အကြံအစည်
Vol. 6 Ch. 74
“အဖေ့ရဲ့ လက်အောက်ငယ်သားကို ပြန်ခေါ်လိုက်ပါ”
ကျိကျစ်ရှို့က အသာအယာ ပြုံးလိုက်ရင်း စာအုပ်ကို စားပွဲပေါ် ပြန်တင်လိုက်၏။ အကူအညီမဲ့သလို ခံစားလိုက်ရသည့် ကျိပိုတုန်မှာ သူ၏ လက်အောက်ငယ်သားကို ပြန်လာရန်သာ ခေါ်လိုက်ရတော့သည်သည်။ လျှို့ဝှက်အံဆွဲ အတွင်း ကျိကျစ်ရှို့ ထားခဲ့သည့် စာအုပ်မှာ အတု ဖြစ်သည်။
“ကြည့်ရတာ သူက သမီးကို တကယ် ပြောင်းလဲပစ်လိုက်ပုံပဲ”
ကျိပိုတုန်က လေးနက်သည့် လေသံဖြင့် ဆက်ပြောလိုက်သည်။
“သို့သော်... ဒါက အဖေ လက်ခံဖို့ လုံလောက်တဲ့ အကြောင်းပြချက်တော့ မဟုတ်သေးဘူး... ဒီလို ဆုံးဖြတ်ချက်မျိုးဟာ မြေအောက် အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီနဲ့ အများကြီး သက်ဆိုင်နေတယ်”
ကျိကျစ်ရှို့မှာ သူမနှင့် စာအုပ်ဆိုင်ရှင်တို့ကြား အဆက်အသွယ်ကို ဖခင်ဖြစ်သူ သိရှိနေခြင်း အပေါ် မအံ့သြခဲ့ပေ။ သူမက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။
“စီးပွားရေးသမားတွေဟာ လုံလောက်တဲ့ အကျိုးအမြတ်သာ ရမယ် ဆိုရင် ဘာမဆို လုပ်ဖို့ ဆန္ဒရှိကြပါတယ်... အဖေလည်း အဲဒီအထဲကနေ ချွင်းချက် ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး”
“သာမန်စီးပွားရေးသမားတွေအတွက်တော့ ဒီလိုဖြစ်နိုင်တယ်... ဒါပေမယ့် အဖေတို့ကတော့ မတူဘူး…”
ကျိပိုတုန်က ဆို၏။ ကျိကျစ်ရှို့ကလည်း တည်ငြိမ်စွာပင် ရှိနေသေးဆဲ ဖြစ်သည်။
“ဒီလိုမျိုး စာအုပ်တစ်အုပ်ဟာ ကောင်တာပေါ်ကနေ ပေါ့ပေါ့ပါးပါး ရောင်းချနိုင်တဲ့ ပစ္စည်းပဲ... သူ့ရဲ့ ခွင့်ပြုချက်နဲ့ ဖြန့်ဖြူးခွင့်ကို ရမယ်ဆိုရင် ကုမ္ပဏီအတွက် ကောင်းမလား၊ ဆိုးမလား အဖေ စဉ်းစားကြည့်ပါ”
ကျိပိုတုန်မှာ စားပွဲကို စိုက်ကြည့်ရင်း အလေးအနက် စဉ်းစား နေခဲ့၏။ တစ်ခဏမျှ ကြာပြီးနောက်မှ သူက စကားပြန်လိုက်သည်။
“ဒါပေမဲ့ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် က ပေးတဲ့ သတင်းအချက်အလက်အရ ဆိုရင် အဲဒီ S-အဆင့် ပိုင်ရှင်ရဲ့ ရပ်တည်ချက်က မဆုံးဖြတ်ရသေးဘူးလို့ ယူဆရတယ်”
