ကျိပိုတုန်
Vol. 6 Ch. 72
ကျိကျစ်ရှို့ တစ်ယောက် စာဖတ်နေခဲ့၏။ စားပွဲတင် မီးအိမ်မှာ စူးရှခြင်း မရှိသော်လည်း တောက်ပသည့် အလင်းရောင်များကို ထုတ်လွှတ်နေခဲ့သည်။
စားပွဲထက်တွင်တော့ စာအုပ်များ၊ စာလိပ်များ၊ ငှက်မွေးတပ် မင်ရည်အိုး၊ မျက်မှန်တစ်လက်၊ အမွေးဗူး တစ်ခုတို့ အပြင် နှင်းပန်း သုံးပွင့် ထိုးစိုက်ထားသည့် အလှပန်းအိုး တစ်အိုးတို့ ရှိနေခဲ့ကြသည်။
ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေကာ စာမျက်နှာများကို လှန်လိုက်သည့် 'ဖျပ်' ဟူသော အသံကလေးကိုသာ ကြားနေရသည်။
ကျိကျစ်ရှို့၏ အကြားအာရုံ ထက်မြက်မှု အရ ဆိုလျှင် အောက်ထပ်တွင် သန့်ရှင်းရေး လုပ်နေသည့် အိမ်ဖော် နှစ်ယောက်၏ အသက်ရှူသံများနှင့် နှလုံးခုန်သံများကိုပင် အလွယ်တကူ ကြားနိုင်ပေသည်။ သို့သော်လည်း ယခု လက်ရှိ အခြေအနေတွင် အကြားစွမ်းရည်ကို ထိုအဆင့်အထိ ချဲ့ထွင်ဖို့ မလိုအပ်သလို ထိုကဲ့သို့ ပြုလုပ်ခြင်းက ကိုယ့်ကိုယ်ကို ညှင်းပန်း နှိပ်စက်နေခြင်းနှင့် မခြားနားလှပေ။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ စွမ်းအားများ တိုးတက်လာမှုကြောင့် ကျိကျစ်ရှို့၏ ခန္ဓာကိုယ် ထိန်းချုပ်နိုင်စွမ်းမှာ အထွတ်အထိပ် အဆင့်နှင့် နီးကပ် လာနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ကျိကျစ်ရှို့သာ အလိုရှိပါက သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဆံပင် တစ်ချောင်းချင်းစီကိုပင် တိကျစွာ ထိန်းချုပ် နိုင်ပေလိမ့်မည်။
အရေးအကြီးဆုံး အချက်က သူမ၏ သွေးများ အတွင်း စီးဆင်းနေသည့် သားရဲရိုင်းကိုပါ ယဉ်ပါးလုနီး အဆင့် အထိ ထိန်းချုပ် လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအတိုင်းသာ ဆက်၍ တိုးတက်သွားပါက သူမ၏ ခွန်အားက မကြာခင် ဖျက်ဆီးခြင်း အဆင့်ကို ရောက်ရှိသွားတော့မှာ သေချာသည်။
"ဟူး..."
