အကဲဖြတ်မှု
Vol. 6 Ch. 79
“ခင်ဗျားတို့ ဒီကိစ္စ အတွက် တာဝန်ယူဖို့ စီစဉ်နေတာလား”
ကာရိုလိုင်းမှာ မေးခွန်းများကို ပထမဆုံး စတင်မေးမြန်းသူ ဖြစ်သော်လည်း လုံးဝ အသာစီးမရခဲ့ပေ။ လင်ကျဲက မိုးစက်မိုးပေါက်များ ကြားမှ မှိန်ဖျော့ဖျော့ လှမ်းမြင်နိုင်သည့် အပျက်အစီးများရှိရာ အပြင်ဘက်သို့ လက်ညိုးထိုး ပြလိုက်သည်။
လမ်းသုံးလမ်းကို ပြန်လည်တည်ဆောက်ခြင်းမှာ အလွန် ကြီးမားသော လုပ်ငန်းစဉ် ဖြစ်သည်။ ထိုကဲ့သို့သော စီမံကိန်းကို တာဝန်ယူလိုပါက အလွန် ရှုပ်ထွေးနိုင်ဖွယ်ရှိသည်။
သုတေသန ဝန်ထမ်းတစ်ဦး အနေဖြင့် ထိုမိန်းကလေးမှာ ပိုမိုတိကျသော ပုံရိပ်ကို မရရှိမီ စစ်တမ်းများအတွက် ဤဧရိယာကျယ်ကြီး အတွင်း အိမ်တိုင်း လိုက်လံသွားလာရမည့် တာဝန်ရှိနိုင်ပါသည်။ ထိုအကြောင်းကို တွေးလိုက်ရုံနှင့် မည်သူမဆို အလွယ်တကူ စိတ်ဖိစီးနိုင်သည်။
‘သနားစရာ ကောင်းလိုက်တဲ့ ကောင်မလေး...’
လင်ကျဲ၏ မေးခွန်းကို ကာရိုလိုင်းက ခေါင်းညိတ်ကာ တုန့်ပြန်လိုက်၏။ အခရာ အဆင့် တစ်ဦးက မေးခွန်း မေးနေခြင်း ဖြစ်လေရာ သူမ မည်ကဲ့သို့ မဖြေပဲ နေရဲမည်နည်း။
“ကျွန်မတို့ဟာ တာဝန်ယူမှု ရှိရပါမယ်... မဟုတ်ရင် ကိစ္စတွေက ပိုပြီး ဆိုးရွားလာနိုင်ပါတယ်... အရမ်း အလုပ်များတယ် ဆိုပေမယ့် ဒါက ကျွန်မရဲ့ တာဝန်ပါပဲ”
‘ဪ... ဒီကုမ္ပဏီက ရည်မှန်းချက် ကြီးကြီး ရှိပုံရတယ်... သူတို့ ဝန်ထမ်းတွေအပေါ် မျှော်လင့်ချက် ကြီးတာလည်း မဆန်းပါဘူး... ဟူး… ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်ရတာ ဝမ်းနည်းစရာပဲ’
လင်ကျဲ ကုမ္ပဏီ ဝန်ထမ်းလေးကို လေ့လာရင်း စိတ်ထဲမှ တွေးလိုက်မိသည်။ ‘အရောင်းသမား’ အချင်းချင်းအပေါ် အထင်အမြင်သေးမှုများပင် ပျောက်ကွယ် သွားခဲ့၏။
“မိန်းကလေး... ခင်ဗျား အဆင်ပြေမယ်ဆိုရင် ဒီမှာ နားလိုက်ပြီး စာအုပ်တစ်အုပ်လောက် ဖတ်ကြည့်ပါလား...”
....
