← Chapters

ကာရိုလိုင်း (၂)

Vol. 6 Ch. 77

ကာရိုလိုင်း (၂)

Vol. 6 Ch. 77

“ကျွန်တော် မေးပါရစေ…”

“ကျွန်မ မေးပါရစေ…”

ကာရိုလိုင်းမှာ သူမနှင့် အတူတူ တစ်ထပ်တည်း ပြောဆိုလိုက်သည့် စာအုပ်ဆိုင်ရှင်၏ စကားများကြောင့် ပါးစပ်အကျယ်ကြီး ဖွင့်ကာ စိုက်ကြည့်ရင်း တောင့်တင်း သွားခဲ့၏။

နိမိတ်ဖတ် ပညာလော...။ သူမ၏ အမူအရာက အနည်းငယ် ရှုံ့မဲ့သွားသည်။ ဤသည်က သတိပေးချက် တစ်ခုလော။ ဂျိုးဇက်က စာအုပ်ဆိုင် ပိုင်ရှင်မှာ ဖော်ရွေသည်ဟု ပြောခဲ့သည်။ သို့သော်လည်း လက်ရှိ သူ့ပုံစံက...။

မိန်းကလေး၏ အမူအရာ ပျက်သွားသည်ကို ကြည့်ကာ လင်ကျဲ ယုံကြည်ချက် ရှိစွာ ပြုံးလိုက်၏။ သူ၏ အမူအရာက “ငါ မင်း ဘာလုပ်မယ် ဆိုတာ သိပြီးသားကွ” ဟု ပြောနေသယောင်ပင်။

‘ပထမဦးစွာ... ရန်သူကို ခန့်ညားသော ဟန်ပန်ဖြင့် ဖိနှိပ်ကာ စည်းချက် တစ်ခုလုံးကို ဖျက်ဆီးလိုက်ပါ။ အဲဒီနောက် စူးရှစွာ ကြည့်လိုက်ပါ။ အဲဒီ အခါ ရန်သူရဲ့ အစီအစဉ် အားလုံး အတုံးအရုံး ကျရှုံးကုန်ပါလိမ့်မယ်”

ထိုအရာမှာ အရောင်း မြှင့်တင်ရေး ဝန်ထမ်းများနှင့် ရင်ဆိုင်ရာတွင် လင်ကျဲ သုံးလေ့ ရှိသည့် မဟာ ဗျူဟာ တစ်ခု ဖြစ်သည်။ သူတို့နှင့် ဆက်သွယ်ပြောဆိုရာတွင် မိမိ၏ စည်းချက် အတွင်း ဖမ်းမိစေရန်မှာ အလွန် အရေးကြီးသည်။

စကားပြောဆိုမှုအားလုံးမှာ စိတ်ပိုင်းဆိုင်ရာ စစ်ပွဲတစ်မျိုးဖြစ်သည။ တစ်ဖက်လူ၏ စိတ်အခြေအနေကို ထိန်းချုပ်ကာ စကားလုံးများကို အသုံးပြုခြင်းက တိုက်ပွဲ၏ အောင်ပွဲကို သေချာစေမည်ဖြစ်သည်။ အရေးအကြီးဆုံး အချက်က... တစ်ဖက်လူ တုံ့ဆိုင်းမှု ပြသသောအခါတွင် သူတို့ကို မိမိ၏ စည်းချက်ထဲသို့ ချက်ချင်း ဆွဲသွင်းရန်ဖြစ်သည်။

အရိုးရှင်းဆုံး နည်းလမ်းမှာ မေးခွန်းများကို အသုံးပြုခြင်းဖြစ်သည်။ သတ်မှတ်ထားသော နည်းလမ်းများ သို့မဟုတ် ထင်ရှားသည့် အရိပ်အမြွက်များဖြင့် တစ်ဖက်လူကို မိမိ၏ စည်းချက်ထဲသို့ လျင်မြန်စွာ ဆွဲသွင်းနိုင်သည်။

စကားတစ်ခွန်းမှာ မေးပုံမေးနည်း အပေါ် မူတည်၍ အကျိုးသက်ရောက်မှု ကွာခြားမှုများ ရှိနိုင်ပေသည်။ ဥပမာအားဖြင့်... စာသင်ခန်း တစ်ခုထဲတွင် ဆရာတစ်ဦးက “အားလုံး သဘောတူပါသလား... သဘောမတူတဲ့လူ ရှိရင် လက်ထောင်ပါ” ဟု မေးလျှင် လက်ထောင်သူ အချို့ ပေါ်ကောင်း ပေါ်လာနိုင်သည်။