ကျိကျစ်ရှို့ သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ရင်း စာအုပ်ကို ပိတ်ကာ မိမိကိုယ်ကို စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။
အမွေးဗူး အတွင်းမှ ပူဒီနာ၊ ရိုစ့်မယ်ရီနှင့် သံပရာမြက် ရနံ့ သင်းသင်းကလေးက သူမ၏ နှာခေါင်းထဲသို့ လွင့်ပျံ့ဝင်ရောက်လာကာ စိတ်ကို လန်းဆန်းစေသည်။
'သွေးနှင့် သားရဲ' စာအုပ်မှာ ခန္ဓာကိုယ်အတွင်းရှိ ညစ်ညမ်းသော သွေးများအား ထိန်းချုပ်ခြင်းကဲ့သို့ ရိုးရှင်းသည့်အရာ မဟုတ်ပါချေ။
ကျိကျစ်ရှို့ လေ့လာလေ၊ စာအုပ် အတွင်း၌ ရှိနေသည့် နက်နဲ၍ ကြောက်မက်ဖွယ်ကောင်းသော အရာများကို ပို၍ သဘောပေါက်လေဖြစ်သည်။
သွေးနှင့် သားရဲ... မှာ အမှန်တကယ်တွင် 'ဝိညာဉ်' နှင့် 'သွေးသား' ပင်ဖြစ်သည်။
သွေး နှင့် ဝိညာဉ်တို့မှာ လူတစ်ယောက် အသက်ရှင်သန်နေခြင်း၏ အကြောင်းရင်းများပင် ဖြစ်ကြသည်။ ၎င်းတို့ ခန္ဓာကိုယ်အတွင်း လည်ပတ်စီးဆင်းနေသမျှ အီသာစွမ်းအင်ကို ဖြစ်ပေါ်စေသည်။ ခန္ဓာကိုယ်အတွင်းရှိ သွေးကို ထိန်းချုပ်ခြင်းမှာ ပထမအဆင့်သာ ဖြစ်သည်။
ထိုသွေးအား မည်သို့မည်ပုံ အသုံးပြုရမည်နှင့် သားရဲကို ကိုယ်ပိုင်စွမ်းအားအဖြစ် လုံးလုံးလျားလျား ပြောင်းလဲရမည်မှာ ပိုမိုအားကောင်းလာစေရန်အတွက် စစ်မှန်သော လမ်းကြောင်းပင် ဖြစ်သည်။
ယခုအချိန်၌ ကျိကျစ်ရှို့မှာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းထားသည့် သွေးပမာဏကိုသာ ထိန်းချုပ်ထားသည်။ သူမ ပိုမိုစုပ်ယူလာနိုင်ကာ အခြား အိပ်မက်သားရဲ မျိုးစိတ်များ၏ ညစ်ညမ်းသော သွေးကိုပင် ရရှိနိုင်ပါက ထိုစွမ်းအားအဆင့်မှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလာမည်နည်း။
မုဆိုးများ စုဆောင်းနိုင်သော စွမ်းအားက အကန့်အသတ် မရှိသည်မှာ သေချာသည်။ စွမ်းအား၏ ရင်းမြစ်က ၎င်းကို ထိန်းချုပ်နေသူသာ ဖြစ်သည်။ မုဆိုးများမှာ အမှန်တရား အသင်းတော်နှင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် အပါအဝင် ဘုရားရှိခိုးကျောင်းများနှင့် တူညီသည့် အခွင့်အာဏာ ရရှိလာနိုင်ချေ ရှိသည်။
သို့သော်လည်း... ကျိကျစ်ရှို့ တစ်ဦးတည်းနှင့်တော့ မလုံလောက်သေးပေ။ သူမ အတွက် နောက်ထပ် ရဲဘော်ရဲဘက်များ လိုအပ်နေသည်။
ပြီးခဲ့သည့်ကာလတစ်လျှောက်လုံးတွင် ကျိကျစ်ရှို့မှာ လျှို့ဝှက်စွာသာ လေ့ကျင့်နေခဲ့သည်။ ဤနည်းလမ်းကို အခြား မည်သူ့ကိုမျှ သူမ မသင်ပြရသေးချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းက သူမအတွက်ပင် အစိမ်းသက်သက် ဖြစ်ပြီး ပြဿနာများ ဖြစ်စေနိုင်ခြင်း ရှိ၊ မရှိကို မသိသောကြောင့်ပင်။
အကယ်၍ ညစ်ညမ်းသော သွေးစွမ်းအား အပေါ် ထိန်းချုပ်မှုသာ လွတ်ကင်းသွားပါက အန္တရာယ်ရှိသည့် အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သူမ သတိထားရန် လိုအပ်သည်။
သို့သော်လည်း... ယခုတွင်တော့ ထိုနည်းလမ်းမှာ ဘေးကင်းသလို ယုံကြည်စိတ်ချရပြီး ထိရောက်မှုလည်း ရှိကြောင်း သူမ အတည်ပြုခဲ့ပြီးဖြစ်သည်။
ယခုအခါ သူမ ၎င်းကို စတင်ဖြန့်ဝေနိုင်ပြီ ဖြစ်ပေသည်။
ကျိကျစ်ရှို့ စာအုပ်မျက်နှာဖုံးကို ညင်သာစွာ ပွတ်သပ်လိုက်ရင်း ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုမှာ နှလုံးသား အတွင်း ပြည့်လျှံလာ၏။
ဤစာအုပ်မှာ မုဆိုးများအတွက် ဓမ္မသစ်ကျမ်း ဖြစ်လာမည်ဖြစ်ပြီး၊ ဤဓမ္မသစ်ကို ယူဆောင်လာသူ ဆရာလင်မှာ မုဆိုးများ၏ အနာဂတ်လမ်းကြောင်းကို ဦးဆောင်မည့် လမ်းပြဆရာ ဖြစ်ပေသည်။
ဒေါက်... ဒေါက်...