ကျွမ်းကျင် ပညာရှင် တစ်ဦးအနေဖြင့် ကာရိုလိုင်း၏ စိတ်အေးတည်ငြိမ်မှု၊ စိတ်ဓာတ်နှင့် စွမ်းရည်များမှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် တွင် လူသိများသည်။ သူမထံတွင်သာ လုံလောက်သည့် အရည်အချင်း မရှိပါက ရည်ရွယ်ချက်နှင့် နောက်ခံ မသတ်မှတ်ရသေးသည့် အခရာ အဆင့် တစ်ဦးနှင့် ဆက်သွယ်ပြောဆိုဖို့ အကြီးအကဲများက ရွေးချယ်မည်မဟုတ်ပေ။
စာအုပ်ဆိုင်သို့ မလာရောက်မီတွင် ကာရိုလိုင်းမှာ လုံလောက်သည့် ပြင်ဆင်မှု များစွာကို ပြုလုပ်ခဲ့သည်။ သူမက အကြီးအကဲများနှင့် သေချာစွာ တိုင်ပင်ဆွေးနွေးခဲ့သလို S-အဆင့် ဇုန် ၀၁၁၃ ၏ အမှုတွဲကိုလည်း စုစည်းခဲ့သည်။ ထိုအထဲ၌ ဂျိုးဇက်၏ ကနဦး မူဘောင်၊ စာအုပ်ဆိုင်၏ အခြားသော ဖောက်သည်များ အကြောင်း မှတ်တမ်းတင်ထားသည့် အချက်အလက်များနှင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ၏ အခြား ဌာနခွဲများမှ ချန်ထားခဲ့သည့် ထင်မြင်ယူဆချက်များနှင့် ခန့်မှန်းချက်များ ပါဝင်သည်။
စေ့စေ့စပ်စပ် ပြင်ဆင်မှုများ မပြုလုပ်ဘဲ အခရာ အဆင့် တစ်ဦးနှင့် စကားပြောဆိုဖို့ ကာရိုလိုင်း သတ္တိရှိလိမ့်မည် မဟုတ်ပေ။
စာအုပ်ဆိုင်ရှင်မှာ အခရာ အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ဤစာအုပ်ဆိုင် ကလေးတွင် သာမန် စာအုပ်ဆိုင် ပိုင်ရှင် တစ်ယောက်၏ အခန်းကဏ္ဍကို သရုပ်ဆောင်ကာ စာအုပ်များအား ‘ငှားရမ်းခြင်း’၊ ‘ဝယ်ယူခြင်း’ နှင့် ‘ဖတ်ရှုခြင်း’ တို့ကို မြှင့်တင်ပေးသည်။ ယခင်အချက်အလက်များကို လက်ရှိ အတွေ့အကြုံနှင့် နှိုင်းယှဉ်ကြည့်ပါက စာအုပ်ဆိုင်ရှင်မှာ အခြားသူများကို ကူညီရခြင်းနှင့် စကားပြောဆိုရခြင်းတို့ကို နှစ်သက်ပုံရသည်။
သူ့အပေါ် မည်သည့် မကောင်းသည့် ရည်ရွယ်ချက်မှ မထားရှိသရွေ့ သို့မဟုတ် မည်သည့် မလေးမစားပြုမှုကိုမှ မပြသသရွေ့ စာအုပ်ဆိုင်ရှင်မှာ မည်သည့်အရာမှ လုပ်ဆောင်မည် မဟုတ်ပေ။ အနည်းဆုံးတော့... သူ ကိုယ်တိုင် လုပ်ဆောင်မည် မဟုတ်ပေ။
ထို့ကြောင့်ပင်... လင်ကျဲ အပေါ် အစောပိုင်းက သံသယရှိခဲ့သည့် ဂျိုးဇက်မှာ သတိလစ်သွားရုံသာ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ အခြား အခရာ အဆင့် များနှင့် နှိုင်းယှဉ်ပါက ဂျိုးဇက်၏ စာအုပ်ဆိုင်ရှင် အပေါ် ‘ဖော်ရွေသည်’ ဟူသော အကဲဖြတ်ချက်သည် သင့်လျော်ပုံရသည်။
နောက်ထပ် တစ်ချက်က စာအုပ်ဆိုင်ရှင်မှာ အရာအားလုံးကို သိရှိနေသည် ဆိုသော ဖြစ်တည်မှုနှင့် နီးစပ်သည်။ အိုင်းရစ် ကလန်၏ သူတော်စင် ဒိုရစ်က အမှန်တရား အသင်းတော် ၏ ဒုတိယ ဥက္ကဋ္ဌ အန်ဒရူးကို ထိုကဲ့သို့ ပြောခဲ့သည်ဟု ဆိုသည်။ ထိုစကားလုံးများမှာ ဖျက်ဆီးခြင်း အဆင့် ပညာရှင် တစ်ယောက်၏ ပါးစပ်မှ ထွက်လာခြင်း ဖြစ်လေရာ မှန်ကန်ဖို့ ရာနှုန်း အတော်လေး များသည်။ သူမကို ချက်ချင်း ဖော်ထုတ်နိုင်လိုက်ခြင်းက ထိုအချက်ကို သက်သေခံ နေပေသည်။