သို့သော်လည်း... “ကန့်ကွက်ချင်တဲ့ကောင် ရှိလား... ရှိရင် လက်ထောင်” ဟု မေးလျှင်တော့ လူမိုက်မှ လွဲ၍ မည်သူမျှ လက်ထောင်လိမ့်မည် မဟုတ်ချေ။

လင်ကျဲသည် မေးစေ့ပေါ် လက်ထောက်လိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်၏။

“ဒီလောက် အံ့အားသင့်စရာ မလိုပါဘူးဗျာ... ဒီဆိုင်ထဲကို ဝင်ဖို့ ရွေးချယ်ခဲ့တုန်းက ဘာတွေ ကြုံတွေ့ရနိုင်လဲဆိုတာ ခင်ဗျား ကြိုပြီး မစဉ်းစားခဲ့ဘူးလို့တော့ မပြောပါနဲ့… လူငယ်တွေက အရမ်း စိတ်လိုက်မာန်ပါ မဖြစ်သင့်ဘူး”

မြစ်ကမ်းဘေးကို မကြာခဏ လျှောက်သွားသည့်အခါ ဖိနပ်မစိုဘဲ ရှိလိမ့်မည် မဟုတ်ချေ။ ယခုလို တစ်လုပ်တည်းသမား အချင်းချင်း တွေ့ဆုံရခြင်းသည် ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်သည်။

သို့သော်လည်း စကားဝိုင်းကို ထိန်းချုပ်ခြင်းနှင့် ဦးဆောင်ခြင်းတို့မှာ အလွန်တရာ စွဲလမ်းစရာ ကောင်းလှသည်။ သာမန် ဖောက်သည်များထက် စာလျှင် မိမိနှင့် ဘဝတူ အခြား အရောင်းသမား တစ်ဦးအား စကားဝိုင်းတွင် လွှမ်းမိုးခြင်းက လင်ကျဲ အတွက် ပို၍ပင် နှစ်သက်ဖွယ် ကောင်းလှသည်။

“...”

ကာရိုလိုင်း တစ်ယောက် တောင့်တင်း နေခဲ့ကာ သူမ၏ ရည်ရွယ်ချက်များ ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။

S-အဆင့် တစ်ယောက်အား စုံစမ်း ထောက်လှမ်းရန် အတွက် ကြိုတင် ပေါက်ကြားနိုင်ချေ ရှိသည့် အခြေအနေများ အပါအဝင် အခြေအနေ အမျိုးမျိုး အတွက် ကာရိုလိုင်း ရက်ပေါင်းများစွာ အချိန်ယူ၍ ပြင်ဆင် ခဲ့သော်လည်း ယခုတွင်တော့ ဝင်ဝင်ချင်းပင် ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။ သို့ဖြစ်လေရာ သူမ မည်ကဲ့သို့ မအံ့ဩပဲ နေနိုင်ပါမည်နည်း။ မကြောက်ပဲ နေနိုင်ပါမည်နည်း။

သူတို့နှစ်ဦးစလုံး စကားလုံး တစ်ခုတည်းကို တစ်ပြိုင်နက်တည်း ပြောဆိုခဲ့ကြစဉ်က ဆိုလျှင် တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများပင် သူမ ထသွားခဲ့သေးသည်။ သူမ၏ ဖြစ်တည်မှုက စာအုပ်ဆိုင်ရှင်၏ မျက်လုံးထဲတွင် ပွင့်လင်းမြင်သာ လွန်းနေကာ၊ သူမ၏ အတွေးများ အားလုံးကိုပင် သူက ပေါ့ပေါ့ပါးပါး ဖတ်နိုင်သကဲ့သို့ ခံစားရသည်။

ထိုနောက်ဆုံးဝါကျ၏ အဓိပ္ပာယ်မှာ သူ့ဆီသို့ တကူးတက လာရောက်နှောင့်ယှက်ခြင်းကြောင့် မကျေမနပ်ဖြစ်ပြီး သတိပေးခြင်းပင် ဖြစ်နိုင်သည်။

“ဆရာကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့တဲ့ အတွက် တောင်းပန်ပါတယ်ရှင်…”

ကာရိုလိုင်း တစ်ယောက် စိတ်တည်ငြိမ်အောင် ထိန်းဖို့ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်မ ဒီမေးခွန်းတွေကို မေးဖို့ အတွက် လိုအပ်ပါတယ်... ဒါက ကျွန်မတို့နှစ်ဦးစလုံးအတွက် အလွန် အရေးကြီးပါတယ်... တကယ်လို့ ဆရာသာ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် ကျွန်မတို့ အရမ်း ကျေးဇူးတင်မိမှာပါ... အထူးသဖြင့် ဒီကိစ္စဟာ နော်ဇင်တစ်မြို့လုံး အပေါ် အလွန် အရေးပါတဲ့ အဓိပ္ပာယ် ရှိပါတယ်”

