← Chapters

သနားစရာ မိန်းကလေး

Vol. 6 Ch. 78

သနားစရာ မိန်းကလေး

Vol. 6 Ch. 78

“နောက်ထပ် မေးခွန်းတစ်ခု မေးပါရစေ ဆရာ… လက်ရှိ ဆရာ လုပ်ဆောင်နေတဲ့ အရာနဲ့ ပတ်သက်ပြီး ဆရာရဲ့ ထင်မြင် ယူဆချက်က ဘာလဲ”

ကာရိုလိုင်းက အလေးအနက် အမူအရာဖြင့် ထပ်မေးလိုက်၏။

“...”

လင်ကျဲ ဆွံ့အ သွားခဲ့၏။ ဤမေးခွန်းမှာ ယခင်မေးခွန်းများနှင့် မည်သို့ ဆက်စပ်နေကြောင်း သူ တွေးမရပါချေ။

'ဆိုင်ကို ဘာလို့ ဖွင့်တာလဲ…’

'ဓာတ်ငွေ့ပေါက်ကွဲမှုကို ဘယ်လို မြင်လဲ…’’

'လက်ရှိ စာအုပ်ဆိုင် လုပ်ငန်းကို ဘယ်လိုမြင်လဲ…’

မိန်းကလေးက ဤတစ်ဝိုက်ရှိ ဆိုင်များ၏ တန်ဖိုးကို အကဲဖြတ်ဖို့ ကြိုးစားနေသည်လား။

“ကျွန်တော်က တခြားသူတွေနဲ့ မတူပါဘူး… ဒါကြောင့် ကျွန်တော့်ကို စံနမူနာအဖြစ် သိပ်ပြီး သုံးလို့ မရပါဘူး”

လင်ကျဲသည် လင်းလက်သော အပြုံးကို ပြုံးလိုက်သည်။

“တကယ်တော့ ကျွန်တော် ဒီလိုတွေ လုပ်နေတာက ဘယ်လို အကျိုးအမြတ် ဒါမှမဟုတ် အပြန်အလှန် ကျေးဇူးပြုမှုကိုမှ မမျှော်လင့်ပါဘူး… ကျွန်တော်က စာနာစိတ်ကိုပဲ အလေးထားပါတယ်… ဖောက်သည်တိုင်းက သူတို့ ကြုံတွေ့နေရတဲ့ ဘေးဆိုးတွေကနေ ရုန်းထွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

“စာနာစိတ်ကြောင့် သက်သက်လား”

ကာရိုလိုင်းက တီးတိုးရေရွတ်လိုက်၏။

“ဒီအဖြေက မလုံလောက်သေးဘူးလား”

လင်ကျဲက ပြုံးလိုက်၏။

“ကျွန်တော်ဟာ ကျွန်တော့်ဖောက်သည်တွေရဲ့ နာကျင်မှုနဲ့ ဆင်းရဲဒုက္ခတွေရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို နားလည်ဖို့ ကြိုးစားတိုင်း သူတို့ကို အဲဒီ ဒုက္ခပင်လယ်တွေထဲကနေ ကယ်တင်ဖို့ လိုအပ်တယ်လို့ အမြဲ ခံစားရပါတယ်… အဲဒီလို မလုပ်ရင်တော့ တကယ်ပဲ ရက်စက်လွန်းလိမ့်မယ်လို့ ခံစားရတယ်”

‘သူတို့ကို ကယ်တင်နေတုန်း သူတို့ရဲ့ ပိုက်ဆံအိတ်တွေကိုပါ တစ်ပြိုင်နက်တည်း ကယ်တင်နိုင်ရင် ပိုကောင်းတာပေါ့လေ…”

လင်ကျဲ တစ်ဆက်တည်းပင် စိတ်ထဲမှ တွေးလိုက်မိသည်။

ကာရိုလိုင်းကတော့ စိတ်ထဲမှ ကြိတ်ကာ သဘောတူ နေခဲ့၏။ ဤသည်မှာ ဂျိုးဇက် ရေးသားထားသည့် အစီရင်ခံစာထဲမှ စာအုပ်ဆိုင်ပိုင်ရှင်နှင့် သူ့ကြားရှိ ဆက်ဆံရေး ဖော်ပြချက်နှင့် ဆင်တူနေသည်။

စာအုပ်ဆိုင် ပိုင်ရှင်မှာ ဖော်ရွေသော်လည်း ကြားနေ မူဝါဒကိုသာ ဆွဲကိုင်ထားသူ ဖြစ်သည်။

