လေဟာနယ်သို့ ပူဇော် သက္ကာရ ပြုခြင်း
Vol. 6 Ch. 71
လင်ကျဲက စာအုပ် ယူဖို့ အတွက် နောက်သို့ လှည့်သွားစဉ် အက်ကာမန် တစ်ယောက်ကတော့ အတွေးများဖြင့် ချာလပတ်လည် နေခဲ့သည်။
စာအုပ်ဆိုင်ပိုင်ရှင်က ကျိကျစ်ရှို့မှာ စာအုပ်တစ်အုပ် ငှားသွားပြီး မကြာမီ ပြန်လာပို့တော့မည်ဟု ပြောခဲ့သည်။
ကျိကျစ်ရှို့မှာ စာအုပ်ဆိုင်ပိုင်ရှင်ထံမှ လမ်းညွှန်မှု ရရှိခဲ့ပြီး ဝံပုလွေဖြူ အဖွဲ့၏ အတွင်းရေး ပဋိပက္ခများတွင် အသာစီး ရရှိခဲ့ကြောင်း ရှင်းလင်းပေသည်။
ကျိကျစ်ရှို့က စာအုပ် ငှားသွားသည် ဆိုသည့် အချက်ကို ဆက်စပ်ကြည့်ရလျှင် စာအုပ်ဆိုင်ပိုင်ရှင်မှာ သူ၏ စာအုပ် မှတစ်ဆင့် ကျိကျစ်ရှို့အား စွမ်းအားနှင့် လမ်းညွှန်မှုများ ပေးအပ်ခဲ့သည်မှာ ထင်ရှားသည်။
စာအုပ်စင်များထက်၌ ပြည့်လျှံနေသည့် စာအုပ်များကို လှည့်ပတ် ကြည့်ရင်း အက်ကာမန် တုန်လှုပ်သွားခဲ့သည်။ ၎င်းတို့ အားလုံးထံတွင် တားမြစ် အသိပညာများ ပါဝင်နေသည်လား။
အက်ကာမန် တစ်ယောက် သူ့ကိုယ်သူ မည်မျှ အသိဉာဏ်ကင်းမဲ့ပြီး အရေးမပါကြောင်း နားလည်သွားသည်။ ဤစာအုပ်ဆိုင်ထဲတွင် စိတ်ကူးမယဉ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားများ သေချာပေါက် ရှိနေသည်။
ယခင်က အက်ကာမန် စာအုပ်ဆိုင်နှင့် ၎င်း၏ ပတ်ဝန်းကျင်ကို အလွန်သတိထား၍ စုံစမ်း စစ်ဆေးခဲ့သော်လည်း… မည်သည့် ထူးခြားချက်ကိုမျှ ရှာမတွေ့ခဲ့ပေ။ ဤအချိန်တစ်လျှောက်လုံးတွင် သူက ၎င်းကို သာမန်စာအုပ်ဆိုင်မျှသာဟု ထင်မှတ်ခဲ့သည်။
ဤအချက်တစ်ခုတည်းကပင် စာအုပ်ဆိုင်ပိုင်ရှင်မှာ သူ့ထက် အဆပေါင်း များစွာ မြင့်မားသည့် အဆင့်၌ ရှိနေကြောင်း သက်သေပြနေသည်။
ထူးခြားချက် တစ်စုံတစ်ရာကိုမျှ ခံစားနိုင်ခြင်း မရှိသော်လည်း စာအုပ်ဆိုင်ပိုင်ရှင်သည် သူ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လုံးဝ တစ်ဖက်သတ် ထိန်းချုပ်ထားခဲ့သည်။
အက်ကာမန် နှင်းဆီပန်းကို မသိမသာ ခိုးကြည့်လိုက်၏။
၎င်းသည် ဆိုးသွမ်းသော ကလေးငယ် တစ်ဦးကဲ့သို့ပင် စာအုပ်ဆိုင်ပိုင်ရှင် ထိုင်နေရာမှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် မျက်လုံးကို ဖွင့်ကာ အက်ကာမန်ကို ဆိုးသွမ်းစွာ စိုက်ကြည့်နေသည်။ ထိုမိစ္ဆာ ကြည့်နေသည့် ပုံစံက သားကောင်၏ အရွယ်အစားကို စစ်ဆေးနေသကဲ့သို့ ဖြစ်သည်။
ထိုအကြည့်ကို 'စေးက ပ်စိုစွတ်သည်' ဟု ဖော်ပြနိုင်ပေလိမ့်မည်။