“သမီးတွေ့ရသလောက်တော့ ဆရာလင်က ကိုယ်ပိုင် စည်းမျဉ်းတွေနဲ့ နေတဲ့သူပါ... နောက်ပြီး စာအုပ်ဆိုင် ပိုင်ရှင် တစ်ယောက် အနေနဲ့ လုပ်သင့်လုပ်ထိုက်တာ အားလုံးကို လုပ်နေတာ တွေ့ရပါတယ်... သူ့ရဲ့ ဆန္ဒတွေကိုသာ လိုက်နာမယ်ဆိုရင် သူက တကယ့်ကို စိတ်သဘောထား ကောင်းမွန်ပြီး ဖော်ရွေပါတယ်”
ကျိကျစ်ရှို့က ခဏနားပြီးမှ ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ သမီးက ဒီကိစ္စတွေမှာ ကျွမ်းကျင်သူ မဟုတ်သလို မြေအောက် အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီကို ကိုယ်စားပြုပြီး ဆရာလင်နဲ့ စကားပြောဖို့ အရည်အချင်းလည်း မပြည့်မီပါဘူး... အဖေသာ ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ထင်ရင် ကိုယ်တိုင် သွားပြီး စကားပြောကြည့်တာက အကောင်းဆုံးပါပဲ... အဲဒီအခါကျမှ သမီးရဲ့ အစီအစဉ်တွေကို ပယ်ဖျက်မလား ဒါမှမဟုတ်… ဆက်အကောင်အထည်ဖော်မလား ဆိုတာ ဆုံးဖြတ်လို့ရပါပြီ”
....
မှောက်မိုက်သည့် အခန်း တစ်ခုထဲတွင် ဝံပုလွေဖြူ အဖွဲ့၏ လက်ကျန် အကြီးအကဲများမှာ စားပွဲ ပတ်လည်တွင် ထိုင်နေကြရင်း ပြင်းထန်သည့် ငြင်းခုံမှုများ ပြုလုပ်နေကြ၏။ ဝံပုလွေဖြူ၏ ခေါင်းဆောင် ဟေးရစ် သည် စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်နေသည်။
“အခြေအနေတွေက ပိုပြီး ဆိုးရွားလာနေပြီ... သေဆုံးမှုတွေလည်း များပြီး ကျွန်တော်တို့ရဲ့ အင်အားက အတော်လေး လျော့နည်းလာနေပြီ... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် နဲ့ ဆက်ပြီး တိုက်ပွဲဝင်ဖို့ နည်းလမ်းမရှိတော့ဘူး...”
“သူတို့က အဆင့်ပိုမြင့်တဲ့ သူရဲကောင်းတွေကိုတောင် မစေလွှတ်ရသေးဘူး... ကျုပ်တို့ အောင်ပွဲရဖို့ အခွင့်အရေး လုံးဝ မရှိတော့ဘူး…”
“အဲဒီလို အသုံးမကျတဲ့ စကားတွေ မပြောကြနဲ့တော့... ငါတို့မှာ ရပ်တန့်ဖို့ နည်းလမ်းမှ မရှိတော့တာပဲ... ဆက်သွားရမယ့် အခြေအနေကို ရောက်နေပြီ”
“ဘယ်လို ဆက်လုပ်ရမလဲ... သူတို့က စကားလက် ဝါဒီဂိုဏ်းကိုလည်း လုံးဝ အနိုင်ယူလိုက်ပြီ... လုံလောက်တဲ့ စွမ်းအားမရှိရင် လန်စီ မှော်ကြေးမုံကို မွေးမြူဖို့ နည်းလမ်းမရှိဘူး... ဘယ်လို ဆက်သွားရမယ် ဆိုတဲ့ နည်းလမ်းရော ရှိသေးရဲ့လား”
“တိတ်စမ်း...”