ရုတ်တရက် တံတားဆီမှ ခေါက်သံ နှစ်ချက် ထွက်ပေါ်လာ၏။
"သခင်မလေး... ညစာစားချိန် ရောက်ပါပြီ”
"အေး... အေး..."
ကျိကျစ်ရှို့ မတ်တပ် ထရပ်လိုက်ကာ ထိုင်ခုံကို ဘေးသို့ တွန်းထုတ်ရင်း စာအုပ်ကို စားပွဲ၏ လျှို့ဝှက် အံဆွဲ တစ်ခု အတွင်း ဖွက်ထားလိုက်သည်။ သူမက ပခုံးအထိ ရှည်သည့် ဆံပင်များကို ဖားယားချထားကာ တီရှပ်နှင့် ဂျင်းဘောင်းဘီ အကြပ်တို့ကိုသာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထား၏။
သို့သော်လည်း... အိမ်၌ ရှိနေသည့်တိုင် ကျိကျစ်ရှို့မှာ ဓားမြောင် တစ်လက်ကို ခါးတွင် ခါးပတ်ဖြင့် တွဲလျက် ချည်ထားခဲ့သည်။ ယခုအခါ၌ သူမ၏ ခန္ဓာကိုယ်မှာ သာမန် တိုက်ခိုက်မှုများအား မှုစရာ မလိုလောက်အောင် သန်မာနေပြီ ဖြစ်သော်လည်း အချိန်တိုင်း သတိထားနေခြင်းမှာ ကောင်းသောအကျင့်တစ်ခု ဖြစ်သည်။
ကျိကျစ်ရှို့ သည် တံခါးကိုဖွင့်ကာ အိမ်ဖော်လေး၏ နောက်သို့ လိုက်ရင်း ထမင်းစားခန်းဆီသို့ လျှောက်လာခဲ့၏။ ထမင်းစားခန်း ရှေ့သို့ အရောက်၌ သူမက ခတ္တမျှ ရပ်လိုက်ရင်း တံခါးဝနား၌ ရပ်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်။
"အဖေ..."
ကျိကျစ်ရှို့ အနည်းငယ် ထူးခြားသည်ဟု ခံစားလိုက်ရသော်လည်း တည်ငြိမ်စွာပင် မေးလိုက်သည်။
"ကိစ္စထူး တစ်ခုခု ရှိလို့လား"
တံခါးနားတွင် ရပ်နေသော အမျိုးသားမှာ မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ ၏ အကြီးအကဲ ကျိပိုတုံပင် ဖြစ်သည်။
သူက အနောက်တိုင်း ဝတ်စုံ အပြည့်အစုံကို ဆင်မြန်းထားကာ အောက်တွင်တော့ အဖြူရောင် ရှပ်အင်္ကျီနှင့် ဝတ်စကုပ်တို့ကိုပါ ဝတ်ဆင်ထားသည်။ ရွှေရောင်ကိုင်း မျက်မှန်၏ နောက်ဖက်မှ သံမီးခိုးရောင် မျက်လုံးများကတော့ ကျိကျစ်ရှို့ အတိုင်းပင် အတိအကျ ဆင်တူပေသည်။ သူက ယေဘုယျအားဖြင့် အသက်မဲ့သည့် အေးစက်မှု အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
အိမ်ဖော်မှာ လိမ္မာပါးနပ်သူ တစ်ယောက် ဖြစ်လေရာ ထွက်သွားခဲ့၏။
"တစ်ခါတစ်လေကျရင် ကိုယ်သားအဖချင်း အလာဘ သလာဘ ပြောဖို့ သမီးကို အဖေ လာရှာလို့ မရဘူးလား...”
