← Chapters

ကာရိုလိုင်း

Vol. 6 Ch. 75

ကာရိုလိုင်း

Vol. 6 Ch. 75

ရုံးခန်းနားသို့ ရောက်လုနီးပါးတွင် ဂျိုးဇက်က နောက်ကို ပြန်မကြည့်ပဲ ဆက်မေးလိုက်၏။

“ဒါနဲ့ ကလောက်... သူတို့ရဲ့ ဖျက်ဆီးမှုနဲ့ သတ်ဖြတ်မှုတွေမှာ ပုံစံတစ်ခုခု ရည်ရွယ်ချက် တစ်ခုခု ရှိနေတဲ့ပုံ ပေါ်လား... လန်စီ မှော်ကြေးမုံရဲ့ အထူးခြားဆုံး လက္ခဏာက နှလုံးသားကို သွေးဆောင်နိုင်တာပဲ... လန်စီ မှော်ကြေးမုံ အပေါ် သူတို့ရဲ့ တပ်မက်မှုက ကိုယ်ပိုင်ဆန္ဒတွေထက် သာလွန်နေလိမ့်မယ်... ဒီလိုအချိန်မှာ စိတ်ထွက်ပေါက်အနေနဲ့ လူသတ်ဖို့ ဆိုတာက ဖြစ်နိုင်ခြေက သိပ်မများဘူး”

“လောလောဆယ်မှာတော့ သူတို့က အရမ်းသတ်ဖြတ်နေရုံတင် မကဘူး... အလောင်းတွေကနေ အစိတ်အပိုင်းတချို့ကိုပါ ယူနေကြတယ်... ကြည့်ရတာ မော်ဖီရဲ့ ဓမ္မထုံးတမ်းတချို့ကို ပုံတူကူးချင်ပုံရတယ်... ဒါပေမဲ့ နှိုင်းယှဉ်ကြည့်ပြီးနောက်မှာ ယစ်ပူဇော်တာလိုမျိုး အခြေအနေတွေ ရှာမတွေ့ခဲ့ဘူး... ဒါနဲ့ ဆရာ... ကျွန်တော့်မှာ မေးစရာတစ်ခု ရှိတယ်”

ကလောက်က မျက်မှောင်ကြုတ်ရင်း မေးခွန်းထုတ်လိုက်၏။

“အမှန်တရား အသင်းတော်က နော်ဇင်မြို့တော်ရဲ့ ပြည့်စုံတဲ့ ပုံကြမ်းကို တကယ် မထုတ်လုပ်နိုင်တာလား.. တကယ်ဆို တစ်စိတ်တစ်ပိုင်းလေးလောက် ရရင်တောင် ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးတွေ ပိုချောမွေ့အောင် လည်ပတ်နိုင်မှာ သေချာတယ်”

ဂျိုးဇက်က သူ၏ တပည့်ကို စိုက်ကြည့်ရင်း ပြုံးလိုက်သည်။

“အဲဒီ လျှို့ဝှက် လမ်းကြောင်းတွေကို တည်ဆောက်ခဲ့တာလည်း အမှန်တရား အသင်းတော်က ဝန်ထမ်းတွေပဲ ဆိုတာ မင်း သိပြီးသား မလား... သူတို့က မင်းကို ပြီးပြည့်စုံတဲ့ မြေပုံ တစ်ခု ပေးလိမ့်မယ်လို့ ထင်နေတာလား... ငါ့တပည့်”

“ပြီးပြည့်စုံတဲ့ တစ်ခုလုံးကို မလိုအပ်ပါဘူး ဆရာ... ကျွန်တော်တို့ အသုံးပြုနိုင်တဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲ လိုတာပါ”

“တစ်စိတ်တစ်ပိုင်းလေးပဲ ဆိုရင်တောင် ဗိသုကာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု လုပ်ဖို့ လုံလောက်ပြီး ဘယ်နေရာတွေမှာ လျှို့ဝှက်လမ်းကြောင်းတွေ ရှိတယ် ဆိုတာ ဖော်ထုတ်နိုင်လိမ့်မယ်... ကလောက်ရေ... မင်း မိုက်မဲနေလို့ ရပေမယ့် မင်းရဲ့ ဦးခေါင်းခွံကို ငါရိုက်ခွဲလိုက်ရင် ချစ်စရာကောင်းတဲ့ အပေါက်လေးတစ်ခု တွေ့ရလိမ့်မယ်လို့ ထင်တယ်”