ဟေးရစ်က အသံကို မြှင့်၍ အော်ဟစ်လိုက်ရင်း စားပွဲကို ရိုက်ချလိုက်သည်။
“မင်းတို့အားလုံး သောက်ပေါက်တွေ ပိတ်ထား... ငါတို့မှာ အခွင့်အရေး ရှိနေသေးတယ်”
လူတိုင်း တိတ်ဆိတ်သွားကာ ဟေးရစ်ကို ကြည့်လိုက်ကြ၏။
ဟေးရစ်က မကောင်းဆိုးဝါး ဆန်ဆန် မျက်လုံးများဖြင့် အခန်းတစ်ခုလုံးကို ကြည့်လိုက်သည်။ ထို့နောက် သူက ရှင်းလင်းသည့် လေသံဖြင့် စကားလုံး တစ်လုံးချင်းစီကို ပီသစွာ ပြောလိုက်သည်။
“သတိရကြစမ်... ငါတို့ရဲ့ ပန်းတိုင်က လန်စီ မှော်ကြေးမုံ ကို ဖောက်ထုတ်ဖို့ပဲ... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ကို အနိုင်ယူဖို့ မဟုတ်ဘူး... မှော်ကြေးမုံကို ဖောက်ထုတ်နိုင်ရင် ငါတို့ အနိုင်ရပြီ”
“ဒါပေမဲ့…”
“စိတ်ဓာတ်ကျနေတဲ့ စကားတွေ ငါ ထပ်ကြားချင်စိတ် မရှိတော့ဘူး... သုံးရက်အတွင်းမှာ အမှန်တရား အသင်းတော် က ကောင်းကင် ငွေကျောက်တုံးများ တစ်သုတ်ကို ၇၈ လမ်းမမှာ သယ်ယူပို့ဆောင်လိမ့်မယ်... အဲဒါတွေကို ငါတို့ ရအောင် ယူရမယ်... နားလည်လား”
“ဟုတ်ကဲ့”
လူတိုင်း ထရပ်၍ အရိုအသေပေးလိုက်ကြ၏။ ယာယီအားဖြင့်တော့ သူတို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်သည်။
လူတိုင်း ထွက်သွားပြီးနောက် ဟေးရစ်က ကုလားထိုင်တွင် ပြန်မှီလိုက်သည်။ သူ၏ အမူအရာက လွန်ခဲ့သည့် စက္ကန့်ပိုင်းကနှင့် ခြားနားစွာပင် ပင်ပန်း နွမ်းနယ်မှု၊ ဆုံးရှုံးမှုများနှင့် ပြည့်နှက် သွားခဲ့သည်။
ကောင်းကင် ငွေကျောက်တုံး တစ်သုတ်မှာ လန်စီ မှော်ကြေးမုံ ကို ဖောက်ထုတ်ရန် မလုံလောက်ပေ။ ဟေးရစ်က အကျိုးကျေးဇူး မရှိ ငြင်းခုန်နေမှုများကို ရပ်တန့်စေရန်အတွက်သာ ထိုစကားများကို ပြောခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်တွင် ဝံပုလွေဖြူမှာ လမ်းဆုံးသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
“မင်းရဲ့ ပြဿနာကို ငါ ကူညီ ဖြေရှင်းပေးနိုင်တယ်”
ရုတ်တရက် အသံ တစ်ခု ထွက်ပေါ်လာခဲ့၏။
“ဘယ်သူလဲ...”
ဟေးရစ် ထရပ်လိုက်ကာ အသံလာရာသို့ ကြည့်လိုက်သည်။ အမှောင်ထုထဲမှ အေးစက်စက်နှင့် မြွေကဲ့သို့ မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေခဲ့၏။
“လန်စီ မှော်ကြေးမုံ က မီးရှူးတိုင်တစ်ခုဖြစ်တယ်... အဖိုးအထိုက်တန်ဆုံး လောင်စာကတော့ အသက်ပဲ…”
...
ဂျိုးဇက်တစ်ယောက် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် အပေါ်ဆုံးရှိ လမ်းလျှောက် စင်္ကြံ၌ လမ်းလျှောက် နေခဲ့သည်။ လူများစွာမှာ ထိုစင်္ကြံလမ်းထက်၌ လူးလာတုံ့ခေါက် သွားလာနေကြကာ ဂျိုးဇက်၏ ဘေးမှ ဖြတ်လျှောက်သွားသည့် အခါတိုင်း ဦးခေါင်းကို ညွှတ်၍ လည်းကောင်း၊ ကိုယ်ကို ကိုင်းညွှတ်၍ လည်းကောင်း...
