ကျိပိုတုန် (၂)
Vol. 6 Ch. 73
"ငါ့သမီးတောင် အရွယ်ရောက်လာပြီပဲ"
ကျိပိုတုန် တစ်ယောက် သက်ပြင်းတစ်ချက် ချလိုက်သည်။ ကျိကျစ်ရှို့က ဖခင်ဖြစ်သူ၏ ထိုအမြင်နှင့် ပတ်သက်၍ ဘာမှတ်ချက်မှ မပေးပဲ ပြုံးရုံသာ ပြုံးလိုက်သည်။
"အဖေက တကယ်ပဲ အလာဘ သလာဘ စကားပြောဖို့ ရည်ရွယ်နေတာတော့ မဟုတ်လောက်ပါဘူးနော်”
ကျိပိုတုန်က ရယ်မောလိုက်ပြီးနောက်မှ ဆက်ပြောသည်။
"ဒီကိစ္စတွေအတွက် သမီး ကိုယ်တိုင် ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဆိုပေမဲ့ အဖေ တစ်ယောက် အနေနဲ့တော့ သမီးကို တစ်ခါတစ်လေ အကြံပေးသင့်တယ်လို့ ထင်တယ်”
"..."
ကျိကျစ်ရှို့ ခဏတာမျှ တိတ်ဆိတ်သွားခဲ့၏။
"ပြောပါ... အဖေ..."
"အရင်တုန်းက သမီး ဘာလုပ်နေလဲဆိုတာ အဖြေ တစ်ခါမှ မမေးခဲ့ဘူး... အဲဒါကို သမီး သိတယ်နော်... ဘာလို့လဲဆိုတော့ ဝံပုလွေဖြူပဲ ဖြစ်ဖြစ်၊ ဘယ်မုဆိုးအဖွဲ့ပဲ ဖြစ်ဖြစ်၊ သူတို့က တခြားသူတွေ ပေါ့ပေါ့ပါးပါး အသုံးချတာကို ခံနေရတဲ့ နယ်ရုပ်ကလေးတွေ ဖြစ်လို့ပဲ... ခိုင်ယီနဲ့ မားကပ်စ်တို့ကို သမီးဘေးနား လွှတ်ထားရုံနဲ့တင် လုံလောက်နေပြီ... ဒါပေမဲ့ အခုတော့ အခြေအနေက မတူတော့ဘူး"
ကျိပိုတုန် လက်ညှိုးဖြင့် ထမင်းစားပွဲကို တဒေါက်ဒေါက် ခေါက်လိုက်ရင်း ကျိကျစ်ရှို့ ကို စိုက်ကြည့်လိုက်သည်။
"သမီး တကယ် ပါဝင်ပတ်သက်မယ် ဆိုရင် လူတိုင်းရဲ့ အမြင်မှာ သမီးက မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကို ကိုယ်စားပြုတယ်... အဖေပြောတာ နားလည်လား"
"နားလည်ပါတယ်..."
ကျိပိုတုန်မှာ ဤမျှ တိုက်ရိုက်ဆန်သည့် အဖြေကို မျှော်လင့် မထားခဲ့ချေ။ သူ ခဏလောက် ရပ်တန့်လိုက်ပြီး နောက်မှ ဆက်ပြောလိုက်သည်။
"သမီးတကယ် နားလည်လို့လား..."
"တကယ် နားလည်ပါတယ်"
ကျိကျစ်ရှို့က ဖခင်ဖြစ်သူကို စိုက်ကြည့်လိုက်သည်။
"အဖေ သမီး ဒီနေ့ စကားလာပြောရတဲ့ အကြောင်းရင်းက သမီး ဒိုင်ယာရီ ထဲက အစီအစဉ်တွေကို မြင်သွားလို့ မလား... ဒါကြောင့် အဖေက သမီးကို ဆုံးမဖို့ လာတာပေါ့"
ကျိကျစ်ရှို့ ၏ နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားသည်။
"တကယ်တော့ သမီး ရည်ရွယ်ချက်ရှိရှိ ရေးထားခဲ့တာ"
“...”
ကျိပိုတုန်၏ မျက်လုံးသူငယ်အိမ်များမှာ ကျုံ့သွား၏။ ဤသည်က လုံးဝ မျှော်လင့် မထားသည့် အရာပင်။ ကျိပိုတုန် သမီးဖြစ်သူကို စိုက်ကြည့်လိုက်သည်။
"ဒါဆို သမီးက အဲဒီအစီအစဉ်တွေကို ရည်ရွယ်ချက်ရှိရှိ ရေးပြီး အဖေ့ကို အိမ်ပြန်လာအောင် လုပ်တာပေါ့လေ ဟုတ်လား...”
"ဟုတ်တာပေါ့..."