အက်ကာမင် တစ်ယောက် သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်တစ်လျှောက် လျှာပြားကြီးနှင့် လျှောက်သပ် နေသကဲ့သို့ ခံစားနေရသည်။ သူ ကြက်သီးများပင် ထလာခဲ့မိ၏။
ကံကောင်းစွာဖြင့်… ပထမအကြိမ် ကြောက်မက်ဖွယ် အဖြစ်အပျက်ကို ရင်ဆိုင်ပြီးနောက် ယခုမူ သူ ထိုမျှ မကြောက်ရွံ့တော့ပေ။
မည်သို့ပင် ဆိုစေ… ၎င်းမှာ လူတစ်ဦး၏ ဆန္ဒများကိုသာ စားသုံးပုံရကာ လူတစ်ကိုယ်လုံးကို စားခြင်း မဟုတ်ပေ။
မည်သို့ပင် ဆိုစေ… စာအုပ်ဆိုင်ပိုင်ရှင် စိတ်ကောင်းဝင်နေသည်ကို ကျေးဇူးတင်သင့်သည်ဟု အက်ကာမန် တွေးလိုက်မိသည်။ မဟုတ်ပါက ထိုမိစ္ဆာကြီးမှာ 'ပန်း' ကို ရွှေ့ထုတ်မည်မဟုတ်ဘဲ အက်ကာမန်၏ ဆန္ဒများကို ဆက်လက် စားသုံးနေစေမည် ဖြစ်သည်။
အကယ်၍ နှလုံးသား အတွင်းရှိ ဆန္ဒအားလုံးသာ လုံးလုံးလျားလျား စားသုံး ဝါးမျို ခံလိုက်ရပါက သူ့ကို လူတစ်ဦးအဖြစ် ဆက်လက် သတ်မှတ်နိုင်ပါဦးမည်လား အက်ကာမန် မသိပါချေ။
ထိုသို့ဖြစ်ခဲ့ပါက… အစာစားရန်၊ အသက်ရှူရန်၊ သို့မဟုတ် အသက်ရှင်ရန်ပင် ဆန္ဒမရှိတော့ဘဲ အရာရာပ လေဟာနယ် တစ်ခုလို ဖြစ်သွားကာ သေခြင်းထက်ပင် ပိုမို ဆိုးရွားသည့် ကံကြမ္မာကို ခံစားရလိမ့်မည် ဖြစ်သည်။
သို့သော် ယခုအခါတွင် သူက စာအုပ်ဆိုင်ပိုင်ရှင်၏ နောက်လိုက်တစ်ဦး ဖြစ်လာဖို့ ရွေးချယ်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် 'ပန်း' အတွက် အာဟာရဓာတ် ဖြစ်လာရမည့် ကံကြမ္မာမှ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။
နှင်းဆီပန်းမှာ အမြဲတမ်းလိုပင် အငမ်းမရရှိနေပုံရသော်လည်း အက်ကာမန်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားခြင်း မရှိတော့သလို အန္တရာယ်ရှိသည်ဟုလည်း မခံစားရတော့ပေ။ ယာယီအားဖြင့်… အက်ကာမန်မှာ ၎င်း၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီ ဖြစ်သည်။
…
အက်ကာမန် တစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းရှိုက်လိုက်စဉ်မှာပင် စာအုပ်ဆိုင်ပိုင်ရှင်မှာ စာအုပ်တစ်အုပ်နှင့် ပြန်လှည့်လာကာ ကောင်တာပေါ်သို့ တွန်းပို့လိုက်သည်။
"ဒီစာအုပ်က ခင်ဗျားရဲ့ လက်ရှိအခြေအနေနဲ့ တကယ်ကို သင့်တော်ပါတယ်… ဒီစာအုပ်ကနေတစ်ဆင့် ခင်ဗျားရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ နည်းလမ်းသစ်တစ်ခုကို ရှာတွေ့နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်… အဲဒီအခါကျရင် ခင်ဗျားဟာ ခင်ဗျားနဲ့ ထိုက်တန်တဲ့ လေးစားမှုနဲ့ ခံစားခွင့်ကို ရရှိလာမှာပါ… သူတို့ရဲ့ အသုံးချခံရတော့မှာ မဟုတ်ပါဘူး"
မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် စာအုပ်ဆိုင်ပိုင်ရှင်၏ အပြုံးနှင့် ထူးဆန်း လှပသော နှင်းဆီပန်းတို့မှာ ဖော်ပြ၍မရနိုင်လောက်သော လျှို့ဝှက် ဆန်းကြယ်သည့် လိုက်ဖက်ညီမှုကို ဖန်တီးနေခဲ့သည်။
အက်ကာမန် စိုးရိမ်ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောနှောလျက် စာအုပ်ကို လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် မျက်နှာဖုံးကို ဖတ်လိုက်သည်။
လေဟာနယ်သို့ ပူဇော် သက္ကာရ ပြုခြင်း…
'ဟမ်… လေဟာနယ်သို့ ပူဇော် သက္ကာရ ပြုခြင်း ဟုတ်လား…’’
အက်ကာမန် ခေါင်းစဉ်ကို တစ်ဖန် ပြန်လည် ဖတ်လိုက်မိသည်။
ထို့နောက် ဖော်ပြ၍မရနိုင်သည့် စိတ်အားထက်သန်မှု တစ်ခုက သူ့ကို ဖုံးလွှမ်းသွားခဲ့၏။ နူးနူးညံ့ညံ့ ရေရွတ်သံတစ်ခု နားအတွင်း တိုးဝင်လာသလို သူ ခံစားလိုက်ရသည်။ မျက်စိရှေ့မှ စာအုပ်မှာ ထူးဆန်းသည့် မှော်အစွမ်းတစ်ခု ထိန်းသိမ်းထားသည်ဟု သူ တွေးလိုက်မိ၏။ မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ သူ တုန်ရီနေသည့် လက်များဖြင့် စာအုပ် မျက်နှာဖုံးကို လှန်ဖွင့်လိုက်တော့၏။
ဖျပ်… ဖျပ်… ဖျပ်…
စာမျက်နှာများမှာ သူ့အလိုလို လျင်မြန်စွာ လှန်နေပုံရ၏။
လက်ထဲရှိ စာအုပ်ကို စိုက်ကြည့်ရင်း အက်ကာမန်၏ မျက်နှာက ဖြည်းညင်းစွာ ထုံကျင်လာသည်။ စိတ်ကူးယဉ် ကမ္ဘာတစ်ခုအတွင်း ကျရောက်သွားကာ တဖြည်းဖြည်း လမ်းပျောက်နေသကဲ့သို့ သူ ခံစားလိုက်ရသည်။
၎င်းက ကြီးမားသော တံခါးကြီး တစ်ချပ် ပွင့်သွားသည်နှင့် တူနေသည်။ တံခါးနောက်တွင် အလင်းရောင် အနည်းငယ်မျှပင် မရှိချေ။ အမှောင်ထုသာလျှင် ရှိနေသော်လည်း ထိုအမှောင်ထု၏ နောက်ကွယ်တွင် မည်သည့် အရာများ ရှိနေသည်ကို စူးစမ်းရန် မသိစိတ်က သွေးဆောင်နေသည်...
၎င်းက ထာဝရ သေခြင်းလေ။ သို့မဟုတ် ညှိုးနွမ်းပျက်စီးနေသည့် လေဟာနယ်လော။
အက်ကာမင်၏ စိတ်သည် နှစ်ပိုင်းကွဲသွားသလို ခံစားရလိုက်ရသည်။ ကြမ်းတမ်းသော သားရဲ၏ ကြောက်မက်ဖွယ် ဟိန်းဟောက်သံမှာ သူ၏ ရင်ဘတ်အတွင်း၌ ပေါ်ထွက်လာသော်လည်း အက်ကာမန် တစ်ယောက် သူ စာအုပ်ဆိုင် အတွင်းတွင် စာအုပ်ဖတ်နေခြင်းလား သို့မဟုတ် ကျယ်ပြန့်သည့် အမှောင်ထုကို အမှန်တကယ် ဖြတ်သန်းနေခြင်းလော မပြောနိုင်တော့ပေ။
အက်ကာမန် ထိုခံစားချက်ကို ရင်းနှီးပေသည်။ ရက်ပေါင်းများစွာ ညပေါင်းများစွာ တိုင်အောင် သားရဲဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော အမြင်မှားမှုများက သူ့ကို နှိပ်စက်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်ကတော့ မတူချေ။
