုနှင့် ပေါင်းစည်းမှုများ ဖြစ်ပေါ်ခဲ့ရာမှ နောက်ဆုံးတွင် ဧရာမ ကော်ပိုရေးရှင်းကြီးဖြစ်သည့် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကို ပုံဖော်ခဲ့သည်။

ယခုအခါ... ထိုကုမ္ပဏီကြီးမှာ အောက်ပိုင်းခရိုင်တွင် ကိုယ်ပိုင် လုပ်ပိုင်ခွင့်နှင့် လည်ပတ်ခွင့်ကို တစ်ဦးတည်း မောင်ပိုင်စီးထားသည့် အဖွဲ့အစည်းကြီး ဖြစ်လာခဲ့သည်။

အထက်ပိုင်း ခရိုင်၌ နေထိုင်သူများမှာ အောက်ပိုင်းခရိုင်သို့ သွားရောက်လည်ပတ်ရန် လျှောက်ထားနိုင်သော်လည်း ခွင့်ပြုချက် အဆင့်များစွာ အပြင် သွားရောက်ရန် ခိုင်လုံသော အကြောင်းပြချက်များလည်း လိုအပ်သည်။

များသောအားဖြင့်... အောက်ပိုင်း ခရိုင်သို့ ဆင်းသွားသူ အများစုမှာ သတင်းထောက်များနှင့် ကျွမ်းကျင် ပညာရှင်များဖြစ်ကြပြီး လုပ်ငန်း မစတင်မီ အလွန်ရှုပ်ထွေးသော သဘောတူညီချက်များကို လက်မှတ်ထိုးရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေ... မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးမှာ ဤမျှကြီးမားသော ကော်ပိုရေးရှင်းကြီး ဖြစ်ပြီး ကျိကျစ်ရှို့မှာ ဤကော်ပိုရေးရှင်း သူဌေးကြီး၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ အထက်တန်းစား အမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့်ပင် ဤသက်လတ်ပိုင်း ဖောက်သည် အတွက် အလုပ်တစ်ခု စီစဉ်ပေးရန်မှာ အားစိုက်ထုတ်စရာ မလိုသည့် အလုပ်တစ်ခု ဖြစ်သင့်သည်။

...

"သူက ခင်ဗျားကို ကူညီပေးနိုင်မှာပါ"

ဖောက်သည်မှာ သူဌေးသမီးလေး ကျိကျစ်ရှို့နှင့် သူတို့ ကြားရှိ ခင်မင်မှုကို အနည်းငယ် သံသယဝင်နေပုံရကြောင်း လင်ကျဲ သတိပြုလိုက်မိရာ ဆက်လက် ရှင်းပြလိုက်သည်။

"ဟိုတစ်လောတုန်းက ကျိကျစ်ရှို့က ပြဿနာ တစ်ချို့ ကြုံခဲ့ရတယ်လေ... နောက်ပြီး ကျွန်တော့်ရဲ့ အကြံဉာဏ်က သူ့ ကိစ္စဖြေရှင်းတဲ့ နေရာမှာ အသုံးဝင်ခဲ့တယ်... သူ စာအုပ်ငှားသွားတဲ့ အချိန်က ရက်စေ့လုနီးပြီဗျ... သိပ်မကြာခင် သူ ပြန်လာပို့လိမ့်မယ်လို့ ကျွန်တော် ထင်တယ်”

အက်ကာမန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ နားလည် သဘောပေါက်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

"အံ့ဩစရာ မရှိဘူး... အံ့ဩစရာ မရှိတော့ဘူး"

သူက ရေရွတ်လိုက်၏။ လင်ကျဲ၏ စကားလုံးများက အရာများစွာကို ရှင်းပြနိုင်ခဲ့သည်။ အက်ကာမန်မှာ မုဆိုးတစ်ဦး ဆိုသော်လည်း နော်ဇင်၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ အတော်များများကို လေ့လာ သိရှိထားပေသည်။