ကျိကျစ်ရှို့ လက်ပိုက်ရင်း နောက်ကို မှီလိုက်သည်။
"အန္တရာယ်များတဲ့ အစီအစဉ်တွေက ခေါင်းထဲမှာပဲ ရှိနေသင့်တာ... ဘယ်လို လူမိုက်မျိုးက သူများကို မြင်အောင် ရေးပြမှာလဲ"
ကျိပိုတုန် တစ်ယောက် သမီးဖြစ်သူကို ခဏတာ တိတ်ဆိတ်စွာ စောင့်ကြည့်ပြီးနောက်မှ သက်ပြင်းတစ်ချက် ချလိုက်သည်။
"သမီး တကယ်ပဲ အရွယ်ရောက်လာပြီ ထင်ပါတယ်လေ... အဖေ သမီးကို ကလေးတစ်ယောက်လို ဆက်ဆံနေသေးတာ မဖြစ်သင့်တော့ဘူး”
"အဖေက သမီးကို ကလေးတစ်ယောက်လို ဆက်ဆံ မနေဘူးဆိုရင် သမီးက ဘယ်လိုလုပ် အဖေ့ကို လှည့်စားနိုင်မှာလဲ"
ကျိကျစ်ရှို့ က ပြုံးရယ်ရင်း ပြောလိုက်၏။
"ဒီလိုဆိုရင်တော့ ငါ့သမီးကို ကြည့်ရတာ အဖေ့ကို ယုံကြည်အောင် စည်းရုံးဖို့ အရမ်း ယုံကြည်မှု ရှိပုံရတယ်"
ကျိပိုတုန်၏ အကြည့်များက ပိုမို၍ နက်ရှိုင်းလာ၏။
"ပြောစမ်းပါဦး... သမီး အပေးအယူလုပ်မယ့် လက်နက် က ဘာလဲ"
ကျိကျစ်ရှို့က ဖခင်၏ မျက်လုံးများကို တန်ပြန် စိုက်ကြည့်လိုက်ရင်း သံသယဖြင့် ပြန်ဖြေလိုက်သည်။
"အဖေက အခုပဲ သမီး အခန်းထဲကို တစ်ယောက်ယောက် လွှတ်ပြီး ယူခိုင်းထားပြီးပြီ မဟုတ်လား"
"ဘယ်... ဘယ်လိုလုပ် သိတာလဲ"
သူမက စာအုပ်ဆိုင်ပိုင်ရှင်၏ အမူအကျင့်ကို ကူးယူလိုက်ကာ မေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်ရင်း ကျိပိုတုန်း၏ ထိတ်လန့်သွားသော အမူအရာကို ကြည့်၍ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
အထက် ကောင်းကင်ယံ၌ အခြားသူများ မမြင်နိုင်သည့် ရေဘဝဲ လက်တံများမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံထားကာ အိမ်အတွင်း ဖြစ်ပျက်နေသမျှကို ကျိကျစ်ရှို့အား ရှင်းရှင်းလင်းလင်း သိမြင်နိုင်စေသည်။
ကျိကျစ်ရှို့ သူမ၏ နောက်ကျောတွင် ထိုးထားသည့် အစစ်အမှန် 'သွေးနှင့် သားရဲ' စာအုပ်ကို ထုတ်ယူကာ ဝှေ့ယမ်းပြလိုက်သည်။
"ဒီမှာ... ဒါက အပေးအယူလုပ်မယ့် လက်နက်ပါ"
ကျိပိုတုန် ဤတစ်ကြိမ်တွင်လည်း သူ လုံးလုံးလျားလျား မှားယွင်းစွာ တွက်ချက်ခဲ့မိကြောင်း ဝန်ခံရမည် ဖြစ်သည်။
မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ ၏ အကြီးအကဲအနေဖြင့် သူက အဖွဲ့အစည်းကြီးပေါင်းများစွာနှင့် တွဲဖက် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။ အလုပ်သဘော အရ အမှန်တရား အသင်းတော်နှင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်တို့ အပါအဝင် မုဆိုးများ၊ မှော်ဆရာများ၊ ဘုရားရှိခိုးကျောင်းများ၊ သာမန်နိုင်ငံသားများ အားလုံးနှင့် ဆက်ဆံခဲ့ရပြီး သူ၏ အစီအစဉ်များတွင် မှားယွင်းစွာ တွက်ချက်ခြင်းမျိုး မကြုံဖူးသလောက်ပင်။