‘စာအုပ်ဆိုင် ပိုင်ရှင်က အေးအေးဆေးဆေးပဲ စကားပြောနေသေးတဲ့ အတွက် အခြေအနေက မဆိုးသေးဘူးလို့ ပြောလို့ရတယ်... သူက ငါ့ရဲ့ ရည်ရွယ်ချက်ကို မြင်ပြီး ခြိမ်းခြောက်ချင်ရုံ၊ ကိုယ့်အဆင့်ကို သိဖို့ သတိပေးချင်ရုံလောက်ပဲ ဖြစ်နိုင်တယ်... နောက်ပြီး သူက ရန်လိုတဲ့ ဘယ်လို လက္ခဏာမျိုးကိုမှ မပြသေးဘူး... ဆိုတော့ ဖောက်သည်လိုမျိုး ဆက်ဟန်ဆောင်စရာ မလိုတော့တာပဲ ရှိတာပါ...’

ကာရိုလိုင်း တွေးနေခဲ့မိသည်။ အရာရာက ဂျိုးဇက် သူ၏ အစီရင်ခံစာတွင် ရေးသားထားသည့်အတိုင်း အတိအကျပင် ဖြစ်သည်။ စာအုပ်ဆိုင်ရှင်မှာ ရိုးရိုးသားသား အသွင်အပြင် ရှိသည်။

ကာရိုလိုင်း တွေးနေသကဲ့သို့ လင်ကျဲမှာလည်း သူမကို စောင့်ကြည့်၏။ မိန်းကလေးမှာ တောင်းပန်ခဲ့သော်လည်း တစ်ချိန်တည်း၌ ခိုင်မာစွာ ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက် တစ်ခုကိုလည်း ဖော်ပြနေသည်။

ခန့်မှန်းကြည့်ရပါက ဤလှပသော မိန်းကလေးမှာ စစ်တမ်းတစ်ခုကို ပြုလုပ်နေခြင်း ဖြစ်နိုင်သည်။ သူမက ကြော်ငြာရန် သင့်လျော်သည့် ထုတ်ကုန်တစ်ခုကို ရှာဖွေနေခြင်း ဖြစ်နိုင်သလို စီမံကိန်းတစ်ခုအတွက် သုတေသန လုပ်နေခြင်း ဖြစ်နိုင်သည်။

သို့သော်လည်း… နော်ဇင်မြို့ကိုပါ စကားဝိုင်း အတွင်း ဆွဲသွင်းခြင်းကတော့ အမှန်တကယ်ပင် ရဲရင့်ခြင်း ဖြစ်သည်။

လင်ကျဲ တည်ငြိမ်စွာပင် ပြုံးလိုက်၏။

“ကဲပါလေ… ဆိုပါဦး”

စာအုပ်ဆိုင်ရှင်က မကန့်ကွက်ကြောင်း တွေ့သောအခါ ကာရိုလိုင်းက လည်ချောင်းကို ရှင်းရင်း သတိထားလျက် ပြောလိုက်ရ၏။

“ဆရာက ဒီနေရာမှာ စာအုပ်ဆိုင်ကို ဘာကြောင့် ဖွင့်လှစ်ခဲ့တာလဲဆိုတာကို ကျွန်မ မေးပါရစေ”

'အမ်… ဒီလို မေးခွန်းမျိုးလား…’

ကြည့်ရသည်က မိန်းကလေးမှာ ထုတ်ကုန်တစ်ခု အတွက် စျေးကွက်ရှာဖွေရန် ကြိုးစားနေခြင်း မဟုတ်ဘဲ၊ ရည်ရွယ်ချက်တစ်ခုအတွက် သုတေသနအချို့ လုပ်ဆောင်နေခြင်း ဖြစ်နိုင်သည်။

“စိတ်ပါဝင်စားမှုကြောင့်ပါပဲ… စိတ်ဝင်စားမှုက ကံကြမ္မာကို လွှမ်းမိုးပါတယ်”

လင်ကျဲက တည်ငြိမ်သည့် အမူအရာဖြင့် ပြန်ဖြေလိုက်၏။ ထိုကဲ့သို့ မဖြေလျှင် မည်သို့ ဖြေမည်နည်း။