“…”

ဆရာဖြစ်သူထံမှ ထိုမျှ ပြင်းထန်သည့် မှတ်ချက်များကို ရရှိလိုက်သည့် အခါ ကလောက် တစ်ယောက် ခေါင်းကုတ်ရင်း အကူအညီမဲ့စွာ သက်ပြင်းချရုံသာ တတ်နိုင်ခဲ့သည်။ ဂျိုးဇက်၏ ထိုအမူအကျင့်များကို သူ ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။

လျှို့ဝှက်လမ်းကြောင်းများအား ဘာအတွက် အသုံးပြုနေသည်ကို ကလောက် မသိသော်ငြားလည်း၊ အမှန်တရား အသင်းတော် အနေဖြင့် မြေပုံ အပြည့်အစုံကို လုံးဝ ပေးအပ်လိမ့်မည် မဟုတ်ကြောင်းတော့ သေချာပေသည်။ သူတို့က ထိုလျှို့ဝှက်လမ်းကြောင်းများ တည်ရှိနေခြင်းကိုပင် ငြင်းဆိုကြမှာ သေချာသည်။

“လေ့ကျင့်ခန်း တစ်ခုလိုပဲ သဘောထားလိုက်ပါကွာ... ဝံပုလွေဖြူတွေ ကြာကြာ ခံနိုင်တော့မှာ မဟုတ်ဘူး”

ဂျိုးဇက်က ကလောက်၏ ပခုံးကို ပုတ်ရင်း ခပ်တိုးတိုးလေး ပြောလိုက်၏။

“အဲဒီ အမှန်တရား အသင်းတော် ခွေးသူတောင်းစားတွေကို မေးမယ်ဆိုရင် ပြီးပြည့်စုံတဲ့ ထောက်လှမ်းရေး အစီရင်ခံစာတွေ စုဆောင်းတာ၊ သဲလွန်စတွေ ခွဲခြမ်းစိတ်ဖြာတာ၊ လူဆိုးတွေရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံတာက ငါတို့ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ထောက်လှမ်းရေး ဌာနခွဲတွေရဲ့ အလုပ်လို့ပဲ ပြောကြမှာပဲ... ဒါကိုတောင် ကောင်းကောင်း မလုပ်နိုင်ဘူးဆိုရင် ထောက်လှမ်းရေးနဲ့ လော့ဂျစ် ဌာနခွဲတွေကို ဖျက်သိမ်းပစ်လိုက်တာက ပိုကောင်းတယ် လို့ အပြစ်တင်မှာ သေချာတယ်”

“တပည့်လေး ကလောက်ရေ... ပြင်ပလူတွေရဲ့ ကဲ့ရဲ့တာကို ခံရတာက ဆရာ မင်းကို ပြောတာထက် ပိုဆိုးလိမ့်မယ်...”

“ဒါပေမဲ့ တခြားရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ငါတို့သာ အမှန်တရား အသင်းတော် ရဲ့ လျှို့ဝှက်လမ်းကြောင်းတွေနဲ့ ပုန်းအောင်းရာ နေရာတွေကို ရှာဖွေနိုင်ရင် နောက်နှစ်အတွက် သုံးစွဲစရိတ် ရန်ပုံငွေကို သေချာပေါက် ရမှာပဲ”

“အမှန်တရား အသင်းတော်က အရမ်းချမ်းသာတယ်... သူတို့ ပေးမယ့် ပိုက်ဆံတွေက ဘယ်တော့မှ နည်းနည်းလေး မဖြစ်နိုင်ဘူး”

ဂျိုးဇက်က တပည့်ဖြစ်သူကို သေချာ သေချာကြည့်ရင်း ပြောလိုက်သည်။ သူ၏ မျက်လုံးများကတော့ လောဘ အလင်းရောင်များဖြင့် တောက်ပလာခဲ့၏။ ခေါင်းပုံဖြတ်လို့ ရသည့် အစီအစဉ်အသစ်တစ်ခု ပေါ်လာခဲ့ပြန်ပြီ ဖြစ်သည်။

ကလောက် ခဏတာမျှ ကြောင်သွား၏။ သူက ပါးစပ်ကို ပိတ်ကာ ခေါင်းညိတ်လိုက်ပြီးနောက်မှ...