နောက်တစ်ချက်က... စာအုပ်ဆိုင်အတွင်းရှိ စာအုပ်များအားလုံးတွင် တားမြစ်ဘာသာစကား ဖြင့် ရေးသားထားသည့် ထူးခြားသော စွမ်းအားများ ပါရှိနေသည်။
စာအုပ်တိုင်းမှာ ညတွင်းချင်း အောင်မြင်မှုပေးနိုင်လောက်အောင် စွမ်းအားမရှိသော်ငြား၊ စာအုပ်ဆိုင်ရှင်က ဂရုတစိုက် ရွေးချယ်ပေးသည့်အခါတွင်တော့ ထိုစာအုပ်မှာ လူတစ်ဦး၏ ပြဿနာများကို ဖြေရှင်းရာတွင် သေချာပေါက် ကူညီနိုင်ပေလိမ့်မည်။
ဤသည်မှာ သူ၏ ကိုယ်ကျိုးမငဲ့မှု ဖြစ်သည်။
ထို့အပြင် စာအုပ်ဖိုး အတွက် သူ တောင်းဆိုသည့် ငွေကြေးမှာ သာမန် စာအုပ်တစ်အုပ်၏ တန်ဖိုးနှင့် နှိုင်းယှဉ်လျှင်ပင် များသည့်အထဲ၌ မပါဝင်ချေ။ ၎င်းမှာ သူသရုပ်ဆောင်နေသည့် စာအုပ်ဆိုင် ပိုင်ရှင် တစ်ယောက်၏ အခန်းကဏ္ဍ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ဖွယ်ရှိသည်။
ကာရိုလိုင်းမှာ စာအုပ်ဆိုင် အကြောင်း အတော်လေး အသေးစိတ် လေ့လာထားသူ တစ်ယောက် ဖြစ်လေရာ လင်ကျဲက သူမအား စာအုပ်တစ်အုပ် ဖတ်ရန် ခဏ နေခိုင်းသောအခါ မအံ့ဩခဲ့ပါချေ။ ထို့အစား... နက်ရှိုင်းသော မျှော်လင့်ချက် ခံစားချက်ကိုသာ ခံစားလိုက်ရသည်။
သူမသည် စာအုပ်စင်တန်းများကို ကြည့်လိုက်၏။ မှိန်ပြပြ အလင်းရောင်အောက်တွင် သပ်ရပ်စွာ စီထားသော စာအုပ်များမှာ ထင်ရှားခြင်းမရှိဘဲ တစ်ခါတစ်ရံ ထင်ယောင်ထင်မှား ဖြစ်နေသကဲ့သို့ပင် ထင်ရသည်။ လျှို့ဝှက် ဆန်းကြယ်သည့် ခံစားချက် တစ်ရပ်မှာ နှလုံးသား အတွင်း မွေးဖွားလာကာ ကာရိုင်လင်း၏ နှလုံးသားကို ဆွဲဆောင် နေခဲ့၏။
“ကျွန်မ ကိုယ်တိုင် ကြည့်လို့ ရမလား”
ပိုမို မြင့်မားသည့် ဖြစ်တည်မှု တစ်ခုက ဝိညာဉ်ကို ဖမ်းစားလိုက်သည့် အလား ကာရိုလိုင်း မသိစိတ်က မေးလိုက်၏။
လွှတ်ခနဲ ထွက်သွားပြီးနောက်မှသာ သူမ သဘောပေါက်သွားကာ လင်ကျဲကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ အကယ်၍ စာအုပ်ဆိုင် ပိုင်ရှင်သာ စာအုပ် တစ်အုပ်ကို အကြံပြုရန် စီစဉ်ထားပြီးသား ဆိုပါက ဘယ်လိုလုပ်မလဲ ဟု သူမ တွေးကာ စိုးရိမ် နေခဲ့သည်။
သို့သော်လည်း လင်ကျဲက သိပ်အလေးမထားချေ။ စာအုပ်များကို အကြံပြုခြင်းမှာ သူ၏ အထူး ဝန်ဆောင်မှု တစ်ခုသာ ဖြစ်သည်။ ဖောက်သည်များ အနေဖြင့် သူတို့ နှစ်သက်ရာအတိုင်း လွတ်လပ်စွာ လှည့်လည်ကြည့်ရှုခွင့် ရှိသည်။
ဥပမာအားဖြင့်... သနားစရာ အလုပ်သမားကြီး ဖြစ်သော အက်ကာမန်ပင်လျှင် အစပိုင်း၌ စာအုပ်များကို လှည့်လည်ကြည့်ရှုလိုခဲ့ပြီး လင်ကျဲက သူ၏ ဆန္ဒများကို လေးစားခဲ့သည်။
မှန်ကန်သော စီးပွားရေးလုပ်ငန်း ဟူသည် မည်သူ့ကိုမှ အတင်းအကြပ် ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်း လုပ်လိမ့်မည် မဟုတ်ချေ။ စိတ်ခံစားမှုနှင့် အကြောင်းပြချက်များကို အသုံးပြု၍ ဆွဲဆောင်ခြင်းသာ ပြုလုပ် ကြသည်။