‘အမည်မသိ အဖွဲ့အစည်း တစ်ခုကြောင့် ကျွန်တော် ဒီကို ဘဝ ကူးပြောင်း ရောက်လာတာပါ… အသက်မွေးဝမ်းကျောင်း လုပ်ဖို့ကလည်း စာအုပ်တွေပဲ ရောင်းစရာ ရှိလို့ပါ…’

ထိုသို့ အမှန်အတိုင်း ဖြေပါက ဂုဏ်သိက္ခာ နည်းလွန်းပေလိမ့်မည်။

‘စိတ်ဝင်စားမှု… ကံကြမ္မာ…’

ကာရိုလိုင်း ခဏတာမျှ မှင်တက်သွား ခဲ့၏။ သို့သော်လည်း… စာအုပ်ဆိုင်ပိုင်ရှင်မှာ လူသားများ၏ ကံကြမ္မာနှင့် အခြားကိစ္စများအား ပျော်ရွှင်စွာ ဆော့ကစားခြင်းတွင် စိတ်ဝင်စားမှု ရှိသည်ကို ချက်ချင်း သတိရလိုက်သည်။

ထို့နောက် သူမ အပြင်ဘက်သို့ လက်ညှိုးထိုးပြရင်း သတိထားလျက် မေးလိုက်၏။

“ဒါဆိုရင်… မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို ထင်မြင်ယူဆပါသလဲ”

‘မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စလား… ဓာတ်ငွေ့ပေါက်ကွဲမှုလား…’

လက်ကျဲ အံ့ဩသွားခဲ့၏။ ထိုမိန်းကလေး၏ ကုမ္ပဏီက အမှန်တကယ်ပင် ဤနေရာကို တိုးတက်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်နေပါသလော။

သို့သော်လည်း ထိုအရာက အတော်လေး အဓိပ္ပာယ်ရှိသည်။ တစ်ဖက်လမ်းမှာ အတော်လေးကို ပျက်စီး သွားခဲ့ကာ ၎င်းကပင် အဖွဲ့အစည်း များစွာကို သတိထားမိစေပြီး ပြန်လည် ထူထောင်ရေး အတွက် အပြိုင်အဆိုင် ကြိုးစားမှုများကို ဖြစ်ပေါ်စေခဲ့ပုံ ရလေသည်။

လင်ကျဲသည် မသိစိတ်က ခေါင်းညိတ် လိုက်၏။

“ဒါက ကောင်းတဲ့ အရာတစ်ခု…”

သူ ရုတ်တရက် သတိပြန်ဝင်လာကာ ချောင်းတဟွတ်ဟွတ် ဆိုးလိုက်၏။

“အဟွတ်… အဟွတ်… မဟုတ်ဘူး… ဒီဖြစ်ရပ်ဆိုးက တကယ်ကို ကံမကောင်းခဲ့ပါဘူး… တာဝန်ယူသင့်တဲ့ လူတွေ တာဝန်ယူရပါမယ်… အသက်ဆိုတာ အဖိုးတန်ပါတယ်… ပေါ့ပေါ့တန်တန် ယူဆပြီး နင်းခြေပစ်ရမယ့်အရာ မဟုတ်ပါဘူး”

ဤဝမ်းနည်းဖွယ်ဖြစ်ရပ်မှာ စက်ရုံများ၏ ကြီးကြပ်မှု အားနည်းခြင်းနှင့် နှစ်ပေါင်းများစွာ ပြုပြင်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း သတင်းများထဲတွင် လင်ကျဲ ကြားသိခဲ့ရသည်။ ထို့ကြောင့် အချို့သော လူများ အနေဖြင့် ဤကိစ္စအတွက် တာဝန်ယူရန် လိုအပ်သည်။

ကာရိုလိုင်းက ခေါင်းညိတ် လိုက်၏။ စာအုပ်ဆိုင် ပိုင်ရှင်မှ စကားလက် ဝါဒီမှ အောက်လမ်း မှော်ဆရာများကို မကြိုက်ကြောင်းနှင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်နှင့် အမြင်ချင်း တူညီကြောင်း သူမ မှတ်စာ စာအုပ်ထဲ၌ မှတ်သားလိုက်သည်။

“နောက်ထပ် မေးခွန်းတစ်ခု မေးပါရစေ ဆရာ… လက်ရှိ ဆရာ လုပ်ဆောင်နေတဲ့ အရာနဲ့ ပတ်သက်ပြီး ဆရာရဲ့ ထင်မြင် ယူဆချက်က ဘာလဲ”

***

All Chapters