“မင်္ဂလာနံနက်ခင်းပါ ဆရာ...”
“မင်္ဂလာနံနက်ခင်းပါ မဟာ သူရဲကောင်း”
ဟု ပြောဆို နှုတ်ဆက် နေကြသည်။ ဂျိုးဇက်၏ နံဘေးတွင်တော့ ကလောက်မှာ ဖိုင်တွဲ တစ်ခုကို ကြည့်ရင်း လိုက်ပါလာခဲ့သည်။
“ဆရာ... ဝံပုလွေဖြူ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ ခြေရာခံပြီး ခွဲခြမ်း စိတ်ဖြာနေခဲ့တာ... တည်နေရာက အတော်လေးကို ကျဉ်းမြောင်းသွားခဲ့ပါပြီ”
ကလောက်က အစီရင်ခံ တင်ပြလိုက်သည်။
“အင်း...”
ဂျိုးဇက်က အသံပြုလိုက်၏။ ကလောက်က လေးနက်သည့် လေသံဖြင့် ဆက်လက်၍ အစီရင်ခံလိုက်သည်။
“တကယ်တမ်း ပြောရရင် အဲဒီ မုဆိုးတွေရဲ့ နော်ဇင် အဆောက်အအုံ ဖွဲ့စည်းပုံ နားလည်မှုက ကျွန်တော်တို့ထက် အဆပေါင်းများစွာ သာလွန်ပါတယ်... သူတို့က နံရံတွေထဲမှာ ခပ်မြန်မြန် ဖြတ်ပြေးနေတဲ့ ကြွက်တစ်အုပ်လိုပဲ... တစ်ခါတစ်ရံမှာ အသံပေးတတ်ပေမယ့် ခြေရာလက်ရာတော့ မချန်ခဲ့ဘူး”
“ကျွန်တော်တို့ရဲ့ လူတွေ လိုက်ဖမ်းတဲ့အခါတိုင်း အဲဒီမုဆိုးတွေက အမြဲတမ်း ပျောက်ကွယ်သွားတတ်ပါတယ်... ဒါကြောင့်ပင် မြေပြင်ကို ပိုက်စိပ်တိုက်ပြီး ဖြည်းဖြည်းချင်း ရှင်းလင်း ရှာဖွေ နေတာပါ... ဒီလုပ်ငန်းစဉ်က အတော်လေးကို နှေးပါတယ်... ဒါကြောင့်ပဲ သူတို့ လှုပ်ရှားခဲ့တဲ့ နေရာတွေရဲ့ အချက်အလက်တွေကို သုံးပြီး သူတို့ ရှိနေနိုင်တဲ့ နေရာတွေကို နည်းလမ်းတကျ ကျဉ်းမြောင်းအောင် လုပ်ခဲ့ပါတယ်”
ဂျိုးဇက်သည် မျက်လုံးများကို မှေးလိုက်လိုက်၏။
“ဒီမြို့ကြီးကို တည်ဆောက်ခဲ့တာ အရမ်းကြာပြီ... တကယ့် မြေပုံ အစစ်အမှန်ဆိုတာ သက်ကြီးရွယ်အိုတွေရဲ့ ခေါင်းထဲမှာပဲ ရှိတယ်... ပြီးပြည့်စုံတဲ့ မြေပုံရဖို့ဆိုတာ လက်တွေ့အားဖြင့် မဖြစ်နိုင်တဲ့ ကိစ္စပဲ... ဝံပုလွေဖြူ အဖွဲ့ထဲမှာ ဒီလိုလုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး... ဒါကြောင့် တစ်ယောက်ယောက်က သူတို့ကို ကူညီနေတယ်လို့ ငါယုံတယ်”
ကလော့ဒ်သည် ချက်ချင်းပင် မှတ်စုများ ချရေးလိုက်၏။ ထို့နောက် သူက စာမျက်နှာ တစ်ဖက်ကို လှန်လိုက်ရင်း ဆက်လက်၍ အစီရင်ခံလိုက်သည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ထဲမှာ သူတို့ ပုန်းခိုနေတဲ့ အဓိက စခန်းကြီး သုံးခုကို ကျွန်တော်တို့တွေ ဝင်စီးခဲ့ပြီး ဝံပုလွေဖြူ မုဆိုး အယောက်နှစ်ဆယ်ကျော်ကို ဖမ်းမိခဲ့ပါတယ်... အခု စစ်ဆေးမေးမြန်းနေပါတယ်...”