အထူးသဖြင့်... လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွားနေခဲ့သည့် မုဆိုးများကြားမှ တိုက်ပွဲများ အကြောင်းကိုပင်။ ဟေးရစ် ခေါင်းဆောင်သည့် ဝံပုလွေဖြူ အဖွဲ့ ပြိုလဲသွားရသည့် အကြောင်းရင်းမှာ (ယခင်က အရေးနိမ့်နေခဲ့သည့်) ကျိကျစ်ရှို့ ရုတ်တရက်ကြီး ပိုမို အစွမ်းထက်လာသောကြောင့် ဖြစ်သည်။

၎င်းသည် လူအများစု အတွက် မဖြေရှင်းနိုင်သည့် ပဟေဠိတစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း... ယခုအခါတွင်တော့ ကျိကျစ်ရှို့မှာ စာအုပ်ဆိုင်ပိုင်ရှင်ထံမှ အကူအညီ ရရှိခဲ့သောကြောင့်ဖြစ်ကြောင်း အက်ကာမန် သိရှိလိုက်ရပြီ ဖြစ်သည်။ အံ့ဩစရာ မရှိတော့ပေ။

ထို့အပြင်... စာအုပ်ဆိုင် ပိုင်ရှင်၏ စကားလုံးများ အရ... သူက တစ်ကွဲတစ်ပြား ဖြစ်နေသည့် မုဆိုးများ စုစည်းကာ အမှန်တရား အသင်းတော် နှင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် တို့ကို ယှဉ်ပြိုင်နိုင်သည့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်း စေချင်သည့်ပုံရသည်။

ယခုလိုဆိုလျှင် မုဆိုးသမိုင်းတွင် ထင်ရှားသည့် မှတ်တိုင်တစ်ခု ဖြစ်လာမှာ သေချာသည်။ နော်ဇင်၏ ဖွဲ့စည်းပုံတစ်ခုလုံးပင် ပြောင်းလဲသွားလိမ့်မည်။

အက်ကာမန် တစ်ယောက် ရင်တဒိတ်ဒိတ် ခုန်လာခဲ့၏။ တစ်ချိန်တည်းမှာပင်... သူ စာအုပ်ဆိုင်ပိုင်ရှင်နှင့် ပတ်က်၍ စိုးရိမ် ထိတ်လန့်မှုများကို ခံစားလိုက်ရသည်။

‘ဒါက မဟာပုဂ္ဂိုလ်တစ်ဦးရဲ့ စစ်တုရင်ခံပဲ... ငါက သူ့ရဲ့ ကစားပွဲမှာ ပွန်းရုပ်လေး တစ်ရုပ် ဖြစ်ရတာ ကံကောင်းတယ်လို့ ဆိုရမယ်”

သို့သော်လည်း... သံသယအချို့မှာ သူ၏ စိတ်နှလုံးထဲ အတွင်း ခိုးဝင်လာ၏။

"ကျွန်တော် စာအုပ်တစ်အုပ် ငှားလို့ရမလား"

အက်ကာမန်သည် စာအုပ်စင်ကို တစ်ချက်ကြည့်လိုက်သည်။

လင်ကျဲ၏ အပြုံးက ပိုမို၍ နက်ရှိုင်းလာ၏။ တစ်နေကုန် လှည့်ဖြားပြီးနောက်... အဲလေ... တစ်နေကုန် ကြိုးစားပြီးနောက် အသီးအပွင့်လေးများ ပွင့်လာတော့မည် ဖြစ်သည်။

"ကျွန်တော်လည်း ပြောဖို့ ပြင်နေတာပါ..."

"ခင်ဗျားက အတွေ့အကြုံမရှိဘဲ ဒီလို ကိစ္စမျိုးကို ပထမဆုံးအကြိမ် လုပ်ဆောင်တာ ဖြစ်တဲ့အတွက် အနာဂတ် လုပ်ငန်းစဉ်မှာ ပြဿနာများစွာနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ကျွန်တော် မျှော်မှန်းမိတယ်... ဒီစာအုပ်က အလွန်အသုံးဝင်ပါလိမ့်မယ်... ဒါကို အရင်ဖတ်ကြည့်တာ အကောင်းဆုံးပါပဲ"

လင်ကျဲက သူ၏ နောက်ဖက် စာအုပ်စင်မှ 'ရင်းနှီးစရိတ် သုညဖြင့် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ခြင်း' ဟု အမည်ပေးထားသည့် စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်တော့သည်။

***

All Chapters