သို့သော်လည်း... ဤတစ်ကြိမ်တွင်တော့ သမီး ဖြစ်သူနှင့် ရင်ဆိုင်ရာတွင် သူ နှစ်ကြိမ်ဆက်တိုက် မှားယွင်းစွာ တွက်ချက်ခဲ့ပုံရသည်။
သူ အပြည့်အဝ နားလည်ထားသည်ဟု ထင်မှတ်ခဲ့သော သမီးမှာ လက်တွေ့တွင်တော့ သူ့ကိုသာ ထပ်ခါထပ်ခါ အံ့အားသင့်စေခဲ့ကာ သူ၏ လုပ်ဆောင်ချက်များနှင့် အကြံများကိုပင် ကြိုတင်ခန့်မှန်းထားခဲ့သည်။ ဤသည်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် သူ၏ ပေါ့ဆမှုနှင့် သူ၏ သမီးအပေါ် မျက်စိစုံမှိတ် ယုံကြည်မှုတို့ကြောင့် ဖြစ်သော်လည်း အခြေအနေ မည်သို့ပင်ရှိစေကာမူ... မှားယွင်းစွာ တွက်ချက်ခြင်းမှာ မှားယွင်းစွာ တွက်ချက်ခြင်းပင် ဖြစ်သည်။
ထိုအချက်က ကျိပိုတုန်ကို ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် ပြည့်နှက် သွားစေခဲ့သည်။ ထို့အပြင်... သူ၏ 'တွက်ချက်မှုများ' ကို သမီးဖြစ်သူက အလွယ်ကလေး တန်ပြန်ခဲ့သောကြောင့် 'ဂုဏ်သိက္ခာ ကျဆင်းခြင်း' လည်း ရှိခဲ့သည်။
သမီးဖြစ်သူ ကြီးပြင်းလာခဲ့ပုံကို မမြင်တွေ့ခဲ့ရသော်လည်း မည်သို့ပင် ဆိုစေ... သူ့ သမီးလေး အမှန်တကယ် အရွယ်ရောက်လာခြင်းအတွက် သူ ကျေနပ်ဝမ်းသာမိပေသည်။
ထို့အပြင်... ကျိပိုတုန်ထံတွင် နှစ်ပေါင်းများစွာ သမီးကို လျစ်လျူရှုခဲ့မိသဖြင့် အပြစ်ရှိသည် ဟူသော ခံစားချက်လည်း ရှိနေခဲ့သည်။
မည်သို့ပင် ဆိုစေ... စည်းစိမ်ဥစ္စာမှ လွဲ၍ ဘဝတွင် ချစ်ခြင်းမေတ္တာ ချို့တဲ့ခဲ့သည့် ကလေးမလေးမှာ ယခုအခါ တည်ငြိမ် ရင့်ကျက်သည့် အမျိုးသမီး တစ်ဦး အဖြစ် ကြီးပြင်းလာခဲ့ပြီး ဖခင်ဖြစ်သူကိုပင် ထောင်ချောက် အတွင်း သက်ဆင်း စေခဲ့သည်။
ထိုမျိုးရိုးလိုက်သည့် သံမီးခိုးရောင် မျက်လုံးများမှာ မုဆိုးတစ်ဦးသာလျှင် ပိုင်ဆိုင်နိုင်သည့် တည်ငြိမ်ပြီး စိတ်ရှည်သည်းခံတတ်သော မျက်လုံးများပင် ဖြစ်သည်။
"ဒါက သမီး အပေးအယူလုပ်မယ့် လက်နက်လား..."
ကျိပိုတုန်သည် ကျိကျစ်ရှို့ ၏ လက်ထဲရှိ စာအုပ်ကို ကြည့်လိုက်၏။ ခေါင်းစဉ်တွင် သွေးနှင့် သားရဲဟု ရေးထိုးထားသည်။ ၎င်းမှာ သာမန် စာအုပ်တစ်အုပ် မဟုတ်ပဲ ဤမျှတိုတောင်းသည့် အချိန်အတွင်း ကျိကျစ်ရှို့ အလွန်အားကောင်းလာရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
ကျိပိုတုန်မှာ သမီးဖြစ်သူ၏ မွေးရာပါ ပါရမီကို ကောင်းစွာ သိရှိထားသည်။ ကျိကျစ်ရှို့ ပထမဆုံး ညစ်ညမ်းသော သွေးများကို ထိုးသွင်းခြင်းသည်ပင် ကျိပိုတုန်၏ ကုန်ပစ္စည်း တစ်သုတ်မှ ဖြစ်သည်။
သာမန်လူများ၏ အမြင်တွင် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှာ အောက်ပိုင်းခရိုင်ရှိ သယံဇာတလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသည့် ဧရာမ ကော်ပိုရေးရှင်း တစ်ခုမျှသာ ဖြစ်သော်လည်း ထူးခြားသည့် သက်ရှိများ၏ ကမ္ဘာတွင်တော့ သူတို့မှာ သဘာဝလွန် ကုန်ပစ္စည်းများစွာအတွက် ဖြန့်ဝေရေး လမ်းကြောင်း တစ်ခု ဖြစ်သည်။