“နားလည်ပါတယ်”

ဟု ပြောလိုက်သည်။ ဂျိုးဇက်သည် ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ရုံးခန်းဆီသို့ ဖြည်းဖြည်းချင်း ဆက်လျှောက်သွားခဲ့သည်။ တံခါးကို ဖွင့်ရင်း သူက မေးလိုက်၏။

“စကားလက်ဝါဒီဂိုဏ်း ကရော ဘယ်လိုလဲ”

ကလောက်က စိတ်မလုံမလဲဖြင့် ချောင်းဆိုးရင်း လည်ချောင်းရှင်းလိုက်သည်။

“မော်ဖီကို ဆုံးရှုံးပြီးနောက် စကားလက် ဝါဒီဂိုဏ်းက ပြိုကွဲသွားပြီး စုစည်းမှုအား လုံးဝမရှိတော့ဘူး... စကားလက် ဝါဒီ အများစုက မော်ဖီ ထိန်းချုပ်ထားတဲ့ ဖုတ်ကောင်တွေချည်းပဲ... မောဖီ သေသွားတော့ အလောင်းတွေက မလှုပ်ရှားနိုင်တော့ဘူး... အသက်နဲ့ကိုယ် တွဲလျက် ရှိနေသေးတဲ့ အောက်လမ်း မှော်ဆရာတွေကတော့ ထွက်ပြေးတဲ့လူပြေး... ဝံပုလွေဖြူတွေဆီမှာ မှီခိုတဲ့လူ မှီခိုပေါ့”

“ဘယ်လိုပဲဖြစ်ဖြစ်၊ စကားလက် ဝါဒီဂိုဏ်းက တည်ရှိခြင်း မရှိတော့ပါဘူး”

“အဲဒီ ဖျက်ဆီးခြင်း အဆင့် အဲ့လ်ဖ်က အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်...”

သူက ညည်းတွားလိုက်သည်။

“မြင်ကွင်းအရ ဆိုရင် မော်ဖီက လုံးဝ ကြေမွသွားခဲ့တာ”

ဒိုရစ်ထက် ပို၍ ကြောက်စရာ ကောင်းသည်ကတော့ အိုင်းရစ် ကလန် မဟာ သူတော်စင်ကပင် သခင် အဖြစ် အသိအမှတ် ပြုထားသည့် S-အဆင့် စာအုပ်ဆိုင်ရှင်ပင်။

နေရာတိုင်း၌ စာအုပ်ဆိုင်ရှင်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများမှာ အကြောက်တရား၊ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

“ဒီတစ်ကြိမ်မှာ မစ္စတာလင်ကို ကျွန်တော်တို့ တကယ် ကျေးဇူးတင်သင့်တယ်... မဟုတ်ရင် ဝယ်လ်ထက်တောင် ပိုပြီး ရန်လိုတဲ့ ဖျက်ဆီးခြင်း အဆင့် အောက်လမ်း မှော်ဆရာ တစ်ယောက် နော်ဇင်မြို့ထဲမှာ ပုန်းနေတယ်ဆိုတာကို ကျွန်တော်တို့ သိချင်မှ သိခဲ့ရမှာ”

“အမှန်တရား အသင်းတော် ဆိုတာ တကယ်ကို အသုံးမကျတဲ့ အဖွဲ့ပဲ”

ဂျိုးဇက် ကလောက် ကမ်းပေးလိုက်သည့် ဖိုင်တွဲကို စားပွဲပေါ် ပစ်တင်ရင်း သက်ပြင်းချလိုက်သည်။

“မင်းရဲ့ အလုပ်ကို ဆက်လုပ်ပါ... ငါ စုံစမ်းကြည့်ဦးမယ်”

ကလောက်မှာ အစကတည်းက ဖိုင်တွဲကို ပေးပို့ရန် လာခြင်းဖြစ်သောကြောင့် ခေါင်းညိတ်ပြီး ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

တောင်...