ကျိပိုတုန်က ပေါ့ပေါ့ပါးပါး ပြောရင်း ထမင်းစားခန်းဘက်သို့ ဦးတည်လိုက်သည်။
ကျိကျစ်ရှို့က ပြုံးလိုက်၏။
"အဖေက ပုံမှန်ဆိုရင် အိမ်ပြန်လာပြီး ဘယ်တော့မှ ညစာ မစားသလို ညစာစားချိန် ရောက်ပြီဆိုပြီး သတိပေးဖို့ တစ်ယောက်ယောက်ကို အထူးတလည် ခိုင်းတာမျိုးလည်း မရှိဘူးလေ... ဒီတော့ အဖေ့မှာ သမီးနဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခုခု ရှိလို့ ဆိုတာက လွဲပြီး တခြားအကြောင်းပြချက်ကို သမီး စဉ်းစားလို့ မရဘူး"
ကျိပိုတုန်က ရယ်မောရင်း သူ့ ထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။
"အဲဒီလောက် ထင်ရှားနေတာလား"
"ထင်ရှားတာပေါ့..."
ကျိကျစ်ရှို့ကလည်း သူမ၏ ထိုင်ခုံဆီသို့ ဦးတည်ရင်း အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ကျိကျစ်ရှို့ ကျိပိုတုန်၏ ညွှန်ကြားချက်များကို ကြားပြီးသား ဖြစ်သည်။ သို့သော်လည်း မကြားခဲ့လျှင်ပင် ဖခင် ဖြစ်သူ၏ ရည်ရွယ်ချက်များကို အလွယ်တကူ ခန့်မှန်းနိုင်ပေလိမ့်မည်။
မည်သို့ပင် ဆိုစေကာမူ ကျိပိုတုံမှာ တစ်နှစ်လျှင်၃၆၄ ရက် အိမ်တွင် မရှိဘဲ အချိန်ပြည့် အလုပ်လုပ်တတ်သူ ဖြစ်သည်။ ယခုမူ ရုတ်တရက် အိမ်သို့ ပြန်လာသည်။ ကျိကျစ်ရှို့ မှာ အိမ်ဖော်များကို သူမအား အနှောင့်အယှက် မပေးရန် မှာကြားထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... ညစာစားချိန်ရောက်ပြီ ဖြစ်ကြောင်း သတင်းပို့ရန် အိမ်ဖော်တစ်ဦးက အထူးတလည် လာခေါ်ခဲ့သည်။
ကျိပိုတုန်၏ အကြည့်သည် သမီးဖြစ်သူ၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး သက်ပြင်းချလိုက်သည်။ မကြာသေးမီနှစ်များအတွင်း သူတို့ သားအဖကြားတွင် အပြန်အလှန်ဆက်ဆံမှု များများစားစား မရှိခဲ့သောကြောင့် ကျိပိုတုန်ကတော့ သမီးဖြစ်သူ၏ အသက် ၁၆၊ ၁၇ နှစ်အရွယ်ပုံစံကိုသာ စွဲမြဲနေခဲ့သည်။ ထို့ကြောင့် လက်ရှိ ကျိကျစ်ရှို့ နှင့် အသားမကျ ဖြစ်နေသည်။
"ငါ့သမီးတောင် အရွယ်ရောက်လာပြီပဲ"
***