စာနာစိတ်မှ ပေါက်ဖွားလာသော လှုံ့ဆော်မှု ကြောင့်ပင်… စာအုပ်ဆိုင်ရှင်မှာ ဖောက်သည်များ အပေါ် သနားဂရုဏာသက်ကာ သူတို့ ရင်ဆိုင် နေရသည့် ဘေးဆိုးများမှ ဦးဆောင်ကာ ကူညီပေးခဲ့သည်။

သို့သော်လည်း… မည်သည့်ဘက်မှ ရပ်တည်သည် ဖြစ်စေကာမူ…ဤကဲ့သို့သော စာနာစိတ်မှာ အခြားသူများကို ကူညီရန်အတွက်သာ ရည်ရွယ်သည့် သန့်စင်သော စေတနာ သက်သက် ဖြစ်သည်။

ဖောက်သည်က မည်သို့ပင် ခံယူချက် ရှိပါစေ… စာအုပ်ဆိုင်ရှင်၏ စိတ်ခံစားချက်များက ပြောင်းလဲခြင်း မရှိပေ။

ဤကဲ့သို့သော စိတ်ခံစားမှုမျိုးသည် သာမန်သတ္တဝါများ ပိုင်ဆိုင်ထားသည့် အဆင့်ထက် များစွာ မြင့်မားသည်။

ကာရိုလိုင်း ရုတ်တရက် သဘောပေါက် နားလည်လိုက်သည်။ ဟုတ်သည်။ သူက အမှန်တကယ်ပင် အစစ်အမှန် အခရာ အဆင့် တစ်ဦး ဖြစ်သည်။ အိုင်းရစ် ကလန်၏ အဲ့လ်ဖ် မျိုးနွယ် သူတော်စင် သူ့ထံ၌ သစ္စာခံခဲ့တာ မထူးဆန်းတော့ချေ။

၎င်းမှာ သူ၏ ကြီးမားလှသော ခွန်အားကြောင့် မဟုတ်ဘဲ ထူးခြား၍ ခွဲခြားမှု မရှိသော မေတ္တာတရားကြောင့် ဖြစ်သည်။

“ကျွန်တော်က တခြားသူတွေနဲ့ မတူပါဘူး” ဟူ၍ စာအုပ်ဆိုင် ပိုင်ရှင် ပြောခဲ့သည့် စကားကို ကာရိုလိုင်း ပြန်လည် တွေးလိုက်မိသည်။ ထိုအရာက သူ ကိုယ်တိုင်နှင့် အခြား အခရာ အဆင့်များကြား နှိုင်းယှဉ်မှုကို ဆိုလိုခြင်းလော။

သေချာ တွေးကြည့်လိုက်တော့ အမှန်တကယ်ပင် များစွာ ကွာခြားပေသည်။ ယခင်က တည်ရှိခဲ့သော အခရာ အဆင့် များမှာ လူသားများ ဖြစ်ကြလေရာ များသောအားဖြင့် တစ်ကိုယ်ကောင်းဆန်ကြသည်။ အခရာ အဆင့် ဆိုသည်မှာ သူတို့၏ ခွန်အားကို ဖော်ပြခြင်းမျှသာ ဖြစ်သည်။ သို့သော်လည်း... စာအုပ်ဆိုင်ရှင်၏ အကဲဖြတ်မှုများကတော့ အနှစ်သာရနှင့် ပိုမို နီးစပ်နေသည်။

အခြားတစ်ဖက်၌ လင်ကျဲ၏ မိန်းကလေးအပေါ် ထင်မြင်ချက်က ရိုးရှင်းပေသည်။ သူမက သူ့အား ဤနေရာတွင် ဆိုင်ဖွင့်ရသည့် အကြောင်းရင်းကို မေးမြန်းခြင်းမှာ ဤရပ်ကွက်၏ အားသာချက်များကို နားလည်ရန် ဖြစ်သည်။

ဥပမာအားဖြင့်... သယ်ယူပို့ဆောင်ရေး အဆင်ပြေမှု၊ လူသွားလူလာများခြင်းနှင့် ထူးခြားသည့် လူမှုရေး ဓလေ့ထုံးတမ်းများ...