ရုတ်တရက်... ရုံးစားပွဲပေါ်ရှိ ကွန်ပျူတာမှ နေ၍ နိုတီ (အသိပေးချက်) တစ်ခု တက်လာခဲ့၏။ ဂျိုးဇက် ၎င်းကို နှိပ်လိုက်ရာ အီးမေးလ်တစ်စောင် ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

[လေးစားအပ်ပါသော မစ္စတာ ဂျိုးဇက် ခင်ဗျာ... သင့်ရဲ့ လျှောက်လွှာ တောင်းဆိုချက်ကို အကြီးအကဲများက ပြန်ကြားလိုက်ပါပြီ။ ကျေးဇူးပြု၍ ကြည့်ရှုပေးပါ...

“သူရဲကောင်း အေဗရာဟမ် ဂျိုးဇက်... သင့်ရဲ့ မကောင်းဆိုးဝါးဓား ကန်ဒယ်လာကို လွှဲပြောင်းဖို့ တောင်းဆိုချက်ကို အကြိမ်ကြိမ် စဉ်းစားဆင်ခြင်ပြီးနောက် ပယ်ချလိုက်ပါတယ်...

သို့သော်လည်း... သင့်ရဲ့ ထင်မြင်ယူဆချက်များဟာ S-အဆင့် နယ်မြေ ၀၁၁၃ နှင့် ပတ်သက်ပြီး အကြီးအကဲတွေရဲ့ အကဲဖြတ်မှုအတွက် အရေးကြီးသောကြောင့်၊ အကြီးအကဲတွေက စုံစမ်း စစ်ဆေးဖို့ အတွက် ဝန်ထမ်းများကို စေလွှတ်ထားပြီး ဖြစ်ပါတယ်... နောက်ဆုံး အကဲဖြတ်မှုက သင့်ရဲ့ ထင်မြင်ယူဆချက်နဲ့ ထပ်တူကျပါက သင့်လျှောက်လွှာကို ခွင့်ပြုပေးဖို့ ပြန်ပြီး အကဲဖြတ် ပေးပါမယ်...]

....

ဒေါက်... ဒေါက်... ဒေါက်..

ဒေါက်ဖိနပ်သံ တချို့မှာ မိုးရေသံနှင့် ရောနှောနေခဲ့၏။ ထီးကိုင်ထာသည့် မိန်းကလေး တစ်ဦးမှာ မိုးရေထဲတွင် ကြော့ရှင်းသော ဟန်ပန်ဖြင့် လမ်းလျှောက် နေခဲ့သည်။ သူမက လှပ ဖြူဖွေးသောအသားအရေ၊ လှိုင်းတွန့် ငွေရောင်ဆံပင်များနှင့် နက်နဲ ဆွဲဆောင်မှုရှိသည့် မျက်လုံးများကို ပိုင်ဆိုင်ထားသည်။

မိန်းကလေး ဝတ်ဆင်ထားသည့် အဖြူရောင် ဘလောက်စ်အင်္ကျီ၊ ခပ်ကျပ်ကျပ် ခရမ်းရောင် စကတ်၊ အနက်ရောင် ဇာပိုးခြေအိတ်များနှင့် အနက်ရောင် ဒေါက်မြင့်ဖိနပ်တို့က သူမ၏ ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ပိုမို၍ ထင်ပေါ်စေသည်။

ကာရိုလိုင်း ထီးကို မြှင့်ကာ သူမရှေ့ရှိ စာအုပ်ဆိုင်ကို ကြည့်လိုက်ရင်း အေးစက် စိုစွတ်နေသည့် လေကို ရှူရှိုက်လိုက်လေ၏။ ၎င်းက သူမ လက်ရှိ အကဲဖြတ်စစ်ဆေးရန် ပစ်မှတ်ပင် ဖြစ်သည်။

***

All Chapters