“ဒါပေမဲ့ သူတို့က ပါးစပ်အရမ်း လုံတယ်... စိတ်နဲ့ဆိုင်တဲ့ မှော်မန္တာန်တွေကို သုံးကြည့်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီမုဆိုးတွေရဲ့ စိတ်အခြေအနေက ကြံ့ခိုင်မှု နည်းလွန်းပါတယ်... ဖြစ်နိုင်တာက သူတို့တွေ အကန့်အသတ် ရောက်လုနီးပါး အထိ ညစ်ညမ်းတဲ့ သွေးတွေကို ထိုးသွင်းထားတာ ဖြစ်ပါလိမ့်မယ်... ဒါကြောင့်ပဲ သူတို့ကို နည်းနည်းလောက် လှုံ့ဆော်လိုက်တာနဲ့ ချက်ချင်း ရူးသွပ်သွားကြပါတယ်”
“စစ်ကြောရေးကို ရှောင်ဖို့ ဒီနည်းလမ်းက အတော်လေး ထူးခြားတာပဲ... မမေးရသေးခင် ရူးသွပ်သွားကြတယ်ဆိုရင် သတင်းအချက်အလက် ပေါက်ကြားမှာကို မကြောက်ရတော့ဘူးပေါ့... သူတို့ရဲ့ ဦးခေါင်းခွံတွေကို ရိုက်ခွဲလိုက်မယ် ဆိုရင်တောင် ခေါင်ပေါက်ကြီးပဲ တွေ့ရမယ် ထင်တယ်”
ဂျိုးဇက်က သရော်လိုက်သည်။ ကလောက်က သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဝံပုလွေဖြူတွေက သူတို့အတွက် လွတ်လမ်းမရှိတော့ဘူး ဆိုတာ သိပြီး ပိုပြီး ရူးသွပ်လာကြတာ ဖြစ်နိုင်ပါတယ် ဆရာ... သူတို့က အရင်းအမြစ်တွေကို ကြားဖြတ် လုယက်ရုံနဲ့တင် မကျေနပ်ကြတော့ဘဲ ဖျက်ဆီးမှုတွေ၊ လူသတ်မှုတွေပါ လုပ်နေတာကြောင့် မြို့သူမြို့သားတွေတောင် ထိတ်လန့်နေကြပါပြီ... လော့ဂျစ် သမားတွေတောင် ငြီးနေကြပြီ”
လော့ဂျစ်သမား ဆိုသည်မှာ ထူးခြားသည့် သတ္တဝါများကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးမှုများကို ပြည်သူလူထု ထိတ်လန့်မှု လျော့နည်းအောင် သဘာဝ ဖြစ်စဉ်များ အဖြစ် ယုတ္တိရှိရှိ ပြောင်းလဲ ဖော်ပြကြသည့် ပညာရှင်များကို ဆိုလိုခြင်း ဖြစ်သည်။
သူတို့က ဒိုရစ်နှင့် မော်ဖီတို့ကြား တိုက်ပွဲကို ဓာတ်ငွေ့ ပေါက်ကွဲမှု အဖြစ် လည်းကောင်း၊ ကျိကျစ်ရှို့နှင့် မုဆိုးများကြား တိုက်ပွဲကို မြေနိမ့်ဆင်း၍ အဆောက်အအုံ ပြိုကျမှု အဖြစ် လည်းကောင်း ဖော်ပြခဲ့ကြပေသည်။
ယခု တိုက်ပွဲများက ပိုမို ဖြစ်လာလေရာ သူတို့ အလုပ်ပိုမို ရှုပ်လာသည်က သဘာဝပင်။
***