ထို့ကြောင့်ပင်... အဘယ်ကြောင့် ဆိုသည့် မေးခွန်းကို ပြန်ဖြေခြင်းမှာ သူမ၏ ရည်ရွယ်ချက်များကို ဖြေကြားပေးခြင်း ဖြစ်လိမ့်မည်။

မိန်းကလေး၏ အခြေခံ ရည်ရွယ်ချက်မှာ ဤဧရိယာတွင် မည်သည့် ကောင်းကျိုးများ ရှိသည်ကို ရှာဖွေရန်ဖြစ်သည်။ ‘အဘယ်ကြောင့် ဆိုင်ဖွင့်ရသနည်း’ ဟူသော မေခွန်းမှာ ‘ဒီနေရာမှာ ဘာကောင်းတယ်လို့ ထင်လဲ’ ဟု မေးခြင်းထက် ပိုမို ထိရောက်သည်။

ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ရပ်အကြောင်း မေးခြင်းမှာ ပို၍ပင် ရိုးရှင်းသည်။ သူမက ဓာတ်ငွေ့ ပေါက်ကွဲမှုမှာ ပတ်ဝန်းကျင်ရှိ လူများ အပေါ် မည်သို့ ထိခိုက်ခဲ့သည်ကို မေးနေခြင်းဖြစ်သည်။ ဤရှုထောင့်အား စုံစမ်းခြင်းကို ထောက်ရှုရပါက တစ်ဖက်လူ၏ ရည်ရွယ်ချက်မှာ ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ရပ်နှင့် ဆက်စပ်နေကြောင်း ရှင်းလင်းပေသည်။

နောက်ဆုံး၌... သူမက ဆိုင်အခြေအနေများအကြောင်း မေးခဲ့သည်။ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် ရှေ့တစ်လမ်းလုံး ပျက်စီး သွားခဲ့ပြီးနောက် ပတ်ဝန်းကျင်ရှိ ဆိုင်များ၏ အထွေထွေ အခြေအနေကို သူမ အဓိက နားလည်ရန် ကြိုးစားနေခြင်းဖြစ်သည်။

မိန်းကလေး အလုပ်လုပ်နေသည့် ကုမ္ပဏီမှာ စာအုပ်ဆိုင်နှင့် အနီးတစ်ဝိုက် ဧရိယာ၏ ဖွံ့ဖြိုးတိုးတက်မှုတန်ဖိုးကို အကဲဖြတ်ရန်နှင့် ပျက်စီးသွားသည့် နေရာများအား ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် အခွင့်အရေးကို ရယူရန် သုတေသနပြုလုပ်လိုခြင်း ဖြစ်သည်။

သို့သော် လင်ကျဲမှာ ဘလက်ကီ၏ ခေါ်ဆောင်မှုကြောင့် ဤနေရာသို့ ရောက်ရှိလာကာ စာအုပ်ဆိုင်ကို ဖွင့်ခဲ့ရခြင်း ဖြစ်သည်။ သူ့ကို သာမန် လူများနှင့် ကွဲပြားသည့်လူဟု သတ်မှတ်နိုင်ပေသည်။ ထို့ကြောင့်ပင် သူ့ကို စံအဖြစ် သတ်မှတ်သုံးလို့ရမည် မဟုတ်ကြောင်း ပွင့်ပွင်းလင်းလင်း ပြောပြခဲ့ခြင်း ဖြစ်သည်။

တစ်ခုထူးခြားသည်က... မိန်းကလေးမှာ မရေရာသည့် နည်းလမ်းများကို သုံး၍ မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။ သူမက ပြိုင်ဘက် ကုမ္ပဏီများ မသိအောင် လျှို့ဝှက်ထားလိုခြင်း ဖြစ်နိုင်သည်။

သို့သော်လည်း... ထိုသို့ဖြစ်စေကာမူ လင်ကျဲမှာ သူ့ကိုယ်သူ မြှင့်တင်ချင်နေသေးသည်။ မိန်းကလေး၏ ရုပ်ရည်၊ ကျွမ်းကျင်မှုနှင့် ဝတ်ပုံစားပုံတို့ကို ခန့်မှန်းကြည့်ရပါက သူမ၏ ကိုယ်စားပြု လာရောက်သည့် ကုမ္ပဏီမှာ မလွဲဧကန် ကြီးမားသည့် ကုမ္ပဏီကြီး တစ်ခု ဖြစ်ပေလိမ့်မည်။

“ကျွန်တော်ပ သင့်တော်မယ် ထင်တဲ့ စာအုပ်တွေကို ထိုက်တန်တဲ့ လူတွေနဲ့ တွဲဖက်ပေးပြီး သူတို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကျော်လွှားဖို့ ကူညီပေးပါတယ်... အဲဒီကနေ တစ်ဆင့် သူတို့ကိုယ်တိုင်လည်း အကြောင်း အချို့ကို နားလည်မှုကို ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်... ဝင်ငွေ မများပေမယ့် ဖောက်သည်တွေ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားပြီး တစ်ဖန် ပြန်လည် အားအင်ပြည့်ဝလာတာကို မြင်ရတဲ့အခါ ကျွန်တော် အရမ်း ပျော်ပါတယ်”