ထို့အပြင်... လင်ကျဲမှာ မိန်းကလေး၏ မျက်လုံးများထဲ၌ ဖြစ်ပေါ်နေသည့် စိတ်လှုပ်ရှားမှုကို ရှင်းလင်းစွာ မြင်နိုင်သည်။ ယခုလို ကြောက်မက်ဖွယ်ကောင်းသော ရာသီဥတုမျိုးတွင် အလုပ်အတွက် ထွက်လာရခြင်းမှာ အလွန် ပင်ပန်းနွမ်းနယ်သော ကိစ္စဖြစ်သည်။ နားခိုရန် သင့်လျော်သည့် နေရာတစ်ခု ရရှိခြင်းကို မည်သူက မပျော်ရွှင်ဘဲ နေမည်နည်း။
ယခုအခါ၌ လင်ကျဲမှာ စာအုပ်ဝယ်ယူလိုစိတ် မရှိသည့် မြို့ပြ သုတေသန ဝန်ထမ်းတစ်ဦးကို ဖောက်သည် တစ်ဦး ဖြစ်လာနိုင်ချေ ရှိသူ တစ်ဦးအဖြစ် ပြောင်းလဲပေးခဲ့ပြီဖြစ်သည်။ ထို့ကြောင့်ပင် စကားများစွာ ပိုမို ပြောဆိုခြင်းမှာ အကျိုးသက်ရောက်မှု သိပ်ရှိတော့မည် မဟုတ်ပေ။
လင်ကျဲ၏ အမြင်အရ မိန်းကလေးမှာ ကိုယ်ပိုင် ရည်ရွယ်ချက်များဖြင့် ရောက်ရှိလာသူ ဖြစ်သည်။ ဤဧရိယာ ပတ်ဝန်းကျင်ကို အကဲဖြတ်ရန် သူမ၏ တာဝန်က မလွယ်ကူလှချေ။ ထို့ကြောင့် သူမ မည်သည့် စာအုပ်များကိုမှ ရယူလိုစိတ်မျှ ရှိလိမ့်မည် မဟုတ်ပေ။ သူမအား ကိုယ်တိုင် လေ့စာ ခံစားခွင့် ပေးထားသည်က အကောင်းဆုံး ဖြစ်သည်။
လင်ကျဲသည် ပြုံးလိုက်၏။ ထို့နောက် သူက တည်ထားသည့် လျှပ်စစ်ရေနွေးအိုးကို ကောက်ကိုင်ကာ ကာရိုလိုင်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
“ရပါတယ်ဗျာ... လွတ်လပ်စွာ ကြည်ပါ... ပြီးရင် ကျွန်တော်နဲ့ လာစကားပြောလို့ ရပါတယ်... ဒါက ခင်ဗျား အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်လား”
သူက ရေနွေးခွက်ကို တွန်းပို့ပေးလိုက်ရင်း ကာရိုလိုင်း အနေဖြင့် သူမ၏ စစ်တမ်းကောက်ယူရေး အလုပ်မှ ခေတ္တရပ်နားကာ အနားယူနိုင်ကြောင်း ပြောလိုက်သည်။
“အကဲဖြတ်မှု လုပ်တဲ့အခါ အလျင်လိုစရာ မလိုပါဘူး”
ကာရိုလိုင်း သက်ပြင်းချရင်း ရေနွေးခွက်ကို ကောက်ကိုင်လိုက်၏ အဖြူရောင် ရေနွေးငွေ့ငွေ့များကို ကြည့်ရင်း စိတ်ငြိမ်သက်မှုကို သူမ ခံစားလိုက်ရသည်။
သူမမှာ အကဲဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်ရှိလာပြီး စာအုပ်ဆိုင်ရှင်ကလည်း ထိုအရာကို သိရှိသည်။ သို့သော်လည်း... သူက ဖော်ရွေကာ ခွင့်လွှတ်ပေးနေဆဲ ဖြစ်သည်။ ဂျိုးဇက်က မကောင်းဆိုးဝါးဓား ကန်ဒယ်လာကို သူ့အား ပေးအပ်ရန် ရွေးချယ်ခဲ့ခြင်းမှာ မထူးဆန်းတော့ချေ။
ကြောက်မက်ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း ဤမျှ သဘောကောင်းကာ ကြင်နာ သနားတတ်ခြင်း...
ရေနွေးခွက်အား တစ်ကျိုက် သောက်ပြီးချိန်၌ ကာရိုလိုင်း တစ်ယောက် သူမ၏ နှလုံးသားထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပြီးဖြစ်သည်။ စာအုပ်ဆိုင်ပိုင်ရှင်ကို အကဲခတ်လိုက်ရာ သူက ကိုယ်ပိုင် စာအုပ် တစ်အုပ်ကို စတင် ဖတ်ရှုနေကြောင်း သတိထားလိုက်မိ၏။ သူမ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လက်ထဲတွင် ရေနွေးခွက်ကို ကိုင်ကာ ကောင်တာနောက်ဖက်ရှိ စာအုပ်စင်တန်းများဆီသို့ လျှောက်သွားခဲ့တော့၏။
***