အက်ကာမန် တစ်စုံတစ်ရာကို ထိုးဖောက် လိုက်သလိုမျိုး ရှင်းရှင်းလင်းလင်း ခံစားလိုက်ရကာ၊ နာကျင်မှုနှင့်အတူ သူ၏ ခန္ဓာကိုယ်အတွင်း၌ လမ်းကြောင်း တစ်ခု ပုံပေါ်လာခဲ့သည်။
ထိုလမ်းကြောင်း၏ တစ်ဖက်စွန်း၌ သူ တည်ရှိနေကာ အခြားတစ်ဖက်စွန်းကတော့ တိုင်းတာ၍ မရနိုင်အောင် ကျယ်ဝန်းသော လေဟာနယ်ကြီး ရှိနေခဲ့သည်။
ဤထူးခြားသော စကြာဝဠာထဲတွင် အမည်မသိ နတ်ဘုရားများစွာမှာ အလွန် ကြီးမားလှသော ခန္ဓာကိုယ်များဖြင့် ပုံပျက် ရှုပ်ထွေးလှသော အစုအဝေးတစ်ခုအဖြစ် ပေါင်းစပ်နေသည်။ သူတို့၏ လောဘကြီးသော အကြည့်များစွာက အမှောင်ထုကို ဖြတ်သန်းကာ အက်ကာမန်ကို စိုက်ကြည့်နေကြသည်။
…
ဖျပ်… ဖျပ်… ဖျပ်…
စာအုပ်တစ်ခုလုံးမှာ တစ်ခဏအတွင်း မှာပင် အပြီးသတ် လှန်လှောပြီးသွားခဲ့သည်။ အက်ကာမန် ပြန်လည် သတိဝင်လာပြီး အမြင်မှားမှုများမှာလည်း ရပ်တန့်သွားခဲ့သည်။
စာအုပ် အတွင်း၌ တားမြစ် အသိပညာများကို မြင်လိုက်ရသကဲ့သို့ ခံစားရသော်လည်း၊ တစ်ချိန်တည်းမှာပင် စာအုပ်အလွတ် တစ်အုပ်ကိုသာ မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
လေဟာနယ်နှင့် ချိတ်ဆက်ထားသော လမ်းကြောင်းသာလျှင် နေ့အလင်းရောင် အလား ရှင်းရှင်းလင်းလင်း တည်ရှိနေသည်။
"နည်းလမ်းသစ်တစ်ခု..."
အက်ကာမန်၏ တစ်ကိုယ်လုံး တုန်ရီနေပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။
လင်ကျဲက ခေါင်းညိတ်လိုက်၏။
"မှန်ပါတယ်… ခင်ဗျား တကယ်ပဲ ဒီလမ်းကို ရွေးချယ်ခဲ့မယ်ဆိုရင် ခင်ဗျားဆီ ရောက်လာတဲ့ အခွင့်အရေးတိုင်းကို လက်ဆုပ်လက်ကိုင် ရယူတတ်ဖို့ဆိုတာ လိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခုပါပဲ… ရင်းနှီးစရိတ် သုည နဲ့ အရောင်းအဝယ်လုပ်နိုင်ဖို့ ဘယ်သူက မလိုချင်ဘဲ နေပါ့မလဲ… ဟုတ်တယ် မလား”
"ဒီအရာတွေအားလုံးဟာ လမ်းဆုံးကို ရောက်ရှိသွားသူတွေဆီက ပေးတဲ့ လက်ဆောင်တွေပါပဲ… ဒါတွေကို ကောင်းကောင်း ဆုပ်ကိုင်ထားပါ… အရာရာဟာ ပိုပြီး လွယ်ကူလာပါလိမ့်မယ်"
အက်ကာမန် မျက်လုံးများကို မှိတ်လိုက်၏။ အမှောင်ထု အတွင်းမှ လေဟာနယ်မှာ သူ့စိတ်အတွင်း အမြဲတမ်း တံခါး တစ်ချပ်သဖွယ် ချိတ်ဆက်သွားခဲ့ပြီ ဖြစ်သည်။
သူ ထိုလမ်းကြောင်းကို အသုံးပြုကာ အဆိုပါ သက်ရှိ ပုဂ္ဂိုလ်ကြီးများထံ သင့်လျော်သည့် ပူဇော်သက္ကာများ ပေးအပ်သရွေ့၊ သူလိုအပ်သည့် အချို့သောအရာများကို ချီးမြှင့်ခံရလိမ့်မည် ဖြစ်သည်။ သို့သော် ၎င်းမှာလည်း အဆိုပါ သက်ရှိကြီးများ၏ စိတ်အခြေအနေအပေါ် မူတည်သည်မှာ သေချာသည်။