ထို့ကြောင့်ပင်.... ကျိကျစ်ရှို့သည် မုဆိုးတစ်ဦး ဖြစ်လာပြီး ထိုထူးခြားသည့် အဖွဲ့အစည်းအတွင်း အခြေကျလာသည့် လုပ်ငန်းစဉ်တစ်ခုလုံးမှာ ကျိပိုတုန်၏ ထိန်းချုပ်မှုနယ်ပယ်အတွင်း၌သာ ရှိနေသည်ဟု ဆိုနိုင်သည်။ ကျိကျစ်ရှို့ မုဆိုးများကြားတွင် အချိန်အတန်ကြာ နေထိုင်ခဲ့ပြီး ကိုယ်ပိုင်အင်အား တဖြည်းဖြည်း ရရှိလာမှသာ ကျိပိုတုန်မှာ သူမပတ်ဝန်းကျင်မှ အကာအကွယ်များကို လျှော့ချပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း... အခြေခံအကျဆုံး အကာအကွယ်ကို လုံးဝ ပယ်ဖျက်ခဲ့သည် မဟုတ်ပေ။ ဥပမာအားဖြင့်... ကျိကျစ်ရှို့ ဝတ်ဆင်ထားသည့် အနီရောင် သစ်တော်သီးပုံသဏ္ဌာန် နားဆွဲမှာ အမှန်တကယ်တွင် အခရာ အဆင့် အထက်လမ်း မှော်ဆရာတစ်ဦး ချန်ထားရစ်သည့် ရှင်ပြန်ထမြောက်ခြင်း မန္တန် ရေးထိုးထားသော အတွေးအခေါ်ပညာရှင်၏ ကျောက်တုံး တစ်တုံး ဖြစ်သည်။ ၎င်း၏ နာမည်က မီးလျှံ မျက်ရည် ဖြစ်ကာ မြေအောက် အရင်းအမြစ် ဖွံ့ဖြိုးရေး ကုမ္ပဏီတွင် တစ်ခုတည်းသာ ရှိသည့် ပစ္စည်း ဖြစ်သည်။ ၎င်းကို ကျိပိုတုန်က ကျိကျစ်ရှို့အား ပေးခဲ့ခြင်းဖြစ်သည်။
ကျိပိုတုန်မှာ မုဆိုး အဖွဲ့အတွင်း သမီးဖြစ်သူ၏ ပါဝင် ပတ်သက်မှုများကို စိတ်ဖိစီးမှု ပြေပျောက်စေသည့် ဖျော်ဖြေရေးတစ်ခု အဖြစ်သာ အမြဲတမ်း ရှုမြင်ခဲ့သည်။
သို့သော်လည်း ယခုတွင်တော့ ကိစ္စများက သူ မျှော်လင့်ထားသည်ထက် များစွာ ကြီးထွားလာကာ လန်စီ မှော်ကြေးမုံ ကိစ္စကို ပါဝင် ပတ်သက်သည် အထိ ဖြစ်လာခဲ့သည်။ နောက်ဆုံး သူမ၏ နေ့စဉ်မှတ်တမ်းတွင် ဤမျှ ရဲရင့်သည့် အစီအစဉ်များအား ရေးသားထားသည်အထိပင်။
သမီးဖြစ်သူ မည်ကဲ့သို့ ရုတ်တရက် အစွမ်းများ ပိုမို တိုးတက်လာခဲ့သည်ကို ကျိပိုတုန် နားမလည်နိုင်ခဲ့ချေ။ ကျိကျစ်ရှို့မှာ ညစ်ညမ်းသော သွေးများကို ထပ်မံ ထိုးသွင်းထားခြင်းလည်း မရှိခဲ့ပေ။
ထို့အပြင်... သူမ ရေးသား မှတ်တမ်းတင်ထားသော အစီအစဉ်များမှာ မယုံနိုင်စရာ ကောင်းလှသည်။ အစီအစဉ်များ ရေးဆွဲခြင်းမှာ ကျိကျစ်ရှို့၏ အားသာချက် မဟုတ်ခဲ့ပါ။ သို့သော်လည်း... ရေးသားထားသော အစီအစဉ်များက အသေးစိတ်ကျနပြီး၊ အတွင်းပိုင်းမှ အကြောင်းအရာများမှလည်း ပေါက်ကွဲလုနီးပါး ပြင်းထန်သော မုန်တိုင်းတစ်ခုနှင့် တူနေသည်။
ကျိကျစ်ရှို့၏ နောက်ကွယ်တွင် လမ်းညွှန်ပေးနေသူ တစ်ဦးဦး ရှိနေကြောင်း ကျိပိုတုန် သေချာပေါက် သိမြင်နိုင်ခဲ့သည်။ စာအုပ်ထက် ၎င်း၏ မူလဇစ်မြစ်က ပို၍ အရေးကြီးသည်။
***