လင်ကျဲ၏ အပြုံးက ထူးခြားစွာပင် လင်းလက် နေခဲ့၏။

“တစ်နည်း ပြောရရင် ကျွန်တော်ဟာ လူတွေကို သူတို့ရဲ့ ဘေးဆိုးတွေကနေ ကျော်လွှားနိုင်အောင် ကူညီဖို့နဲ့ လမ်းညွှန်မှုပေးဖို့ လိုလားတဲ့ လူတစ်ယောက်ပါ... မိန်းကလေးကို ဥပမာပေးရမယ်ဆိုရင်... ကြည့်ရတာ ခင်ဗျားက အလုပ် အတွက် စိတ်ပူနေတဲ့ပုံပဲ”

လင်ကျဲ၏ အပြုံးမှာ ကာရိုလိုင်း၏ ဆွဲဆောင်မှုရှိသော အပြုံးထက် ပိုမို၍ ပရော်ဖက်ရှင်နယ် ဆန်ကာ၊ အခြားသူများကို အလိုအလျောက် ယုံကြည်စေပြီး သူတို့ စိတ်ထဲရှိရာကို ထုတ်ဖော်ပြောဆိုစေနိုင်သည့် ထူးခြားသော စွမ်းရည်တစ်ခု ရှိနေသကဲ့သို့ ဖြစ်သည်။

‘ခင်ဗျား မေးခွန်းတွေကို ကျွန်တော် ဖြေပြီးပြီလေ... ဒီတော့ အလဲအလှယ် အနေနဲ့ ကြုံတုန်းလေး ကျွန်တော့် စာအုပ်ဆိုင်လေးကိုလည်း ကြော်ငြာဝင်ပါရစေ...’

“...”

ကာရိုလိုင်း တစ်ယောက် ခဏတာမျှ တောင့်တင်းသွားခဲ့၏။ သူမ၏ အမူအရာသည်လည်း ရှုပ်ထွေး သွားခဲ့သည်။ စာအုပ်ဆိုင် ပိုင်ရှင်က သူမကိုပါ သူ ပြောသည့် ဖောက်သည် စာရင်းထဲ ဆွဲသွင်းလိမ့်မည်ဟု လုံးဝ မျှော်လင့် မထားခဲ့ချေ။ ပိုမို၍ အရေးကြီးသည်က သူမမှာ စာအုပ်ဆိုင် ပိုင်ရှင် ပြောသလိုမျိုး ကိုယ်ပိုင် ‘အလုပ်’ နှင့် ပတ်သက်၍ အမှန်တကယ် စိုးရိမ်ပူပန်မှုကို ခံစားနေရခြင်း ဖြစ်သည်။

၎င်းမှာ S-အဆင့် ဇုန်တစ်ခုကို အကဲဖြတ်ရန် အကြီးအကဲများက တာဝန်ပေးအပ်ခဲ့ခြင်းကြောင့် သာမကပဲ၊ ဝံပုလွေဖြူ နှင့် စကားလက် ဝါဒီဂိုဏ်းတို့ကြောင့် ဩ ဖြစ်ပေါ်လာသည့် မကြာသေးမီက ပြဿနာများကြောင့် လော့ဂျစ် ဌာနခွဲမှာ ထိုတိုက်ပွဲများအားလုံးကို ဖုံးကွယ်ဖို့ ကြိုးပမ်းရင်း အလွန် အလုပ်များနေခဲ့ရသောကြောင့် ဖြစ်သည်။

အထူးသဖြင့် ဒုတိယ ဌာနမှူး တစ်ဦးအနေဖြင့်... ဤအရာက သူမအတွက် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ ရှေ့တန်းကို အထောက်အပံ့ပေးရသည့်အပြင်၊ လော့ဂျစ် ဌာနခွဲမှာ တိုက်ပွဲတိုင်း အပြီးတွင် နောင်ပြဿနာများ မရှိစေရန်လည်း သေချာအောင် လုပ်ဆောင်ရသည်။

ကာရိုလိုင်း ပါးစပ်ကို ဖွင့်လိုက်၏။

“ကျွန်... ကျွန်မ…”

ကာရိုလိုင်း၏ တုံ့ဆိုင်းမှုကို မြင်သောအခါ လင်ကျဲမှာ သူမ ကြုံတွေ့နေရသည့်အရာကို ခပ်ရေးရေး သဘောပေါက်သွားခဲ့သည်။ စကားဝိုင်းကို ဆက်လက် ထိန်းချုပ်ထားရင်း သူက ဆက်ပြောလိုက်၏။

“ခင်ဗျားတို့ ဒီကိစ္စ အတွက် တာဝန်ယူဖို့ စီစဉ်နေတာလား”

***

All Chapters