၎င်းမှာ စာအုပ်ဆိုင် ပိုင်ရှင် ပြောသလို အမှန်တကယ်ပင် အခွင့်အရေးတိုင်းကို ရယူခြင်း ဖြစ်ပြီး၊ ရင်းနှီးစရိတ် သုညဖြင့် ကြီးမားသည့် အရောင်းအဝယ်ကြီး တစ်ခု ပြုလုပ်နေခြင်းပင်။
လင်ကျဲက ရိုးသားစွာ ဆက်ပြောလိုက်၏။
"ဒါပေမဲ့ အခွင့်အရေးတွေကို ရယူရုံနဲ့တော့ ခင်ဗျား အောင်မြင်မှု ရနိုင်မှာ မဟုတ်ဘူး… ဒီလမ်းကြောင်းဟာ အလွန်ရှည်လျားတယ်… စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ တခြားကဏ္ဍတွေမှာလည်း ခင်ဗျား ပိုပြီး သန်မာလာဖို့ လိုတယ်… နောက်တစ်ကြိမ် ပြန်ဆုံတဲ့အခါ ခင်ဗျား လိုချင်တာတွေ အကုန် ရပြီး အောင်မြင်နေပါစေလို့ မျှော်လင့်ပါတယ်"
အက်ကာမန်သည် သူ၏ တုန်ခါနေမှုကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားနေခဲ့ရ၏။
"လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်… ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ သိပါပြီ"
ဤစာအုပ်ဆိုင်ပိုင်ရှင် မည်မျှ အစွမ်းထက်သည်ကို ဖော်ပြရန် သူ့ထံ၌ စကားလုံးများ မရှိတော့ပေ။
လေဟာနယ် အတွင်းရှိ သက်ရှိ ပုဂ္ဂိုလ်ကြီးများ၏ အလွန် အစွမ်းထက်သော အီသာစွမ်းအင် လှုပ်ရှားမှုများကို သူ ခံစားနိုင်ပေသည်။
သူတို့က သံသယဖြစ်ဖွယ်မရှိ အခရာ အဆင့် (S-ranks) များပင်။
ဤသက်ရှိ ပုဂ္ဂိုလ်ကြီးများထဲမှ တစ်ဦးဦး ပေါ်လာရုံမျှဖြင့်ပင် နော်ဇင်၌ ကပ်ဘေးတစ်ခုကို အလွယ်တကူ ဖြစ်လာစေနိုင်သည်။
သို့သော်လည်း… စာအုပ်ဆိုင်ပိုင်ရှင်ကတော့ ပေါ့ပေါ့ပါးပါး သဘောထားဖြင့် ၎င်းတို့ကို 'လမ်းဆုံးကို ရောက်ရှိသွားသူများ' ဟုသာ ခေါ်ဝေါ်ခဲ့သည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ နယ်ရုပ်ကလေး အဖြစ် ရွေးချယ်ခံရခြင်းမှာ အလွန်ပင် ကံကောင်းသည်ဟု အက်ကာမန် တွေးလိုက်မိသည်။ မည်သို့ပင် ဆိုစေ… ရှေ့ဆက်ရမည့် လမ်းကြောင်းမှာ ပို၍ စိတ်ဝင်စားစရာ ကောင်းလာမည်မှာ သေချာသည်။
ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် နှုတ်ဆက် ထွက်ခွာသွားသည့် ဖောက်သည်ကို မြင်ရသည့်အပြင် ကိုယ်တိုင်လည်း အရောင်းအဝယ် ဖြစ်လိုက်သည့် အတွက် လင်ကျဲ တောက်ပစွာ ပြုံးရင်း ခေါင်းညိတ် လိုက်မိသည်။
ဆရာလင်၏ သွန်သင်မှုများမှာ လမ်းပျောက်နေသည့် နောက်ထပ် ဝိညာဉ်တစ်ပါးကို ကူညီခဲ့ပြန်ပြီ ဖြစ်သည်။ ဤသည်မှာ ဘဝတွင် ရှိသင့် ရှိထိုက်သော အပြုသဘောဆောင်မှုပင် ဖြစ်သည်။
***